10 April 2011

ညှို့ခြင်း

အသံလေးတစ်သံ... ဘယ်လိုမှ အမှတ်တမဲ့ထားလို့ မရဘူး။ ညှင်းသဲ့သဲ့သာယာနာပျော်ဖွယ် သံစဉ်လေးရယ်။ မျက်လုံးတွေစုံမှိတ်ထားပေမယ့် ကျွန်မရဲ့လက်ချောင်းတွေက သူ့ရင်ခွင်တစ်လျှောက်မှာ ရှေ့တိုးနောက်ငင်ပျော်ရွှင်စွာ ပြေးလွှားနေတာကိုလည်း ပကတိမယွင်းမြင်နေရတယ်။ 

 ………………………… 

ကံဆိုးမသွားရာ မိုးလည်းထစ်ချုန်းရွာသလို မိုးကြိုးပစ်ခံမရခင် အချိန်ကိုက်အဆိပ်မြှားတွေလည်း လက်ခံရရှိတတ်လေတာ။ မယုံမရှိပါနဲ့။မာယာမဲ့စွာ အခန်းထောင့်မှာ မှီရပ်နေဆဲ အေးချမ်းတဲ့သူကပင် ကျွန်မကို မုန်းတယ်လို့ ဆိုလေရဲ့။ သူ့ကို ဘာလို့ ပိုင်ဆိုင်ထားတာလဲလို့ မေးနေပြီ။ “ပျော်ချင်လို့လေ။ နင်နဲ့ငါအတူပေါင်းကာ သာယာလှပမှုတွေ ဖန်တီးချင်လို့ပေါ့” လို့ ဖြေတဲ့အခါ ခွက်ထိုးခွက်လှန် လှောင်ရယ်လေတာ။ ဒါပေမယ့် စိတ်မဆိုးနိုင်ပါဘူး။ ဆို့နင့်လွန်းပေမယ့် ကျွန်မရဲ့ ချို့ယွင်းချက်တွေသာမို့ သူ့အတွက် စိတ်မကောင်းဖြစ်ရသေးတာ။ 

တကယ်ပါ။ စိတ်မရှိပါနဲ့ကွယ် ။ အလို…ဆိုးတဲ့ဘဝမှာ သက်မဲ့ကိုပင် တောင်းပန်နေရပါလားနော်။ ဒါပေမယ့် သူ့ရင်ဖွင့်သံကို ကြည်လင်သာယာအောင် မဖန်တီးနိုင်သူရဲ့ အပြစ်တွေချည်းပါရယ်။ သူ့ကြိုးမျှင်လေးတွေမှာ တို့ထိကစားတယ်။ သူအနားမှာ ရှိနေရုံနဲ့ ရင်ခွင်ထဲပူနွေးလုံခြုံလာကာ သူ့ကို ပွေ့ပိုက်ထားတဲ့အခါ နှလုံးခုန်မြန်လာ။ ပျော်တတ်ခဲ့ပြီပေါ့။ ဒါပေမယ့် သူကတော့ ကျွန်မကို မုန်းပါတယ်တဲ့။ တခါတလေတော့ ကျွန်မလည်း မာနလေးတဆုတ်စနဲ့ သည်းမခံချင်ဘူးရယ်။

 “နင်ဒီလောက်ရုပ်ဆိုးတာ ငါ့အနားမှာ နေရတာပဲ ကံကောင်းတယ်မှတ်ပါ” လို့ ခွန်းတုံ့ဆိုတာပေါ့။ ဟုတ်ကဲ့။ ကျွန်မသူ့ကို မြင်မြင်ချင်းချစ်ခဲ့တာ မဟုတ်ပါဘူး။ ရုံးက ဦးလေးကြီးရဲ့ သားရေအိတ်ထဲကနေ သူ့ကို ဆွဲထုတ်စဉ် မြင်ခိုက်ခဏမှာ စိတ်ပျက်လက်ပျက်ပင် ဖြစ်ခဲ့မိတာ။ သူရဲ့မျက်နှာစာမှာ Spruce ထင်ရူးဖြစ်ကာ ဘေးနဲ့နောက်ကျောမှာ မဟော်ဂနီရောင် တွဲဖက်ဝတ်ဆင်ထားရဲ့။ classic အမျိုးအစားသူ့ကို လှတယ်လို့ မထင်နိုင်လည်း မမြင်ခင်မှာ လိုချင်မိသူအမှားမို့ နှစ်သက်လက်ခံဖို့ ကိုယ့်ကိုကိုယ်တွန်းအားပေး ကြိုးစားခဲ့ရတာ။

