27 March 2011

နှစ်ကိုယ်ကြားစကား


စိတ်ကောက်နေတဲ့ကြောင်လေးတစ်ကောင် မိုးပေါ်ကနေ ဗြုန်းကနဲ ဖျတ်ကနဲ ညင်ညင်သာသာ လွင့်ကျလာတာ မြင်ရင် သင်ဘာလုပ်မှာလဲ။
......................................................................................................................

ကြောင်တွေမှာ ဓာတ်ပုံမစားတဲ့ ကိုယ်ဟန်မျိုး ဘယ်တော့မှ မရှိဘူးလို့ လီလီယန်ဘရောင်းက ပြောခဲ့ပေမယ့် လူတွေရဲ့ အာရုံစိုက်မှု ရရှိဖို့ ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်ပေါ်မှာ ရုပ်လုံးပြတဲ့ ကြောင်ကို သင်မကြုံဖူးဘူး မဟုတ်လား။ကျွန်မကတော့ ဓာတ်ပုံအရိုက်ခံလိုသူ ဖြစ်ပေမယ့် အနီးဝန်းကျင်က လူတွေနဲ့ ဘာသာစကားမတူတာမို့ ဖွင့်ဟမဆိုဖြစ်ပါ။ ကျွန်မရဲ့ စိတ်ဓာတ်ကို မှတ်တမ်းတင်မယ့် အဖြူအမည်းဓာတ်ပုံ ဖြစ်ပါတယ်။

ခက်တာက ကျွန်မရဲ့ မိတ်ဆွေရယ်။ “ကြောင်များသည် မပြုံးတတ်ပါ” ဆိုတဲ့ စာတမ်းကို အဆိုပြုဖို့ ကြိုးစားနေတယ်လေ။ အဦးဆုံးကန့်ကွက်နိုင်သူတွေကတော့ စာရေးဆရာ Hilarie Belloc ရဲ့ ပရိသတ်များရယ်သာ။ “ a secret smile” “ a smile sweeter than ever” ဆိုတဲ့ တင်စားချက်တွေဟာ ကြောင်တစ်ကောင်ရဲ့ အပြုံးကို သူ အမွှမ်းတင်ထားတာ ဖြစ်ပါတယ်။ သင်လည်း နှစ်လိုရာ ရပ်တည်မှုနဲ့ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

လူမုန်းနည်းတဲ့ ကြားနေရေးဝါဒကိုသာ လက်ခံကျင့်သုံးလိုသူဖြစ်ပေမယ့် ကြောင်အပြုံးကို မယုံနိုင်သူ မိတ်ဆွေကိုတော့ “ မျက်လုံးလေးတွေပြုံးနေတဲ့ ကြောင်လေးတစ်ကောင် ကျွန်မ ဖြစ်ချင်တယ် ” လို့ တနေ့က ပြောဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့အမေက ကြောင်များကို ရွံ့ရှာမုန်းတီးသလို ကျွန်မကလည်း စနစ်တကျဆင်ယင်ထားတဲ့ အပြုံးများကို ရှောင်ရှားရှင်သန်ချင်သူ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့အားလုံး လက်ခံထားလို့ရတဲ့ တူညီမှုတစ်ခုက “ကြောင်ပြုံး” ဆိုပြီး နာမည်မကျော်တာဖြစ်ပါတယ်။ ဒါနဲ့တစ်ဆက်တည်း “ကြောင်လမ်းလျှောက်ဟန်”ဆိုပြီး ကမ္ဘာတစ်လွှားမှာ ရေပန်းစားလွန်းတဲ့ ဝေါဟာရတစ်ခုကို သင်သတိရလာနိုင်ပါတယ်။ ဟုတ်ပါတယ်။ အသေအချာပါပဲ။ သင်ကတော့ ရယ်စရာလို့ မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် ဣနြေ္ဒသိက္ခာအပြည့် နူးညံ့ညက်ညောစွာ ရွေ့လျားတတ်တဲ့ ကြောင်များရဲ့ လမ်းလျှောက်ဟန်နဲ့ ဆင်တူရိုးမှားတောင် မဖြစ်ရှာတဲ့ ကိုယ်ဟန်ပြသူများရဲ့ ကြွတ်ဆပ်မပြေပြစ်တဲ့ စက်ရုပ်ဆန်ဆန် လျှောက်လှမ်းနေခြင်းကို မြင်ရတိုင်း ကြောင်များရဲ့ ကိုယ်စားအနေနဲ့ဖြစ်စေ ကျွန်မတစ်ကိုယ်ရည်အတွက် ရည်ရွယ်လို့ဖြစ်စေ ရယ်မိတတ်ပါတယ်။

