26 December 2011

“အိမ်,တသူ”



ကြိုဆိုသူမဲ့မြေမှာ နွေးထွေးအပြုံးချို့ပေမယ့် အိမ်ပြန်ချင်လွန်းလှပါတယ်။ အိမ်ဆောင်းပါးများ (အိမ်ပြေးသူများအိမ်စွဲသူများအိမ်စွန့်သူများအိမ်ပျောက်သူများ )ကို  ဆောင်းပါးတစ်ခုအဖြစ် တစ်စုတစ်စည်းတည်းရေးမလို့ ကြံစည်နေဆဲမှာပင် အိမ်ပြန်ချင်စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်လာ။ အိမ်ပြန်ချင်လွန်းလှရဲ့။ မြန်မာပြည်ကြီးက ဗီယက်နမ်လို နေ့ချင်းညချင်းကြီးပွားတိုးတက်တော့မယ်လို့ ယုံကြည်ကာ ယခုချက်ချင်းပင် မြေတစ်ကွက်ကို အမြန်ဆုံးဝယ်လိုခဲ့။ 

ဒီလိုနဲ့မြေရောဂါထရာ သူငယ်ချင်းကအစ အစ်မနှင့် အဒေါ်ငယ်ပါမချန် ဘယ်သူမှမနေရပေမယ့် အမြဲနောက်ကျလက်နှေးတတ်သူဆိုတော့ ကိုယ်လိုအကြံတူသူများကြောင့် မြေဈေးက ရုတ်ချည်းတက်လေရာ ဘာကိုမှလက်လှမ်းမမှီချင်။ နောက်ဆုံးမှာ အစ်မက မြန်မာပြည်နဲ့ ဖုန်းပြောရတာပင် မြေတစ်ကွက်ဖိုးလောက်ရှိပြီ ဟု ညည်းညူပြီ။ အဒေါ်ငယ်ကလည်း မြေမဝယ်တော့ဖို့ တရားဟောပြီ။ သူငယ်ချင်းကလည်း ပြန်သွားမှ ကြည့်ပေါ့ဟာလို့ နားချလေပြီ။

ဘာတတ်နိုင်မှာလဲလေ။ ဗိသုကာဖြစ်ပြီး အိမ်တစ်လုံးမဆောက်ရဘဲ မသေချင်ဘူးလို့ မဆုံးနိုင်အောင်ပဲ ဂျီကျနိုင်လေရာ ကူညီပေးသူ သူငယ်ချင်းက “အဲဒါဆို ငါ အကောင်းဆုံးအကြံပေးမယ်။ မြေရှိတဲ့ယောက်ျားကို ယူလိုက်လေ။ ဥပမာငါဆို မြေနှစ်ကွက်တောင်ရှိတယ်” လို့ စနောက်ရာ “လဲသေလိုက်ပါလား” လို့သာ ကျိန်ဆိုနိုင်ကာ ရှေ့ဆက်မရစ်ရဲတော့ဘဲ နှုတ်ပိတ်ထားရတော့တာ။ ဒါပေမယ့် ဘယ်လိုကျေနပ်နိုင်မှာလဲလေ။ မြေ။ မြေ။ အင်း ဒီလိုနဲ့ နောက်ဆုံးမှာ လေးပေ၊ ခြောက်ပေ အကျယ် သုသာန်မြေကို ဝယ်ကာ အုတ်ဂူဒီဇိုင်းပဲ လုပ်ရတော့မယ်ထင်။ 


မရနိုင်တာကိုမှ ပိုမက်မောမိကာ အငဲရဲ့ အိမ်သီချင်း၊ ဓိရာမိုရ် ရဲ့ အိမ်သီချင်း၊ ငါတို့အိမ်သီချင်းများကို ထပ်ဖန်တလဲနားထောင်နေမိခဲ့။
အိမ်လိုချင်မိပါတယ်။ ကျွန်မရဲ့လောဘ သိပ်မကြီးပါဘူး တကယ်။ လေးလံဝန်တွေ  ထမ်းဆောင်ထားရမှုကို ညောင်းညာလာတဲ့အခါ ဆက်လက်မသယ်ပိုးနိုင်တဲ့တနေ့မှာ ပူလောင်လွန်းတဲ့မြေမှ ခဏတာထွက်ပြေးခိုလှုံရာ အရိပ်ကလေးတစ်ခု အဖြစ်လောက်သာ မျှော်လင့်မိတာပါ။ ထိုမျှလောက်ပင် ကျွန်မ ကံမကောင်းနိုင်တော့ဘူးလား။ 

အလှဆုံးပန်းတွေ၊ အကောင်းဆုံးအမိုးအကာများ မဝန်းရံနေပေမယ့် ဘဝအမောတွေက ထွက်ပြေးလာတိုင်း နာကျင်မှုတွေ မေ့လျော့စေမယ့် စိမ်းမြတဲ့မြက်ခင်းများနဲ့ ကြည်မြမြနားခိုရာလေးတစ်ခုဟာ ကျွန်မနဲ့ မသက်ဆိုင်တော့ဘူးတဲ့လား။ ပင်ပန်းလွန်းတဲ့အခါ၊ အားနည်းချို့တဲ့အခါ ဖြေသိမ့်စရာ နွေးထွေးတဲ့အသိုက်အမြုံလေးတစ်ခု ကျွန်မ မရနိုင်တော့ဘူးတဲ့လား။ နာမကျန်းဖြစ်တဲ့အခါ ၊ ဟန်ဆောင်ပင် မပြုံးနိုင်လောက်အောင် ဝမ်းနည်းနာကျင်နေတဲ့အခါ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘဲ အေးငြိမ်လုံခြုံတဲ့ အမိုးအကာလေးတစ်ခုအောက် ကျွန်မ မရောက်နိုင်တော့ဘူးတဲ့လား...။  

တစ်နေ့နေ့..။  ဒီလိုနဲ့ပေါ့ တငွေ့ငွေ့ ပူစစအိပ်မက်ကို ကျွန်မ ပျိုးပါဦးမယ်။ ။


Lyrics’ photo credits to - 

မယ်ကိုး 

21 December 2011

ခိုးသားဓားပြများ၊ဖောက်ထွင်းလုယက်မှုများနှင့် …


အဲဒီနေ့က အခန်းထဲဝင်စမှာပင် တရုတ်ကပ်မှန်ပြတင်းရဲ့ ခန်းဆီးစရှည်ကို အပြင်က ဆွဲဖွင့်ထားတဲ့ ပုံစံကို တွေ့လိုက်ရတဲ့အခါ စိုးရွံ့စိတ်နဲ့ ခဏမျှ ကြက်သေသေသွားခဲ့။ ဘာမှ ခြေရာလက်ရာမပျက်ပေမယ့် အခန်းထဲမနေရဲလောက်အောင် ခြောက်ခြားမှုဟာ  သွေးထဲစိမ့်ဝင်လာ။ လေတိုက်ရင်ပင် အောက်ခြေသာ လွင့်နိုင်တဲ့ ခန်းဆီးစရှည်ဟာ တစ်ယောက်ယောက်က ဆွဲဖွင့်ထားသလို ဘာဖြစ်လို့ တစ်ဖက်တည်းမှာ စုပြီး ပွင့်နေတာလဲ။ 

အင်္ဂလိပ်အက္ခရာ L ပုံစံမျိုးရှိတဲ့ အခန်းရဲ့ ပြတင်းပေါက်ဟာ အိမ်မကြီးရဲ့ ထောင့်ချိုးမှာရှိတယ်ဆိုပေမယ့် ဖိနပ်ချွတ်ပရဝဏ်ထဲမှာ ရှိတာမို့ ဘယ်တစိမ်းသူက တရုတ်ကပ်မှန်ကို ဆွဲလှန်ထားတာလဲ။ လူသွားစင်္ကြံအဆုံးမှာရှိနေတဲ့ ဒီအခန်းရှေ့ကို အိမ်သားတွေကလွဲရင် မလာနိုင်ပါဘူးလို့ တပ်အပ်မပြောနိုင်တဲ့နောက် ခန်းဆီးစကို ဖွင့်ထားတာ ဘယ်သူဖြစ်နိုင်မှာလဲ။ ဒီတိုက်ခန်းရဲ့ ဓာတ်လှေကားကို  အသစ်ပြောင်းနေတာ သုံးလလောက်ရှိပြီ။ ပြီးတော့ "တစ်လအတွင်းမှာ ဖောက်ထွင်းမှု သုံးခါရှိပြီ ။ နေအိမ်ခန်းတွေကို ဂရုစိုက်ပါ" လို့ ဓာတ်လှေကားမှာ စာကပ်ထားတာကို ပြန်သတိရမိ။ 

ဘုရား။ဘုရား။ ဒီကျွန်းပေါ်မှာ တစ်ယောက်တည်းနေခဲ့သမျှ အခုချိန်ကျမှ နောင်တရချင်သလို ခံစားရ။ ဒီလိုနဲ့ ပြတင်းပေါက်ကို အသေအချာ စစ်ဆေးမိတဲ့အခါ မြင်ကွင်းက  နှလုံးခုန်ရပ်လုမတတ် ဖြစ်စေခဲ့ ။ တရုတ်ကပ်မှန်ကို လုံခြုံအောင် ကာထားသော သံထူဇကာကွက်မှာ ထုထည်နဲ့ ခိုင်မာတယ်လို့ ထင်ရပေမယ့် အောက်ပိုင်းမှာ ဝက်အူနှစ်ခုသာရှိပြီး ဘေးဘက်နှစ်ခုစလုံးက ပြုတ်ထွက်နေတာ။ အပေါ်ဘက်မှာ ဝက်အူ လုံးဝမရှိတော့။ ဒီသံဇကာကွက်ကို ခပ်ပြင်းပြင်းတစ်ချက်ဆောင့်လိုက်တာနဲ့ ပြုတ်ထွက်တော့မှာ။ အဲဒါဆို တရုတ်ကပ်မှန်တွေကိုလည်း ဖြုတ်ပြီး ….။ ဆက်မတွေးရဲလောက်အောင် ကြောက်စိတ်ဖြာ။ ရင်ဘတ်ကို ခပ်တင်းတင်းဖိမိကာ အသက်ပင် ဝဝမရှုနိုင်တော့။ 

ဘယ်သူ့ကို တိုင်ပင်ရမလဲ။ ကိုယ်ထူကိုယ်ထလည်း ပြတင်းပေါက်ကို မပြင်တတ်။ လူခေါ်ပြင်ဖို့ကလည်း အိမ်ရှင်အမျိုးသမီးမှာ ကလေးမီးဖွားဖို့ ပြည်တော်ပြန်သွားတာ သုံးလကျော်ပြီ။ အိမ်ရှင်အမျိုးသားက သူ့နောက်လိုက်သွားတာ တစ်ပတ်ရှိပြီ။ နှစ်ယောက်စလုံးက ပြန်လာဖို့ ကြာဦးမှာ။ 

 The Scream : artist Edvard Munch

ကြောက်လိုက်တာ။ အဲဒီညကစပြီး ကျွန်မ အိပ်မရတော့။ အရေးအကြောင်းဆို ဘယ်သူ့ကို အကူအညီတောင်းရမှာလဲ။ ကျွန်မရဲ့အခန်းမှာ ဧည့်ခန်းရဲ့ ဘေးဖက်မှာ ရှိပြီး ၊ တခြားအခန်းများမှာ ကျယ်လွန်းသော ဧည့်ခန်း၊ ထမင်းစားခန်းများ ခြားထားပြီး အိမ်ရှေ့မှာ တံခါးကို ဗုံးဖောက်ခွဲသွားရင်တောင်မှ တိုက်ခန်းဖော်တွေကို နိုးကြားစေနိုင်သလားဆိုတာ မသေချာ။ အပြင်ဖက်က အကူအညီကရော ။ ကျွန်မတို့ အိမ်ခန်းမှာ တိုက်ခန်းရဲ့ အပေါ်ဆုံးအထပ် ၁၇ ထပ်မှာရှိပြီး မျက်နှာချင်းဆိုင်ရှိတဲ့ နှစ်ခုတည်းသော အခန်းနှစ်ခန်းမှာ ဓာတ်လှေကား နှစ်စီးခြားထားရာ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို အနေအထားရယ်။

သိပ်ချောက်ချားနေပြီ။ စမ်တမ်းများအရ ဖောက်ထွင်းမှုအတော်များများမှာ သူခိုးတွေဟာ အိမ်ထဲဝင်ချိန် ပျမ်းမျှနှစ်မီးနစ်မျှသာ ကြာလေ့ရှိပါသတဲ့ ။ ကျွန်မကတော့ အခိုးအလုမခံရခင်မှာတင် သွေးပျက်တုန်လှုပ်နေတာ တစ်ကမ္ဘာကြာပြီ။ ဘာမှ မဖြစ်သေးတဲ့ ရက်သတ္တပါတ်နှစ်ပတ်ဟာ ကျွန်မကို ဗုံးဗုံးလဲစေဖို့ အချိန်လုံလောက်နေပြီ။

ညဆို ဖုန်းထဲက အင်္ဂလိပ်podcast အခု၁၀၀ကျော်ကို ဖွင့်ထားကာ အသံတိတ်သွားတာနဲ့ ချက်ချင်းလန့်နိုးလာ။ ဖုန်းထဲက favorite စာရင်းမှာ အရေးပေါ်နံပါတ် 999 ဆိုတာကိုပါ နှိပ်ထား။ ဖုန်းထဲမှာလည်း police@sg ဆိုတဲ့ application သွင်းထားပြီး ရာဇဝတ်မှုများကို ကြည့််မိတိုင်း တိုးလို့ကြောက်လာ။ ဖတ်ရတဲ့ ခိုးမှုတော်တော်များများမှာ လူသွားစင်္ကြံကတဆင့် ဖုန်းတို့၊ တကိုယ်ရည်ကွန်ပျူတာတို့ ယူတာသာ။ ကျွန်မရဲ့ ပိုင်ဆိုင်မှုများကတော့ ဘယ်သူမှ လက်လှမ်းမှီနိုင်မှာ မဟုတ်ပါ။ အခန်းထဲကို လူကိုယ်တိုင်ဝင်မှပင် ရနိုင်တာ။

ထိုနေ့ကစလို့ ကွန်ပျူတာထဲက ရှိသမျှ အချက်အလက်များအားလုံးကို hard-disk နဲ့ သိမ်းရ။hard-disk ကို သူခိုး မမြင်ကွယ်ရာမှာ ဝှက်ရ။ ကျန်ပစ္စည်းများဖြစ်တဲ့ ဖုန်းနဲ့ ကွန်ပျူတာကိုတော့ သူခိုး လွယ်လင့်တကူယူနိုင်အောင် ကုတင်ရဲ့အဝေး မြင်သာထင်သာနေရာမှာ ချထားရ။ သူခိုးလာခိုးတဲ့ခိုက်မှာ ပစ္စည်းရှာနေရလို့ အချိန်မကြန့်ကြာစေလိုပါ ။ ကျွန်မအိပ်ပျော်နေချိန်မှာ အမြန်ဆန်ဆုံးခိုးပြီး ထွက်သွားစေလိုတာ။ 