 ကျွန်မက အရိုးရှင်းဆုံးတွေသာ မြင်ကွင်းမှာ လင်းတဲ့သူပေမယ့် မဲပြာပုဆိုး ဖန်တရာတေ ဖန်တီးမှုမျိုးကိုတော့ နှာခေါင်းရှုံ့တတ်သူရယ်လေ။ အမှန်စင်စစ်က အပြာရောင်ကိုယ်ထည်လေးသာ အိပ်မက်မျက်နှာကျက်မှာ လင်းဖြာခဲ့တာ။ ဒါပေမယ့် ကျွန်မရဲ့ မကောင်းဆိုးဝါးဓလေ့တစ်ခုမှာ ပိုင်ဆိုင်ရာမှန်သမျှ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ကာ မျက်စိစုံမှိတ်ချစ်နိုင်ခြင်းရယ်။အခုလည်း တားမရထိန်းမနိုင်အောင် အလဲလဲအပြိုပြို သူ့ဆီမှာ ပျော်ဝင်ခဲ့ပြီ။ သူသာ ကျွန်မရဲ့တစ်ခုတည်းသော အားထားရာပါ။ ခွန်းချိုသာတဲ့ သူ့စကားလေးနဲ့ လေဟာနယ်ထဲ မျောလွင့်ချင်မိ။ ခဏလေးပါ။ အချိန်တဖြတ်ကလေးပဲ ထွက်ပြေးပါရစေ။ ဟိုးအဝေးကြီးကို။ သူနဲ့သာဆိုရင် တိမ်တွေကြားထဲလည်း မကြောက်မရွံ့မျောလွင့်နိုင်။ သူ့ကို သံယောဇဉ်ငြိတွယ်မိပြီလေ။ သူနဲ့ ဆော့ကစားရတာ ပျော်သလို အတည်ကြံပြီးလည်း ခံစားချက်ညှိဖို့ ကြိုးစားခဲ့သူပါ။ 

ဒါပေမယ့် သိမ်ငယ်စိတ်ကြီးသူရယ်။ သင်တန်းမှာ ကလေးတွေနဲ့ အတူသင်ရတဲ့အခါ ရှက်အနာသည်းမိတာ။ ကလေးတွေရဲ့ လက်ချောင်သေးငယ်လေးတွေက ကျွန်မထက်သာတဲ့ သံစဉ်ကို နာပျော်ဖွယ်ဖန်တီးနိုင်တဲ့အခါ...။ ကျွန်မက အလုပ်လုပ်နေတာလေ။ အိမ်အလုပ်တွေ လုပ်ရတယ်လေ။ လူမှုရေးတွေ ရှိတယ်လေ လို့ ဆင်ခြေတွေပေးပြီး ရှောင်ပြေးချင်မိတာ။ ဒါ ပါရမီကြောင့်လား။ မဟုတ်သေးပါဘူး။ ကြိုးစားမှုနည်းလို့ပါ။ ဟင့်အင်း ။ လူကိုက ညံ့တာ။ ပုပ်သိုးမျက်နှာကို အောက်ချကာ။ မုန်းတယ်။ ဒီတစ်ခါ လက်ညှိုးကို ဘယ်သူ့ဘက်မှ လှည့်မရတော့ ကိုယ့်ကိုကိုယ်ပြန်ငြှိုးကာ ကြေကွဲမပြေနိုင်။ စာအုပ်တွေ ရှိတယ်။ ရုပ်မြင်သံကြားသင်ကြားမှုတွေရှိတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဖြစ်ကို ဖြစ်ရမှာပေါ့…။

