အရှင်လတ်လတ် မီးသဂြုင်္ိဟ်ခံလိုက်ရပြီး ဘဝပြောင်းသွားခဲ့တဲ့ တစ္ဆေရယ်ပါ။
ကြံကြီးစည်ရာတဲ့လား။ မအပ်မရာကို လုပ်ကြံပြီး မဆိုပါဘူး။ ဖြစ်ရပ်မှန်ရယ်လေ။
အဲဒီနောက်တော့ ပိုင်းခြားဆင်ခြင်ဥာဏ်မဲ့တဲ့ တစ္ဆေဟာ သတ်သူရဲ့ နောက်သို့
တကောက်ကောက်လိုက်လေတာ။ ကလဲ့စားချေဖို့ မဟုတ်ပါဘူး။
သတ်သူဟာ
နောက်ဘဝရှိတယ်ဆိုတာမယုံသူမို့ တစ္ဆေဟာ ခုသေပြီးနောက်
ပြိတ္တာဖြစ်နေပါတယ်လို့ သက်သေပြချင်လို့တဲ့လေ။ ဒါပေမယ့် သရဲနဲ့လူဟာ
ဘဝချင်းခြားသွားပါပြီတဲ့။ တစ္ဆေမှာ တန်ခိုးဣဒ္မိပါဒ် မရှိပါဘူး။
အရိပ်အခြည်ကို နားလည်နိုင်တဲ့ အမြော်အမြင်လည်း မပိုင်ဆိုင်ပါဘူး။
သူ့အရိပ်လေးနောက်ကို ခြေဖဝါးထပ်လိုက်ရင်း အသံလည်း မပြုနိုင်။ စကားလည်း
မဆိုနိုင်။ ဆွံ့အကာ ငေးကြည့်ရင်း ငိုလို့ချည်းပဲ နေတာပေါ့။
မဖြစ်နိုင်ဘူးတဲ့လား။
တစ္ဆေမှာ
ရွေ့လျားနိုင်တဲ့ ရုပ်ခန္ဓာရှိပါတယ်။ သူ့အရိပ်လေးကို မြင်တိုင်း
စူးရှနာကျင်တတ်တဲ့ နှလုံးသားရှိတယ်။ ဖွင့်ဟမဆိုနိုင်တိုင်း
ဒရောသောပါးကျလာတဲ့ မျက်ရည်တွေလည်း ရှိတယ်။ တစ္ဆေမှာ ခံစားတတ်တဲ့ နာမ်လည်း
ဖြစ်တည်နေပါတယ်။ သူ့အပြုံးကို တွေ့လေတိုင်း ကြည်နူးခြင်းတွေဖြစ်တယ်။ သူ
လျစ်လျူရှုကာ ဥပေက္ခာပြုထားတိုင်း နှိပ်စက်ပြင်းထန်တဲ့ ဝေဒနာတွေလည်း
ဖြစ်တတ်တယ်။
တစ္ဆေဟာ ကျွတ်နိုင်ခဲပြီပဲ။ တစ္ဆေရဲ့ ခဲဖွယ်အာဟာရကတော့ အလွမ်းတွေချည်း ရယ်လေ။
ဟုတ်ပါတယ်။တစ္ဆေဆိုတာ
လူကို မစွဲလမ်းသင့်ပါဘူး။ဒါပေမယ့် မေတ္တာဆိုတာ ပေးပြီးရင် လွယ်လွယ်ကူကူ
ပြန်နှုတ်ယူလို့ ရကောင်းပါသလား။ အိပ်မက်လမ်းဟာ ခလုတ်ဆူးငြောင့်တွေ ထူပေမယ့်
တစ္ဆေဟာ အလျှော့မပေးချင်ဘူး။ချစ်ခြင်းဟာ စွမ်းအင်တစ်ခု ဖြစ်တယ်။ စွမ်းအင်ဟာ
အသွင်သဏ္ဌာန် အမျိုးမျိုး ပြောင်းလဲဖြစ်တည်နိုင်တယ်။ စွမ်းအင်ဆိုတာ
ကျေပျက်သွားခြင်းမှ မရှိတာလေ။ တစ်နေ့မှာတော့မျှော်လင့်ချက်တွေ
ရုပ်လုံးတည်လာမယ်ပေါ့။ ဒီလိုပဲ တစ္ဆေဟာ တယူသန်စွဲနေတယ်။
တစ္ဆေဟာ
ယုတ္တိဗေဒနည်းတွေကို နားမလည်ပါဘူး။ ဗျူဟာပရိယာယ်တွေကို မတတ်မြောက်ပါဘူး။