ကျွန်မ သိပ်ကြောက်တတ်ပါတယ်။ တစ်နေ့တစ်နေ့ ခိုးသူရန်ဘေးကိုပဲ တွေးကာ  ကြောင့်ကြစိတ်နဲ့ အိပ်ရေးမဝလွန်းလို့ သူငယ်ချင်းကို ခေါ်အိပ်ရမလား စဉ်းစားရတော့တာ။  ဒါပေမယ့် သူငယ်ချင်းက သူ့ဆီမှာ လာအိပ်ပါလို့ ပြောလာတဲ့အခါ သူတပါးအိမ်မှာ ခဏတည်းဖို့ပင် အားနာအနေခက်ကာ သွားမနေချင်ပြန်။ ဒါဆို အခန်းပြောင်းဖို့ ဆိုရင်ရော။ မဖြစ်နိုင်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှင်တွေ ပြန်ရောက်တဲ့အထိ စောင့်ရဦးမှာ။

နောက်ဆုံးမှာတော့ ခုခံကာကွယ်နိုင်မယ့် ပစ္စည်းများကိုလည်း ရှာဖွေနေမိခဲ့။ အကြမ်းဖက်ဒဏ်မှ ခုခံကာကွယ်နိုင်မယ့် အရာဝတ္တုများကို အိပ်ရာနားယူထားရင်ကောင်းမလား။ ဥပမာ ဓား။ ဒီလက်နက်က အကောင်းဆုံးဆိုပေမယ့် ကိုယ့်လက်ချက်နဲ့တော့ ဘယ်သူ့ကိုမှ အသက်မဆုံးစေချင်ပါ။ နောက်ဆုံးမှာတော့ လက်တဝါးစာ ကတ်ကြေးသေးသေးလေးကို ခေါင်းအုံးနားထားမိကာ။ ဒီကတ်ကြေးဟာ အသည်းနှလုံး၊ကလီစာတို့ကို ထိုးဖောက်ဖို့အထိ အသွားမထက်ဘဲ အဆီဆူဖြိုးသူဆို အသားထဲပင် ထိုးစိုက်မိပါ့မလားဆိုတာ မရေရာပေမယ့်  သေချာတာတစ်ခုကတော့ ညဖက်မမြင်မစမ်းနဲ့ ဆွဲကိုင်တဲ့အခါ ကိုယ့်လက်ပြန်ရှမှာကို မစိုးရိမ်ရတော့ဘူးလေ။ 

နေသာအောင် ကြိုးစားဖြေပေမယ့် စိတ်နှလုံးပင်ပန်းလို့ ရုပ်ပင်ချုံးချုံးကျသွားသလား။ အဖျားတငွေ့ငွေ့နဲ့ နေမကောင်းရာမှ ယနေ့ထက်တိုင် နလံမထူနိုင်တော့။ နှာစေး၊ ချောင်းဆိုးတိုင်း ဆေးခန်းသွားရတာလည်း သုံးခါရှိပြီရယ်။ ပဋဇီဝအားဆေးတွေ သောက်ရလွန်းလို့ ရင်တလှပ်လှပ်တုန်ကာ လမ်းလျှောက်လျှင်ပင် ခြေမခိုင်ချင်။ ရုံးက အလုပ်ဖော်တွေက အဖျားမပျောက်သေးဘူးနော်။ ဘာလို့လဲ။  အနားယူလေ။  ကောင်းကောင်းအနားမယူဘူးလား ... လို့ မေးလာတဲ့ အခါ ယဲ့ယဲ့သာ ပြန်ပြုံးနိုင်ကာ စကားသွက်သွက်ဖြင့် မဖြေနိုင်။

ည အိပ်မပျော်တာ များနေပြီ။ အိပ်ခါနီးဆို ပြတင်းဆီကိုပဲ ကသိုဏ်းရှုသလို ကြည့်ကာ  မှေးကနဲ အိပ်ပျော်သွားလည်း အခန်းမျက်စောင်းထိုးမှာရှိတဲ့ ဓာတ်လှေကားဆီက အသံကြားတိုင်း ရုတ်ချည်း လန့်နိုးတတ်လာ။ ဓာတ်လှေကားမှ storey sixteen ။ storey fifteen လိုမျိုး ကြားမှသာ စိတ်လျှော့ကာ ပြန်အိပ်ပျော်သွားပေမယ့် တထိတ်ထိတ်နဲ့ အိပ်မက်မှာပင် ကြောက်ရွံ့တကြီးထွက်ပြေးနေရ။ မောလိုက်တာ။

အဆိုးရွားဆုံးမှာ ထိုညက စလို့ ညာဖက်ကို စောင်းအိပ်တတ်သူ ကျွန်မမှာ ပြတင်းပေါက်နဲ့ အိပ်ခန်းတံခါးကို ကျောပေးအိပ်ရသလို ဖြစ်နေတာမို့ ကုတင်ခြေရင်းကို ခေါင်းထားလို့ ပြောင်းပြန်အိပ်ဖို့ ကြိုးစားရတော့တာ။ ဆိုးလိုက်တဲ့ ဘဝ ဆိုပေမယ့် ကံကောင်းသေးတာ တစ်ခုက ဘုရားစင်ကို အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ထားတာရယ်။ ခေါင်းရင်းမှာသာ ဘုရားခန်းထားရင် ပြတင်းပေါက်ကို လည်း ကျောခိုင်းမအိပ်ရဲဘဲ ငုတ်တုတ်မိုးလင်းရတော့မှာ။ နောင်တချိန်မှာ ပြန်တွေးတဲ့အခါမှာတော့ ရယ်စရာကောင်းနေမှာလားရယ်။ ညတိုင်း လက်တစ်ဖက်က ဝက်ဝံရုပ်ကိုဖက်လို့ တစ်ဖက်က ခေါင်းအုံးအောက်က ကတ်ကြေးကို ကိုင်လို့ ကုတင်ကို ပြောင်းပြန်အိပ်နေရသူပါ။

ဒီလိုအိပ်မရညတာရှည်ကာ ကယောင်ချောက်ခြားအတွေးများသူဟာ အခုလည်း မျက်လုံးကြောင်တောင်နဲ့ တရေးနိုးလာပြန်ပြီ။ တီ ဆိုတဲ့ ဓာတ်လှေကား ဖွင့်သံကြားရ။ အိပ်ချင်မူးတူးအခိုက် ဖွင့်ထားတဲ့ ဖုန်းက အသံများနဲ့ရောကာ ဘယ်အထပ်လဲဆိုတာ ဇဝေဇဝါမသေချာပေမယ့် လက်က အလိုအလျောက် ခေါင်းအုံးအောက်က ကတ်ကြေးကို စမ်းလိုက်မိ။ ဒီအထပ်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းနေဆဲမှာပင် ခြေသံသဲ့သဲ့ကြားရ။ အသက် ပြင်းပြင်းမရှုရဲဘဲ တုန်လှုပ်ကြောက်ရွံ့စွာ ခန္ဓာကိုယ်ကို အသေးငယ်ဆုံး ကျုံ့ထားမိ။ စောင်ကို အတင်းစုခြုံထားရာ ပူလွန်းပေမယ့် ကြောက်လွန်းလို့ဇောချွေးပျံနေပေမယ့် အေးခိုက်တုန်ရီလာ။

ကြားနေရတဲ့ ခြေသံဟာ ဒီဖက်ကို မလာပါစေနဲ့လို့ ရင်ထဲတုန်ရီ လှိုက်မောစွာ အသက်အောင့်ဆုတောင်း။ … ဘုရားမပါ။

မယ့်ကိုး  

19 December 2011

“ အမှတ်တရစာမျက်နှာ”


သွားတာထက် ရပ်တာများနေတဲ့ ဒီစာမျက်နှာလေးရဲ့ သက်တမ်း လေးနှစ်ပြည့်ပြီလို့ ပြောမယ်ဆို ရယ်စရာကောင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နှုတ်နည်းတဲ့ ကျွန်မအတွက် ဒီအချိန်လေးသာ စာလာဖတ်သူများကို ကျေးဇူးတင်စကားပြောနိုင်ခွင့်ရှိတဲ့အခါမို့ အမှတ်တရ ခွန်းဆက်ချင်မိပါတယ်။

“ကျေးဇူးတင်ပါတယ်”   


စာဖတ်သူများရဲ့ ကျေးဇူးနဲ့ ဒီစာမျက်နှာလေး တည်နေသ၍ စာတွေ ဆက်ရေးနေပါဦးမယ်။ အသက်ရှင်တုန်းခဏ နေရာမရွေ့ပေမယ့် ကျွန်မ သွားနေပါဦးမှာ ဖြစ်ပါတယ်း) 
ကျေးဇူးတင်ကြောင်းလေးပြောချင်တယ်... မှာ ဆိုခဲ့သလို စာဖတ်သူများရဲ့ မေတ္တာကြောင့် ကျွန်မရဲ့ကောင်းကင်ဟာ ကြည်လင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘဝဟာ နေချင့်စဖွယ် သာတောင့်သာယာဖြစ်အောင် စာဖတ်သူတွေရဲ့ စာလုံးလေးတစ်လုံးကသာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီအခိုက်အတန့်လေးများ၊ ကြည်နူးစေမှုများ၊ အမှတ်တရများအားလုံးအတွက် အထူးကျေးဇူးတင်ပါကြောင်း  ဆိုပါရစေ။

လူဖြစ်လိုသူရဲ့ ဇာတ်အဆုံး မှာပြောခဲ့သလို စာဟောင်းတွေပဲ တင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဒီဘလော့မှာ စာသစ်တွေရေးဖို့ နှိုးဆော်ခဲ့သူ၊ လင့်ခချိတ်ပေးထားသူများ၊ အကြံပေးဝေဖန်ခဲ့သူများ၊အားပေးခဲ့သူများ၊ အထူးသဖြင့် စာရေး ရပ်နားနေခိုက် အားပေးတိုက်တွန်းခဲ့သူများ ၊ စာဖတ်ခဲ့သူများ၊  subscriber များ နှင့်   fb မှာ like ထားသူများ  အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ အနူးအညွတ်လေးလေးစားစား ထပ်မံဆိုပါရစေ။


မေတ္တာများဖြင့် ...
မယ်ကိုး 

04 December 2011

ကျွန်မချစ်သော သူမရဲ့ ဗိသုကာဖြင့် ခေါ်ငင်သော...



အမျိုးသမီးများအား နှိမ့်ချစော်ကားထားသော ကြော်ငြာတစ်ခုကို ဝေဖန်ထားတဲ့ ဆောင်းပါးကို လွန်လေပြီးသောအခါတုန်းက ဗိသုကာစာစောင်တစ်ခုမှာ ကျွန်မ ဖတ်ခွင့်ရခဲ့တာ။ သိပ်မမှတ်မိတော့ပေမယ့် အိမ်အရောင်းကြော်ငြာ (ဒါမှမဟုတ်) အိမ်တွင်းပြင်ဆင်မှုလုပ်ငန်းကြော်ငြာတစ်ခုခုဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ကြော်ငြာမှာ အမျိုးသမီးတစ်ယောက်ရပ်နေပြီး ပုံမှာရေးထားတဲ့စာကြောင်းက "အိမ်ခန်းလှလှတစ်ခုကို ပိုင်ဆိုင်ဖို့ ဗိသုကာတစ်ယောက်ကို မင်းလက်ထပ်ဖို့ မလိုပါဘူး" တဲ့။ ဒါဟာ အမျိုးသမီးဗိသုကာတွေ မရှိတော့သလိုမျိုး၊ အမျိုးသမီးဗိသုကာတွေဟာ အဆင့်နိမ့်ကျနေသလိုမျိုး ၊ တနည်းအားဖြင့် အမျိုးသမီးအားလုံးကို နှိမ့်ချစော်ကားထားပါတယ်လို့ ဆောင်းပါးက နိဂုံးချုပ်ပါတယ်။ 


ဒီစော်ကားချက်လောက်ကတော့  “အကုသိုလ်ကံများလို့ မိန်းမဖြစ်လာတာ၊ မိန်းမဘဝဟာ ယုတ်ညံ့တယ်” ဆိုတဲ့ ပုတ်ခတ်ပြောဆိုချက်များနဲ့ ရှင်သန်လာခဲ့တဲ့ မြန်မာမိန်းမသား ကျွန်မအတွက်တော့ ပျင်းတောင်ပျင်းသေးတယ်လို့ ပြောရမှာပါ။ အချိန်လွန်မှ တက္ကသိုလ်တက်ရတဲ့ ကျွန်မတို့ဟာ ရန်ကုန်နည်းပညာတက္ကသိုလ်ရဲ့ နောက်ဆုံးမျိုးဆက်သစ်ဖြစ်ပြီး ကျောင်းဟောင်းမှာ တက်ခွင့်မရဘဲ ဒုတိယနှစ်အထိ ကိုယ့်မြို့နယ်က GTI ကျောင်းမှာတက်ရကာ တတိယနှစ်ရောက်မှ လှိုင်သာယာကျောင်းမှာ စာသင်ခဲ့ကြသူများဖြစ်ပါတယ်။ တတိယနှစ် ဘာသာရပ်များကို ရွေးချယ်ရာမှာလည်း အမှတ်နဲ့မခွဲတော့ဘဲ ကိုယ်ကြိုက်ရာဘာသာကို သင်ယူခွင့်ရခဲ့ပါတယ်။


ဆရာမ မစန္ဒာ၊ဆရာမ မေငြိမ်းတို့ရဲ့ စာများဖတ်ပြီးဗိသုကာကျောင်းသူဖြစ်ချင်နေတဲ့ ကျွန်မက ကြည့်မြင့်တိုင်က အသိဗိသုကာ ဦးလေးကြီးတစ်ယောက်ကို ကျွန်မ ဗိသုကာဘာသာရပ်ကို ယူမယ်လို့ ပြောတော့ သူက “ဘာလို့လဲ ။ တခြားဘာသာယူတာမဟုတ်ဘူး။ ဒီဘာသာက ပင်ပန်းတယ် ။ မိန်းကလေးနဲ့ မလိုက်ဘူး” လို့ ပြောပါတယ်။ ပြီးတော့ ဆက်ပြောတာက“ မိန်းကလေးဆိုတာ စာရင်းကိုင်နဲ့ပဲ လိုက်တယ်” တဲ့။ အဲဒီဦးလေးကြီးဆီက ဘာပညာဗဟုသုတမှ မရခဲ့ဘဲ ပညာရှိဆန်တဲ့ စော်ကားနည်းအကြောင်းပဲ သိလိုက်ရပါတယ်။