ကျေးဇူးပြုပြီး သည်းခံခွင့်လွှတ်ပေးပါ။
စပျစ်သီးချဉ်တယ်လို့ ပြောတတ်တဲ့ မိန်းမတစ်ယောက်ကို။
အိပ်မက်လမ်းတွေရွေ့လျားပြတ်ရွေ့ကာ လူ့သွေးတွေညှီနေတဲ့ တောကြီးမျက်မည်းထဲမှာ မျက်စိလည်နေသူမှာ ကျွန်မရယ်သာ။ ခြေနာတစ်စုံနဲ့ ဆောက်တည်ရာမဲ့ကာ အခါခါလဲပြိုရင်း ဆုတ်လည်းစူး လျှောက်ရင်းရူးနေသူလည်း ဖြစ်ပါတယ်။ မိတ်ဆွေကောင်းအပေါင်းနဲ့ သွေးသားရင်းချာတွေက ဝမ်းသာအားရ ဖယ်ခွာသွားကြချိန်မှာ ချစ်သူလေးကတော့ ပုံပြင်ထဲက မင်းသားလေးလို သူရဲကောင်းဆန်စွာ ကျွန်မရှေ့မှာ ကိုယ်ထင်ပြခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် မောင်။

သူနဲ့ဆုံချိန်တိုင်း ကြောင်လေးတစ်ကောင်ကို ပွေ့ပိုက်လျက်အနေအထားနဲ့ ကျွန်မ စောင့်ကြိုနေခဲ့ပါတယ်။ ကြောင်တွေဆီက ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းကို သူက ရှင်းပြပါတယ်။ကျွန်မက သူ့စကားကို မထုံတတ်သေးရှောင်လွဲရင်း ကြောင်တွေရဲ့ ရိုးရှင်းတဲ့အကြည့်ကို ကျွန်မသင်ယူနေတာလို့ သူ့ကို ဝန်ခံခဲ့ပါတယ်။သူက ရယ်တယ်လေ။“ လူတွေရဲ့ ဆရာက ကြောင်မှ မဟုတ်တာ။ ကြောင်တွေနဲ့ ဝေးဝေးနေပါ ”တဲ့။

ဘယ်သူပြောလဲ။ “ ကြောင်တွေကြောင့် အခက်အခဲက ပိုးဖလံပဲ ဖြစ်ဖြစ် ပုဆိန်နဲ့လူသတ်သမားကို မြင်တာပဲဖြစ်ဖြစ် အကြည့်ကတသေမတိမ်းတူနေတာပဲ” လို့ ပေါလ်ပေါင်စတုန်း ပြောခဲ့တာကို သူသိစေချင်လိုက်တာ။ ကြောင်တွေရဲ့ အေးစက်တည်ငြိမ်မှုကို ကျွန်မ ပုံတူရေးချင်မိတာ အပြစ်ရှိပါသလား။

“ Her Majesty the Cat ဆိုတဲ့ စာအုပ်ထဲမှာလေ Fernand Mery က သူတို့ရဲ့ သန့်ရှင်းမှု၊ ခင်တွယ်မှု၊ သည်းခံမှု၊ ဂုဏ်သိက္ခာရှိမှု၊ ရဲရင့်မှုတွေ … မေးပါရစေဦး ။ သင်တို့တွေက ကြောင်ဖြစ်ဖို့တောင် တတ်နိုင်လို့လား လို့ ရေးခဲ့တာ မောင်ရဲ့” လို့ သူ့ကို အကြောင်းပြချက်ပေးချင်မိပေမယ့် စကားနည်းရန်စဲလိုသူမို့ ဟုတ်ကဲ့ဆိုကာ ကျွန်မရင်ခွင်ထဲက ကြောင်လေးကို လွှတ်ပေးခဲ့မိပါတယ်။ဒါပေမယ့် ကြောင်လေးကို စွန့်လွှတ်ဖို့တော့ မကြံစည်ဝံ့ပါဘူး။ ကြောင်တွေဆီက သင်ယူစရာရှိသေးတယ်လို့ ကျွန်မယုံကြည်နေဆဲမို့

