02 January 2011

“ကမ္ဘာသစ်ကို တောင့်တသော”


သူတကာတွေ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း တောင်းနေကြသည်ကို မျက်ခြေမပြတ် ပျော်ချင်ယောင်ဆောင်လည်း ဘာကိုမှ ကြိုတင်မယုံရဲခြင်းမှာ အသားကျနေခဲ့ပြီ။

အိပ်မက်အဟောင်းတွေကို ၂၀၁၀ မှာ ခေါက်သိမ်းထားသင့်ခဲ့ပြီ။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ရမှုတွေလည်း အပ်ကြောင်းထပ်ခဲ့ပြီမို့ လေလှိုင်းစာဖတ်ခြင်း၊ စာရေးခြင်း နဲ့ ဒီစာမျက်နှာအပါအဝင်…မြတ်နိုးတွယ်တာသမျှကိုလည်း မီးရှို့ပစ်လိုက်ချင်လည်း ….. စွဲလမ်းမှုက မခမ်းသေး... ခက်တယ်။

သံယောဇဉ်တွေကို မလျှော့နိုင်တော့ အိပ်မက်တွေလည်း ဆက်မက်နေသေးတာ။ နှစ်သစ်ကိုပင် ကျော်ကာ ကမ္ဘာသစ်ကိုပင် စိတ်ကူးယဉ်ကာ …။ ရယ်စရာ။

ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ်တစ်လုံး (Gliese581g) တွေ့ပြီဆိုတဲ့ သတင်းကတော့ ကြာခဲ့ပြီ။ ကမ္ဘာနှင့် ဆွဲငင်အားခြင်းတူသလို ရေကိုတွေ့ကာ နေထိုင်နိုင်သော အပူချိန်လည်း ထိုဂြိုဟ်တစ်ဖက်ခြမ်းမှာ ဖြစ်တည်သည်မို့ သတ္တဝါတွေ ရှင်သန်လို့ ရသည်တဲ့။


နောက်တစ်ခါ ထိုဂြိုဟ်ဆီက အလင်းရောင်လိုလိုပင် တွေ့ရသည်ဟု ဟောလဟာလကြားသလို ဂြိုဟ်သားတွေ ရေဒီယိုလှိုင်းနဲ့ ဆက်သွယ်လာတဲ့အခါ ပြန်ကြားဖို့ UN က အာကာသဆိုင်ရာရုံး (Office of Outer Space Affairs or United Nations Office for Outer Space Affairs (UNOOSA) ထားကာ အာကာသသံတမန် (Space Ambassador ) ဆိုတာကိုပင် Mazlan Othman ဆိုတဲ့ အမျိုးသမီးကိုပင် လျာထားထယ် ဆိုလေရဲ့။

အမှန်ဆိုရရင်ဖြင့် သက်ရှိတွေဆိုတာ ဒါဝင် (Charles Darwin)ရဲ့ Survival of Fittest or Adaptability Theory , Evolution Theory တွေအတိုင်း တစစ အဆင့်ဆင့်ပြောင်းလဲဖြစ်တည်လာတာလို့ လက်ခံထားသော ကျွန်မအတွက် ထိုဂြိုဟ်မှာ သက်ရှိတွေ ဘယ်အဆင့်ရောက်နေပြီလဲ။ လူအဖြစ်ကို ရောက်နေပြီလား။ လူအဖြစ်ထက်ကျော်နေပြီးလားလို့ စူးစမ်းချင်တာသာ။


တကယ်လို့ လူအဆင့်သို့ ရောက်နေပြီ ဆိုရင် အမျိုးမျိုးသော ဘာသာတရားတွေရှိနေပြီလား။ အသားအရောင်ခွဲခြားမှုတွေ ရှိလား။ လူမျိုးရေးခွဲခြားမှုတွေ ရှိလား။ ယောက်ျားမိန်းမခွဲခြားကာ နှိမ့်ချဆက်ဆံမှုတွေ ရှိလား ။ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေရှိလား။အာဏာရှင်စနစ်နဲ့ လူသားအချင်းချင်း ဖိနှိပ်ချုပ်ချယ် ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိလား။ ကြောက်စရာ လူသတ်လက်နက်တွေနဲ့ စစ်တွေရော ဖြစ်နေလား လို့ သိချင်ရဲ့။

စကြ၀ဠာအကျယ်ကြီးထဲမှာ သက်ရှိတွေ အတူငြိမ်းချမ်းပျော်ရွှင်စွာ ရှင်သန်နိုင်သည့် တစ်နေရာ ရှိမှာပါလို့လည်း မျှော်လင့်ချင်သေးတာ။ ကျွန်မ သိပ်စိတ်ကူးယဉ်တတ်သူပါပဲ။




7 comments:

မောင်ဘကြိုင် said...