တတိယနှစ်မှာ ဗိသုကာစသင်ရတော့ တစ်ကျောင်းလုံးမှာ ဗိသုကာသင်သူစုစုပေါင်းက နှစ်ဆယ်ကျော်ပဲ ရှိပါတယ်။ ဗိသုကာဘာသာသင်ခန်းစာကို စတင်ထိတွေ့တဲ့ နေ့မှာတင် ဆရာတစ်ယောက် စမေးတဲ့ မေးခွန်းက “ဗိသုကာ ဘာလို့ ဖြစ်ချင်တာလဲ” တဲ့။ အတန်းသားတွေ ဖြေပြီးတော့ ကျွန်မတို့အလှည့်ရောက်လာတဲ့အခါ မေးတဲ့မေးခွန်းက ပြောင်းသွားပါတယ်။ “ သူတို့က ရန်ကုန်ကမို့ ဟုတ်ပါပြီ။ မင်းတို့က ဘာလို့ ဗိသုကာ  ဖြစ်ချင်တာလဲ” တဲ့။ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ဟာ နယ်ကလာသူတွေမို့  တောသူတွေဟာ ဗိသုကာအကြောင်းကို ဘာမှမကြားခဲ့ဘူးဘဲ ဒီဘာသာကို ယူခဲ့လေဟန် အထင်သေးစွာပြောပါတယ်။ အဲဒီမှာ ကျွန်မအမြဲစဉ်းစားမိတဲ့ အချက်က ကျွန်မတို့ဟာ ယောက်ျားလေးတွေသာဆိုရင် သူဒီလို စော်ကားစကားပြောရဲပါ့မလား လို့ရယ်။


ဒီလိုအနာတရတွေနဲ့ စခဲ့တဲ့ ဗိသုကာကျောင်းသူဘဝမှာ ဂျူရီ(jury/ကိုယ်ဆွဲသော ဒီဇိုင်းများကို ဆရာများရှေ့မှာ ရှင်းလင်းပြသရခြင်း) မှာ အထုအထောင်းအမျိုးမျိုးခံရလည်း ကျွန်မရဲ့ ဗိဟုကာအိပ်မက်ဟာ ပြိုကွဲမသွားခဲ့ပါ။ ကျွန်မမှာ မီးပြတိုက်ရှိတယ်လေ။သူမက  ဇဟာဟဒီးဒ် (Zaha Hadid) ဆိုတဲ့ အမျိုးသမီး။ 

 Zaha Hadid photo : Steve Double, Jun 2007

ဗိသုကာမှာ နိုဗယ်ဆုနဲ့ အဆင့်ညီလို့ သတ်မှတ်ထားတဲ့ ဆု (Pritzker Architecture Prize) ကို ပထမဆုံးရရှိခဲ့တဲ့ အမျိုးသမီး။ အရင်တုန်းက သူမရဲ့ဒီဇိုင်းတွေဟာ ဆောက်လို့ မရဘူးလို့ ဝေဖန်ခံခဲ့ရတဲ့သူ၊ ပြိုင်ပွဲတွေမှာ ဆုရပြီးတဲ့ ဒီဇိုင်းဖြစ်ပေမယ့်လည်း အကောင်အထည်မပေါ်ခဲ့တဲ့ အဆောက်အဦးများစွာ။ ဒါပေမယ့် မဖြစ်နိုင်တာ မရှိရအောင် ဖြည့်ဆည်းပေးတဲ့ အခုခေတ်နည်းပညာနဲ့ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သဘာဝကျလွန်းတဲ့ သူမရဲ့လက်ရာမှာ လှပတင့်တယ်စွာ ပေါ်ထွက်လာခဲ့တာ။ သဘာဝကို အခြေခံထားတဲ့ ဒီဇိုင်းများဟာ အံ့ချီးမကုန်ဖွယ်။



    

Guggenheim Hermitage Museum in Vilnius, Lithuania

 

Groninger Forum

ဒီလိုအရေထူထူနဲ့ ကျောင်းပြီးခဲ့တဲ့နောက် တက်ကြွလန်းဆန်းနေတဲ့ မျှော်လင့်ချက်များ တပွေ့တပိုက်နဲ့ ဆရာတွေဆီမှာ နှစ်နှစ်လောက်လက်တွေ့ပညာသင်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာရာထူးနဲ့ အလုပ်ရပေမယ့်လည်း အသက်အရွယ်နဲ့ အတွေ့အကြုံငယ်သေးတာကြောင့် ကိုယ့်စိတ်ကြိုက်ဆောက်ဖြစ်သွားတဲ့ အဆောက်အဦးဆိုတာ တစ်ခုမှမရှိခဲ့။ ဒါပေမယ့် သူမကို အားကျစိတ်နဲ့ ဗိသုကာအိပ်မက်ကို ဆက်မက်နေဆဲ။  လေထဲမှာ မိုးမျှော်တိုက်ဆောက်ဆဲ။ ကျွန်မရဲ့ အနုပညာလက်ရာ ဒီကမ္ဘာမြေပေါ်မှာ တနေ့တော့ တည်မယ်ပေါ့။ အဲဒီလိုလည်း စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဟိုး လွန်လေပြီးသောအခါကပေါ့ ...။

ခုတော့ တကျွန်းမှာ ခက်ခဲပင်ပန်းတဲ့ ဒီဗိသုကာလုပ်ငန်းနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရပြီ။ အားမလျှော့ချင်ပေမယ့် အမိမြေနဲ့ ဝေးနေဆဲ။ တစိမ်းသူတွေအကြား ကျွန်မရဲ့ အိပ်မက်အဆောက်အဦးတည်ဖို့ ဆိုတာကလည်း မသေချာတော့ပြီ။ မျှော်လင့်ချက်မှန်သမျှဟာ ပူလောင်ကျွမ်းစေတယ်လို့ ထင်ပြီ။ တောင့်တမှုတွေကို သင်္ဂြီုဟ်လိုက်ချင်ပြီ။ ကျွန်မ ဘာလုပ်သင့်သလဲလို ဇဝေဇဝါယောင်ဝါးတဲ့ အခိုက်မှာ သူမ အပြုံးက ပြန်ပေါ်လာခဲ့တာ။သူမရဲ့ ရီတီတီမျက်လုံးများက ကျွန်မကို လှောင်နေသလိုလို။

ကျွန်မက ကြောက်လန့်တကြားနဲ့ ပင်ပန်းလွန်းလှပါပြီလို့ ဆင်ခြေပေးချင်တာ။ ဘဝကို အေးဆေးသက်သာပဲ ဖြတ်ကျော်ချင်ပါတော့တယ်။ ဇွဲသတ္တိမရှိတော့ဘူး။ ဒီကျွန်းလေးမှာ အိမ်းတွင်းပြင်ဆင်မှုနဲ့ မြေခင်း (interior and landscape specialist diploma) ဒီပလိုမာသင်တန်းတက်ဖြစ်သွားခဲ့ပြီ။ နောက်ထပ် ဘွဲ့လွန်တက်ဖြစ်ရင်လည်း မြေခင်းဗိသုကာ (landscape architecture) ကိုပဲ ကျွန်မ အထူးပြုလေ့လာပုံစံထုတ်တော့မယ်လို့ ဆုံးဖြတ်ချက်ချမိပြီ။


မြေခင်းဗိသုကာလည်း လူတွေကို အကျိုးပြုနိုင်တဲ့ ၊ အနုပညာနဲ့ နည်းပညာပေါင်းစည်းထားတဲ့ ဗိသုကာပဲလေလို့ ကိုယ့်ကိုယ်ကိုယ်ဖျောင်းဖျခဲ့။  စကားပြောမကောင်းတဲ့ကျွန်မဟာ အပင်တွေကြားနေတာပဲ အဆင်ပြေလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် နားချခဲ့ ။ အလုပ်အပ်သူတွေက သူတို့အိမ်ထက် သူတို့မြေကို ကျွန်မဖန်တီးတာကို ပိုပြီး ယုံကြည်မယ်လို့ ယုံမှတ်ခဲ့။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မလို စိတ်အားလျှော့ပြီး အဆောက်အဦးဗိသုကာလုပ်ငန်းခွင်က စွန့်ခွာသွားကြတဲ့ အမျိုးသမီးများအကြောင်းစာတမ်းကို ဖတ်ခဲ့ရတာ။

Why do women leave architecture?
UWE found that there was no definitive answer to the central question. A number of identifiable problems did however come to light. The reasons why women left tended to be a combination of a number of factors and or a ‘final straw’ moment. Some of the key issues are as follows:
_ Low pay
_ Unequal pay
_ Long working hours
_ Inflexible/unfamiliar friendly working hours
_ Sidelining
_ Limited areas of work
_ Glass ceiling
_ Stressful working conditions
_ Protective paternalism preventing development of experience
_ Macho culture
_ Sexism
_ Redundancy and or dismissal
_ High litigation risk and high insurance costs
_ Lack of returner training
_ More job satisfaction elsewhere
Ann de Graft-Johnson, Sandra Manley and Clara Greed
University of the West of England, Bristol, May 2003

လောကကြီးက မညီမျှဘူး။ လူတွေက မတရားဘူး။ ဘာညာ ဆိုပြီး ကြေကွဲမနေချင်တော့ပါဘူး။ မောလွန်းလှပြီလေ။ ဒီဘဝ၊ ဒီမျှနဲ့ ရှိစေတော့လို့ အိမ်မက်တွေကို မြေမြှပ်လို့ အေးအေးဆေးဆေး ဘဝကို ရေစုန်မျောတော့မယ် ကြံဆဲမှာ မမျှော်လင့်ဘဲ ဖုန်း applicationတွေထဲမှာ  သူမရဲ့ Zaga Hadid app ကို တွေ့တော့ မနေနိုင်ဘဲ သွင်းမိပြန်။ ဝါသနာမီးငွေ့လေး မသေသေးတော့ ကြုံကြိုက်တိုင်း သူမလက်ရာတွေကို ကြည့်မိတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်မိသူလို လိပ်ပြာမလုံချင်ပြန်။ ထိုသိုဖြင့် စိတ်ဓာတ်ကျနေခဲ့သော မပျော်ရွှင်နိုင်ခဲ့သော အကြောင်းရင်းကို ခြေရာခံမိလေတာ။




မကြိုးစားရသေးဘဲ ဘာလို့အလျှော့ပေးချင်ရတာလဲ။ ဟင့်အင်း ။ အခွင့်အခါဆိုတာ တစ်နေ့တော့ ပေါ်လာဦးမှာပါ။ သူမရဲ့ လက်ရာများဟာ ကျွန်မရဲ့ ကြောက်သွေးတွေကို လျော့ပါးစေပြန်။ မီးပြတိုက်ရဲ့ အဝေးကအလင်းမှိန်မှိန်လေးနဲ့ လှိုင်းကြမ်းလေကြမ်းအောက်မှာ လှေငယ်လေးကို အားတင်းကာ ရေဆန်လှော်မိပြန်။

တစ်ချိန်ချိန်ပေါ့လေ...။
ဒီလိုနဲ့ပေါ့...။
ဘယ်သူမှ နားမလည်၊လက်မခံနိုင်ခဲ့လည်း ရှိစေ။
သူမရဲ့ အနုပညာဗိသုကာကပေးတဲ့ အိပ်မက်နဲ့ မရေရာတဲ့ အမှောင်မိုက်ထဲမှာ ကျွန်မကြိုးစားလို့ လှမ်းပါဦးမယ်။...။

မယ်ကိုး

03 December 2011

ကျွန်မချစ်သော မိန်းမတစ်ဦးရဲ့ ဂီတ

Tell me who you love and I will tell you who you are.
-Houssaye


လူတစ်ယောက်ရဲ့ အကြိုက်ကို ကြည့်ပြီး သူ့ရဲ့ ဥာဏ်အဆင့်အတန်းကို ဆုံးဖြတ်မယ်ဆိုပါရင် ကျွန်မမှာ နလပိန်တုံးအစစ် ဧကန်ဖြစ်ပါလိမ့်မယ်။ အခုလည်း ကိုရီးယားက ဖြေဖျော်သူအနုပညာရှင်တွေထဲမှာ ဘယ်သူ့ကို ကြိုက်လဲလို့ မေးရင် ကျွန်မက “ ဟွမ်းဘို (HwangBo)” လို့ မဆိုင်းမတွ ဖြေဦးမှာ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာမှာ တစ်ခြားသူတွေထက် ပိုပြီး ထူးခြားပြောင်မြောက်မနေပါ။ သီချင်းဆိုလည်း အကောင်းဆုံးမဟုတ်သလို အကလည်း အလှဆုံးမဟုတ်ပေမယ့် ဘာကြောင့်သူမကို ကျွန်မအပါအဝင် သူမရဲ့ပရိသတ်များက အသည်းစွဲချစ်နေပါလဲဆိုရင် သူမရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် လို့ ဖြေကြမှာ ဖြစ်ပါတယ်။


စေတနာဖြူဖြူနဲ့ ပရဟိတလုပ်ငန်းများမှာ ကူညီတတ်သော သူမကို reality show တစ်ခုမှာ တစ်နှစ်နီးပါးမြင်ရပြီးနောက်  အပြင်ပန်းခက်ထန်ကာ အေးဆေးတယ်လို့ ထင်ရပေမယ့် ပွင့်လင်းပူနွေးသော နှလုံးသားပိုင်ရှင် သူမအကြောင်းကို ကျွန်မတို့ ထိတွေ့မြင်သိလိုက်ရလို့ ဖြစ်ပါတယ်။ လှပတင့်တယ်ကာ ဆွဲဆောင်မှုရှိသော ရုပ်ရည်အဆင်းရှိပေမယ့်လည်း  ပွင့်လင်းရိုးဖြောင့်သော စရိုက်ကြောင့် ယောက်ျားဆန်သူလို့ နာမည်ရသူလည်း ဖြစ်ပါတယ်။  

ကိုရီးယားမင်းသမီးတွေထဲမှာ ရှားရှားပါးပါး စကားကို ချွဲနွဲ့မပြောတတ်သလို ချစ်စဖွယ်ကောင်းအောင် အမူအရာမလုပ်သော၊ အရယ်သန်သလို မျက်ရည်လည်းလွယ်သော ၊ လိင်ဆွဲဆောင်မှုရှိသော အပြင်အဆင်နဲ့ အဝတ်အစားများကို ဝတ်ဆင်ထားပေမယ့် မကလက်သော၊  ဘယ်သူနဲ့ မဆို ရဲတင်းသွက်လက်စွာ ဆက်ဆံတတ်ပေမယ့် မညှို့မြူတတ်သော၊ ရင့်ကျက်တယ်လို့ ထင်ရပေမယ့် စိတ်ကူးယဉ်တတ်သော၊ သိက္ခာနဲ့ မာနအကြား စောင့်စည်းရင်းမှာ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသဖို့ နောက်မတွန့်ခဲ့သော  သူမ။ ထိုသို့သော  နှလုံးရည်များကြောင့် သူမကို ချစ်ရပါတယ်။