"Hippolyte Taine က ပြောတယ် မောင်ရဲ့။ သူက ဒသနပညာရှင်တွေနဲ့ ကြောင်ပေါင်းများစွာကို လေ့လာခဲ့ပြီးပြီ။ ကြောင်တွေရဲ့ အသိဥာဏ်က မနှိုင်းဆနိုင်လောက်အောင် သာလွန်ပါတယ်တဲ့ ။” လို့ အခွင့်သာခိုက်မှာ ဆိုမိပေမယ့် သူက ရယ်ပြန်ရော။ ခက်တယ်။ ချစ်သူနဲ့ ကြောင်ကြားမှာ ရွေးချယ်ရ ခက်နေဆဲ မောင် ကျွန်မကို ရက်စက်သွားမှပဲ သက်ပြင်းချရင်း ငြိမ်းအေးမှု ရတော့တာ။ ကျွန်မရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ စာတစ်ကြောင်းတိုးပြီလေ။ “Don't think that I'm silly for liking it, I just happen to like the simple little things, and I love cats! - Michelle Gardner ”

တာ့တာနော်။ နှုတ်ဆက်ထားရစ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်မောင်။ ကျွန်မ လွတ်လပ်စွာ ပျံသန်းနိုင်ပြန်ပြီရယ်။ ကြောင်လေးနဲ့ အတူလေ။ ဟဲမင်းဝေးက ပြောဖူးတယ်မောင်ရဲ့ ။ “ ကြောင်တွေရဲ့ စိတ်ခံစားမှုဟာ ရိုးသားကြတယ်တဲ့။ လူတွေက အကြောင်းပြချက်တစ်ခု မဟုတ် တစ်ခုနဲ့ ခံစားမှုကို ဖုံးကွယ်တတ်ပေမယ့် ကြောင်တွေက မလုပ်တတ်ဘူး ” တဲ့။ ဘယ်လိုလဲ ။ ကျွန်မ ကံကောင်းတယ်မဟုတ်လား မောင် ။

ဒါပေမယ့် သင်ကတော့ ပြောနိုင်ပါတယ်။ ခွေးလို မကျိုးနွံဘဲ သခင်လို ပြုမူတတ်တဲ့ ကြောင်ကို ရွေးခဲ့တဲ့ ကျွန်မ သိပ်ရူးတယ်လို့။ ဒါပေမယ့် အကြောင်းပြချက်တွေ ထပ်မပေးတော့ဘဲ စေတနာထားပြောချင်တာက ရခဲလှတဲ့ လူ့ဘဝလို့ သင်ထင်ရင် သာသနာ့ဘောင်ဝင်ပြီး ဧကစာရီမကျင့်သေးဘူးဆိုရင် ကြောင်တစ်ကောင်အနားမှာ သင်ရှိသင့်တယ်လို့ အကြံပေးချင်ပါတယ်။


photo credit: ချစ်မမမွန်း)

ဒဘ်ဘိုရာဟ် အေ အဒ်ဝဒ်စ်က ပြောခဲ့ပါတယ်။ ကြောင်မချစ်သူတွေဟာ သင့်တော်မှန်ကန်တဲ့ကြောင်ကို မဆုံဖူးသေးလို့တဲ့လေ။ သင့်တော်တဲ့ကြောင်ဆိုတာ ဘယ်လိုမျိုးပါလိမ့်။ ကိုယ်အိမ်ပြန်လာတဲ့အခါ ဝမ်းသာအယ်လဲ ကြိုဆိုတတ်တဲ့ ကြောင်လေးလား။ အေးစက်ညတွေမှာ ကိုယ့်ပေါင်ပေါ်မှာ ခိုဝင်အိပ်တဲ့ ကြောင်လေးလား။ဆာလောင်လို့ မနက်ခင်းတွေမှာ သင့်ကို လာနှိုးတတ်တဲ့ ကြောင်လေးလား။ အစားတစ်နပ်အတွက် သင့်ခြေကို ခေါင်းနဲ့တိုးဝှေ့ကာ အသနားခံတတ်တဲ့ ကြောင်လေးလား။

