27 December 2010

“ အိပ်မက်မျှလျှင်… ”

လင်းရောင်ခြည်မှာ မောင့်ကိုသာ စောင့်ကြည့်တတ်သူမို့ အိပ်မက်ထဲမှာလည်း မောင့်ကိုပင် အရင်မြင်ခဲ့။ ကျွန်မမှာ မပြုံးနိုင် မရယ်နိုင်အောင်လောင် နှလုံးသားတွေ အေးခဲကာ မောင့်ကို ငေးလို့ကြည့်နေဆဲ သူမကိုပါ တွေ့လိုက်ရတာ။ ထိုစဉ်ခဏမှာပင် အသက်ရှင်ခြင်းရဲ့ အပြစ်ကို နားလည်သွားခဲ့ပြီလေ။

 တကယ်က မောင်နဲ့ သူမကို တွဲလျက်မမြင်ခင်မှာပင် ကျွန်မ အငွေ့ပျံပျောက်ဆုံးသွားဖို့ ကောင်းရဲ့။ မောင်နဲ့သူမက ပြုံးရွှင်ချိုနေပေမယ့် ကျွန်မမှာ မကြည်လင်နိုင်။ မောင့်ကို မချစ်တော့ဘူးလို့ ယုံမှတ်ခဲ့သော အသိဥာဏ်ကို မုန်းတီး။ မောင့်ကို ချစ်နေသေးသော နှလုံးသားကို စက်ဆုပ်ကာ အရှင်လတ်လတ် ကျောက်ရုပ်ဖြစ်သွားဖို့ သင့်လေတာ။

မောင်တို့ကိုမြင်နေရသော မျက်ဝန်းကို မမှိတ်နိုင်၊ ခြေသံကို ကြားနေရသော နားကို မပိတ်နိုင်၊ သေနိုင်ခဲသော မိန်းမဟာ မမှိတ်မသုန် ပြုံးနိုင်ဖို့တော့ သင့်တယ်မဟုတ်လား။ ဒါပေမယ့် မောင်လည်း သိခဲ့။ ကျွန်မ ဟန်ဆောင်မကောင်းသူရယ်ပါ။ ကြောက်စရာအကောင်းဆုံးအပြုံးနဲ့ မိန်းမလေ။ မျက်ရည်စိမ့်ထွက်မလာအောင် နှုတ်ခမ်းကိုက်ထားရရာ သွေးစိမ့်ထွက်လာမှာလည်း စိုးရိမ်ရ။

ကျွန်မ ဘယ်လို နှုတ်ခွန်းဆက်ရမှာလဲ။ မငိုနိုင် ၊ မရယ်နိုင် ၊ ထွက်လည်း မပြေးနိုင် ၊ ခေါင်းလည်း မငုံ့နိုင် ၊ ရင်ဆိုင်လည်း မကြည့်နိုင်၊ မျက်နှာလည်း မလွှဲနိုင်။ ကျွန်မ ရူးမသွားခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်ပင် ကျေးဇူးတင်ရသေးတာ။ ပြီးတော့ မောင့်ကို အပြစ်ဖို့။ ဘာလို့ ကျွန်မကို ဒီလောက်ထိ နှိပ်စက်ချင်ရတာလဲလို့ရယ်။ စိတ်မရှိပါနဲ့ကွယ်။ အိပ်မက်ထဲမှာမို့လို့ပါ ။ ဒါပေမယ့် ပကတိဘဝမှာလည်း အိပ်မက်ထဲအထိ လိုက်ညှင်းပန်းချင်တဲ့ မောင့်ကိုဖြင့် အပြစ်တင်ချင်တာ။ ကျွန်မ မကောင်းဘူးနော်။ 

ဟုတ်တယ်။ ဒီလို မတရားသဖြင့် ပြောချင်လောက်အောင်ပင် အိပ်မက်ထဲမှာတောင် မောင့်မှာ လူသားချင်းစာနာထောက်ထားမှု နည်းနည်းလေးမှ မရှိပါဘူး။ သူမလက်ကို ဆုပ်ကိုင်းရင်းက ကျွန်မကို အရယ်မပျက် နှုတ်ဆက်နိုင်လေတာ။ “မောင့်ကို မုန်းတယ်။” ဒီလို ပြောခဲ့တာလည်း ကုဋေကုဋာ မရေတွက်နိုင်တော့ဘူး ထင်ရဲ့။ ဟင့်အင်း။ မောင့်ကို မမုန်းပါဘူး။ မောင်လှည့်ဖျားခဲ့တာ လိမ်ညာခဲ့တာတွေ အားလုံးဟာ ကျွန်မ အပြစ်လည်းမကင်းဘူးလို့ ဆိုချင်ပြန်သေးတာ။ ကျွန်မက မောင့်ကို လှည့်ဖျားခွင့်၊ လိမ်ညာခွင့် ပေးခဲ့တာ မဟုတ်လား။မောင့်ကို မမုန်းနိုင်ပါဘူး။ မောင်ကရော။ မောင်က သူမကို သိပ်ချစ်ပုံပင်။ နေပါဦး ။ မောင်က မိန်းကလေးတိုင်းကို ချစ်တာ မဟုတ်လား။ ဘာဖြစ်လို့ သူမကိုမှ ရွေးရတာလဲလို့ မကျေမနပ်ဖြစ်ရသေးတာ။ 

အိပ်မက်ထဲမှာတော့ ကျွန်မစိတ်ကောင်းထား နေခဲ့တယ်လေ။ မောင့်ကို စိုးရိမ်လို့ မဆုံး။ မောင်သနားပါတယ်။ မောင့်ကို သူမ နှိပ်စက်တော့မှာ။ သူမရဲ့ ဘီလူးခေါင်း ကျွတ်ကျလာမှာ ကြောက်ကာ အသည်းကွဲတာကိုပင် မေ့နေခဲ့။ လိမ်ညာစဉ်းလဲတတ်တဲ့ သူမအကြောင်းကို မောင်မသိဘူးလား ။ မောင့်ကို ဘယ်လို အကြံပေးရပ့ါမလဲလို့ ကျွန်မ တွေးကာပူလောင် နေလိုက်တာလေ။ ဒီလို သောကဗျာပါဒအထွေထွေနဲ့ ပြာယာခတ်နေဆဲမှာပင် မောင်တို့က ဗြုန်းကနဲ ပျောက်ကွယ်သွားတာ။

ဖြုတ်ကနဲ ဖြတ်ကနဲ ပြတ်ပြတ်သားသားပါပဲ။ မြူတွေဆိုင်းသလို ဝိုးတဝါးလည်း မဟုတ်။ အဆန်းတကြယ်ပေမယ့် အိပ်မက်ထဲမှာဆိုတော့ မအံ့သြပါဘူး။ သိပ်ဝမ်းသာသွားခဲ့တာပေါ့။ လွတ်လွတ်လပ်လပ် မျက်ရည်ကျခွင့်ရပြီ ဆိုကာ။ ထိုစဉ်ခဏမှာပဲ ပါးပြင်မှာ မျက်ရည်စိုစွတ်ကာ ကျွန်မ လန့်နိုးခဲ့တာရယ်။ နောက်တော့ အိပ်မက်ပါလားလို့ သိရင်ဖြင့် စိတ်နှလုံးငြိမ်းအေးသင့်တယ် မဟုတ်လား။ 