စကားလုံးတွေသာ ဦးနှောက်ထဲက လွတ်လပ်စွာပြေးလွှားနေပေမယ့် လက်တွေ့မှာ အံမဝင်သေးဘူး။ အချိန်ချို့တာ ဗန်းပြပြီး တကယ်က ကျွန်မ လက်ကြောတင်းသူ မဟုတ်ဘူး။ အားနာရမယ့် ဆရာလည်း မရှိလေတော့ ကစားစရာလို သူ့ကို ဆော့မိတဲ့အခါ သူက ကျွန်မကို မုန်းလိုက်တာ တဲ့။ ခွင့်လွှတ်ပါလို့ တောင်းပန်စရာလား။ ပညာရှင်မဟုတ်ပေမယ့် ကျွန်မမေတ္တာကြောင့် သူ သည်းခံသင့်ပါရဲ့နော်။ အဲဒီလို သူစိတ်ကောက်တာကြောင့် ကျွန်မက တဖန်စိတ်ပြန်နာကာ ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲ့ပြီ။ 

သူ့ရင်ခုန်သံတင်းမာသလို ကျွန်မနှလုံးသားလည်း မပူနွေးတော့။ အခုတော့ ပြာနုနုဖြူလဲ့လဲ့အခန်းငယ်မှာ ဂဂျိုးဂဂျောင်အသံကြောင်လေးတွေ အေးစက်နေပြီ။ လာလေ… မလာတော့ဘူးလား။ ပြန်လာပါ။ အရောင်စုံသံစဉ်တွေနဲ့ ငါတို့ တိုင်းခန်းလှည့်လည်ရအောင်ပါ။ အနုပညာဘာသာစကားတစ်ခုကို ကျန်မ တတ်ကျွမ်းပါရစေဦး။ စိတ်လိုလက်ရအချိန်လေးများမှာ သူ့ကို ပြန်ချော့ပါသေးတယ်။ သို့ပေမယ့်လည်း ။ ဒါပေမယ့်လည်းကွယ်။ ကျွန်မရဲ့ အချိန်ဇယားမှာ သူ့အတွက်နေရာ ကျဲပါးခဲ့ပြီ။ 

ခွင့်လွှတ်လိုက်ပါကွယ်။ တစ်နေ့နေ့ပေါ့။ သိပ်ချစ်ပါတယ် တကယ်ပါ။ နင့်ကို ငါမမေ့သွားပါဘူး။ ငါတို့နှစ်ယောက်ကို ဘယ်သူမှ မခွဲစေရပါဘူး။ ယုံပါ။ ဘယ်လိုပဲ ဝန်ခံစကားဆိုလည်း သူ မျက်မာန်မပြေတော့ ။ ကျွန်မ သူ့ကို တင်းတင်းဖက်ထားလည်း နှစ်ဦးစလုံးကြားမှာ နွေးထွေးမှုဝင်မလာတော့။ ငါ့ကို မနှိပ်စက်ပါနဲ့။ ငါ့ရာသီခွင်မှာ တော်လည်းသံတွေအပြည့် ငရဲမီးတွေပဲ ရက်ဆက်ရွာနေတာပါ။ နင်တစ်ဦးတည်းသာ ငါ့အနားမှာ ရှိတာပါ။ စိတ်နှလုံးညှိုးလျလို့ မျက်ဝန်းတဝိုက်စိမ့်စိုလာလည်း လက်တွေက မနူးညွတ်နိုင်တဲ့အခါ သူခွင့်မလွှတ်ချင်ခဲ့။ တတ်နိုင်သလောက်တော့ ငါလည်း ကြိုးစားနေတာပဲလေ။ ဘာပဲဖြစ်ဖြစ် ငါ့ကို မထားခဲ့ပါနဲ့နော်။ နင့်သံစဉ်လေးသာ င့ါကိုးကွယ်ရာပါ။ ဘယ်လိုပင် နှိမ့်ချပြောလည်း စိတ်နာဟန်နဲ့ သူမကြားယောင်ဆောင်နေတာ။ ဘယ်ဘဝက ကံကြွေးတွေလဲကွယ်။