အိမ်မဲ့ယာမဲ့ကျွန်မမှာ သင့်တော်တဲ့ ကြောင်ကလေးတစ်ကောင်ပင် မပိုင်ဆိုင်နိုင်သေးပါ။ ဒါပေမယ့် ကြောင်မုန်းတဲ့မောင်ကတော့ ကြောင်နဲ့တူတဲ့ ချစ်သူတစ်ယောက် ရရှိသွားပြီ ဖြစ်ပါတယ်။ ချစ်စဖွယ်ကောင်းအောင် ချွဲနွဲ့တတ်သော ကြောင်အသည်းနှလုံးနဲ့သူမ ရယ်လေ။ ကြောင်တွေကို မနှစ်လိုသူ မောင်မို့ ကြောင်အကြောင်းကို အသိခက်နေတာလား။ အဖြစ်မှန်ကို မမြင်နိုင်အောင်ဘဲ နှလုံးသားကို အမိုက်မှောင်လွှမ်းကာ ဆင်ခြင်ဥာဏ်ကွယ်နေပြီလား။

ကျွန်မကတော့ ထိုကြောင်မျက်နှာဖုံးနဲ့ သူမကို အံ့သြစက်ဆုပ်ခြင်းများစွာ ဖြစ်ရပါတယ်။ ကြောင်တွေဟာ အစားတစ်ခုအတွက်ပဲ လူတွေကို ချွဲနွဲ့ပါတယ်။ သူမက ဘာကြောင့် ယောက်ျားတကာကို ချွဲနွဲ့နေတာလဲ။ သနားကြင်နာမှု တဆုတ်တဖဲ့ကြောင့်လား။ သံယောဇဉ်တမျှင်တလေ ရလိုတာကြောင့်လား။ အချစ်ခံလိုခြင်း စိတ္တဇလား ။ မောင့်အစားရင်နာကာ မမြင်ကြားဝံ့အောင် ဖြစ်ရပါတယ်။

ချစ်ရသူမို့ မျက်နှာလွှဲမနေနိုင်တာကြောင့် ကြောင်အကြောင်းမကျွမ်းဝင်တဲ့ မောင့်အတွက် လက်ဆောင်တစ်ခုပေးမယ်နော်။ အဲနစ်တ် မင်န်ရယ်လ် ပြောတဲ့စကားလေးပါမောင်။ “ ကြောင်မှာ ဝိညာဉ်တွေ များလွန်းလို့ နှလုံးသားမရှိဘူး” တဲ့။ ချော့မြူတတ်တဲ့ ကြောင်လေးက မောင့်အသည်းကို ခွဲသွားတဲ့အခါ ကြိုတင်ပြင်ဆင်မှုနဲ့ ခံနိုင်ရည်ရှိအောင်လို့ပါကွယ်။နောက်ပြီး ကြောင်တွေရဲ့ သဘာဝကိုလည်း မောင့်ကို ပိုပြီး လေ့လာစေချင်လိုက်တာ။

အဲလ်ဖရက် နော့တ် ဝှုက်ဟက်ဒ် ကပြောတယ်မောင်ရဲ့ ။ “ခွေးတစ်ကောင်က သင့်ပေါင်ပေါ် ခုန်တင်ရင် သင့်ကို ချစ်လို့ဖြစ်ပေမယ့် ကြောင်တစ်ကောင်က ဒီလိုပြုမူရင်တော့ သင့်ပေါင်က ပိုနွေးလို့ ဖြစ်ပါတယ်” တဲ့။ ကြောင်တစ်ကောင်ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာ မောင့်ကို နားလည်စေချင်လိုက်တာ။ မောင်ချစ်တဲ့ကြောင်လေး နွေးထွေးတဲ့ တခြားရင်ခွင်တစ်ခုမှာ အိပ်ပျော်နေတာမြင်လို့ မောင်မငိုစေချင်ပါ။ ကံကောင်းပါစေမောင်။

