17 April 2011

စုန်းစားခံရသူ


အိပ်ငိုက်နေတဲ့ ကမ်းခြေဝန်းကျင်မှာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူတစ်ဦးဟာ ဆံပင်ရှည်တွေမျောလွင့်ကာ ပျံသန်းသွားတဲ့ သူ/သူမကို ကောင်းကင်ထက်မှာ မြင်လိုက်စဉ်မှာ (အများသူငါအတွက်) အလွန့်တရာ သေးဖွဲသိမ်နုပ်သော လှောင်ပြောင်ရယ်မောဖွယ် အခြင်းအရာတစ်ခု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ကရောသောပါးပြေးလာကြတဲ့ ငှက်တစ်အုပ်ကို ဖျက်ကနဲမော့အကြည့်မှာ မြင်လိုက်ရတဲ့ လျှပ်တပြက်ပုံရိပ် ။….။အံ့သြငေးကြောင်မှုနဲ့ ဦးထုပ်ကိုပင် ဆွဲချွတ်ကာ အသေအချာကြည့်ပြီးမှ ကောက်ချက်ချဆုံးဖြတ်နိုင်ခဲ့တာ။“ ဒါ… စုန်းပဲ ” သူ ခပ်တိုးတိုး ရေရွတ်တယ်။ အသေအချာပဲ ကဝေ။ ပျော်ရွှင်မှု၊ ကြည်နူးခြင်း။ဒီနောက်ကြည်နူးဝမ်းသာစိတ်နဲ့ ချစ်သောသူတွေဆီ ခပ်သွက်သွက်ဖုန်းခေါ်ပြီး အဆက်အစပ်မဲ့ အစီအစဉ်မတည့် ရေရွတ်မိသွားခဲ့။

“ခုနက တွေ့လိုက်တာ….. ” စကားဆုံးတာနဲ့ တပြိုင်နက် သူ မမျှော်လင့်ထားတဲ့ မုန်တိုင်းက အရှိန်ပြင်းပြင်းသူ့ရင်ကို ဝင်ဆောင့်တဲ့အခါ သူ့ခြေများပင် ယိမ်းယိုင်သွားရ။အော်ဟစ်လှောင်ပြောင်သံများ။ တုံ့ပြန်မှုအဖြစ် သူလက်ခံရရှိလေပြီ။ ရုတ်တရက်အငိုက်မိသွားပေမယ့် အသက်ဝဝရှုကာ တံတွေးကို မြိုချလိုက်ရင်း အလဲထိုးခံလိုက်ရတဲ့စကားလုံးတွေကို ပြန်လည်ထူထောင်ကြည့်ရတာပ။

“စုန်းပဲ သေချာတယ်။ မျက်လုံးတွေက နက်ပြာရောင်တောက်တောက် ။ ပါးပြင်မှာ သွေးကြောတွေ အမျှောင်းလိုက်နဲ့… ကြောက်စရာသိပ်ကောင်းတယ်” သူထပ်မံရရှိလိုက်တာ ပိုလို့ကျယ်လောင်တဲ့ လှောင်ပြောင်ရယ်မောသံများ။ ရင်ခုန်နှုန်းဟာ အချိုးမကျဖြစ်လာကာ ဒေါသလည်း သူ့ရင်တွင်းကို ရောက်ရှိလာပြီ။တော်တော့။ တော်သင့်ပြီ။ သူ ခပ်ကျယ်ကျယ်အော်ဟစ်လိုက်လည်း ကံဆိုးစွာပင် သူ့အသံသူ မကြားရ ။ ကိစ္စမရှိဘူး။ ဇွဲကောင်းသူမို့ အပိုင်းပိုင်းအပဲ့ပဲ့ဖြစ်ကာ ဟိုသည်တစ်စပျံ့လွင့်နေတဲ့ အတည်ပြုချက်တစ်ခုကို လိုက်လံစုစည်းဖို့ အားယူလိုက်ပြန်တာ။