 ဟင့်အင်း။ ဘာပဲဖြစ်ဖြစ်။ တစ်နေ့နေ့ပေါ့။ တကယ်ပါ။ ငါ့ချစ်ခြင်းတွေနဲ့ သက်သေပြမယ်နော်။ ယုံကြည်ပါ။ ပဉ္စလက်အတတ်နဲ့ ကြိုးဆွဲကမယ့် ငါတို့နေ့တွေ ရောက်လာတော့မှာ။ ယုံကြည်ပါ။  ဟော…. ပြောရင်းဆိုရင်း ကြားရပြန်ပြီ။ အသံလေးတစ်သံ... ဘယ်လိုမှ အမှတ်တမဲ့ထားလို့ မရဘူး။ ညှင်းသဲ့သဲ့သာယာနာပျော်ဖွယ် သံစဉ်လေးရယ်။ မျက်လုံးတွေစုံမှိတ်ထားပေမယ့် ကျွန်မရဲ့လက်ချောင်းတွေက သူ့ရင်ခွင်တစ်လျှောက်မှာ ရှေ့တိုးနောက်ငင် ပျော်ရွှင်ပြေးလွှားနေတာကိုလည်း ပကတိမယွင်း မြင်နေရတယ်။ အာရုံမှာ သံစဉ်တွေဟာ မဟော်ဂနီရောင်လေးနဲ့ အတူလွင့်ပျံနေ။ ချစ်သော ဂစ်တာလေးနဲ့ ကျွန်မရယ်လေ..။ 
 ပျော်ရွှင်ကြည်နူးစွာ။ ဝမ်းနည်းကြေကွဲစွာ။ ညည်းညူတမ်းတကာ။ ကျေနပ်ပဲတင့်ကာ။

မယ်ကိုး


Image credit: www.bbc.co.uk

9 comments:

ကိုအောင်(ပျူနိုင်ငံ) said...

စပါးကြီးမြွေရဲ့သည်းခြေ ရရင်တော့ ပိုညှို့နိုင်တာပေါ့ ... :P

အယ်ကို said...

စေတနာရယ် ၊ အကြင်နာရယ် ၊ ကရုဏာရယ် ၊ သံယောဇဉ်ရယ် ၊ ချစ်မေတ္တာရယ် ၊ လေးစားမှုရယ် ဒီကြိုးခြောက်ကြိုးကို တစ်ကြိုးစီညီအောင်ညှိပြီး GmAm, round cord လေးတီးကြည့်လိုက်ရင် ညှို့နိုင်ဆုံးသော own tune လေးကောင်းကောင်း ထွက်လာနိုင်ကောင်းရဲ့ ဘွားဘွား ... ;)

လေးစားလျက်
(လူကလေး)

Dream..(selda) said...

ဒါဆို မမ ကို ချစ်သူ လက်ဆောင်ပေးမယ်လေ..သူ့အသံသာသာ ကြားဖို့ မမ လက်တွေ အခါခါနာရမယ် ..မိုးရွာရွာ နေပူပူ သူ့ကို ပွေ့ဖက်ထားပေးရမယ်..သူအနားယူနေစဉ်မှာ နေသာစေဖို့ ရင်ခွင်ကြိုးလေးတွေ လျှော့ထားပေးရမယ်..နောက်တစ်ခုက သူက မမရဲ့ လက်သည်းရှည်ရှည်တွေကို ချစ်တယ်တဲ့..အဲ့ဒီအတွက် မမ သူ့ကို အပြီးအပိုင်လက်ဆောင်ပေးရလိမ့်မယ်..သူစိတ်ဆိုးတဲ့ အခါဆိုရင် “ ထောက်” ဆိုတဲ့ အသံတစ်ချက်နဲ့ မမ ရဲ့ လက်တစ်နေရာကို ဖြစ်ဖြစ် နာကျင်အောင်လုပ်လိမ့်မယ် ..ဒါဆို အဲ့ဒီချစ်သူကို မမ ချစ်ဦးမှာလား.....
ချစ်ညီမလေး

ချစ်ကြည်အေး said...