မင်္ဂလာရှိတဲ့ နှစ်သစ် ၂၀၁၁ မှာ မမယ်ကိုးတစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ....

Anonymous said...

အဲ့လိုနေရာသာရှိရင်တော့ အစောဆုံးသွားနိုင်အောင် ပိုက်ဆံစုထားဦးမှ ;D

>>>
Craton

မိုးယံ said...

(ရိုးရိုးသားသားပဲ မရှင်းတာကို စူးစမ်းမိတာပါ)

ဆရာတော်ဦးဇောတိက ပုံနဲ့ စာအုပ်နံမည်ကိုလဲ မြင်ရတော့ ဗုဒ္ဓဘာသ၀င်လို့ အစ်မကို မှတ်ယူပါသည်။

ဒါဝင်သီအိုရီကို လဲ လက်ခံတယ်ဆိုတော့ စဉ်းစားမိပါသည်။

ဒါတွေက သိပ်တော့အရေးကြီးလှတယ်လဲ မမြင်မိပါ.. ဆန္ဒပြုချင်တာက အစ်မတစ်ယောက် စာကောင်းတွေဒီထက် ဆက်ရေးနိုင်ပါစေ.. ငြိမ်းချမ်းပျော်ရွှင်ပါစေ ခင်ဗျာ


ရောက်ဖြစ်ပေမယ့် မမန့်ဖြစ်ဖူးလေ။

မယ်ကိုး said...

ဟုတ်ကဲ့ ကိုမိုးယံရှင့် ကျွန်မက ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်။ ဒါဝင်ရဲ့ သီအိုရီကိုလည်း လက်ခံပါတယ်။

ကိုမိုးယံလည်း သိလိမ့်မယ် ထင်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ သံသရာအစ၊လူသားအစကို မဟောခဲ့ပါဘူး။ အကျိုးမရှိတဲ့ မေးခွန်းလို့ ဆိုပါတယ်။ အဆုံးသတ်ဖြစ်တဲ့ နိဗ္ဗာန်ကိုပဲ ဟောထားပါတယ်။

ဟုတ်ကဲ့။ နောက်ထပ် ဒါဝင်ရဲ့ အယူ၊ တခြားဘာသာတရားတွေနဲ့ ပက်သက်ပြီး မေးလာရင်တော့ ကျွန်မ ရှောင်ပါမယ်ရှင်။ ကျွန်မ သိပ်ကြောက်တတ်ပါတယ် :P

ကိုမိုးယံလည်း ငြိမ်းချမ်းပျော်ရွှင်ပါစေ။

ညီမလေး said...

နှလုံးသားလဲရှိ၊ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်ရှိတာတောင် လူသားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကတော့ အံ့မခန်းပဲ မယ်ရယ် .. အိပ်မက်တွေဖြစ်ကောင်းဖြစ်ပေမဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တာကတော့ ရင်ထဲက ဆန္ဒအမှန်ပါ ။။

နှင်းဟေမာ said...

မမကိုးရေ
ကမ္ဘာသစ်မှာသာ ခြေချခွင့်ရမယ်ဆိုရင်တော့ နှင်းလဲ ပြောင်းနေလို့ရရင် နေချင်တယ်
အားလုံးရဲ့အဝေးကို ......း)

TNS said...

ကျနော့်ဆိုက်လေးကို ရောက်လာတာ၊ လာလည်တာ၊ကွန်မန့် ရေးပေးခဲ့ တာ အားလုံးအတွက် ကျေးဇူးတင်မိတယ်..။ နောက် အံ့သြတာ..
ကျနော်ကလဲ မယ်ကိုးဆီ တခါမှ မရောက်ဘူးပါဘူး..
ဘ၀ချင်းဆင်တူတယ် ဆိုတဲ့ စကားလေးက နက်နဲပါတယ်..ကိုယ်ချင်းစာမိတယ်..။
အခု မယ်ကိုးစာတွေဖတ်ကြည့်တဲ့ အခါ စာရေးအားကောင်းတယ်.ဖွဲ့ နွဲ့ အားကောင်းတယ်..စကားလုံးသစ်တွေသုံးတာ လှတယ်..။
ကျနော့်ဆီမှာ လင့်ခ်ချိတ်ထားချင်ပါတယ်..ခွင့်ပြုပါ..။
နောက်လဲ စာအမြဲလာဖတ်ပါဦးမယ်..။
ကျနော်ကတော့ ဝေးဝေးကို မမျှော်မှန်းပါဘူး...
ခင်မင်ကြင်နာတတ်တဲ့ မိတ်ဆွေ အသစ်တွေတိုင်းဟာ ကျနော့်ရဲ့ ကမ္ဘာသစ်တွေပါဘဲ..။