မဟုတ်ခဲ့ပါဘူး။ အိပ်မက်ကို သတိရမိတိုင်း ကြည်မွေ့စရာမဲ့။ ဘာလို့ သူမနဲ့ မောင်ကိုမှ တွဲဖက်မက်ရတာလဲ စဉ်းစားမရချင်။ မောင်ချစ်ကျွမ်းဝင်နေသော ကောင်မလေးများထဲမှာ သူမ မပါဝင်ပါဘဲ။ နောင်မှ တွေးကြံမိတာက မုန်းစိတ်ဖြင့် မောင့်ကို ဒဏ်ခတ်ချင်နေခဲ့မိသလား။ အပေါ်ယံ ရွှင်ကြည်သလောက် အတွင်းနောက်ကျိကာ ယုတ်မာတတ်တဲ့ သူမစိတ်ရင်းကို ကျွန်မ အသိဆုံးမို့ မောင်နဲ့ သူမကို အိမ်မက်ထဲမှာ တွဲဖက်မိခဲ့လေသလား။ မောင်ဟာ ဒီလို မိန်းမမျိုးနဲ့မှ တန်တယ်ဆိုကာ မျက်မာနနဲ့ မကောင်းကြံခဲ့လေသလား။

“အဲလို မဟုတ်ရပါဘူး မောင်ရယ် ”လို့ လေပြေသွေးပြောချင်လည်း ကျွန်မကိုယ် ကျွန်မပင် မသင်္ကာချင်။ ကျွန်မရဲ့မသိစိတ်မှာဖြင့် မောင့်ကို နာကျည်းကာ ငြှိုးခဲ့မိပြီ ထင်ရဲ့။ ခွင့်လွှတ်လိုက်ပါကွယ်။ ဒီလိုသာ တိုးတိတ်ရေရွတ်နိုင်ကာ မျက်ရည်စိုစွတ်နဲ့ မိုးစင်စင်လင်းရပြန်။

Picasso Dream Red Swirls

( စာကြွင်း။ အိပ်မက်မျှလျှင်ကို ရေးလက်စမှာ မမသက်ဝေ နဲ့ ညီမလေးနန်းညီ တို့ ရေးထားတာလေးကို သဘောကျရင်း အိပ်မက်စီးရီးအဖြစ် ဖန်တီးလိုက်ပါတယ်။ ဒီစာဖတ်သူများထဲက blogger တွေကိုလည်း tag ပါရစေရှင်။ ရောဂါတူမယ်ဆိုရင်ဖြင့် ချီးမြှင့်ပေးစေချင်ပါတယ်း)

မေတ္တာများဖြင့်...
မယ်ကိုး

25 December 2010

“ဆက်သွယ်မှုပြင်ပရောက်မယ့်အခါ…”


၂၀၁၃နွေဦးမှာ
မီဒီယာနဲ့ ဝေးမယ့်တစ်ချိန် ရှိလာမယ်ဆိုတဲ့ သတင်းသဲ့သဲ့ကြားခဲ့ပေမယ့် ကျွန်မ မေ့ထားခဲ့ပါတယ်။ လေလှိုင်းဆက်သွယ်မှုပြင်ပမှာ လူတွေ ဘယ်လိုရှင်သန်နေမှာလဲလို့ ကျွန်မ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် နှစ်ကူးတော့မယ်ဆိုတော့ နောက်တစ်နှစ် … ထိုမှတစ်ဆင့် ၂၀၁၃ နေရောင်ခြည် ပြန်ကားမယ် ဆိုတဲ့ သတင်းကို သတိရမိပြန်လေတာ။ ဒါကြောင့် you tube က သတင်းတွေကို ထပ်ပြန်တလဲ ကြည့်နေမိပါတယ်။





ဖွံ့ဖြိုးမှုအနည်းဆုံးလို့ ဆိုတဲ့ ရပ်ဝန်းမှာတောင် ရေဒီယိုတော့ရှိတယ်လို့ ကျွန်မ တွေးကြံနေချိန်မှာ နေရောင်ခြည် ပြန်ကားလာမှုအကျိုးဆက်ကြောင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်တွေကို ထိခိုက် ပျက်စီးစေပြီး အနည်းဆုံးအနေနဲ့ ရေဒီယိုကအစ အင်တာနက်အဆုံး မီဒီယာတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ သိရတော့ လပေါင်းများစွာ သဘာဝရင်သွေးငယ်တွေ ပြန်ဖြစ်တော့မှာလားလို့ တွေးမိပါတယ်။ ဒီထက်ဆိုးနိုင်တာတွေကိုတော့ ကြောက်စိတ်နဲ့ မတွေးဘဲ ရပ်ထားပါတယ်း)
ပြောခဲ့တာတွေက လအတော်ကြာပြီမို့ ဒီအတောအတွင်း ဘာများထူးသေးလဲလို့ သိုးဆောင်းဝေါဟာရတွေ ကိုလည်း ကြိုးစားလို့ဖတ်ပါတယ်။ ချဲ့ကားရေးသားချက်တွေ များလှသလို ကြောက်စရာ ခြိမ်းခြောက်မှုတွေ ပါဝင်နေတာမို့ အကျယ်တဝင့် ဘာသာမပြန်ချင်တော့တာကြောင့် ဖတ်ချင်သူများ အတွက် နီးစပ်ရာ link များကို မျှဝေလိုက်ပါရစေ။


တစ်ဆက်တည်း အင်္ဂလန်တောင်ပိုင်းကမ်းရိုးတန်းက ဘွန်းမာ့တ်( Bournemouth) တက္ကသိုလ်က media blackout လို့ ခေါ်တဲ့ မီဒီယာတွေအကုန်လုံး ပိတ်ပင်ထားမှုတစ်ခုကို ပြုလုပ်ခဲ့တာကိုလည်း မျှဝေချင်ပါတယ်။

တကယ်တော့ မီဒီယားအားလုံး ပိတ်လိုက်တဲ့အချိန်မှာ လူတွေဘယ်လို ခံစားတုန့်ပြန်သလဲဆိုတာကို လုပ်အားပေး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူရာကျော်နဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းသာရယ်။ ကျောင်းသားကျောင်းသူတွေဟာ စမ်းသပ်ခံကာလ ၂၄ နာရီမှာ တစ်ကိုယ်ရည်ကွန်ပျူတာ၊ ဖုန်း၊ တီဗီက စလို့ ရေဒီယိုနဲ့ သတင်းစာကိုတောင် ဖတ်ခွင့်မရပါဘူး။ တစ်ရက်တာဟာ ခဏလေးတို့ တွေးမိပေမယ့် သူတို့အတွက်တော့ ကြာလွန်းခဲ့ပါတယ်။

“ကျောင်းသားအသင်းက အနားမှာ ရှိနေတာတောင် ရိုးရိုးသားသားပြောရရင် တကယ့်ကို ရုန်းကန်ကြိုးစားခဲ့ရပါတယ်။ မီဒီယာနဲ့ သက်ဆိုင်သမျှအားလုံးကို ရပ်လိုက်ရပြီး ကြိုးစားရှောင်ကြဉ်နေရတယ်။ ဒါဟာ တကယ့်ကို ခက်ပါတယ်။ ” လို့ ကျောင်းသူ ရှာလက်ဂေး (Charlotte Gay) ကပြောပါတယ်။

တက္ကသိုလ်ရဲ့ မီဒီယာဘာသာကထိက ဒေါက်တာ ရောမန် ဂျီရောဒီမပ်စ် (Doctor Roman Gerodimos ) က “စမ်းသပ်မှုကို အလျှော့ပေးလိုတဲ့ လက္ခဏာတွေ ၊ အစားကျူးမိတာ၊ စိတ်တုန်လှုပ်မှုတွေ၊ အထီးကျန်မှု၊သီးသန့်ခွဲခြားခံရမှုတွေနဲ့ အဆက်အသွယ်ပြတ်မှုတွေ ခံစားရပြီး သူတို့ အခန်းနဲ့ သူတို့အိမ်ထဲ ပတ်လည်လျှောက်သွားနေကြပြီ တစ်ချိန်လုံး ဘာလုပ်ရမယ်မှန်း သူတို့ကိုယ် သူတို့ မသိကြဘူး။” လို့ စမ်းသပ်ခံ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်အခြေအနေလက္ခဏာတွေကို ခုလို ပြောပြခဲ့ပါတယ်။