ပုဂ္ဂိုလ်ခင်မှ တရားမင်တတ်သော ခပ်ညံ့ညံ့မိန်းမဟု ကျွန်မကို အမည်တပ်လည်း  မငြင်းချင်ပါ။ အသက်ဆယ့်သုံးနှစ်သမီးလေးကို ဖြားယောင်းသွေးဆောင်ခဲ့သော ထူးချွန်လှတဲ့ အနုပညာရှင် ရိုမန်ပိုလန်စကီးရဲ့ အနုပညာမြောက်ရုပ်ရှင်ကားများကို နှစ်သက်ပေမယ့် သူ့ရဲ့ပရိသတ်တစ်ယောက်ဖြစ်ပါတယ်လို့ ကျွန်မ ဘယ်တော့မှ ဝံ့ကြွားဖြစ်မယ် မထင်ပါ။ မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိဆိုတဲ့ လောကနိတိစကားကို ဥပမာဆောင်ကာ ချစ်သောသူမရဲ့ ဂီတကို အမြတ်တနိုးနားဆင်မိဦးမှာ။ ခုတလောနားထောင်ဖြစ်တဲ့ သူမရဲ့ သီချင်းလေးက  ထားရစ်ခံရသော မိန်းမတစ်ယောက်ရဲ့ ခံစားချက်များရယ်လေ။ သီချင်းလေးနာမည်က  “ကျွန်မလှနေပါသေးတယ်” တဲ့။
 “သူထွက်ခွာသွားပြီ။ ကျွန်မသူ့ကို သွားခွင့်ပြုလိုက်ပြီ။သူ့ကို မတားဆီးဘဲ မျက်ရည်တစ်စက်မကျဘဲ သူ့ကို သွားခွင့်ပြုလိုက်ပါပြီ။ အချစ်ဇာတ်လမ်းအားလုံး သေဆုံးသွားပြီ။ အခုတော့ တရားလွန်သော အမှတ်တရများဖြစ်သွားပြီ။ ကျွန်မတစ်ကြိမ်လေး မျက်ရည်ကျရုံနဲ့ အားလုံးပြီးသွားပါပြီ။

ကျွန်မကို သိတယ်လို့ ရှင်မပြောပါနဲ့။ ရှင်သိခဲ့တဲ့ ကျွန်မ မရှိတော့ဘူး။မွန်းကျပ်နေတဲ့ အမှောင်ထဲမှာ ဒီနာကျင်မှုနဲ့ ကျွန်မ ကျွမ်းဝင်ပြီးပြီ။ ကျွန်မရဲ့ ပျော်ရွှင်မှုကို တဖန်တွေ့ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကို မေ့လိုက်ပါ။ အိပ်ပျော်နေဆဲ ကျွန်မကို လာမနှိုးပါနဲ့။ ဒီညမပြီးဆုံးခင် ကျွန်မရဲ့ မျက်လုံးတွေ ဖွင့်လိုက်ရင် ပြန်အိပ်နိုင်ပါဦးမလား။

သေဆုံးခြင်းထက် ကျွန်မမုန်းတဲ့စကားလုံးတွေ…။ကျွန်မဘယ်တော့မှ ဖွင့်ဟဖြစ်မှာ မဟုတ်တဲ့ စကားလုံးတွေ…။ “ပြန်လာပါ။ ကျွန်မကို ချစ်ပါ။ ကျွန်မကို ထပ်မံထွေးပွေ့ထားပါ။” ဆိုတဲ့ စကားလုံးတွေ။ တကယ်ပါ။ ကျွန်မဆီက အဲဒီကလေးဆန်တဲ့စကားလုံးတွေကို မမျှော်လင့်ပါနဲ့။ ကျွန်မက အဲဒီလို ( ဆိုတတ်တဲ့) မိန်းမ မဟုတ်ပါဘူး။

ကျွန်မ လှနေသေးတယ်။ပြီးတော့ ကျွန်မ ချစ်စရာကောင်းတယ်။ အခုလေ ကျွန်မ အရမ်းပျော်ရွှင်နေပါတယ်။”

လမ်းခွဲကြပြီးနောက်၊ ဝေးကြပြီးတဲ့နောက်၊ သံသရာအစဉ်အဆက် မဆုံနိုင်တော့တဲ့နောက် ရှိစုမဲ့စုမာနလေးကို ကျစ်ကျစ်ဆုတ်လို့ ဒီလိုပဲပြောရတော့မှာ။ ဒီလိုပဲ နှလုံးသွင်းသင့်တာ။ ဒီလိုပဲ အားတင်းရတော့မှာ။ အန္တရာယ်ကင်းသော စပျစ်သီးချဉ်ခြင်းပါ။ “ကျေးဇူးတင်ပါတယ်။ ကျွန်မကို မချစ်တဲ့အတွက် …။ အခုလွတ်လပ်ပေါ့ပါးစွာ ကျွန်မ ပျံသန်းနေပြီလေ။” သူမသီချင်းကို နားထောင်တိုင်း ဒီဝေါဟာရတွေ ရင်ထဲမှာ လူးလွန့်လာ။

ဒီသီချင်းသံကြားတိုင်း “ကျွန်မကို သိတယ်လို့ ရှင်မပြောပါနဲ့။ ရှင်သိခဲ့တဲ့ ကျွန်မ မရှိတော့ဘူး။” လို့ လိုက်လံရွတ်ဖြစ်ဦးမှာ။ “အခုလေ ကျွန်မ အရမ်းပျော်ရွှင်နေပါတယ်။” လို့လည်း ကိုယ့်ကိုယ်ကိုယ် အယုံသွင်းနာချဦးမှာ။ ကျွန်မရဲ့ ပြောခွင့်မသာတဲ့စကားလုံးတွေကို သူမက ရွတ်ဆိုသွားတဲ့အတွက် သူမကို ထပ်မံချစ်ခင်မိမြဲ၊ ကျေးဇူးတင်မိမြဲ၊ သီချင်းကို အခါခါနားထောင်မိဆဲ။ ပြီးတော့ ကျွန်မချစ်သော သူမ ကျန်းမာပျော်ရွှင်စွာ လှပသော ဂီတများကို ထပ်မံဖန်တီးနိုင်ပါစေလို့ ဆုတောင်းနေမြဲရယ်။...။

မယ့်ကိုး

ကိုးကားဘာသာပြန်: Hwangbo 황보 - I'm still beautiful.
 Credits to Jae Joongie (Soompi) for english translation. 


30 November 2011

ကျွန်မချစ်သော မိန်းမတစ်ဦးရဲ့ အနုပညာ



ဆရာတော်ဦးဇောတိကဟောတဲ့ တရားတစ်ပုဒ်ထဲက “အကောင်းဆုံးစာအုပ်ကို အရင်ဆုံးဖတ်ပါ။ နောက်ဆို ဖတ်ဖို့အချိန်ရှိမှာ မဟုတ်တော့ဘူး” ဆိုတဲ့ စကားကို စွဲမြဲမှတ်ထားသော်လည်း မိုက်လုံးကြီးဆဲ ကျွန်မမှာ  စာတစ်ပုဒ်ကို မြင်လျှင် မစဉ်းစားဘဲ Facebook မှာ တင်သမျှ blogတိုင်းက တွေ့သမျှ စာများကိုလည်း ဖတ်သေးတာ ။ ဝတ္တုဆိုရင် ပြောဖွယ်ရာ မရှိတော့ ။ The Lord of the Rings စာအုပ်တွဲကို ဖတ်မယ်လို့ ပြင်တုန်းကလည်း “မဖတ်ပါနဲ့ကွာ” လို့ အပြောခံရတာ မှတ်မိနေသေး။ ကျွန်မကို ဆပ်ပြာပူဖောင်းဦးနှောက်လို သဘောထားပြီး ဟိုစာအုပ်ဖတ်ပါလား၊ ဒီစာအုပ်ဖတ်ပါလားလို့ ပြောလာရင်တော့ အသည်းတယားယားနဲ့ တမင်ရွဲ့ကာမဖတ်ဘဲနေလိုက်သေး။

ထိုသို့ဆိုးသော ကျွန်မကို ခေတ်ပေါ်ကဗျာမရေးတတ်ဘူးလို့ ထင်သော ကဗျာဆရာတစ်ယောက်က မြန်မာခေတ်ပေါ်ကဗျာစာအုပ်တွေ ပို့ပေးလာတော့ စေတနာကို တန်ဖိုးထားသော်လည်း စောင်ပေပေဖြင့်ပင် ထိုစာအုပ်များကို လှည့်မကြည့်။ ထိုသို့ မကောင်းရာမကောင်းကြောင်းတွင် ထူးထူးချွန်ချွန် ခေါင်းမာတတ်သောကျွန်မမှာ အခုလည်း  စာမေးပွဲရှိတဲ့အကြားက မိဘတွေကို အရွဲ့တိုက်ပြီး ဆော့ကစားကာ ပျော်ရွှင်နေသောကလေးလို ညံ့မယ်လို့ ထင်ရသော သူမစာအုပ်ကို သဘောတကျဖတ်လေတာ။

သူမဆိုတာ ဆယ်ကျော်သက်အရွယ်တည်းကပင် ကျွန်မချစ်ရပါသော အမျိုးသမီး- ဟီလာရီဒါ့ဖ် (Hilary Duff)။ သူ့ကားတွေ ညံ့ပါတယ်လို့ ဝေဖန်ရေးသမားတွေက ဘယ်လောက်အမှတ်ပေးထားစေကာမူ နည်းနည်းမှဂရုမစိုက်ဘဲ ချစ်မက်စွာစောင့်ကြည့်မြဲသော သူမပရိသတ်တွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်ကာ သူမသီချင်းများကိုလည်း မျှဝေခံစားခဲ့သလို အခုသူမရေးတဲ့ ပထမဆုံးဝတ္တုစာအုပ်ကိုလည်း ချစ်လို့ဖတ်ခဲ့ပေမယ့် အထင်နဲ့အမြင်ဟာ သီသီလေးလွဲလေတာ။ ထိုစာအုပ်ကို ကျွန်မ အမှန်ပင် နှစ်လိုမိလေရဲ့။ 

သိပ္ပံနည်းနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေ၊ နောက်ဘဝတွေ၊ သရဲတစ္ဆေကအစ နတ်သားနတ်သမီးအထိ စိတ်ဝင်စားတယ်ဆိုတဲ့ သူမရဲ့ စာအရေးအသားက မညံ့သလို  ဇာတ်ကွက်ကလည်း လျှို့ဝှက်ချက်များနဲ့ လှတာ။ သိပ္ပံဝတ္တုခေါင်းစဉ်အောက်မှာ ပါဝင်ပေမယ့် သဘာဝလွန်ဖြစ်ရပ်များအပေါ်မှာ အခြေခံထားသော အချစ်ဇာတ်လမ်း။ ငါးဘဝမြောက်ချစ်သူ၊ ထာဝစဉ်နုပျိုရှင်သန်ခြင်း။ ရိုးရှင်းသော ဝေါဟာရ၊ လွယ်ကူသော ဝါကျများဖြင့်သာ ဖွဲ့ထားသဖြင့် အထင်သေးချင်ကြသော တစ်ချို့လူတွေ သရော်လှောင်ကြမယ့် စာအုပ် ။

ကျွန်မ စိတ်ဝင်စားသော မှော်လိုလိုနည်းပညာတွေ ၊ရှေးဘဝတွေ၊ ဖူးစာရေစက် နဲ့ တင်ဆာဆင်ထားတဲ့အပြင် ကျွန်မရဲ့ အိပ်မက်တွေကို သတိရစေသော စာအုပ်။ ပြီးတော့ ကျွန်မနဲ့ မသက်ဆိုင်သဖြင့် ခါးသီးသောစကားလုံး soul mate ။ဘာပဲဖြစ်ဖြစ် သူမရေးတာ ဆိုတဲ့ တစ်ချက်နဲ့ပင် ထိုစာအုပ်ကို ကျွန်မ ချစ်လေပြီ။ သူမက Elise Allen နဲ့ တွဲရေးထားတာမို့ သူမရေးတာ ဘယ်လောက်အစိတ်အပိုင်းပါမှာလဲလို့ သံသယနဲ့စွပ်စွဲပြောဆိုသူတွေလည်း ရှိရဲ့။



ကျွန်မကတော့ သီချင်းလည်းရေးတတ်သော၊ အနုပညာရည်ပြည့်သောသူမ ကို ယုံကြည်ကာ ၈၀% က သူမရေးတာဖြစ်မယ်လို့ကို ချစ်စိတ်နဲ့ စွဲမှတ်ထားတာ။ သူမရဲ့ ဇာတ်လမ်းမှာ သဘာဝလွန်ဖြစ်ရပ်များ၊ စိတ်လှုပ်ရှားဖွယ်  မြုပ်ကွက်များစွာဖြင့် မဆုံးသေးဘဲ  ၊ science fiction ခေါင်းစဉ်အောက်ရောက်သွားတဲ့ ဒုတိယမြောက်စာအုပ် devotedမှာ ပြီးခဲ့တဲ့လက နောက်ဆက်တွဲ အဖြစ်ထွက်လာတော့လည်း  ဖတ်ရတော့မယ် ဆိုပြီးတော့လည်း  ကြံဖန်ဝမ်းသာမိသေးတာ။  အဲဒီစာအုပ်ကို မရမက ရှာဖတ်ဦးမှာ။

ထို့အတွက် လေးနက်သောစာကိုမှ ဖတ်ပါတယ်လို့ လက်မထောင်သူတွေ အထင်သေးနှိမ့်ချမယ်ဆိုလည်း ကျွန်မကတော့ အရေးထားမယ် မဟုတ်ပါ။ ကြေကွဲစရာတွေ များလွန်းသော လူ့ဘဝရဲ့ သဘာဝမှန်ဖြစ်စဉ်များကို တခါတရံ မမြင်မကြားလိုတော့တာ အပြစ်ရှိပါသလား။ နတ်သမီးပုံပြင်တွေကို ချစ်တဲ့ အတွက် အထင်သေးချင်ပါသလား။ ကျွန်မအပေါ် ဘယ်လိုအမြင်ပဲထားရှိကြပါစေ အားလုံးကို လျစ်လျူရှုကာ  အသက်ရှင်တုန်းခဏ ရိုးသားစွာပဲ နေပျော်အောင် နေပါဦးမယ်။  

အေးခဲကြမ်းတမ်းသော လေပြင်းထန်ရိုင်းရိုင်းအောက်မှာ ထိုသို့ လှပသာယာယောင်ဆောင်ထားသော ပြတင်းပေါက်ကလေးများကို ပိတ်ထားပြီး ကျွန်မ မရှင်သန်ချင်ပါ။ ဒီစာအုပ်ကို ကျွန်မအညွှန်းရေးတဲ့အတွက် ကဲ့ရဲ့တင်းဆိုမယ်ဆိုလည်း မမှုပါ။ နူးညံ့ဆွတ်ပျံ့ဖွယ်ကောင်းသော စာကိုလည်း ရေးတတ်သော သူမရဲ့ သစ္စာရှိသော ပရိသတ်တစ်ဦးမို့ သူမရဲ့ အနုပညာစွမ်းရည်ကို ချီးကျူးလိုစိတ်ဖြင့် ဒီစာကို ရေးလိုက်ပါပြီ။…။ 
  

မယ်ကိုး

19 November 2011

အသင်နားလည်ရန် မလိုအပ်သော မိန်းမတစ်ယောက်



ရည်ညွှန်း။  ။ အုတ်ဂူကို တံတွေးထွေးနေကျ အသင်များသို့ …



“တံတိုင်းရဲ့  အပြင်စည်း”



နှစ်သစ်မှာ
တကိုယ်တော် နှုတ်ခွန်းဆက်စကားက
“လောကမှာ ငါမရှိလည်း ဖြစ်တယ်”တဲ့


ကျွန်မအတွက်တော့
ဘဝဆိုတာ ပျားရည်နဲ့  ပေါင်းခံထားတာသာ...