ကံနည်းသူ ကျွန်မမှာတော့ ယနေ့ထက်တိုင် ကြောင်များနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။ တကိုယ်ကောင်းဆန်သော၊ သစ္စာမဲ့တတ်သော ကြောင်များကို ကျွန်မ ချစ်ပါတယ်။ ချစ်စဖွယ်ဟန်ပန်နဲ့ လှုပ်ရှားသက်ဝင်ခြင်းကြောင့် မဟုတ်သလို သနားစဖွယ် ချွဲနွဲ့တတ်ခြင်းကြောင့်လည်း မဟုတ်ပါ။ သူတို့တွေက ကျွန်မရဲ့ ကြင်နာမှုကို ပေးဆပ်ဖို့ သင့်တော်သူများ ဖြစ်နေလို့ရယ်။ ဟုတ်ကဲ့။ ဒီလို အမှန်အတိုင်းဝန်ခံမှုဟာ အကျည်းတန်တယ်ဆိုလည်း ရှိပါစေလေ။ မေတ္တာပေးဝေခြင်း၊ ကိုယ်ကျိုးအနည်းငယ်ပေးဆပ်လိုက်ခြင်းကြောင့် ရရှိလာတဲ့ပီတိကို နှစ်လိုသူမို့ နွေးထွေးလုံခြုံတဲ့အိမ်ကလေးတစ်လုံးအောက် ရောက်တဲ့အခါမှာ ကြောင်လေးများကို စောင့်ရှောက်ထားပါဦးမယ်။


Pablo Picasso “A woman with a cat ”,1964

ပြီးတော့ စကားမစပ် ကျွန်မရဲ့ မေးခွန်းလေးကို ပြန်လည် အစကောက်မေးခွင့်ပြုပါ။ “ စိတ်ကောက်နေတဲ့ ကြောင်လေးတစ်ကောင် မိုးပေါ်ကနေ ဗြုန်းကနဲ ဖျတ်ကနဲ ညင်ညင်သာသာ လွင့်ကျလာတာ မြင်ရင် သင်ဘာလုပ်မှာလဲ။” ရခဲလှမြင်ရခဲတဲ့ မြင်ကွင်းဆိုပြီး ဓာတ်ပုံရိုက်ယူဖို့ ၊ ဗီဒီယိုနဲ့ မှတ်တမ်းတင်ဖို့ အလျင်စလို မကြိုးစားချင်ပါဘူး။ သင်ဟာ ကြောင်နဲ့ ဓာတ်မတည့်တဲ့ ရောဂါမရှိဘူးဆိုရင် မြေပေါ်ကျကာ နာကျင်တော့မယ် ကြောင်လေးကို ထွေးပွေ့ပြီး ကာကွယ်ထားပေးစေချင်ပါတယ်။ ဒါဟာ သင့်အတွက် တစ်သက်မှာ တစ်ခါသာ ရနိုင်မယ့် အခွင့်အရေး ဖြစ်လို့ပါလေ။ ဒီကြင်နာခဲ့မှုပီတိကို နောက်နောင် ဘယ်အချိန် ပိုင်ဆိုင်မယ်ဆိုတာ သင်ရော ကျွန်မပါ မမျှော်လင့်နိုင်ပါဘူး။

စက္ကန့်တစ်ခု ဖြတ်ကနဲအရွေ့မှာတင် ကမ္ဘာကြီးရုတ်တရက် ပျက်စီးသွားနိုင်တယ်။ ဟုတ်ပါတယ်။ ကျွန်မ သိပ်စိတ်ကူးယဉ်လွန်းပါတယ်။ ဒါပေမယ့် ဘယ်သူပြောနိုင်လဲ။ သင်ချစ်တဲ့သူတွေဟာ ကြည့်နေရင်းမှာပင် ရုတ်ချည်းပျောက်ကွယ်သွားနိုင်တယ်။ ဟင့်အင်း ။ ရက်စက်စကားဆိုတာ မဟုတ်ပါဘူး။ ကြင်နာတတ်တဲ့ သင့်မေတ္တာတွေကို ဘယ်သူ့ကိုသာ မျှဝေပေးအပ်မယ်လို့ တရားသေစွဲကိုင် မထားသင့်ပါဘူးနော်။ 
......................................................................................................................