ကျောင်းသူတွေဖြစ်တဲ့ ကယ်ရိုလိုင်း စကော့ (Caroline Scott )က “ ဟုတ်ကဲ့ ။ မီဒီယာနဲ့ခွဲနေရတာ အများဆုံး နှစ်နာရီလောက်သာ အတော်လေး ကောင်းပါတယ်။ အဲဒီထက်ကျော်လာတော့ ဖုန်း၊ ဒါမှမဟုတ် အင်တာနက် နဲ့ တစ်ခုခုကို ကျွန်မ ရချင်လာမိပါတယ်။” လို့ ပြောသလို ကျောင်းသူ ရိုရီ (Rory Cellan-Jones)ကလည်း “နိုင်ငံသားတစ်ယောက်အနေနဲ့ အခုခိုက်မှာ ကျွန်မတို့ရဲ့ နိုးတဲ့အချိန်တစ်ဝက်ကျော်ဟာ မီဒီယာတွေကို တနည်းနည်းနဲ့ သုံးနေကြပြီး ဒီလူတွေဟာ အမြဲတမ်း အဆက်အသွယ်ဖြတ်ဖို့ စဉ်းတောင် မစဉ်းစားနိုင်ကြပါဘူး” လို့ ရိုရီက ပြောပါတယ်။

ကျွန်မလည်း မစဉ်းစားခဲ့ဖူးပါဘူး။ စဉ်းလည်း မစဉ်းစားဝံ့ပါဘူး ။ သူတို့ စမ်းသပ်ခဲ့တဲ့ ၂၄ နာရီတောင် တစ်ကိုယ်ရည် ခက်ခဲမှုတွေရှိနေရင် ကမ္ဘာနဲ့အဝှမ်းက လူတွေက ၂၀၁၃ နွေဦးမှာတော့ ဆက်သွယ်မှုပြင်ပမှာ လပေါင်းအတန်ကြာ ဘယ်လိုရှင်သန်ကြမလဲ... မစဉ်းစားချင်ပါဘူး။ အနိမ့်ဆုံးအနေနဲ့ ...
ဒီကာတွန်းလေးထဲကလိုပဲ ကျွန်မတို့ ချစ်တဲ့သူတွေဟာ မျက်စိတစ်ဆုံးပြင်ပက မီဒီယာရပ်ဝန်းမှာလည်း ရှိနေကြတယ်လေ။

ဗြိတိန်နိုင်ငံက ကာကွယ်ရေးဌာန အတွင်းရေးမှူး လျီယမ်ဖောက်စ် (Liam Fox)က “သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးတီထွင်ကြံဆမှုတွေက ကျွန်တော်တို့အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ချေမှုန်းနိုင်မယ့် အခြေအနေ ရှိပါတယ်” လို့ ပြောတာကိုပဲ ယုံကြည်မျှော်လင့်နေမိပါတယ်။

ဆက်သွယ်မှုပြင်ပမှာ ရက်သတ္တပါတ် တစိတ်တပိုင်းမျှပင် ချစ်သောသူတွေနဲ့ ဝေးကွာနေရမယ်လို့ အိပ်မက်ရယ်မျှ မမက်ချင်သူပါ။

(စာကြွင်း။ ကျောင်းသူကျောင်းသားတွေရဲ့ မီဒီယာနဲ့ ဝေးခိုက်ခံစားချက်တွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်ရှင်း)

18 December 2010

ကျေးဇူးတင်ကြောင်းလေး ပြောချင်တယ်...

ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ သုံးနှစ်ပြည့်မယ့် ဒီblog လေးကို ကျွန်မ တစ်ယောက်တည်း တည်ထားခဲ့တာ မဟုတ်ပါဘူး။ ပထမဆုံး စာအသစ်တွေရေးဖို့ တိုက်တွန်းခဲ့သူ၊ ကျွန်မ စာရေးရပ်နားခိုက် အားပေးခဲ့သူများ၊ ယနေ့ထက်တိုင် ကျွန်မရဲ့စာကို ဖတ်နေကြသူများကသာ ဒီရပ်ဝန်းလေး အသက်ဆက်အောင် အလင်းဓာတ်ပေးခဲ့သူများ ဖြစ်ပါတယ်။

စာဖတ်သူ မိတ်ဆွေ မောင်နှမများရဲ့ အလေးထားပြောခဲ့တဲ့ စကားလုံးတိုင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေခဲ့တာ အမှန်ပါ။ စကားလုံးတိုင်းမှာ အချိန်စွန့်ခဲ့ပြီး ကျွန်မကို စွမ်းအင်တွေ ပေးခဲ့ပါတယ်။ ဒီလို ကိုယ်ကျိုးစွန့်မှုအတွက် ဘယ်လိုအမွှမ်းတင်ကာ ကျေးဇူးစကား ဆိုရမှန်းမသိအောင် ဖြစ်ရပါတယ်။

သေချာတာကတော့ စာဖတ်သူတွေ (လက်ဆယ်ချောင်းတောင် မပြည့်ဘူးထင်ပါတယ် :P) ရဲ့ မေတ္တာကြောင့် ကျွန်မရဲ့ကောင်းကင်ဟာ ကြည်လင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘဝဟာ နေချင့်စဖွယ် သာတောင့်သာယာဖြစ်အောင် စာဖတ်သူတွေရဲ့ စာလုံးလေးတစ်လုံးကသာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီအခိုက်အတန့်လေးများ၊ ကြည်နူးစေမှုများ၊ အမှတ်တရများအားလုံးအတွက် အထူးကျေးဇူးတင်ပါကြောင်း ထပ်မံပြောကြားပါရစေ။

photo credit: www.underconsideration.com

တစ်ခါတစ်ခေါက် မျက်စိလည် လမ်းမှားရောက်လာခဲ့တဲ့ စာဖတ်သူများနဲ့ blogger များကိုလည်း အထူးတလည် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။


မေတ္တာများဖြင့်...
မယ်ကိုး

12 December 2010

အိမ်ပျောက်သူများ


ရက်အနည်းသာ နိုင်ငံရပ်ခြားကို အလည်သွားသူတွေကတော့ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာ၌ ဖြစ်ပေါ်သော စိတ်နေသားမကျမှုရဲ့ ပျော်ရွှင်ခြင်းအဆင့်မှာသာ ပြီးသွားကြမှာပါ။ အိမ်စွဲသူအဆင့်မှာတော့ ဘာသာစကားလေ့လာမှုကစလို့ ယဉ်ကျေးမှုကို နားလည်သင်ယူရတော့တာမို့ ခြောက်လကနေ ငါးနှစ်အထိလို့ ကြာမြင့်နိုင်ပါတယ်။ ဒီထက်အချိန်မလင့်ဘဲ အိမ်ပြန်နိုင်သူတစ်ချို့အတွက်တော့ အိမ်စွန့်လိုက်ရသူတွေ၊ အိမ်မပြန်နိုင်သေးတဲ့ ကျန်ရစ်ခဲ့သူတွေကို ကိုယ်ချင်းစာဖို့ ခက်ခဲနေမလား။



“စိုစွတ်ငါ့မျက်ဝန်းတွေ ခြောက်သွေ့စေဖို့ ဘယ်ကိုသွားရမလဲ…” တော်သင့်ပြီ။ အသက်ဓာတ်လေးကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် ဒီအတွေးတွေကို ဆက်လက် နှလုံးမသွင်းသင့်မှန်းသိလည်း အိမ်လွမ်းနာဟာ ကျွန်မရဲ့ သွေးကြောမျှင်တစ်လျှောက် အနည်ကျခဲ့ပြီ။ အိမ်ရဲ့အဝေးမှာ ရှင်သန်နေရသူမို့ အပျောက်အရှများစွာနဲ့ ရင်ထဲမှာ အနက်ရောင် ဟင်းလင်းခွင်။ ဒါ့အပြင် အပိုင်းအစစ နှလုံးသား အကွဲအကြေတွေပေါ်မှာ ဆူးခက်တွေအပြည့်… ဟင့်အင်း။ ကျွန်မ မငိုဘူးဘဲ။ ရိုက်ချက်တွေဟာ စူးနက်လွန်းလို့ မျက်ရည်ကို ခမ်းစေတယ်။ နားလည်သူရှိပါ့မလား။ အိမ်မပြန်နိုင်သူတွေရဲ့ ခြေတစ်လှမ်းရွေ့တိုင်းမှာ ဆူးတွေရှောင်နေရလို့ ခရီးရောက်ဖို့ ခက်ခဲလွန်းလှပါတယ်။