ရနံ့ မွေးကာ ရသာချိုနိုင်ပေမယ့်
မွန်းကျပ်ရင်း သေဆုံး...


အညတရသင်္ခါရနဲ့
ဖြစ်ပျက်ခြင်းသစ္စာကို ခါးသီးလို့ 
သေကြောင်းကြံရတော့မလား...


နောက်နှစ်မှာ စဉ်းစားမယ်။ ။
မယ်ကိုး
(http://www.maecoe.net/2009/06/blog-post.html)


ငယ်စဉ်က မာသာထရီဆာဖြစ်ချင်ခဲ့ပေမယ့် အခုချိန်မှာ ဗာဂျီးနီးယားဝုဖ်*လို အကျီအိတ်ထဲ ကျောက်ခဲများအပြည့်သယ်ကာ ရေစပ်ကိုသာ ဆင်းချင်မိတာ။ ကျေးဇူးပြုပြီး အကုသိုလ်ငရဲ၊ ဆင်းရဲမွဲတေခြင်းများနှင့် ပရဟိတစွန့်လွှတ်မှုများကို ကျွန်မကို လာမပြောစေချင်ပါ။ ကိုယ်လက်အင်္ဂါချို့တဲ့သော်လည်း ဘဝမှာပျော်ရွှင်အောင်မြင်နေသူများအကြောင်းကို ကျွန်မကို တရားမဟောခင် တခြားသူတွေရဲ့ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာခံခဲ့ရသူတွေဟာ နာကျင်မှုသည်းခံစွမ်းမြင့်လာပြီး ကိုယ့်ကိုကိုယ်ရန်ရှာတဲ့ အတွေးတွေ ရလာခဲ့တယ်ဆိုတဲ့အကြောင်းကို  အသင် သုတေသနပြုစေချင်ပါတယ်။


“ ပုန်းသူ”



ဗာဂျီးနီးယားဝုဖ် *
မြစ်ကမ်းမှာ ခြေမချခင်
ရင်ခွင်အိမ်မှာ ဘာတွေပွင့်ဝေခဲ့လဲ။


ဆီလ်ဗီယာပလာသ့် **
ဓာတ်ငွေ့ ခလုတ်ကို မဖွင့်လှည့်ခင်
နှလုံးသားနံရံမှာ ဘာတွေ ချိတ်ဆွဲခဲ့လဲ။


အမှန်တရားတဲ့လား။


ခေါင်းခါ မျက်နှာလွှဲ
ဘယ်လို အသွင်ပြောင်းကာ အိပ်မွေ့ ချ
ရှင်တို့ လို ပဲ ကျွန်မလည်း ပကတိမြင်တယ်။


သို့ ပေမယ့် လည်း
မပြင်ဆင်ရသေးဘူးကွဲ့ ။


နက်မှောင်စူးခါး ကြောက်လွန်းလှချည့်...


“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောနဲ့ ။.........


မယ်ကိုး
* Virginia Woolf
** Sylvia Plath

(http://www.maecoe.net/2009/07/blog-post_12.html)


အဘယ်သံလိုက်ဓာတ်နဲ့မှ ဒီကမ္ဘာနဲ့ ကျွန်မအကြား ဆွဲငင်မထားပါ။ ဒီလောကမှာ ကျွန်မအရိပ်ကွယ်သွားလျှင် ကျွန်မကို တစ်ခါမှ လာမတွေ့ဖူးသော အဖေဆိုသူမှာ  အပြစ်လွတ်သွားသလို စိတ်သက်တောင့်သက်သာဖြစ်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့အတိတ်ပြန်ရောက်ချင်တယ်။ အပျိုပြန်ဖြစ်ချင်တယ်။ ဘဝအသစ်စချင်တယ်လို့ ယနေ့ထက်တိုင်ဆိုဆဲဖြစ်သော အမေကတော့ ခဏမျှ စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။ ကျွန်မအမြဲ မှီခိုနေသော တစ်ဦးတည်းသောအစ်မကမူ နာရီဝက်မျှငိုနိုင်သော်လည်း ဝန်ပေါ့သွားလို့ စိတ်ကြည်လင်သက်သာရာ ရသွားမှာဖြစ်ပါတယ်။ ကျွန်မကို မချစ်သောသူကမူ ကျွန်မရဲ့ စိတ်ကောက်လို့ ရေးသော၊ စိတ်ဆိုးလို့ရေးသော၊ စိတ်နာလို့ရေးသောစာများနဲ့တကွ ကျွန်မပျောက်ကွယ်သွားသဖြင့် ချမ်းမြေ့ပျော်ရွှင်သွားပါလိမ့်မယ်။


"အများနှင့် သက်ဆိုင်သော" 


Action!
ဖြူရော်ရည်သွေးတွေရဲ့ ဂိုဒေါင် ၊
မျက်လုံးတောက်တောက်နဲ့ စိတ်စုတ်ဖွားနေသူ
အဝတ်ပေါက်နဲ့ အိမ်စဉ်မလျှောက်ပေမယ့်
စုန်းကြောက်တတ်သူလေ
“ပြန်မလာတော့ဘူး” ဆိုလား
အသံမဲ့အော်ဟစ်…


ကန့်လန့်ကာဖွင့်ရင်
အမေ ငိုချင်ငိုလိမ့်မှာ… ခဏတာ။


Cut!
လက်ကောက်ဝတ်ပေါ် ဓားမတင်ခင်
အရသာခံ ပြုံးချင်သေး…တကယ့်စေတနာ။


Done!
ငါ့ရန်သူဟာ ငါပါ။
ငြိတွယ်မှုကျောက်ဆောင်မှာ အရှင်လတ်လတ် ကြေမွသွားတဲ့ မြှားတစ်စင်းရယ်။
ကြက်ခြေခတ်လို အကျည်းတန်တဲ့ ဂုဏ်ထူးလွှာကိုတော့
မျက်နှာဖုံးချိုတဲ့ ချစ်သူလေးဆီသာ လွှဲလိုက်ပါကွယ်။…။


မယ်ကိုး
(http://www.maecoe.net/2011/05/blog-post_28.html)


အသေချာဆုံးမှာ ကျွန်မလွင့်စင်ပျောက်ကွယ်သွားသဖြင့် ပူဆွေးဗျာပါဒခံစားရမယ့်သူ တစ်ဦးတစ်လေမျှ မရှိခြင်းရယ်။ ထို့ကြောင့်သေကြောင်းကြံစည်သူတိုင်းမှာ ကျန်ရစ်သူတွေကို အပြစ်ရှိတဲ့ မသိုးမသန့်ခံစားလိုစိတ် ခံစားစေချင်လို့  မသိစိတ်နဲ့ ကလဲ့စားချေတာလို့ မသမုတ်စေလိုပါ။ ချစ်သူမဲ့ကာ မုန်းသူများသော လေထုညစ်ညမ်းထဲမှာ အသက်မရှုတော့လိုခြင်းသာဖြစ်ပါတယ်။ မျက်နှာဖုံးတွေကို ဆက်လက်မတပ်ဆင်နိုင်တော့လို့ ချွတ်ပစ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

ကျွန်မရဲ့ဖြစ်တည်မှုမှာ ရှင်းသလို ရိုးရိုးလေးသာ ပျောက်ကွယ်သွားလိုခြင်းသာ ဖြစ်ပါတယ်။ လောဘဒေါသကကွက်များကို ငြီးငွေ့ပင်ပန်းလို့ အနားယူသွားခြင်းသာဖြစ်ပါတယ်။ ဒါကို ရှုံးတယ်၊ မိုက်မဲတယ်လို့ သင်သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်။ သင့်ကိုယ်သင်လိပ်ပြာလုံတယ်ဆိုရင်  ပြကွက်လုပ်သွားတယ် ဆိုပြီး စွပ်စွဲပြောဆိုနိုင်ပါတယ်။ ခွန်းတုံ့မပြန်နိုင်တဲ့ ကျွန်မကို အလွတ်ကျက်ထားတဲ့ စကားလုံးတွေနဲ့ ထပ်ဆင့်ပြီး လှောင်ပြောင်၊ရှုတ်ချ၊အရှက်ခွဲ ၊ စော်ကားနိုင်ပါတယ်။ သေသူကျွန်မကတော့ ရင်ဘတ်ဟောင်းလောင်းနဲ့ အရာရာသိနားလည်ချင်ယောင်ဆောင်သော အသင်တို့ဝေးရာမှာ ပြုံးနေပြီ ဖြစ်ပါတယ်။…။





မယ်ကိုး

11 November 2011

“ဘီလူးမည်ကာမျှ”



စိနတိုင်းလို့လည်းမည်တဲ့ စိန့်ပြည်မှာနှစ်နှစ်ရွယ်သမီးကလေးကို ယာဉ်ဖြတ်တိုက်ပြီး သွေးအိုင်ထဲလဲနေတာကိုမြင်လျှက် တချို့သူတွေ လျစ်လျူရှုကြတဲ့အခါ အုတ်အော်သောင်းနင်းဖြစ်ကြသော လူတွေအားလုံး သူ အသတ်ခံရစဉ်က ဘယ်ရောက်နေလဲ သိချင်မိအံ့ဖွယ်။ လူမြင်ကွင်းမှာ သတ်ဖြတ်ခံခဲ့ရသော်လည်း ဖြစ်လေ့ဖြစ်ထ၊သဘာဝလို့ သဘောထားခံခဲ့ရတာ။

သူ ဘယ်လိုအသက်ခြွေခံခဲ့ရသလဲ တဲ့လား။ ဇာတာနိမ့်တဲ့တစ်နေ့ပေါ့။ အိမ်ပြတင်းကို  ခဏဖွင့်ခိုက် ဟေးကနဲ ဆူညံနေသောအသံများမှာ ဆူနာမီလှိုင်းလုံးများကို သူ့ကို လွှမ်းအုပ်သွားခဲ့တာ။ ကြောက်ရွံ့တကြီး ရှောင်ရှားနေဆဲမှာပင် ချော်ရည်မြစ်များ အရှိန်ညီးညီး လျှံကျလာသလို အနီရောင်လူများက အော်ဟစ်ခုန်ပေါက်ကာ သူ့ကို တွန်းတိုက်ဆွဲခေါ်သွားကြတာ။ 

မီးခိုးနှင့်ပြာမှုန့်များက မြေပြင်အထက်မှာ ထောင်းထောင်းထနေရာ လမ်းမမြင်နိုင်ဘဲ လူအုပ်အကြား သူ ပျောက်ဆုံးသွားရင်း ကြိုးစားကာ မျက်လုံးဖွင့်ကြည့်ခိုက်မှာတော့ နှာရူသံထန်ထန်နဲ့ နွားရိုင်းက  အဟုန်ပြင်းစွာ သူ့အနားရောက်နေ။ တုန်လှုပ်တကြီး ငေးကြောင်နေဆဲမှာပင် မိုးလုံးညံအောင်ဟစ်အော်ကြသော အသံများက သူ့သွေးများကို အေးခဲသွားစေခဲ့။ မယုံနိုင်အောင်။

သူမပြေးနိုင်ခဲ့ဘူး။ နှလုံးသားမှာ အဆိပ်တွေအပြည့်နဲ့  တမြေ့မြေ့နာကျည်းမပြေ။ နွားရိုင်းဖက်မှ အားပေးနေသော ခရာမှုတ်သံနဲ့လက်ခုပ်သြဘာတွေ။ အဲဒါ…သူ အသက်ထွက်ခိုက်မှာပေါ့။ ဒေါသနဲ့သေ ငရဲပြည်ဆိုလား။ ငယ်ငယ်က ဖတ်ခဲ့တဲ့စာ မမှတ်မိတော့ပေမယ့် အဆုံးခဏ သေငင်ဇောမှာ ဒေါသရင်ဝယ်ပိုက်မိလို့ ယုတ်ညံ့ဘဝကို လက်ခံရ။

စာမျက်နှာတစ်ဖက်လှန်လိုက်တဲ့အခါမှာတော့ မျက်ထောင့်နီနဲ့ အရိပ်မဲ့ ခွင့်မလွှတ်နိုင်တဲ့ ဘီလူးရယ်။  သူ တကယ်ပင်  ဧကန်မုချ ဘီလူးဖြစ်ခဲ့လေပြီ။ စိတ်ထားဟာ ပုံပျက်ပန်းပျက်၊  အတွေးအခေါ်တွေ  ရုပ်ဆိုးပန်းဆိုး၊ အမျက်ပိုးတွေ ဗလပွ။  ဘီလူးအဖြစ်ကို မရှက်နိုင်အောင် ဒဏ်ရာသည်းပို။

သတ်ခဲ့သူ၊ လက်ပိုက်ကြည့်ခဲ့သူများ၊ ရယ်ပွဲဖွဲ့သူတွေဆီက လျော်ကြေးပြန်ရမှ ဖြစ်မယ်။ အမှန်တရားကို လိုချင်တယ်။ ငါ့ရွှေခွက်ပြန်ပေးလို့ လောဘရုးက ဆိုသလို ဘီလူးမိုက်ကလည်း  “ငါ့ ဂုဏ်သိက္ခာကို ပြန်ယူမယ်” လို့ ရယ်စရာဆိုနေတာ။

ရောဂါ။ ဆေးမတိုးတဲ့ အတ္တနာ။ ဘယ်လို အမြင်မှန်ရနိုင်ပါ့မလဲ။  သိမ်ငယ်တဲ့စိတ်ညှိုးမှာ မီးဟုန်းဟုန်းတောက်နေ။ မာကျောပူပြင်းနေတဲ့ ဘီလူးမျက်နှာမို့ သူ့အသွင်သူမမြင်ဝံ့လောက်အောင် ကြောက်စရာ။ ရွံစရာ ။ အော့နှလုံးနာစရာ။ ဒါပေမယ့် ဘာတရားမှ မကူနိုင်ပြီ။ တယ်… ငါ သတ်လိုက်ရ။