ဖြားယောင်းတန်ဆာဆင်မှုတွေကို မကျွမ်းကျင်ပါဘူး။ သူ့ကို အပြစ်ကင်းတဲ့
ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်စေချင်တာပဲ သိပါတယ်။ ဒါပေမယ့် တစ္ဆေမှာ
ပြုပြင်ဖန်တီးနိုင်တဲ့ ဘုန်းကံမှ မရှိဘဲလေ။
“စိတ်မကောင်းပါဘူးကွယ်”
မျက်ရည်စက်လက်
ခေါင်းငိုက်စိုက်နဲ့ တစ္ဆေဟာ အရပ်တကာလှည့်ရင်း သူ့အတွက် ဆုတောင်းပါတယ်။
တစ္ဆေဟာ တစ္ဆေဖြစ်ကြောင်း ထောက်ခံချက်တောင်းပါတယ်။ အာဏာတန်ခိုးရှိတဲ့
နတ်အပေါင်းကို တိုင်တည်ပါတယ်။ ဒီတောင်းပန်စကားဟာ ပဲ့တင်ထပ်လာတော့
စပ်စုလိုတဲ့ နာနာဘဝဘုံအဆင့်ဆင့်က သတ္တဝါတွေက ဘာအတွက်လဲလို့ မေးကြလေရဲ့။
“သူက
တစ္ဆေဆိုတာ ရှိရင် ပြတိုက်ထဲ ထည့်ပြီး ပြစားမလို့တဲ့” ။ ကြားသူတွေက
ရယ်ကြတယ်။“သိပ်မိုက်မဲတဲ့ သရဲပဲ” လို့ စကားတင်းဆို လှောင်ပြောင်ကြတယ်။
ကိုယ်ချင်းစာတရား ခေါင်းပါးကြတဲ့ လောကကြီးပဲနော်။ တစ္ဆေဟာ သဘာဝဥပဒေတွေကို
ကဏ္ဋကောစမလုပ်ချင်ပါဘူး။ ဒါပေမယ့် မငြိမ်းချမ်းနိုင်သူရယ်လေ။
ဒီလိုနဲ့
အချိန်တွေ ပြတ်ရွေ့ပြီးနောက်မှာ တစ္ဆေဟာ သူ့အရိပ်ကလေးကို
ထပ်မံမငေးနိုင်တော့ပါဘူး။ ကျင့်ဝတ်စည်း အသွယ်သွယ်နဲ့ တစ္ဆေကို
ချုပ်တည်းလိုက်ကြပြီ။ အတတ်ပညာအမျိုးမျိုးနဲ့ တစ္ဆေရဲ့ ခြေလှမ်းတွေကို
ကျပ်စည်းလိုက်ကြပါပြီ။
ကမ္မဝါစာ အကြိမ်ကြိမ်ဖတ်လို့ တစ္ဆေကို
သူ့အဝေးဆီ နှင်ထုတ်လိုက်ပြီလေ။ “သရဲမွေးတယ်လို့ အပြောမခံနိုင်ဘူး” တဲ့။
သူက ဆိုသေးတယ်။ ကိုယ့်ထိုက်နှင့် ကိုယ့်ကံ ဆိုကာ တစ္ဆေကို နှောင်ဖွဲ့
အကျဉ်းချလိုက်ပြီပေါ့။ နောက်ဆုံးတော့ ခွန်အားချို့နဲ့နေတဲ့ တစ္ဆေဟာ
စံမြန်းရမယ့် မြေပုံလေးမှာ ငိုလို့ချည်းနေပါတယ်။
ဒါပေမယ့်
ငိုလို့ ဝလာရင်တော့ ကျောက်တိုင်မှာ ကမ္ပည်းထိုးထားတဲ့ စာသားကို
မကျေချမ်းနိုင်ပြန်ဘူး။ “အသဲကွဲလို့ သေသွားသူ”တဲ့။ တနုံ့နုံ့အတွေးတွေနဲ့
ပူလောင်လွန်းတဲ့ တစ္ဆေရယ်ပါ။ အသဲကွဲတယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေသာ
ဖြစ်ကြတဲ့ ဓလေ့ပဲ။ ငါ့အချစ်က သိပ်မြင့်မြတ်တာ လို့ မပြီးနိုင် မစီးနိုင်