“ကျွန်တော် ဗြိတိန်ကို စရောက်လာတုန်းက ကျွန်တော်ဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။ နှစ်တွေကြာပြီးနောက်မှာမှ ဗြိတိန်ကို သိရှိခဲ့သလို ကျွန်တော့်ကို ကျွန်တော်လည်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တစ်နေရာကနေ တစ်နေရာ၊ ယဉ်ကျေးမှုတစ်ခုကနေ နောက်တစ်ခုကို ရွှေ့လာတဲ့သူတွေဟာ ဒေသကိုသာမကဘူး ကိုယ်ဘယ်သူလဲဆိုတာကိုပါ ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။”  လို့ ပါကစ္စတန်နိုင်ငံကထွက်ခွာပြီး အင်္ဂလန်မှာ အခြေချနေထိုင်တဲ့ မာမူးဂျမာလ် က ပြောပါတယ်။



အိမ်စွန့်ခဲ့သူ မာမူးက ဆက်ပြောပါတယ်။ “ပထမဆုံး ခံစားရနိုင်တာက ကိုယ်ဝင်ရောက်သွားတဲ့ ယဉ်ကျေးမှုရဲ့ အပွေ့အဖက်ကို ခံချင်တာပါ။ ကိုယ့်အိမ်လိုပဲ ခံစားချင်တယ်။ ဒါပေမယ့် သူတို့တွေက ကိုယ့်ကို ကောင်းကောင်းလက်မခံဘူးဆိုတဲ့ ခံစားမှုရမယ်။ ဒါကြောင့် ကိုယ်နဲ့သက်ဆိုင်တဲ့ အရာနဲ့ ဆက်နွယ်ဖို့ ကိုယ်ဘယ်သူလဲဆိုတာ သိအောင်လုပ်ရမယ်။ ဒါဟာ ကိုယ်နဲ့ ကိုယ်သက်ဆိုင်တဲ့ယဉ်ကျေးမှုကြားက တကယ့်ကို ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်နိုင်ပါတယ်။ နောက်တော့ တဖြည်းဖြည်းညှိယူလာနိုင်ပြီး ဒီယဉ်ကျေးမှုနဲ့ ဘယ်လိုရှင်သန်ရမလဲ ဆိုတာနဲ့ ကိုယ့်ဘာသာ ဘယ်လို အသက်ရှင်ရမယ်ဆိုတာ လေ့လာနိုင်လာတယ်။”  တဲ့။



ဒီလိုနဲ့ နောက်ဆုံးအဆင့် လွတ်မြောက်မှုဖြစ်စဉ် (Independence-stage) ကို တက်လှမ်းနိုင်ပြီတဲ့လေ။ ယဉ်ကျေးမှုနှစ်ခုရဲ့  ခြားနားမှုတွေရော တူညီမှုတွေပါ တန်ဖိုးထား အလေးပေးစရာတွေ ဖြစ်နေပါတယ်။ အခြေအနေအမျိုးမျိုးမှာ ကိုယ့်ဘာသာကိုယ် ယုံကြည်ပြီး စွမ်းဆောင်နိုင်ပါသတဲ့။ အရာတိုင်းဟာ နှစ်သက်ဖွယ်ဖြစ်လာပြီး ကိုယ်နှစ်သက်မှုနဲ့ တန်ဖိုးကို လိုက်ပြီး ရွေးချယ်မှု ပြုလုပ်နိုင်ပါသတဲ့။ ဒါ ကောင်းမြတ်ခြင်းတဲ့လား။ ရွေးချယ်မှုမှာ ပျော်ရွှင်နိုင်သတဲ့လား။



“ကျွန်တော် အရင် မြန်မာနိုင်ငံသားဘဝက ဗမာpassport နဲ့ဆိုရင် ဘယ်နိုင်ငံသွားသွားမျက်နှာငယ်ရလွန်းလို့ ဗမာအဖြစ်မွေးလာတာ မှားများမှားပြီလားလို့တောင်ထင်ခဲ့မိဖူးပါသည်။ မှားတော့မမှားပါ။ ဒါပေမဲ့ မမွေးခင် ကိုယ့်ဇာတိကိုယ် ရွေးချယ်ပိုင်ခွင့် ရှိခဲ့ရင်တော့ ဗမာပြည်ကို ရွေးချယ်ခဲ့မှာတော့ မဟုတ်ပါဘူး” လို့ အမေရိကန်နိုင်ငံက လေးလေးကျောက်က ပြောပါတယ်။

ဟုတ်ပါတယ်။ စွဲလမ်းမှုတွေ ဖျောက်ပြီး ပတိရူပဒေသဝါသောစ - သင့်တော်ရာ အရပ်၌ နေခြင်း မင်္ဂလာအတိုင်း ကျင့်သုံးသင့်တယ် မဟုတ်ပါလား။ ဟင့်အင်း။ ဒါပေမယ့် အမှန်တရားကို လက်သင့်မခံနိုင်သေး။ ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်ရပ်ဝန်းမှာလဲ။ ဘယ်ရာသီခွင်မှာလဲ။ ဘယ်နက္ခတ်အောက်မှာလဲ။ ဘာမုန်တိုင်းအောက်မှာပဲ တည်တည် အိမ်ကလေးရှိရာ အရပ်ဆီ ဦးတည်လို့ ပျံသန်းရဦးမယ်။  အိမ်စွဲသူအဆင့်မှာပဲ ရပ်တန့်ကာ အိမ်စွန့်ဖို့ မရည်ရွယ်သူ ကျွန်မအတွက်တော့ ရှေ့တစ်လှမ်းတိုးဖို့ ခက်နေဆဲ။ ရှိပါစေတော့။ ချစ်မြတ်နိုးမှုနဲ့ အမှောင်ခြမ်းကို မျက်ကွယ်ပြုလို့ ရှင်သန်ပါဦးမယ်။ ဒီဘဝ ဒီမျှနဲ့ ဒဏ်ရာတွေကို ခြေရာဖျောက်ထားပါရစေတော့။ အိမ်ကို မစွန့်လွှတ်နိုင်သေးဘူးရယ်။

ဒါပေမယ့် အရှေ့အလယ်ပိုင်းအာရပ်ဒေသမှာ အချိန်ကြာနေထိုင်ခဲ့သူ အင်္ဂလန်နိုင်ငံသူ အီလီဒ် ဟာမင်တန် (Eilidh Hamilton) ရဲ့ စကားကို ကြားမိပြန်တာ။ “ဒီလို ပြုမူသင့်တယ်။ ဒါသာ ပြောရမယ်။ ဒီလိုသာ လုပ်ရမယ်။ ဒါသာ အမှန်ဆိုပြီး ကျွန်မတို့ သွန်သင်ခံခဲ့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ယဉ်ကျေးမှုသာ အမှန်လမ်းလို့ ယုံကြည်နေကြတယ်။ တခြားယဉ်ကျေးမှုကို ပြောင်းသွားတဲ့အခါမှာတော့ ကိုယ့်ယဉ်ကျေးမှုဟာ လုံးဝမမှန်ဘူးဆိုတာ နားလည်လာမယ်။” တဲ့။