မယ်...ဂစ်တာတီးသင်နေတာလား...ဇွဲမလျှော့နဲ့ ညီမလေး ဖြည်းဖြည်းပေါ့....:)

မင်းနေဝေး said...

ဂစ်တာက ပြောတဲ့စကားသံလေးလား

Mogok Thar said...

ကြိုး မညှိတတ်ဘူး။ အသံမည်အောင်တော့ တီးတတ်တယ်။ သံစဉ်တော့ မရှိ။ နုတ်တွေလည်း နားမလည်။ တယောပုံလေး မြင်မှ အကို့အိမ်က တယောအိုလေး သတိရသွားပြီ။

Orange Chit Thu said...

I just read this one...so so nice Mae, so lovely...I love this instrument too :D
but not successful to learn :(
writing is always make my mind to forget everything beside me and just look at my PC till the end of Post...Ohh it is true :)

jr said...

ဂစ်တာ သင်ဖူးတယ် မမယ်ကိုး။
လက်ကသေးလွန်းလို့ သင်လို့ မရခဲ့ဘူး။ ဇွဲမရှိတာလဲ ပါတယ်။
ဂစ်တာတီးတတ်တဲ့လူ။ စက်ဘီးစီးတတ်တဲ့လူ၊ နောက် ရေကူးတတ်တဲ့လူတွေဆို သိပ်အထင်ကြီးတာ။
ကိုယ်မှ မလုပ်တတ်ဘဲ။း))

ရိုးမြေကျ said...

အိုး မယ့် အဖြစ်ချင်းကတော့ သိပ်တူနေပြီ။ ကျနော်လဲ ဂစ်တာကို အပြာရောင်လေးမှာထားခဲ့တာ။ အရင်အလုပ်က ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို မန်းလေးကတစ်ဆင့်မှာခဲ့တာ။ အပြာရောင်မှာ ထားပေမယ့် လက်ထဲရောက်လာတော့ မဟော်ဂနီရောင်လေးပဲ။ ဒါပေမယ့် အော်ဒါမှာထားတဲ့ ဂစ်တာဆိုတော့ အိုးကောင်းတယ်လို့ တီးတတ်တဲ့သူတွေကတော့ ပြောတာပဲ။ကျနော်ကတော့ အဲတာတွေ သိပ်နားမလည်ပါဘူး။ အတီးကျင့်ဖို့ကြိုးစားလဲ ပါရမီနည်းတယ်ပြောရမလား။ ဆရာနဲ့ သင်ဖို့ကျလဲ အချိန်ဆင်းရဲတယ်ဆိုပြီး အပျင်းပိုခဲ့တာ။ နောက် ရန်ကုန်မှာ သင်တန်းနှစ်လတက်နေတုန်းမှာ ကျနော်သိပ်ချစ်တဲ့ကလေးလေးက အိမ်လာရင်း ချိတ်ထားတဲ့ ဂစ်တာလေးမြင်ပြီး မေမေ့ကို ပူဆာတယ်။ ကျနော် မုံရွာပြန်ရောက်တော့ မေမေက ပေးလိုက်ပါဆိုလို့ ကျနော်သိပ်မြတ်နိုးပေမယ့်လဲ အရမ်းလိုချင်နေတဲ့သူမို့ ပေးလိုက်မိတယ်။ ခုတော့ ကျနော်ဟာ ဂစ်တာလက်မဲ့။