ရေရွတ်နေတတ်တယ်။
သိပ်ရယ်စရာကောင်းတဲ့ တစ္ဆေပဲနော်။ ကိုယ့်အခြေအနေကိုလည်း မသိတတ်၊
ကိုယ့်ဘဝကိုယ်တောင် နားမလည်တဲ့ တစ္ဆေပဲရယ်။ ဒီတစ္ဆေအဖြစ်ကို
မယုံကြည်ဘူးဆိုရင်တောင် မျက်နှာမလွှဲလိုက်ပါနဲ့။ ရုပ်ရှင်ရိုက်စက်နဲ့
မှတ်တမ်းတင်နိုင်သလို အချိန်ကြာကြာလည်း သုတသေနပြုလေ့လာနိုင်ပါတယ်။
အဲဒီနောက်မှာတော့ ဒီစာရေးနေတဲ့ ကျွန်မဟာ တစ္ဆေတစ်ကောင်ဖြစ်တယ်ဆိုတာ ယုံကြည်နိုင်ကောင်းပါရဲ့။ ။
artist: Jeff Thomas (aka Azuzephre)
(စာကြွင်း၊လူကလေးအယ်ကို ပြောစေချင်တဲ့ ဒီဇင်ဘာ ပုံပြင်ပါ။ ကံအကြောင်းမလှဘဲ နှစ်ကူးပုံပြင် ဖြစ်သွားပါတယ်း)

16 comments:
အသဲကွဲတယ်ဆိုတာ တကိုယ်ကောင်းဆန်သူတွေသာ ဖြစ်ကြသတဲ့လား.. တစ္ဆေရဲ့အချစ်က မြင့်မြတ်ခဲ့တယ်..
တွေးစရာကောင်းတဲ့ စာလှလှလေး
သနားစရာ တစ္စေလေးပါ၊
ရေးထားတာချစ်စရာ
ခင်မင်လေးစားလျှက်
ကိုဇော်ရှင့်...
တကူးတက ဝေဖန်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
၏ ၊ သည် တောင်မှ မကွဲတဲ့ စာရေးသူဆိုတာတော့ ကျွန်မ နားမလည်ပါဘူး။ ကျွန်မက စာကို စကားပြောပုံစံနဲ့ပဲ ရေးပါတယ်။ စကားပြေနဲ့ မရေးပါဘူး။ဒါကျွန်မရဲ့ ဟန်ပါ။
ကျေးဇူးတင်ပါတယ်။
အလွမ်းတွေကိုချည်း စားသုံးတဲ့ တစ္ဆေတော့ မဖြစ်ချင်ဘူးမယ်ရယ် .....
မကိုး
အသဲကွဲလို့ သေသွားသူက အရိပ်ကလေးပြချင်ပေမယ့်
“ သရဲမွေးတယ်လို့ အပြောမခံနိုင်သူ”ကို
ခြောက်ပြဘို့ ထက်ဆိုးတာက..
ကိုယ်ကိုယ်တိုင်ပင်ပန်းနေရတာဟာ..
အချစ်တစ္ဆေခြောက်ခံနေရလို့ ဖြစ်ပါလိမ့် မယ်..။
ကိုယ့်ကို ပြန်ခြောက်နေတတ်တဲ့ အချစ်တစ္ဆေကိုသာ
ကျပ်စည်းပြီး မံမီအဖြစ်နဲ့ မြှုပ်နှံလိုက်ပါ....။
ကျိန်စာကင်းပြီး..
အသဲကွဲလို့ သေသွားသူဟာ
ဘ၀အသစ် ၊အသက်အသစ်နဲ့ ရှင်ပြန်လူးလွန့် လာလိမ့်မယ်..။
ဟောဗျာ . . .
ညနေက သူငယ်ချင်းကို စက်ပေးထားခဲ့တာ . .
သူက လျှောက်ဖတ်ပြီး ရေးသွားခဲ့တာပါ။
ရုတ်တရက် ကိစ္စပေါ်လာလို့ ထွက်သွားတော့ အကောင့် မထွက်သွားမိဘူး။
အခုမှ သူက ပြောလို့ လာကြည့်တာ...