စိတ်မရှိပါနဲ့ ။ ကျွန်မ ဒီလောက်ထိ မရင့်ကျက်သေးပါဘူး။  အတောင်လည်း ညောင်းလွန်းလှပြီ။ နားခိုစရာ မျှော်ကြည့်တဲ့အခါ ပျပျလေးပင် မမြင်နိုင်သေး။ လဲပြိုသေဆုံးရတော့မလား။ ဟင့်အင်း။ အမှန်တရားကို လက်သင့်မခံနိုင်သေး။ ရွေးချယ်စရာမဲ့ အိမ်ပြန်ခက်နေတဲ့ တခြားသူတွေကရော ဘယ်လိုခံစားမှုနဲ့ ရှင်သန်နေကြရတာလဲ။


photo credit: wsj.com


“ရေခြားမြေခြားမှာ ကျွန်မ သင်ကြားရတာက ဖွင့်ထားတဲ့ စိတ်နှလုံးရှိဖို့ ဆိုတာပါပဲ။ ဒါဟာ ဖန်တရာတေနေတဲ့ လေသံဆိုတာ သိပါတယ်။ ဒါပေမယ့် လူအမျိုးမျိုး၊ပြုမူပုံအသွယ်သွယ်ရဲ့ ခြားနားချက်တွေကို တွေ့လာတဲ့အခါ ဒါဟာ ငါ့နည်းလမ်းမဟုတ်ပေမယ့် အလုပ်ဖြစ်ပါလားဆိုတာ ရှင်ကိုယ်တိုင်တွေးမိလာပါလိမ့်မယ်။ ဒါလိုနဲ့ ရှင်ဟာ ပိုပြီးတော့ စိတ်ထားတတ်သူ ဖြစ်လာပါမယ်။” လို့ အင်္ဂလန်နိုင်ငံသု ဒီဗန်ခရိုန် (Devon Krohn) ကလည်း ပြောပါတယ်။

သူမလို ကျွန်မ စိတ်မထားတတ်သေးပါဘူး။ အိမ်ကို စွန့်လွှတ်ဖို့အထိလည်း ကျွန်မ အိပ်မက် မမက်နိုင်သေးပါဘူး။ အိမ်ပျောက်သူတွေရဲ့ အသံအချို့ကို ကျွန်မကို ကြားယောင်နေဆဲရယ်။ “ကျွန်မက အရှေ့တိုင်းနဲ့ အနောက်တိုင်းယဉ်ကျေးမှုကို နှိုင်းယှဉ်ကြည့်နိုင်တဲ့အတွက် ဘာကြောင့်လူတွေ ဒီလိုပြုမူတယ်ဆိုတာကို ကိုယ့်နိုင်ငံက တစ်ခါမှ မထွက်ဘူးတဲ့သူတွေထက်ပိုပြီး နားလည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျွန်မက ဘယ်နေရာနဲ့မှ မသက်ဆိုင်ဘူးလို့ ခံစားရပါတယ်။ တနည်းအားဖြင့် အဲဒါက ကျွန်မကို လွတ်လပ်စေတယ်လို့ ခံစားရတယ်။ အရမ်းကို လွတ်လပ်စေတယ်။” လို့ ကိုရီးယားလူမျိုး ဂျပန်နိုင်ငံဖွား အမေရိကန်မှာ နေထိုင်သူ ကင်ဂျာယူး (Kyung-ja Yoo) က ပြောပါတယ်။



အိမ်အစွဲအလမ်းမဲ့ လွတ်လပ်စွာ ပျံသန်းနေသူတွေကို ကျွန်မ အားကျသင့်ပါသလား ။ သူတို့ တကယ်ပဲ လွတ်လပ်နေသလား။ ဘယ်အိမ်ကိုမှ သူတို့ မပိုင်ဆိုင်တဲ့အတွက် ဘယ်အိမ်နဲ့မှ သက်ဆိုင်တယ်လို့ မခံစားရတဲ့အတွက် လွတ်လပ်နေတယ် ဆိုတယ်ဆိုတာ အမှန်ပဲလား။



“ကျွန်မ ဒီနိုင်ငံကို ဗြိတိသျှအစိုးရရဲ့ တရားဝင်ခေါ်မှုနဲ့ နာဇီဂျာမနီနိုင်ငံက ပထမဆုံး ခိုလှုံလာသူများနဲ့ အတူ အောက်တိုဘာ ၆ ရက်နေ့က စလို့ ရောက်လာခဲ့ပါတယ်။ ၆၇ နှစ်လုံးလုံး ဒီနိုင်ငံမှာ နေပြီးနောက်မှာ ကျွန်မ ပြောင်းလဲခဲ့ပါပြီ။ ပိုပြီးတော့ ခံနိုင်ရည်ရှိလာပါတယ်။ ဒါပေမယ့် ကလေးဘဝထင်မြင်ချက်တွေဟာ သိပ်သန်စွမ်းလွန်းလို့ ကျွန်မဟာ အင်္ဂလိပ်တစ်ယောက် မဖြစ်ခဲ့ပါဘူး။ ကျွန်မကိုယ်ကျွန်မ အင်္ဂလိပ်လူမျိုးပြုခံရသူလို့သာ ပုံဖော်ချင်ပါတယ်။ ကျွန်မဟာ ဂျာမာန်တစ်ယောက်လည်း မဟုတ်တော့ပါဘူး။” လို့ ဂျာမနီမှာ မွေးဖွားခဲ့ပြီး အင်္ဂလန်နိုင်ငံမှာ နေထိုင်နေသူ အက်စ်မိုင်းရား (Ilse Meyer ) ပြောပါတယ်။

သူမလိုပဲ ဂျာမဏီနိုင်ငံမှာ နှစ်ပေါင်းလေးဆယ်ကျော်နေနေတဲ့ တူရကီနိုင်ငံမှာ မွေးဖွားခဲ့သူ အမျိုးသမီးတယောက်က သူ့ကိုယ်သူဂျာမန်နိုင်ငံသားလို့ မမြင်ဘူးဆိုတဲ့အကြောင်းကို သတင်းတစ်ခုမှာ ဖတ်ခဲ့မိတာ။ သူမတို့လိုပဲ နေထိုင်ရာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ တခြားယဉ်ကျေးမှုကျွမ်းဝင်နေကြပေမယ့် ကိုယ့်ကိုယ်ကိုယ်လို အပြင်လူလို ခံစားနေရသူပေါင်းများစွာရဲ့ အသံထုကလည်း ကျွန်မနားမှာ ညံနေတာ။

လစ်ဟာနေတဲ့ရင်ခွင်နဲ့ အိမ်ပျောက်သူဖြစ်မှာ ကျွန်မ သိပ်ကြောက်ပါတယ်။ အပြင်လူခံစားမှုကို ရင်မှာပျိုးကာ တစိမ်းသူတွေအကြား သက်တောင့်သက်သာနေနိုင်လောက်အောင် ကျွန်မ အချိုးတကျမနေနိုင်သေးပါဘူး။ ခံနိုင်ရည်ချို့လွန်းသူပါ။ ဒါဆို အိမ်ပြန်ရတော့မလား။ ဒါပေမယ့် … ဒါပေမယ့်လေ အိမ်မှာ ဘယ်သူရှိမှာလဲ။ ဘယ်သူမှ အိမ်မှာ မရှိဘူး။ လေပြင်းအောက်ရောက်နေသူမှာ အသိုက်လဲမရှိသလို အေးစက်လေထုနဲ့ အချောကိုင်ထားတဲ့ အဲဒီ အထီးကျန်လှောင်အိမ်မှာ ဘယ်သူမှလည်း မရှိဘူး။ အထီးကျန်ခြင်းဟာ ဆေးဖက်ဝင်တယ်တဲ့။ ကိုယ်ကိုယ်တိုင် ကျူးရင့်ခဲ့တာ။



ဟာသပဲနော်။ ဟက် ကနဲ ရယ်လိုက်မိရင် မျက်ရည်တွေ ထွက်ကျလာတော့မယ်။  ဒါဟာ ရယ်စရာလား။ အိမ်ပြေးသူတွေရဲ့ ၀ဋ်ကြွေးပဲလား။ ဆိုက်ပရပ်စ်နိုင်ငံမှာနေထိုင်နေဆဲ အင်းသားကိုအယ်ကိုကတော့ ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်နေနေ နောက်ဆုံးတော့ အမိမြေမှာပဲ ခေါင်းချချင်တယ်လို့ စာချိုးနဲ့ ဆိုပြန်ပါသေးတယ်။