ညှင်းပန်းမှုဓာတ်လိုက်ခံခဲ့ရ။ အရှင်လတ်လတ် လောင်တိုက်သွင်းခံခဲ့ရ
ပေမယ့်  ရာဇဝတ်မှုမမည်သော တိုက်ခိုက်ခံရခြင်းမို့ လူဘုံမှာ ဘယ်တရားရုံးမှာမှ စွဲချက်မတင်နိုင်ခဲ့တဲ့အမှု။ အသေအချာပေါ့။ ပြက်ရယ်ပြုခံရက  သေဆုံးခဲ့ရတဲ့ အမှုကို မျှတမှုပြန်ယူမယ်။ ဥာဏ်နည်းသူမို့ အကြမ်းဖက်နည်းနဲ့သာ အမှန်တရားကို ဖော်ထုတ်ရတော့မှာ။ 

သူက အခု အရုပ်သာသာလူ မဟုတ်တော့ဘူးလေ။  ဘီလူးတစ်ကောင်ဖြစ်ခဲ့ပြီ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ မျက်နှာဖုံးကို ဖြတ်ခွဲဆုတ်ပြီး  မြေမှာနင်းပြမယ်။ လူမြင်ကွင်းမှာ ငါ့ရင်ကိုဆုတ်၊နှလုံးသားကို ထုတ်ကာ  အစိတ်စိတ်အမွှာမွှာ ဖြိုခွဲနေတာကို မြင်လျှက် ရယ်မောလက်ပိုက်ကြည့်နေသူတွေ…။ စီးဆင်းနေတဲ့ ငါ့နှလုံးသွေးတွေအပေါ်မှာ ခြေစုံရပ်ပြီး နွားရိုင်းကို ဘဝဂ်ညံအောင် သြဘာပေးကြ။ လက်ခုပ်မိုးတွေ ရွာချတာတွေ..  သူဘယ်လို ဖြေဆည်နိုင်ပါ့မလဲ။

ခက်တာက  လူအယောင်ဆောင်သူများမှာ သရုပ်ဆောင်ကောင်းလွန်းတာမို့ အနားမျှ  မသီနိုင်။ ခြွေရံသင်းပင်းတွေဝန်းရံနေခိုက်မို့  အကြံမထမြောက်။ ဘုန်းရှိန်နိမ့်ခိုက် ခဏကြုံမလား ။ သူသေစဉ်က လက်ပိုက်ကြည့်ခဲ့သူများကို ဂုတ်ချိုးပစ်ရမှ ကျေနိုင်မယ်။ ခါတော်မှီသံယောင်လိုက်ကာ စာနာစိတ်သုဉ်းနေတဲ့သူတွေကို အရေခွံခွာပစ်ရမှ ဘဝင်ကျနိုင်မယ်။ ဆင်ခြင်ဥာဏ်အလင်းမဲ့ အရှက်အကြောက်ယဲ့ယဲ့သာရှိသူတွေရဲ့ အရိုးကိုနှုတ်ကာ တစ်ကိုယ်လုံးနုတ်နုတ်စင်းလို့ အမှုန့်ခြေပစ်ရမှ ရွှင်နိုင်မယ်။  တစ်ကိုယ်တော် ဘီလူးဆိုင်းတီးကာ ရင်ဘတ်နာတရှိန်ရှိန်နဲ့ ရမ်းချင်စိတ်ပြာလောင်ခတ်ကာ လိုက်လံချောင်းမြောင်း။ 

ဒီလို ဘီလူးကြိမ်း ကြိမ်းကာ  ဟန်ရေးပြနေပေမယ့်  တကယ်စင်စစ်မှာတော့ ကိုယ့်စည်းကိုယ်ဝိုင်းကာ တစ်လှမ်းမျှ မထွက်နိုင်ပြန်။ ခံတွင်းက အားပြင်းလောင်မြိုက် အလျှံငြီးတဲ့ မီးတောက်တွေ အခိုးတလူလူထွက်နေလည်း သံလျှက်ကို မထုတ်နိုင်။  ဘီလူးပါတဲ့။ သြော်… အင်း….. ။  လူတွေကို မြင်ရင် ရင်ထဲမှာ မီးမဆုံးအောင် လောင်လွန်းတာမို့ တော်ရာမှာ ပုန်းရတဲ့ ဘီလူး။ တောထဲတောင်ထဲမှာ နေခိုက် လူရိပ်လူရောင်မြင်ရတိုင်းမှာဒေါသနောက်နောက်နဲ့ စိတ်ရူးဖောက်မိမှာစိုးကာ ကိုယ့်အစွယ်ကိုယ်ပြန်ချိုးနေတဲ့ ဘီလူး။ ဘီးလူးအလုပ်ကို  လက်တွန့်စိုးရွံ့လွန်းတဲ့ ဘီးလူးရယ်လေ။  ကဲ သေသင့်ပြီ မဟုတ်လား။  တော်ရာမှာ တစ်ဘဝငြိမ်းလိုက်တော့။



လူသိရှင်ကြား မဆိုနိုင်လို့  နှလုံးသားထဲမှာတော့ စကားလုံးတွေ ဗြောင်းဆန်ကာ ဝုန်းဒိုင်းကျဲအော်ဟစ်နေလည်း အသံမထွက်နိုင် ကြားသူမဲ့ ကူရာမဲ့ဘီလူးမို့  မနိုင်ဝန်ထမ်းနေတာ ရယ်စရာကောင်းလွန်းနေပြီ။  ဟုတ်တယ်မဟုတ်လား။  အမှန်တရားကို ရှာဖွေလိုသော ၊ တရားမျှတလိုသော ၊ ကိုယ့်ကိုယ်ကိုယ်လေးစားသော ဘီလူးတစ်ကောင်သာဖြစ်ပါတယ်ဆိုတဲ့ ဆင်ခြေတွေကလည်း ပြဇာတ်ဆန်နေပြီ။  ရင်ဘတ်မှာအခွံမဲ့  ဘီလူးတစ်ကောင်မို့ ဇိဝန်ကြွေသင့်တာကြာပြီ။ ဖြေဖျော်မှုနုံချာတဲ့ ဘီလူးမို့ တကိုယ်တော်ဘီလူးဆိုင်းထွက်နေခြင်းကို ကန့်လန့်ကာချသင့်ပြီ။  ဥာဏ်နည်းသူ ဘီလူးရယ်မို့ အရူးရွာမှာ တရားပျောက်ရှာခန်းကို ရပ်တန်းက ရပ်သင့်ပါပြီလေ။...။

မယ်ကိုး

04 November 2011

“ လူဖြစ်ရတာ ပျော်စရာ”



မီးတောင်ပွင့်၊ရေလျှံ၊ငလျှပ်လှုပ်လို့ မြေပြို၊
အသက်ရှုနိုင်သေးရင် သေနတ်ပစ်တမ်းကစား။
အားအားယားယားပေါ့။

သူတော်အတတ် အဠာရသရဲ့ တစ်ဆယ့်ကိုးမြောက်က ဗုံးခွဲပညာ။
ပျော်ပျော်ပါးပါးပေါ့။
ဦးနှိမ့်ရာမတူရင် ရန်သူ။
နေရတာ ဘဝင်မကျရင် လိင်ခွဲခြားပြီး နှိမ့်ချ။
ထိုင်မသာဘူးလား။  အသားရောင်ကွဲရင် စော်ကား။
လူမျိုးကြီးဇာတာပုပ် ပန်းကုံးစွပ်ကာ ပွဲခင်းထဲကိုဝင်...မငြိုငြင်ဘူးကွယ့်။
ရှေးစကားတသ အာဂုံရွတ်ကာ သွေးအယားပျောက်အောင် အာသာဖြေ။
ဘာလိုဦးမှာလဲ... စစ်ဖြစ်ရင် ရောဂါစင်။
အသက်ရှည်ရှည် ခင်ခင်မင်မင်။

မယ့်ကိုး

27 October 2011

သူ့ထက်သာဝတ်စုံ


မနီးယိုးစွဲ ညွှန်စရာက 
 မဒေါနားက လည်မှာဆွဲ၊ လေဒီဂါဂါက နားမှာဆင်၊ ဝန်ကြီးတွေက အချိတ်နဲ့ ယဉ်တယ်။
 ...
ကာလက ရမ်းမှ ပါရမီ။ ဥာဏ်ကောက်သူသာ အာဇာနည်။
လူရာဝင်ဖို့ .... တတ်ယောင်ကားလား၊ အစွန်းထွက်မှာလား။
ဘာဖြစ်ဖြစ် အဆင်ပြေတယ်။
ဗာလာနတွေကြား အရေခြားစေဖို့ မင်းသားအဆင်နဲ့ ဘီလူးသွင်အစုံရယ်။

လွယ်လွယ်လေး။
ကဝိလက္ခဏာချို့ရင် ကျမ်းရိုးနဲ့ကိုင်ပေါက်
ဒါ... မချောင်ဘူးလား။
သီအိုရီတစ်ခုစွဲ ဖရုသဝါစာနဲ့ လေလုံးထွား ...ပူဇော်သူများပေါ့။

ဘွဲ့ထူးဖိုသီဖတ်သီနဲ့ တောင်ပြေးမြောက်ပြေး၊လက်ခုပ်သံလေး စွန်တောင်ဆွဲကာ တောင်ပြောမြောက်ပြော။
သနားစရာ... ခဏပွက်ခိုက် ပန်း၊ကျောက်စရစ်ရော ဘဝဂ်ကျော်ကြား အောင်နိုင်သူဆိုပဲ။

သြချီးပေးပါရဲ့ ... ခန္ဓာဝန်ချလည်း သရုပ်ပါလွန်းလို့ အလောင်းလှ။

ဤ၍ဤမျှ…။
 ...
   ဇာတ်ပေါင်းသော်  လွန်ကျူးသူမှ လူရည်ချွန်ပါတဲ့။ ဒီဘဝင်နဲ့တော့ ပါးမပြောင်ချင်။
ဟာ…ဟ။
    ပွဲကြည့်သူ တရားသိပါပြီ။
   ရယ်ရလွန်းလို့ မျက်ရည်ကျ။  ။

  မယ့်ကိုး

23 September 2011

“ရေစီးဖြင့် ထုံးချည်ခြင်း”


အားလပ်ရက်တွေ တလှုပ်လှုပ်လွင့်လာတဲ့အခါ ပင်လယ်ရပ်ခြားမှာ အမြည်းဆန်းဆန်းနဲ့ ယမကာသောက်ချင်တဲ့ မောင့်ကို ဧရာဝတီကိုသာ စုံမက်ဖို့ မြူဆွယ်ရတာ ခက်လွန်းလှချည့်။ “လန်ဒန်ကနေ မီယာမီလေကြောင်းခရီးတစ်ခေါက်မှာ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အင်္ဂလန်တစ်နိုင်ငံလုံး ကားတွေဆီက တစ်နှစ်လုံးထွက်တဲ့နှုန်းနဲ့ အတူတူပဲတဲ့ မောင် ” လို့ ဆိုမှ မျက်ခုံးပင့်ကြည့်ကာ“အဲဒီတော့ …” လို့ စကားထောက်ပေးရဲ့။ “ဒီမြေဒီရေက ဒီလောက်လှနေတာပဲ မောင်ရယ် ။ Ecotourism ဆိုရင် ကြည်နူးစရာကောင်းမယ် ထင်လို့လေ” ခပ်တိုးတိုးဆိုတဲ့အခါ ဦးနှောက်ထဲမှာ ကွန်ပျူတာပရိုဂရမ်တွေသာရှိတဲ့ မောင်က “ အဲဒါ ဘာလဲ” လို့ ဆိုလာတော့ ကျွန်မမှာ သက်ပြင်းအသာချမိပေါ့။ နောက်တော့ ထုတ်သိမ်းထားရတာ ညောင်းညာနေတဲ့ စကားတွေ အရှိန်မသတ်နိုင်အောင် လွင့်ကျကုန်ပြီရယ်။

အဓိကက တောတောင်သဘာဝနဲ့ ယဉ်ကျေးမှုကို မပျက်စီးအောင် ခရီးသွားတာတဲ့။ ဒေသခံတွေအကျိုးအတွက် ထည့်စဉ်းစားတာအပြင် သယံဇာတတွေကို အတတ်နို်င်ဆုံး ထိန်းသိမ်းသွားတာ… ” စကားပင် မဆုံးသေးမောင်က စိတ်ပျက်သွားဟန်နဲ့ ကွန်ပျူတာဖန်သားပြင်ထံသာ မျက်နှာလွှဲလိုက်တာ။ နေပါဦးမောင်ရဲ့။ လှတဲ့မြစ်ရဲ့တေးသံကို နားသောတခံကြရအောင်ပါ။ ဧရာဝတီဆိုတဲ့ စကားလုံးလေးကို ရွတ်ဆိုကြည့်ရုံမျှနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်တွေ မောင့်ရင်ထဲ ငြိမ့်ငြိမ့်လေး စီးဆင်းလာတော့မှာ။ မျက်လုံးလေးမှတ်လို့ အာရုံမှာမျှားယူတဲ့အခါ ဒဏ္ဍာရီ ပုံပြင်တွေ၊ လျှို့ဝှက်ဆန်းပြားမှုတွေ ကပ်ငြိလာနိုင်တာ။ ဘယ်လိုလဲ ဟင်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဧရာဝတီရဲ့ ရင်ခွင်ထဲ စွန့်စားမှုအပြည့်နဲ့ ခုန်ဆင်းကြရအောင်ကွယ်။

မောင့်သိရဲ့နော်။ အိန္ဒိယကအစ အင်္ဂလန်၊နယူးဇီလန်အဆုံး ကန်မြစ်ရေပြင်တခွင်က လှေအိမ်လေးတွေကို ကျွန်မချစ်တတ်တာ။ အိမ်မက်မှန်သမျှ ကြီးကျယ်ခမ်းနားရမယ်လို့ မသွန်သင်စေချင်ပါ။ အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ နေဖို့ ဘယ်တုန်းကမျှ စိတ်ကူးမယဉ်ခဲ့သူဟာ လှေအိမ်လေးတွေကို စွဲလမ်းနေတာ အပြစ်ရှိပါသလား။ မောင်တည်းလိုတဲ့ ဝန်ဆောင်မှုမြင့်ရိပ်သာတွေလောက် မခမ်းနားပေမယ့် သာယာမှုအပြည့် တန်ဖိုးချိုတဲ့ လှေအိမ်လေးတွေရယ်လေ။ မြင်ယောင်လှည့်ပါဦး။ သဘာဝနဲ့ အနီးဆုံးနေထိုင်ခွင့်ကို မကြည်ဖြူဘူးလားဟင်။နားစွင့်လိုက်ပါဦးကွယ်။ မြစ်ရေတိုးသံနဲ့ ငှက်ကလေးတွေ ချိုတေးသံကိုပဲ ကြားရမှာ။ လူထူထပ်လွန်းတဲ့ လမ်းတွေရဲ့ အဝေး၊ မွန်းကြပ်စေတဲ့ ဈေးဆိုင်ရှုပ်ပွတွေမဲ့။ ကျယ်လောင်တဲ့ ဆူညံသံတွေကင်း။ ဘယ်လောက် ငြိမ်းချမ်းလိုက်တဲ့ နိဗ္ဗာန် လေးပါလိမ့်။ ကျွန်မတို့ လှေကလေးက ထီးတည်းရွေ့လျားတတ်တာမို့ သက်ရှိအဖော်နဲ့တောင် တူသေးရော့။ ခေါင်းမခါနဲ့တော့ကွယ်။ မွန်းကျပ်မှုတွေကို ရေမှာမျှောဖို့ လှေအိမ်လေးဆီ လှမ်းကြစို့ရယ်။