သူက နောက်ပြီး ရေးသွားတာတဲ့...
ဆောရီးပဲ ...ကျနော် ဒီလိုတွေ မရေးတတ်ဘူး။
အားနာပြီး စက်ပေးသုံးမိတာ ခဏခဏပဲဗျာ။
( ကျနော့်နေရာမှာလည်း Reply တွေ ရေးထားသေးတယ်။ )
"" သူ့အရိပ်လေးမြင်တိုင်း စူးရှနာကျင်တတ်တဲ့နှလုံးသားရှိတယ်။ဖွင့်ဟမဆိုနိုင်တိုင်းဒရောသောပါးကျလာတတ်တဲ့မျက်ရည် တွေရှိတယ်"" ......အရမ်းကြိုက် တယ် မမရေ
မယ်ရဲ့ စာလေးတွေ ဖတ်ရတာ ခံစားမှုတစ်မျိုးလေးပေးစွမ်းစေတယ်..
ဒါကြောင့်လည်း အချိန်ရတိုင်း လာဖတ်ဖြစ်တယ်..
သူ မတူတဲ့ ရေးဟန်လေးတွေက ဆန်းသစ်မှုတစ်မျိုးပေးတာကြောင့် သဘောကျမိတယ်..
အင်း ကိုယ်တွေလဲ တစ္ဆောတစ်ကောင် ဖြစ်နေမယ် ထင်ပါရဲ့ မယ်ရယ်..
ဘယ်သူကမှ အချစ်ဆိုတာ မလွတ်ကင်းနိုင်ဘူးလေနော်..
သူ့အရိပ်လေးကိုမြင်တိုင်း စူးရှနာကျင်တတ်တဲ့ နှလုံးသားရှိတယ်
ဖွင့်ဟမဆိုနိုင်တိုင်း ဒရောသောပါးကျလာတဲ့ မျက်ရည်တွေလည်းရှိတယ် .....
တစ္ဆေတစ်ကောင်ရဲ့ ဖြစ်တည်မှုဟာ ကြေကွဲစရာ နာကျင်စရာတွေနဲ့ပဲ ရှင်သန်နေခဲ့ရတာ ......
သတ်သူကတော့ ရယ်စရာကောင်းတဲ့တစ္ဆေတစ်ကောင်ရယ်လို့ ပျက်ရယ်ပြုမှာပါပဲလေ ...
မမကိုးရေ ရင်ကိုပြင်းပြင်းရှရှထိတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါပဲ
စကားလုံးတိုင်းကတော့ မယ်ကိုးရဲ့ ဟန်နဲ့ ပြောင်မြောက်နေတော့တာပဲ
အမြဲအားပေးလျှက်
တိုက်ရိုက်ဖြဲချောက်တဲ့ တစ္ဆေတစ်ကောင် ရင်ဘတ်မှာ ခွာထုတ်လို့မရတော့ဘူး
သနားပါတယ်နော်..
"မယ်"ကသိပ်ပုံပြောကောင်းတာပဲ..
ဘွားဘွားရေ ... ကျေးဇူး ...ကျေးဇူး ကမ္ဘာ ...
.....
လေးစားလျက်
လူကလေး။
စာရေးသိပ်ကောင်းတဲ့သူငယ်ချင်းလေးမယ်ရေ
နေကောင်းရဲ့လား။
မတွေ့တာကြာပြီ ။
တွေ့နိုင်တဲ့နေရာမှာ ခြေရာပျောက်သွားတယ် ။
နေမှကောင်းရဲ့လား
ပျော်ရွှင်ပါစေ....
ချစ်တဲ့
KPP
:)
ဝ နေသူအပြစ် ဆိုတဲ့ ခေါင်းစဉ်ကတစ်ဆင့် ဆိုက်ဒ်တစ်ခုလုံး ဗြောင်းဆန်အောင် ဖတ်သွားပါတယ်။စာရေးတဲ့ type စတိုင်လ်ကို သဘောကျတယ်..။ အားရင်လာလည်ပေါ့နော် ..ဖိတ်ခေါ်ပါတယ်...http://moeyateko.blogspot.com ကပါ ။
Post a Comment