မြေပေါ်မှာ နေစရာ များတယ်ပါ့
ဖွေရှာကာ မြေမာသားမှာလ
နေပါ.. နေပါ စမ်းချင်လှ
တပြည်တရွာ ဖွေရှာစွမ်းပါစ
သေတာတောင် အင်းရေပြင်ထဲ
မှတ်တမ်းတင် ဆွမ်း သွပ်ချင်ကယ့်လေး …။

စွဲလမ်းမှု၊ပိုင်ဆိုင်မှု၊သက်ဆိုင်မှုတွေဟာ လူကို တကယ်ပဲ ဆင်းရဲစေတာတော့ ကျွန်မလက်တွေ့ မြင်သိခဲ့ပြီ။ ခြေလှမ်းတွေကို ချုပ်နှောင်ထားတယ်ဆိုတာလည်း နားလည်ခဲ့ပါပြီ။ ဒါပေမယ့် စွဲလမ်းမှုကြောင့် ဒုက္ခဖြစ်ရခြင်းအကြောင်းကို  ကျွန်မ မတွေးနိုင်သေးဘူး။ မတွေးချင်သေးဘူး။ တွေးခွင့်မရသေးပါဘူး။မွေးရပ်က မြက်ခင်းဟာ စိမ်းလန်းမနေလည်း ရှင်သန်ခွင့်ရရုံမျှနဲ့ မုန်တိုင်းကျလည်း  မစွန့်ခွာဘဲ ပျော်ရွှင်ချင်သူပါ။ အိမ်အစွဲမှာ မွန်းကြပ်နေသူမို့ရယ်။



အိမ်စွန့်ကာ အိမ်သစ်တည်ဖို့ ရည်ရွယ်ချက်မရှိသူ ကျွန်မရဲ့ နံနက်ခင်းဟာ ပိန်းပိတ်မှောင်နေဆဲပါ။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် လှေနံနှစ်ဖက်နင်းကာ ကောင်းကင်နှစ်ထပ်အောက်မှာ ရှင်သန်ချင်သူ မဟုတ်ရပါဘူး။ အိမ်စွဲလွန်းသူ ကျွန်မဟာ အိမ်ပြန်ချင်လွန်းလှသူပါ။ ဒါပေမယ့်လေ အိမ်မဲ့သူရဲ့ ဒဏ်ရာတွေဟာ ထင်တာထက် နက်နဲလွန်းနေခဲ့ပါပြီ။ အမာရွတ်တွေဟာ ဘယ်သူမှ မမြင်နိုင်လောက်အောင်ပဲ ထူထဲသေသပ်လွန်းနေပါပြီ။



ဝဋ်ကြီးသူရယ်လေ။ ဘယ်လိုပင် မိုးကြိုးခြွေလည်း မသေသေးဘူးကွယ့်။ ထပ်မံလို့ အတောင်ပံ ခတ်နေဦးမယ်။ အောင်မြေက ဘယ်အရပ်မှာ တည်သလဲဆိုတာ မမြင်နိုင်။ မကြားနိုင်။ မသိနိုင်ပေမယ့် ဥတုရာသီ နှိပ်စက်ကာ အမြင်တွေ ဝေသီနေပေမယ့် ကျွန်မ ခရီးဆက်ပါဦးမယ်။ ဘယ်လို ခြေလှမ်းပြင်ရမလဲ။ ။ ဇာတ်ကွက်က ခြေတစ်လှမ်းတိုးရင် ဖုန်းဆိုးမြေ။ နောက်ဆုတ်ရင် မီးလောင်ပြင်။ ဒါပေမယ့် လေပြင်းထန်လွန်းတယ် ဆိုကာ နောက်ဆုတ်ပြေးဖို့လည်း မဖြစ်နိုင်ဘူးဘဲ။



ဒီလိုနဲ့ ခရောင်းထက်ကြမ်းတဲ့ လမ်းမှာ တမျှော်တခေါ်က အိမ်အရိပ်လေးဆီ မျှော်လင့်လို့ ကျွန်မရှေ့ဆက်လျှောက်ပါဦးမယ်။ လမ်းရဲ့တံခါးဝှက်ကိုပင် မတွေ့မြင်နိုင်သူဟာ  “အိမ်ပြန်ချင်တယ်။ အိမ်မှာ ဘယ်သူရှိမှာလဲ။ ဘယ်သူမှ အိမ်မှာမရှိဘူး။” ရိုးရာမပျက် ရင်ကွဲတေးလေးကို ညဉ်းရင်းနဲ့လေ။



ကြိုဆိုသူမဲ့ ရက်စက်တဲ့ မြေပေါ်မှာ တည်ထားပေမဲ့ ကျွန်မ အိမ်ပြန်ချင်ပါတယ်။… ။





အိမ်ဆောင်းပါးများမှာ ကဗျာအသုံးပြုခွင့်ပြုတဲ့ ကိုလင်းဒီပ၊ ဓာတ်ပုံအသုံးပြုခွင့်ပြုသော ချစ်စွာတဲ့ အစ်မ၊ အသံလေးများကို စေတနာထား မျှဝေသွားတဲ့သူများ နဲ့ ဖတ်ရှုပေးခဲ့သူများ ကို အထူးကျေးဇူးတင်ပါကြောင်း

မေတ္တာများဖြင့်
မယ့်ကိုး


ကိုးကား ။ BBC: Who on earth are we

05 December 2010

အိမ်စွန့်သူများ



“ဒီအဆင့်ကို ရှင်ကျော်သွားပြီ ဆိုရင် ပြန်ကောင်းတဲ့အဆင့် စာသဘောအရဆိုရင် တခြားယဉ်ကျေးမှုကို လက်ခံနိုင်တဲ့အဆင့် ကိုရောက်ပါပြီ။ စနစ်တကျသွားနေတဲ့ သင်ယူမှုပါ။ ရှင်ထိစပ်နေတဲ့ ယဉ်ကျေးမှုနဲ့အတူ ရှင့်ခံစားမှုဟာ အချိန်အလိုက် ပြောင်းလဲတိုးတက်နေမယ်။ အဲဒီယဉ်ကျေးမှုနဲ့ ပိုလို့ပေါင်းစပ်နိုင်သွားပါမယ်။ 


ဘာသာစကားကျွမ်းကျင်မှုဟာ အချိန်နဲ့အမျှ တိုးတက်နေတာကလည်း ရှင် ဒီအဆင့်ကို ရောက်ရှိခဲ့တဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ရှင့်ရဲ့ ဟာသဓာတ်ကို ပြန်ရှာနိုင်ပြီး ရောက်နေတဲ့အသိုင်းအဝိုင်းထဲကို ဝင်ဖို့ တကယ်အားထုတ်လာပြီလေ။ သူငယ်ချင်းဖွဲ့တာတွေနဲ့ ဓလေ့ထုံးတမ်းတွေကို ပိုမိုတွေ့ရှိနားလည်လာပါပြီ။ ဒါကြောင့် ဒီအဆင့်မှာ သင်ကြားနေသမျှကို ရလာဒ်တွေ ပြန်ရရှိလာတာမို့ အိမ်လွမ်းနာက လွတ်မြောက်ဖို့ ကူညီပေးမယ့် အဆင့်ပါပဲ။ တစ်ခါတစ်လေမှာ သူတို့တန်ဖိုးတွေဟာ ရှင့်လူမျိုးပိုင်ထက် ပိုတန်ဖိုးရှိတယ်ဆိုတာလည်း စပြီး နားလည်လာလိမ့်မယ်။”လို့ အသေးစိတ်ထပ်ပြောပါတယ်။ 