ဧရာဝတီရဲ့ ရင်ခွင်တစ်လျှောက်ဖြတ်ကူးလို့မြူးလွင့်ဆည်းဆာတွေကို ရင်ခုန်စောင့်ကြည့်ကြအောင်လေ။ မောင်ကဖြင့် မျက်မှောင်ကြုံချင်မလားရယ်။ လိပ်စာမဲ့ အိမ်မှာ လိုအပ်ချက်တွေ များလွန်းတယ်ဆိုနိုင်တာ။ ရေအပူပေးစနစ်၊ ဓာတ်ငွေ့၊ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေရဲ့ အဝေးမှာ မောင့်လိုအင်တွေ ခက်ခဲကုန်တော့မှာ။ ဒါပေမယ့်မောင်ရယ် တစ်ခါတစ်ခေါက်တော့ဖြင့် ဧရာဝတီမြစ်ကြောမှာ စမ်းသပ်လို့ မျှောကြရအောင်လေနော်။

မနက်ဖြန်ဆိုရင် သိပ်နောက်ကျသွားမှာ။ ကွေးသောလက်မဆန့်ခင် ကျွန်မတို့ဘဝတည်မြဲမှုလေးတွေ လွင့်စင်သွားနိုင်တာမို့ အခုပဲ လှေအိမ်လေးကို ရှာကြရအောင်ကွယ်။ ဟိုး … မြစ်ဆုံအထိ ခရီးဆန့်ကြမယ်လေ။ ကီလိုမီတာ ၂၀၀၀ ရှည်တဲ့ ချစ်စရာဧရာဝတီမြစ်တစ်လျှောက်က မပြောင်းလဲသေးတဲ့ ရိုးရာဓလေ့တွေထဲ ခဏမျှပုန်းခိုချင်လွန်းလို့ရယ်။မြစ်ဘေးတစ်လျှောက်က အိုးလုပ်တဲ့ရွာလေးတွေ တွေ့တဲ့အခါ မောင်က အိုးလုပ်တမ်းဆော့ပေါ့။ ကျွန်မကတော့ မြစ်ကြောတစ်လျှောက်က ကလေးလေးတွေကို ပေးဖို့ အိုးပုတ်ချိုးရုပ်တွေ ဝယ်မယ်။

သောင်ပြင်အနှံက ယာစောင့်တဲငယ်လေးတွေဆီကနေ ငါးပုစွန်ချိုချိုလေးတွေ ရမှာ။ တောအနှံ့ခြေရာဖြန့်ရင်း ဖရဲ၊သခွားအစ ပဲပြောင်းနှမ်းနဲ့ ကောက်ညှင်းပါမကျန် ဈေးမဆစ်ဘဲ ဝယ်မယ်။ သီးရွက်လတ်ဆတ်လေးတွေကို အတို့အမြုပ်နဲ့ ဟင်းချို ၊ အသုပ် လုပ်စားမယ်။ မြေအိုးနဲ့ချက်တဲ့ ထမင်းသင်းသင်းလေး၊ ငါးပုစွန်ကင် မွှေးမွှေးနဲ့ လတ်ဆတ်တဲ့ ဟင်းရွက်ချိုချိုတွေနဲ့ မောင့်ရယ်သံလွင်လွင်ရယ်။ ဒီလိုအစားအသောက်နဲ့ ဖြားယောင်းတော့ ဘယ်လိုလဲ … မောင်ပြုံးချင်ပြီလား။

တကယ်ပေါ့။ ဧရာဝတီရင်ခွင်ထဲ ရောက်တဲ့အခါ မောင်က ကျွန်မထက် ပိုပျော်လိမ့်မှာ။ မှန်ပြောင်းရှည်ကင်မရာကြီးတကုပ်ကုပ်လွယ်လို့ ဟိုရိုက်ဒီရိုက်နဲ့ ထမင်းမေ့ဟင်းမေ့အပြင် အင်တာနက်ပါ မေ့နေတော့မှာ။ ပြောရင်း ဆိုရင်း မြင်ယောင်မိသေးတာ။ ရေမှုန်ရေမွှား၊ သစ်ရွက်မျောကြွေက အစ ငှက်ကလေးတွေ အတောင်ညောင်းလို့ လှေဦးမှာ ချည်ထားတဲ့ စပါးနှံတွေကို လာချီတဲ့တိုင်းလည်း မမောနိုင်အောင် ဓာတ်ပုံချည်း ရိုက်နေလိမ့်။ ဟုတ်တယ်မောင်။ ကျွန်မတို့ အပြန်ခရီးမှာ ဓာတ်ပုံတွေ အပြင် ဘာမှ မသယ်ချင်ဘူး။ ဒေသခံတွေရဲ့ ယဉ်ကျေးမှုကို မထိခိုက်၊ အမွေအနှစ်ကို မယူငင်မှ ပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ ခရီးလို့ ပီပြင်မယ် မဟုတ်လားနော်။ ရေရှားတဲ့အရပ်မှာ ဒေသခံတွေကို စာနာတဲ့အနေနဲ့ မောင်ကို ရေတစ်ခါတည်းချိုးဖို့ ပြောရမှာလည်း အားနာပါတယ်။

ဒါပေမယ့် ဒီသည်းခံစရာလေးတွေက အသေးအမွှားပါနော်။ မြစ်ထဲလူသူကင်းကာ ဆိတ်ငြိမ်ပေမယ့် ပျင်းလှတယ်လို့လည်း မောင် ညည်းမယ်မထင်ပါဘူး။ လှေဦးထိပ်မှာ ငှက်ကလေးတွေနဲ့ ရေစီးထဲက ငါးကလေးတွေ၊ ဘေးဝန်းကျင်မှာ ဝန်းရံနေတဲ့ စိမ်းညှို့တောအုပ်နဲ့ အမျိုးစုံလင်တဲ့ သတ္တဝါတွေ။ အခွင့်ကြုံရင်ဖြုတ်ခဏမျှ နီးစပ်ခွင့်ရနေတာဟာ တုနှိုင်းမဲ့ ဆုလာဘ်ရယ်။ ကျွန်မက နေရောင်ရွှန်းလဲ့အောက်မှာ တဖြတ်ဖြတ်လက်နေတဲ့ လှိုင်းကြပ်ခွပ်တွေကိုငေးကာ ဟိုဒီတလွှားတောင်ထိပ်ပေါ်က ထုံးဖြူဖွေးစေတီတွေမှာ ကပ်လှုဖို့ တောရိုင်းပန်းတွေသီမယ်။ မယုံဘူးလား။ မောင်က ပြုံးတဲ့အခါ ကြယ်ကြွေတာကိုလည်း လင်းထင်းလှပစွာ မြင်ရဦးမှာ။ လရိပ်သာမှာ မြစ်ထဲက အရိပ်တွေကို ငေးမောရင်း မောင့်ရဲ့ဆည်းလည်းသံချိုနဲ့ သီချင်းဆိုပြပါကွယ်။ ခင်ဝမ်းရဲ့ ဧရာဝတီ၊ ဆော်လမွန်ငါးတို့အပြန်။ ထူးအိမ်သင်ရဲ့ ရာဇဝင်များရဲ့ သတို့သမီး … ဘာပဲဆိုဆို ဧရာဝတီက သဘောတကျကြည်နူးနေမှာ။ ယုံပါ။ ဂစ်တာတီးကာ မောင်တေးဆိုတဲ့အခါ ဧရာဝတီရဲ့ နောက်ခံသံနဲ့ ပိုချိုလိမ့်မှာမို့ တိမ်ညိုစင်တဲ့နေတွေ့မှာ ကြယ်တွေကိုကြည့်ပြီး ဧရာဝတီအတွက် မောင်က သံစဉ်ရှာပါလေ။
ရေလျဉ်မှာ ငြိမ့်ငြိမ့်ကလေးရွေ့ရတာ ငြိမ်းငွေ့လာရင် စိမ်းမြတောမှာ ရွက်ဖျင်တဲလေးထိုးပြီး အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ကင်စားဖို့ တစ်ခေါက်နားကျတာပေါ့။အရုဏ်ကျင်းတော့ အုံ့မောင်းခေါက်သံနဲ့ နိုးထလာပြီး ရွာရိုးကိုးပေါက်လျှောက်ကြမယ်လေ။ ကံထောက်မလို့ ရွာအလှုနဲ့ ကြုံတဲ့အခါ ချည်ထည်လေးလွှမ်းလို့ ဘုရားကန်တော့မှာ ။ ကျွန်မ သဝန်တိုတတ်လည်း မောင်က ရွာသူချောလေးတွေနဲ့ ရယ်မောကာ ထမင်းလက်ဆုံစားလည်း မငြိုငြင်ပါဘူးကွယ်။

ဝေလီဝေလင်းမှာ ရွာဈေးကို ပတ်ပြီး ဈေးမဆစ်ဘဲ ဝယ်နိုင်အောင် ကျွန်မ ကြိုးစားမယ်။ အညာမှာ မောင်ထန်းရည်သောက်တာ မတားသလို နီးစပ်ရာမှာ လှုဖို့အတွက် ခါးလောက်မြင့်တဲ့စဉ့်အိုးကြီးတွေ ကျွန်မ ဝယ်တာကိုလည်း မငြိုငြင်စေချင်ဘူး။ မောင် တစ်ခါမှ လှည်းမစီးဖူးဘူး မဟုတ်လား။ တိမ်ရိပ်ကျချိန်မှာ လှည်းယဉ်လေးနဲ့ ရွာစဉ်ကူးလို့ နာဖျားနေတဲ့သူတွေဆီ ဆေးအလှုထွက်ကြမယ်။ ပြီးတော့ နေရိပ်သာတဲ့ ညခင်းတွေမှာ တောင်နိမ့်ဖျားတွေမှာ တောရိပ်ထိုးကျနေတဲ့ မြစ်အလှကို စီးလို့ငေးဦးမှာ။ အတွေးတွေတိမ်ဖွဲ့အယက်မှာပင် ဆွံ့ပျံ့ဖွယ်။ ကြည့်ပါဦး မောင်ရယ်။ တောရိုင်းပန်းတွေနဲ့ အလှဆင်ထားတဲ့ ကျွန်မတို့ လှေအိမ်လေးက ဧရာဝတီနဲ့ ဘယ်လောက်ပနံရနေလိမ့်မလဲလေ။

အကြည့်ခံတဲ့ ဧရာဝတီဟာ ကျွန်မတို့ မြေရဲ့ အနုပညာ။ အမေလိုလည်း ကျေးဇူးကြီးကာ သူ့ရင်ခွင်မှာ မှီတွယ်နေတဲ့ သက်ရှိများစွာရယ်။ သူ့ကျေးဇူးကို ဘယ်လိုတုံ့ပြန်ရမလဲလို့ ကျွန်မ ဥာဏ်သေးသေးလေးနဲ့ မတွေးတတ်ပါဘူး။ ဒါပေမယ့် အမြစ်မြဲမယ့် သစ်ပင်ငယ်လေးတွေကို ကမ်းပါးစောက်တစ်လျှောက်မှာ စိုက်ကြည့်ချင်သေးတယ်။ မောင်ကတော့ လက်ခံလိမ့်မယ် မထင်ဘူး။ ကျွန်မ အရူးထတာပဲ ဆိုကာ ရယ်ချည်းပဲ နေဦးမှာ မဟုတ်လား။ ဘယ်သူပြောနိုင်မလဲ ။ နောင်နှစ်ပေါင်းအတန်ကြာရင် အဲဒီအပင်လေးတွေက ဖွဲ့တည်တဲ့ မိုးစက်လေးတွေဟာ ဧရာဝတီထဲ စီးဝင်နိုင်ကောင်းတာ။ဒီလိုနဲ့ ဧရာဝတီဟာ သက်တော်ထောင်ကျော်ရမယ်လေ။

မြတ်နိုးမဆုံးဖြစ်ရပါတဲ့ ဧရာဝတီ။ ဧရာဝတီမှာ ရင်ခွင်ရိပ်မှာ ခဏတာကြည်နူးခွင့်လေးဟာ တသသ တဖွဖွပြောလည်း ဘယ်လိုမှ မပြီးနိုင်ဖြစ်နေတော့မှာ ။ ဒီလိုနဲ့ ရေလွှာငြိမ့်ငြိမ့်မှာ မျောရင်း သစ်အုပ်စိမ်းမြကိုမြင်ပါများလို့ ရိုးအီလာတဲ့အခါမြန်မာတွေရဲ့နှလုံးသား ပုဂံကို ရောက်ပြီလေ။ လှေအိမ်လေးကို အနားပေးလို့ ပန်းအစီအရီပွင့်နေသလို တင့်တယ်ကြည်ညိုအရိပ်ဖြာတဲ့ စေတီအဆူဆူကို အချိန်ယူဖူးကြတာပေါ့။ မြစ်နဲ့အတူလှေ၊စက်ဘီး၊နွားလှည်းနဲ့ ခြေကျင်သာဖြတ်သန်းမယ့် ကျွန်မတို့ ခရီးဟာ ပတ်ဝန်းကျင်မထိခိုက်တဲ့ ခရီးအစစ်ရယ်။ ရှုခင်းသာတဲ့မြစ်ဆုံအထိခရီးဆက်ဖို့လည်း မောင့်ကို ထပ်မံဆွဲဆောင်ဖို့ လိုဦးမယ် မထင်တော့ပါဘူး။ ဧရာဝတီလင်းပိုင်တွေနဲ့ ဆုံတွေဖို့ကို မောင်မျှော်ကိုးလို့ စိတ်အားတက်ကြွနေတော့မှာ။

ပြောရတာ မောပါဘိ တကယ်။ မကြာခင်ပဲ ရွက်လွှင့်လို့ ပန်းချီဆေးရေးထားသလို လှတဲ့ မြစ်ဧရာကမ္ဘာထဲ စီးဝင်ကြရမယ်လေ။ မျက်ကွယ်ပြုထားခံရတဲ့ သီးသန့်အလှတရားတွေရဲ့ မှတ်တမ်းစာအုပ်ကို ကျွန်မတို့ တဖြည်းဖြည်း ဖွင့်ဖတ်အောင်လေ။ နူးညံ့သိမ်မွေ့တဲ့ ဂေဟစနစ်လေး မကျိုးပဲ့အောင် မထိန်းသိမ်းချင်ဘူးလားတဲ့ ။ ဟိုး…မှာ။ မြစ်ကလှမ်ေးခ်ါနေပြီရယ်။ ဧရာဝတီကို ဖက်တွယ်ဖို့ မောင်သဘောတူမယ်ဆိုရင် ခုပဲခြေဦးလှည့်ကြရအောင်နော်။ဟော…ပြောရင်းဆိုရင်း ကြားနေရပြန်ပြီ။ ရေလှိုင်းသံစည်းချက်ညီနဲ့ သာတဲ့တေးရယ်။ …။