စိတ်ကောက်နေတဲ့ကြောင်လေးတစ်ကောင် မိုးပေါ်ကနေ ဗြုန်းကနဲ ဖျတ်ကနဲ ညင်ညင်သာသာ လွင့်ကျလာတာ မြင်ရင် သင်ဘာလုပ်မှာလဲ။

ကျေးဇူးပြုပြီး အနားကို အပြေးအလွှားသွားလို့ ကြင်နာစွာထွေးပွေ့ထားပါ။ ဒီပေးဆပ်ခွင့်လေးဟာ သင့်အတွက် နောက်ဆုံးဆုလာဘ်တစ်ခု ဖြစ်သွားနိုင်တာ အမှန်ရယ်။…။

မယ့်ကိုး

9 comments:

ကြည်ဖြူပိုင် said...

သူငယ်ချင်းလေးမယ်ရေ
ကြောင်တွေအကြောင်းများ
အဓိပ္ပါယ်ဖွဲ့နွဲ့တတ်လိုက်တာ။ သိပ်ကောင်းတဲ့အရေးအသားနဲ့မို့ စကားတစ်လုံး အတွေးတစ်စကတောင် စာတစ်ပုဒ်ဖြစ်သွားတယ်နော် တော်လိုက်တာ။
စကားမစပ်
ကြောင်မွေးဖူးတယ်။
သူငယ်ချင်းပြောတဲ့အတိုင်းပဲ သူတို့ဟာသူတို့အလိုဆန္ဒပြည့်ဝဖို့ပဲလူကိုကတ်တတ်တာ။ ခွေးတွေနဲ့တအားဆန့်ကျင်ဖက်ပဲ။

pandora said...

‎"ကြောင်မချစ်သူတွေဟာ သင့်တော်တဲ့ကြောင်ကို မဆုံဘူးသေးလို့တဲ့လေ။" ငယ်ငယ်တုန်းက ကြောင်မချစ်ခဲ့ဘူး။ ကြောင်မှမဟုတ်ပါဘူး ဘယ်အိမ်မွေးတိရစ္ဆာန်ကိုမှ မချစ်တတ်ခဲ့ဘူး။ သူတိုရဲ့ အပြုအမူ သဘာဝလေးကို ဝေးဝေးကနေ နှစ်သက်သဘောကျတာလေးတွေ ရှိပေမယ့် နီးနီးကပ်ကပ် ပွတ်သပ်ကိုင်တွယ်တာမျိုး မလုပ်ချင်ခဲ့တာ။ ကြောင်ပေါက်စ သေးသေးလေးတွေကိုတော့ ချစ်စနိုးသဘောကျခဲ့ပါတယ်။ ကလေးမျက်နှာ မျက်လုံးဝိုင်းလေး အမွှေးနုနုလေးတွေနဲ့ ဆော့ကစားပုံ စပ်စုတတ်ပုံလေးတွေပေါ့။ သိပ်ချစ်စရာကောင်းတဲ့ အိမ်ပျောက်နေတဲ့ ကြောင်လေးတစ်ကောင် တွေ့ဖူးခဲ့တယ်။ နှင်းတွေအေးချိန်မှာ သူ့လက်သဲတွေနဲ့ မတော်တဆ ကုတ်ခြစ်ခံရရင် ဒဏ်ရာရမှာ အနာယဉ်းမှာစိုးလို့ သူ့အိမ်ကို ပြန်ပို့လိုက်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မယ်ရေ..
ကြောင်ကလေးတွေအကြောင်းဖွဲ့နွဲ့ထားတာဖတ်ပြီး မွေးခဲ့ဖူးတဲ့ ကြောင်ကလေးတွေကို သတိရမိတယ်..
ကြောင်နဲ့ပတ်သက်ပြီး သစ္စာရှိတဲ့ ဇာတ်လမ်းတွေ မကြားရသလောက်ဖြစ်ပြီး ခွေးတွေက သခင်အပေါ်သစ္စာရှိတဲ့ ဇာတ်လမ်းတွေတော့ အများသားနော်။ ဒါကြောင့် ကြောင်မွေးရတာသခင် မွေးတာနဲ့ တူပြီး ဖြစ်ပြီး ခွေးမွေးရတာကျတော့ သခင်အဖြစ်ခံချင်လို့ မွေးတာနဲ့ တူတယ်။ သို့သော် တစ်ချို့ အိမ်မွေးခွေးတွေလို အီးတည်ရ၊ အီးကုန်းရ၊ အချိန်တန် အစာကို တယုတယ ကျွေးရ လုပ်ပေးရတဲ့ ခွေးတွေတော့ မပါဘူးထင်ရဲ့နော်။
ဘာဘဲပြောပြော ကြောင်တွေလို အချွဲကောင်း အပြောကောင်းသူတွေကို ယောက်ျားတွေက ကြိုက်တာ များတယ် မယ်ရဲ့ ဒါကိုတော့လက်ခံတယ်း)

အယ်ကို said...