ဒါကို အမေရိကန်နိုင်ငံက လေးလေးကျောက်ကလည်း “တချို့ဟာတွေက စိတ်အနှောင့်အယှက်ဖြစ်ပြီး ဘယ်သူတိုင်လို့ တိုင်ရမှန်းမသိ... ဥပမာ..တစ်ညလုံး အိပ်လို့မရအောင် လော်စပီကာကြီးနဲ့ ပဌာန်းရွတ်နေကြတာ၊ ပြောပြန်ရင်လဲ ကိုယ်ပဲ ဒိဌိလိုလို၊ ညကြီးသန်းကောင် လင်မယားရန်ဖြစ်ကြတာ..ကိုင်း..ဒါတွေဘာလွမ်းစရာ ရှိလို့လဲ ” လို့ ထောက်ခံပြောဆိုပါတယ်။ 

ဒီလိုနဲ့ အိမ်စွဲခဲ့သူတွေဟာ နေရာသစ်မှာ အိမ်ကိုမေ့ပျောက်ပျော်ရွှင်လာကြပါတယ်။ “ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ်ရွေးတဲ့ဘ၀၊ ကိုယ်ရဲ့ဒုတိယအိမ်ပဲလို့ စိတ်ထဲ ထားလိုက်ရင် သက်သာမယ်။ ထောင်ကျနေတာမဟုတ်ဘူး။ ဘယ်သူမှ ကိုယ့်အသားနာအောင် နှိပ်စက်နေတာမဟုတ်ဘူး... လို့ ဖြေတွေးတာပဲ။” လို့ အမေရိကန်နိုင်ငံက မသုနှင်းဆီက ပြောပါတယ်။ ကျွန်မတို့ အလိုက်သင့် နေထိုင်တတ်လာကြပြီလေ။ အဆင့်လေးဖြစ်တဲ့ ယဉ်ကျေးမှုမှာ တဖန်ပြန်ပြီး တုန်လှုပ်ခြင်း ဖြစ်စဉ် (Re-entry Shock/ Reverse Culture Shock) ကို မရောက်ခင်အထိပေါ့။ နေရာသစ်မှာ အချိုးကျလွန်းလို့ အိမ်ကို ပြန်သွားတဲ့အခါ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ပြန်လည် လိုက်ဖက်အဆင်ပြေဖို့ ခက်ခဲနေခြင်းတဲ့လေ။  

“လူတွေဟာ ပြောင်းလဲနေတယ်။ ကျွန်မ ပြောင်းလဲနေတာကိုလည်း တကယ်သိပါတယ်။ နှစ်တိုင်း တိုကျိုကို ပြန်တယ်။ မိသားစုနဲ့ သူငယ်ချင်းတွေကို မြင်မြင်ချင်း နာရီပိုင်းကတော့ အားလုံးအဆင်ပြေနေပေမယ့် အဲဒါပြီးတဲ့နောက်ပိုင်းတော့ သူတို့ရဲ့ စိတ်ခံစားမှုတွေနဲ့ အဝေးမှာ ကျွန်မရှိနေတယ်လို့ ခံစားရတယ်။ ” လို့ ကိုရီးယားလူမျိုး ဂျပန်နိုင်ငံဖွား အမေရိကန်မှာ နေထိုင်သူ ကင်ဂျာယူး (Kyung-ja Yoo) ပြောသလိုပဲ  အိမ်နဲ့ဝေးစမှာ အချိန်ပြည့်ငိုခဲ့တဲ့ကျွန်မရဲ့ သူငယ်ချင်း အထွေးလေးက “အလည်ပြန်သွားတုန်းက အားရပါးရစားမယ်လို့ အားခဲထားတဲ့ လမ်းဘေးစာတွေ တစ်ခုမှ မစားခဲ့ဘူး။ လက်သုပ်စုံတို့၊ ဝက်သားတုတ်ထိုးတို့ဆို မြင်ရုံနဲ့တင် မစားချင်တော့ဘူး။ တစ်သက်လုံးနေခဲ့တဲ့ ကိုယ့်အိမ်ကိုတောင် အမြင်မှာ ရှုပ်နေတယ် မသန့်ရှင်းဘူးလို့ ထင်တယ်။ ဒီကို ပြန်ရောက်မှာပဲ ငါ့အိမ်ပြန်ရောက်ပြီဆိုပြီး စိတ်ချမ်းသာသွားတော့တယ်” လို့ဆိုလေတာ။ 

ဒီလိုစိတ်အခြေအနေမျိုးရှိခဲ့တဲ့ ကဗျာဆရာ ကိုလင်းဒီပ ကလည်း ဒီအဆင့်ကို “ပျောက်ဆုံးသူ” ဆိုတဲ့ ကဗျာလေးတစ်ခု ဖွဲ့ခဲ့ဖူးပါတယ်။

“ပျောက်ဆုံးသူ”



ရန်ကုန်အစွန်အဖျား
အိမ်အိုလေးထဲ
ပြန်ရောက်သွားတဲ့အခါ
အသားမကျဘူး ။
ဘဝက
အဝေး
တိုက်တာအမြင့်တွေ ရှိတဲ့အရပ်လို့
တွေးတယ် ။


တိုက်တာအမြင့်တွေနဲ့ ပြေးလွှားဘဝထဲ
ပြန်ရောက်သွားတဲ့အခါ
အသားမကျဘူး ။
ဘဝက
ရန်ကုန်အစွန်အဖျား
အိမ်အိုလေးထဲမှာလို့
တွေးတယ် ။

တကယ်ဆို
ဘဝ
ပျောက်နေခဲ့တာ
ကြာလှပေါ့ ။

လင်းဒီပ

၂၅.၀၉.၁၀ 
  
ဒါကြောင့်သာ ပျောက်ဆုံးနေသူတွေဟာ နေရာသစ်မှာ အိမ်ရာသစ်ထူထောင်ပြီး ကိုယ့်ကိုကိုယ်ရှာဖွေလာကြတာရယ်။ အခြေအနေအရ ရွှေ့ပြောင်းအလုပ်လုပ်တဲ့သူတွေ၊ တရားမ၀င် အလုပ်လုပ်ရင်း အိမ်မပြန်နိုင်တော့တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် အိမ်ပြန်ခွင့် ဆုံးရှုံးသွားတဲ့သူတွေဘဝလက်တွဲဖော်ကြောင့် အိမ်အရိပ်နဲ့ဝေးသွားသူတွေ၊ ကိုယ့်သားသမီးတွေရဲ့ ပညာရေးအတွက်၊ ကိုယ်ချစ်တဲ့သူတွေရဲ့ အကျိုးအတွက် အိမ်သစ်တည်ကြရသူတွေနောက်ဆုံးမှာ အိမ်ကိုမစွန့်ပဲ၊အိမ်မပြေးပဲ အိမ်စွဲလွန်းပါလျက်နဲ့ ရေကြည်ရာ မြက်နုရာမှာ အိမ်ရာသစ်တည်လိုက်ရသူတွေ…။  သူတို့ကို အိမ်စွန့်သူများလို့ ခေါင်းစဉ်တပ်နိုင်ပေမယ့် အိမ်ပြန်လို့မဖြစ်နိုင်တဲ့အခြေအနေမှာ အသက်ရှင်ရပ်တည်ဖို့အတွက် မလွှဲမရှောင်သာ အိမ်စွန့်လိုက်ရသူများမှာ မိုးမြေအဆုံးအနှံ့လေ။
ထိုသို့အကြောင်းအမျိုးမျိုးကြောင့် အိမ်စွန့်လိုက်ရသူများမှာ မူလအစတည်းက အိမ်ကို မတမ်းတမငြိတွယ်ဘဲ နေရောင်သာရာမှာ ပျော်ရွှင်နေသူတွေထက် ကြေကွဲခံစားရတာတော့ အမှန်ရယ်။ “ကျမ်းကျိန်ခါနီးလေ သိပ်ဝမ်းနည်းတာပဲ။ ချစ်တဲ့သူကို ပစ်ပြီး အခြေအနေအရ မိဘပေးစားတာ ယူရတဲ့ သတို့သမီးဆို ဒီလိုပဲ ခံစားရမယ်ထင်တယ်။ အခြေနေအရလုပ်သင့်လို့ လုပ်ရမယ်။ စိတ်မပျော်ဘူး။ ကိုယ့်ဘ၀အတွက် ရေရာတာတစ်ခုကို ရွေးရမယ်လေ။ ကိုယ့်လူမျိုးအတွက် လိုအပ်မယ့်တချိန်မှာတော့ တတ်နိုင်သမျှ ကူညီမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ရတယ်။ ကိုယ်ရပ်တည်နိုင်မှ သူများကို ကူညီနိုင်မယ် မဟုတ်လား။ ” လို့ အမေရိကန်နိုင်ငံသူ ဖြစ်သွားတဲ့ အစ်မတစ်ဦးက ပြောပြဖူးပါတယ်။