 



( ဇွန်လ၊၂၀၁၁ ထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ ပုံနှိပ်ခွင့်ရလို့ ပျော်ရွင်ခဲ့ရပေမယ့် စကားလုံးနဲ့ ဝါကျများပျောက်ရှသွားပါသဖြင့်ကြေကွဲခဲ့ရတဲ့ စာမူလေးပါ။ စာမူလေးကိုနှစ်သိမ့်လိုစိတ်နဲ့  မူရင်းအတိုင်း  ပြန်တင်လိုက်ပါတယ်း)

18 September 2011

“သစ်ခြောက်ပင်တစ္ဆေ သုတေသန”



တစ်ခါတုန်းကပေါ့ လောကကြီးကို စိတ်မဝင်စားတဲ့ သစ်ပင်လေးတစ်ပင်ရှိတယ်။ လွင်ပြင်ကျယ်အလယ်မှာ သီးသန့်တည်နေတဲ့ အပင်ငယ်လေးဟာ လေပြင်းထန်လို့ မုန်တိုင်းကြမ်းလည်း အရေးမထားဘူးတဲ့။ သူဟာ ကောင်းကင်ကို ကြည့်ပြီး ကဗျာစပ်တတ်တယ်။ သစ်ပင်အဖြစ်ကို ငြီးငွေ့လာရင်တော့ တိတ်တိတ်ကလေးငိုတတ်တယ်။ အဝေးကတောအုပ် စိမ်းစုစုကို မျှော်ငေးရင်းလည်း အားကျဝမ်းနည်းနေတတ်တယ်။အဲဒီလို စိတ်ကူးယဉ်တတ်တဲ့ သစ်ပင်လေးပေါ့။

တစ်ခုသော နွေဦးမှာတော့ အလည်လွန်လာတဲ့ တိမ်တစ်အုပ်က သူ့ကို နှုတ်ဆော့ပြီး မိတ်ဆက်လာသတဲ့။ အဖော်ကွဲအထီးကျန်နေတဲ့ သစ်ပင်လေးဟာ ထူးဆန်းတဲ့ သူငယ်ချင်းအသစ်နဲ့ ဆုံခွင့်ရလို့ အံ့သြဝမ်းသာနေတာပေါ့။ ဒါပေမယ့် မိတ်ဆွေဖွဲ့ပြီး မကြာခင်ပဲ တိမ်ကလေးဟာ လွင့်ပါးသွားပြန်တာ။ အဲဒီအချိန်ကစပြီး သစ်ပင်လေးဟာ နေကိုကျောခိုင်းပြီး တိမ်ပြေးလမ်းကိုပဲ ကြည့်နေသတဲ့။ အစက်ငယ်အဖြစ်မှုန်ဝါးသွားလဲ သူဟာ တိမ်လေးကို မှတ်မိနေတယ်။ ပြီးတော့ သူ့သူငယ်ချင်း တိမ်ကလေးဟာ တခြားတိမ်တွေနဲ့ မတူဘူး။ နာမည်ဆန်းနဲ့ ထည်ဝါတဲ့တိမ်ကလေးလို့ ဝံ့ကြွားပြောဆိုတတ်တယ်။ အနီးကိုင်းတောထဲက ပန်းပင်ငယ်လေးတွေက မယုံသင်္ကာနဲ့ မျက်မှောင်ကြုံ့ကြတာပေါ့။ ပြီးတော့ အဲဒီတိမ်ကလေး လွင့်ကွယ်သွားပါပြီလို့ ပြန်ငြင်းကြတယ်တဲ့။ 

ဒီလို စကားစစ်ထိုးနေဆဲမှာ အံ့သြစရာကောင်းလောက်အောင် အဲဒီတိမ်လေးဟာ အနားကိုပြန်ရောက်လာပြန်တာ။ တိမ်ဟာ သူ့ရဲ့ ကြီးကျယ်တဲ့ခရီးလမ်းကို ပြောပြတော့ သစ်ပင်လေးဟာ မှင်သက်သဘောကျနေတာပေါ့။  ဒါပေမယ့် ပန်းပင်ငယ်လေးတွေကတော့ ကဲ့ရဲ့ကြတယ်လေ။ “အဲဒီတိမ်က အမျိုးမျိုးပြောင်းလဲနေတာ။စိတ်ပျက်စရာကောင်းလိုက်တာ” လို့ ဆိုကြလေရဲ့။

သစ်ပင်လေးကတော့ မကြားယောင်ဆောင်ကာ ပြုံးရယ်နေတာပေါ့။ “တိမ်ပန်းချီရေးနေတာ ဘယ်လောက်လှလိုက်လဲ ကြည့်ပါဦး။တိမ်လေးဆီမှာ ရောင်သွယ်မျိုးစုံ ကွန့်မြူးနေတယ်။ သဏ္ဌာန်အမျိုးမျိုးဖြစ်အောင်လည်း ဖန်ဆင်းတတ်တယ်။  ဟော ခုတောင် သစ်ပင်ပုံလေး ဖြစ်ပြန်ပြီ” ဆိုပြီး သဘောကျနေတယ်တဲ့။ အမှားတွေချည်းပဲတဲ့လား။ သစ်ပင်ပဲလေ။ ဘယ်မှာ ဦးနှောက်ရှိပါ့မလဲ။ တိမ်ပြောသမျှ ပုံပြင်တွေကို ယုံကြည်စွဲလမ်းနေတာရယ်။ သူငယ်ချင်းရယ်ပြောသမျှ ယုံစားတတ်တဲ့ သစ်ပင်လေးပါ။ ဒါဖြင့် ခံစားချက်ရှိသလားတဲ့လား။ ဟင့်အင်း။ သစ်ပင်ရယ်လေ။ နှလုံးသားလည်း မရှိပါဘူး။ တိမ်ကလေး တဖန်လွင့်ပါးသွားပြန်လည်း သူဟာ စွဲငြိစိတ်ကင်းကင်းနဲ့ ကျန်ခဲ့တာပါပဲ။ 

ဒီလိုနဲ့ ဝေးလိုက်နီးလိုက်တိမ်ကလေးဟာ တဖြည်းဖြည်း အသွင်ပြောင်းလာတာ။ ညိုညိုမည်းမည်းနဲ့ ကြောက်စရာကြီးလို့ ငှက်ငယ်လေးတွေက ပြောကြပေမယ့် သစ်ပင်လေးကတော့  တိမ်ကလေးတည်ငြိမ်လာပြီလို့ ထင်နေလေရဲ့။  “ငါဟာ မင်းရှင်သန်ဖို့ မိုးအဖြစ်ရွာမယ့် ရေခိုးရေငွေ့တွေ သယ်ဆောင်ထားတယ်လေ ” လို့  တိမ်ကလေးက နာပျော်ဖွယ်စကားနဲ့ ဖြားယောင်းတော့လည်း သစ်ပင်လေးက ကျေးဇူးတွေ တင်နေတာပေါ့။ မိတ်ဆွေတွေဆိုတာ ယုံကြည်မှုခိုင်မြဲကြတယ် မဟုတ်လား။ 

တိမ်ကလေးက ငှက်ကလေးတွေနဲ့အပြိုင် သီချင်းလည်း ဆိုတတ်သေးတယ်။ သိပ်သာယာတာပဲ လို့ သစ်ပင်လေးက တဖွဖွချီးကျူးနေတော့ အနားက မနေနိုင်ရှာတဲ့ အပင်အိုကြီးက အဲဒါ မိုးခြိမ်းနေတာလို့ ရှင်းပြရှာတယ်။ ပြီးတော့ စေတနာကောင်းနဲ့ ဆိုဆုံးမသေးတာက  အဲဒီတိမ်ဟာ ပြူစားတတ်တဲ့ တိမ်ပါတဲ့။နောက်ဆို သူက မိုးခါးရေတွေ ရွာချတော့မယ်။ အဲဒီအခါ ရေသောက်မြစ်ထဲ မစီးဝင်အောင် ဂရုစိုက်နေလို့ သတိပေးပါရဲ့။ဖျောင်းဖျနားချပါသတဲ့။

သစ်ပင်လေးက ဒီစကားကို ယုံမယ်ထင်သလား။ "ယုတ္တိမရှိလိုက်တာ"လို့ ပြန်ပြောတာပေါ့။ တိမ်စကားမှန်သမျှကလွဲရင် ကျန်သူဆိုသမျှကို နားမဝင်နိုင်တဲ့ သစ်ပင်ကလေးရယ်လေ။ သစ်ပင်ကလေး မိုက်သတဲ့လား။ သူငယ်ချင်းဆိုတာ ရန်ပြုမယ့်သူမှ မဟုတ်ဘဲလေနော်။ မိုးအဦးအစရွာတော့ သစ်ပင်လေးဟာ အပျော်ကြီးပျော်နေတာပေါ့။ သစ်ပင်အိုကြီးကတော့ သစ်ပင်ကလေး ရူးသွားရှာပြီလို့ ပြောတယ်တဲ့။ သစ်ပင်လေးက လက်မခံဘူး။ ခါးခါးသီးသီး ပြန်ငြင်းတာ ။ သူဟာ အားလုံးကို အရင်လို သိနေတာပါရယ်လို့ အချက်အလက်တွေ စုဆောင်းတုန့်ပြန်ရင်းပေါ့။ ဒါပေမယ့် အနားက ငှက်ငယ်လေးတွေကအစ သူ့စကားကို နားမဝင်တော့ဘူးရယ်။ ဒီလိုနဲ့  တိမ်ကလေးကြောင့် မိုးတွေ သည်းသည်းမည်းမည်းရွာတဲ့အခါ ရောက်လာခဲ့တာ။

သစ်ပင်လေးဟာ ရွက်နုတွေဖြာရတော့မယ်ဆိုပြီး ကြည်နူးနေခဲ့တာပေါ့။ ဒါပေမယ့် စိတ်ကူးအိပ်မက်ဆိုတာ နမိတ်မဟုတ်ပါဘူး။ တကယ်အဖြစ်မှန်ကတော့ သစ်ပင်လေး မိုးကြိုးပစ်ခံခဲ့ရတာ။ တိမ်ကလေးဆီက ဖြာကျလာတဲ့ လျှပ်စီးတွေလေ။ ပင်စည်အခက်အလက်တွေ လွင့်စင်ပေါက်ကွဲသွားပြီး သေလုမတတ်နာကျင်ခံစားခဲ့ရတဲ့ သစ်ပင်ကလေးရယ်။ မိုးစဲပြီးနောက်မှာတော့ သစ်ပင်လေးရဲ့ ရွက်နုသစ်ကလေးတွေ ပြာကျမြေခသွားတယ်။  ရင်တွင်းပင်စည်ဟာ အက်ကွဲသွားပြီး ပူလောင်လွန်းလို့ မီးခိုးတအူအူထွက်လာတယ်။ စိမ်းလဲ့ဖြာနေတဲ့ သစ်ကိုင်းတွေဟာ ရုတ်ချည်းမည်းခြောက်သွားကြတယ်။ ဒါကြောင့် လှတဲ့ပန်းတွေနဲ့ မမွှေးပျံ့နိုင်တော့ဘဲ ညှိုးရော်ချိနဲ့သွားတဲ့ သစ်ပင်ကလေးရယ်မို့  သစ်ခြောက်ပင်လို့ ဖြတ်သွားဖြတ်လာလူတွေက သမုတ်ကြလေတာ။

photo credit:Thevisualizejoe

အဲဒီချိန်ကစပြီး ရွာနီးချုပ်စပ်က လူတွေက “ဒီသစ်ပင်မှာ အပမှီနေတယ်။ ညမိုးချုပ်ဆို အဲဒီသစ်ပင်အနားဖြတ်မသွားကြနဲ့” လို့ အချင်ချင်းစကားလက်ဆင့်ကမ်းကြပြီး အဝေးက ရှောင်ရှားသွားကြတယ်တဲ့။ မဟုတ်ရပါဘူး။ သူဟာ ပျောက်ကွယ်သွားတဲ့ တိမ်ကလေးကို တမ်းတမ်းတတ အော်ခေါ်နေခြင်းသာ ဖြစ်ပါတယ်။ လူတွေ အထင်မှားနေတာက အဲဒါ သရဲခြောက်တာတဲ့။ တစ္ဆေခ်ါသံတဲ့။ သစ်ပင်လေးက ဝမ်းနည်းစိတ်မကောင်းလွန်းလို့ ငိုရှာတယ်။ အနားက သစ်ပင်အိုကြီးနဲ့ အပင်ငယ်လေးတွေကလည်း သူ့ကို စိတ်မနှံ့တဲ့အပင်ဆိုပြီး လျစ်လျူရှုပစ်ပယ်ကြတယ်လေ။

ဘာပဲဖြစ်ဖြစ် အသက်ပြင်းတဲ့ သစ်ပင်ကလေး မသေသေးပါဘူး။ ဒါပေမယ့် သစ်ပင်အိုကြီး သတ်မှတ်သလို သစ်ပင်ကလေးစိတ်ဖောက်ပြန်သွားခဲ့လေသလား။ ဘုရားမှ သိမှာပါပဲ။ သစ်ပင်လေးက အကျည်းတန်လွန်းတဲ့ သူ့သေရာပါဒဏ်ရာကို ဖုံးကွယ်လို့ သူ့သူငယ်ချင်းက သူ့ကို မိုးကြိုးသွား လက်ဆောင်ပေးခဲ့တာပါလို့ အခွင့်ရတိုင်း ဝံ့ကြွားပြောရှာတာ။ ပြီးတော့ ကွယ်လွင့်သွားတဲ့ သူငယ်ချင်းကို သတိရတဲ့အခါတိုင်း တိမ်အလင်္ကာကို ဖွဲ့နွဲ့နေတတ်တာ။ တကယ်ပါ။ မဖြစ်နိုင်ဘူးလို့ မငြင်းပါနဲ့။ မကောင်းဆိုးဝါး ရှိနေတယ်ဆိုတဲ့ သစ်ခြောက်ပင်ကလေး သတင်းကြားရင် ကျေးဇူးပြုပြီး သွားရောက်လေ့လာစေချင်ပါတယ်။ ကောလဟာလတွေရယ်ပါ။ အလွမ်းစကား ညည်းတတ်တဲ့ သစ်ပင်စင်စစ်သာ ဖြစ်ပါတယ်။ ဒါကြောင့် သစ်ခြောက်ပင်လေးရဲ့ ရင်ကွဲတေးကို နားဆင်ပြီးမှ အမှန်တရားကို ဆုံးဖြတ်ပေးစေချင်ပါတယ်။…။

မယ်ကိုး