ချစ်တတ်ခြင်း က မချစ်တတ်ခြင်းထက် စိတ်ချမ်းသာရတတ်လို့ ချစ်တတ်ခြင်းက ပိုလို့ အဓိပ္ပါယ်ရှိမယ်ထင်တယ်နော် ဘွားဘွား ...
လူကလေးကတော့ ကြောင်ရော ခွေးကလေးကိုရော နှစ်ကောင်လုံးကိုချစ်တယ် ... လောဘကြီးတယ် ပြောချင်ပြော .. :D

...
လေးစားစွာဖြင့် ..
လူကလေး

ဝက်ဝံလေး said...

မ ရဲ့ ကြောင်လေးတွေ အကြောင်း အဖွဲအနွဲ့ကို ဖတ်သွားပါတယ်
မ ရေ.. ဘလော့ဂ်ဖက်ကို ခြေဦးမလှည့်ဖြစ်လို့ ခုမှပဲ ပြန်လာဖြစ်တော့တယ်
စာကြွေးတွေ ရှင်းလိုက်အူးမယ်နော်

zwelwin said...

ဒါလေးလဲကြိုက်တာပဲ အမရေ။ ကျနော်က ကြောင်လေးတွေကို အ၇မ်းချစ်ပါတယ်။ ဒါပေမယ့် ဂရုမစိုက်ဖြစ်လို့ မမွေးတော့ဘူး။ ခရီးသွားဟန်လွှဲတော့ အရမ်းကြင်နာတတ်တာ။

mirror said...

“ ကြောင်မှာ ဝိညာဉ်တွေ များလွန်းလို့ နှလုံးသားမရှိဘူး” တဲ့။ ငြင်းခုန်ခြင်းမှာ ပင်ပန်းတတ်ပေမယ့် .. နှလုံးသားတွေ များလွန်းလို့ ၀ိညာဉ် ပျောက်ကုန်တာမျိုးလဲ ဖြစ်နိုင်ပါတယ် လို့တော့ ငြင်းချင်သား။ :D

ပိုစ့်တစ်ပုဒ်လုံးဖတ်ပြီးတော့ ခဏလေး ငြိမ်နေရတယ်။
ကြောင်တွေကို ချစ်ဖို့၊ ချော့မြူ ထွေးပွေ့ယုယ ဖို့ နေနေသာသာ.. ကြောက်ပါ ကြောက်တတ်သေးတဲ့ လူတစ်ယောက်မှာလည်း " ကြောင် " စိတ် ရှိတယ်။ ဒါဟာ သဘာဝတူလို့ ရွံရှာတတ်တဲ့စိတ် များလား။

အင်းလေ .. ကြောင်တစ်ကောင် ဖတ်မိတဲ့ စာပါ။

Hnin Waiphyo said...

ကြင်နာတတ်တဲ့ သင့်မေတ္တာတွေကို ဘယ်သူ့ကိုသာ မျှဝေပေးအပ်မယ်လို့ တရားသေစွဲကိုင် မထားသင့်ပါဘူးနော်။..........အားလုံးအပေါ်မေတ္တာထားနိုင်အောင် ကြိုးစားနေဆဲပါ :)

မြသွေးနီ said...

ကြောင်လေးတွေကို မြင်ရင် အငမ်းမရ ရူးသွပ်တဲ့ ညီမတစ်ယောက်ကို တွေ့ဖူးတယ်။ အလားတူ ကြောင်ဆို မြင်တာနဲ့ ရွံရှာတတ်တဲ့ ယောကျာ်းတစ်ယောက်လဲ အပြင်မှာ သိခဲ့ဘူးတယ်။ ညီမလေးကတော့ အချစ်ဆို တွန့်ဆုတ်ပြီး ဝေးဝေးကနေ အခုထိ ရှောင်နေဆဲ။ သူကတော့ နီးစပ်ရာ အချစ်တွေနဲ့ ပြောင်းလဲပျော်မွေ့လို့ ကြောင်တစ်ကောင်လို..။