( အမေရိကန်နိုင်ငံသား ခံယူခြင်း အခမ်းအနား) 

ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အိမ်စွန့်သူများကို ကျွန်မ စာနာတတ်ခဲ့ပါပြီ။ ကမ္ဘာအနှံ့က အိမ်ပြေးသူများ၊ အိမ်စွဲသူများဟာ စစ်ဘေးကြောင့်၊ နှိပ်စက်ညှင်းပန်းခံရမှုတွေကြောင့်၊ အိပ်မက်တွေကြောင့် တစိမ်းမြေမှာ ခိုလှုံ့သွားကြရတဲ့အခါ သစ္စာမရှိဘူးလို့ စွပ်စွဲသင့်ပါရဲ့လား။ ယုံကြည်ပါတယ်။ ဘယ်သူမှ အလွယ်တကူနဲ့ အိမ်မစွန့်နိုင်ကြပါဘူးလေ။ ကျွန်မကရော။ ကျွန်မကတော့ အိမ်ဟောင်းကိုလည်း မပြန်နိုင်၊ အိမ်သစ်လည်း မတည်နိုင်တဲ့ အိမ်မဲ့နေသူသာ ဖြစ်ပါတယ်။ အိမ်စွဲသူအဆင့်မှာ ယနေ့ထက်တိုင် နစ်မြုပ်နေသူရယ်လေ။ 

ကြေကွဲနာကျင်မှုတွေကို ဘယ်လိုသည်းခံရမှာလဲ။ တံခါးရဲ့ အပြင်ဖက်ကိုပင် မျှော်မကြည့်နိုင်ပေမယ့် အေးခဲမှူတွေ ရနံ့ပြင်းလွန်းတဲ့ ဒီခြံဝင်းထဲက ကျွန်မ ပျံထွက်ချင်လွန်းချင်လည်း ဘယ်အရပ်ကို ဦးတည်ရမှာလဲ။ ပြေးစရာမြေမရှိတဲ့အခါ လဲပြိုသေဆုံးပြီလေ။ ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်ရပ်ဝန်းမှာလဲ။ ဘယ်ရာသီခွင်မှာလဲ။ဘယ်နက္ခတ်အောက်မှာလဲ။ ဘယ်လိုပဲ ဆင်းရဲပင်ပန်းလည်း အိမ်စွန့်ဖို့ မရည်ရွယ်နိုင်သေး။ 

ဒီလို အိမ်စွဲနေဆဲကျွန်မလိုပဲ အိမ်မစွန့်နိုင်ပါဘူးလို့ ဆိုသူတွေလည်း ရှိကြပါတယ်။ “သူတို့ယဉ်ကျေးမှုတွေနဲ့ အံဝင်အောင် သူတို့အတွေးအခေါ်တွေနဲ့ အံဝင်အောင်တော့ အတင်းမလုပ်ယူဘူး။.... သူတို့ culture နဲ့ အလျှင်းသင့်အောင်နေတဲ့ခါတွေရှိပေမဲ့ သူတို့ cultureထဲကိုတော့ စီးဝင်သွားဖို့ မကြိုးစားမိဘူး။ အဲ့စိတ်ကတော့ ရောက်လာကတည်းက ခုထိမပြောင်းတဲ့ စိတ်ပဲ။” လို့ ဂျပန်နိုင်ငံမှာ ၆ နှစ်ကြာနေထိုင်ဆဲ မညီမလေး က ပြောပါတယ်။

“ကိုယ်ယူရမယ့် တာဝန်တွေကို သိလို့၊ လက်ခံလို့ ဇာတိကို မမေ့နိုင်တာပေါ့။ ဒီမြေဒီရေအတွက် လုပ်စရာအလုပ်တွေ ကျန်သေးတယ်။” လို့ ဆိုတဲ့ ဥရောပနိုင်ငံတစ်ခုမှာ နေထိုင်သူ ကိုဒီလုံးလိုပဲ ကျွန်မလည်း အိမ်ကို မမေ့နိုင်သူပါ။ 

တစ်နေ့တော့ အိမ်ပြန်မယ်။ ဒါပေမယ့် အဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာထဲလို...


“သင်ဦးချ၍၊

အမျှဝေရာ စေတီသာနှင့်

သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေ…”

ချင်လွန်းလို့ ကြိုးစားရင်း ခြေလှမ်းရင်း အိပ်မက်ကိုဆုပ်ထားရင်းမှာပင် ကျွန်မ အားပြတ်နေပါပြီ။ 

အိမ်ရဲ့ ငြင်းပယ်ခြင်းကို ခံရသူလေ။ နောက်ကွယ်မှာ ဘယ်အရာတွေ ထားရစ်ခဲ့ရတယ်ဆိုတာလည်း မရှာဖွေနိုင်တော့။ ရှေ့ဆက်သွားရမယ်။ ရှေ့ဆက်သွားရမယ်။ ကိုယ့်ကိုကိုယ် အထပ်ထပ်တွန်းရင်း နောက်ကျောက ဓားတွေကို ကြောက်လို့ရှေ့ဆက်ပြေးနေရင်းမှာပင် ဘယ်အရပ်ကို ဦးတည်ရမှန်းမသိတော့။ ကြံ့ခိုင်ရမယ်… အမြင်ဖွင့်ပြီး အကြောင်းရင်းရှာရမယ် တဲ့လား။ တရားဟောသူများကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ညည်းညူရင်း ဆုံးမခံနေရင်းမှာတင် အကျွတ်တရားနဲ့ ဝေးကွာလွန်းနေဆဲ။ ကျွန်မကိုယ် ကျွန်မပဲ လူ့လောကထဲ ရောက်ရှိလာမှုနဲ့ တရားစွဲရမလား။ အတွေးတွေက ကြောက်စရာ ကောင်းလာပြီ။ နာကျည်းရလွန်းလို့ ဒဏ်ရာတွေဟာ ပျင်းစရာ ကောင်းလာပြီ။ 

(ဆက်ရန်...)

အိမ်စွဲသူများ


Ref: အိမ်မဲ့သူတေး -၁ အိမ်မဲ့သူတေး-၂
BBC : Who on earth are we?
Culture Shock by a article of British-German Association




(စာကြွင်း။ ကဗျာအသုံးပြုခွင့်ပေးသော ကဗျာဆရာ ကိုလင်းဒီပ၊ ဓာတ်ပုံကို မျှဝေပေးသော ချစ်လှစွာသော မိတ်ဆွေအစ်မ နှင့် ချစ်ခင်လေးစားရတဲ့ စာဖတ်သူများရဲ့ ရေခြားမြေခြား ခံစားချက်များကို အသုံးပြုခွင့်ပြုသူများအား အထူးကျေးဇူးတင်ရင်း စာဖတ်သူများရဲ့ အသံအား ကျေးဇူးတင် စောင့်မျှော်လျက်...

မေတ္တာများဖြင့်...
မယ့်ကိုး)