ဒါပေမယ့် မညှာတာတတ်သော စူးရှရှအသံတစ်မျှင်က သူ့စကားကို သရော်စော်ကားနဲ့ ဖြိုခွဲခြေမွပစ်လိုက်ရဲ့။ “စုန်းဆိုတော့ ကာတွန်းတွေထဲကလို နှာယောင်ကောက်ကောက် ရုပ်ဆိုးဆိုးအဘွားကြီးလား။ ဦးထုပ်ချွန်ချွန်နဲ့ တံမြည်စည်း စီးထားတာလား။ ကြောင်တစ်ကောင်ရော ပါလား” ။သွားပြီ။ သူ့သိက္ခာတွေ ရေထဲမျှောလိုက်ရတော့မလား။ အခြေအနေအရပ်ရပ်ကို သူ သုံးသပ်ဆက်စပ်ခြင်းငှာ မစွမ်းနိုင်တော့။ အခံရခက်ခြင်းတွေ ဆူဝေကာ ကမ်းခြေမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိပြီ။

“သူမဟာ စုန်းပဲ ။ ဒါပေမယ့် ဝတ်ရုံအမည်းကြီး ဝတ်ထားတာလည်း မဟုတ်ဘူး။ ဟယ်ရီပေါ်တာလို ဆေးကြိမ်လုံးလေး ဆောင်ထားပုံလည်း မရဘူး။ ဂါထာမန္တာန်တွေ မရွတ်ဘူး။ ဇီးကွက်လည်း မတွေ့ဘူး။ ဖီးနစ်ငှက်လွဲလို့ အနားမှာ ကျီးကန်းတောင် မရှိဘူး။  ဓာတ်လုံးတွေ ပြဒါးရှင်လုံးတွေ ရှိပုံလည်း မရဘူး။ ဒါပေမယ့် အကြည့်တွေက လူသတ်နိုင်တာ အမှန်ဘဲ။ ”

ယုံကြည်ချက်အမှုန့်များကို သူ သိမ်းဆည်းနေဆဲ နောက်ဆုံးအသံက သူ့ကို နလံမထူနိုင်အောင် အလဲထိုးပြန်ခဲ့။ “ပြက်လုံးက ရယ်စရာလည်း မကောင်းဘူး” တဲ့။ ဒီစကားဟာ သူ့အရှုံးကို အနားကွပ်လိုက်ပေးခြင်းလား။ သူ ပြိုကွဲမူးဝေနေပြီ။ သူ ဒီလောက် မနုံအပါဘူး။ လောကအထာတွေကို အထိုက်အလျှောက်တော့ ကျွမ်းဝင်ပါတယ်။ နေပါဦး။ ထူးဆန်းတဲ့ တိုက်ဆိုင်သိရှိမှုဆိုတာ သဘာဝတရားမှာ မဖြစ်နိုင်တော့ဘူးလား။

အာ။ သူ့အတွေးတွေ သိပ်ပြဇာတ်ဆန်နေပါလား။ ဒါပေမယ့် ဒါဟာ သစ္စာ။ အမှန်ရယ်သာ။ တားဆီးချိုးနှိမ်တဲ့ အသံလှိုင်းများကြားမှာပင် သူ့အတ္တဟာ အဟုန်ပြင်းပြင်းကြီးထွားလာခဲ့ပြီ။ ဘယ်လိုအကြောင်းကြောင့်မှ သူ့ဆိုစကားကို အငွေ့ပျံအောင် မဖျက်ဆီးနိုင်စေရ။
……………………………………………………………………………………………………………………................

သူကြိုးစားခဲ့ပါတယ်။မယုံနိုင်အောင်ပဲ ကြိုးစားခဲ့ပါတယ်။ လူတွေဘယ်လိုပဲ လှောင်ပြောင် ရယ်မောရှုံ့ချကဲ့ရဲ့လည်း သူ အမှန်တကယ်ကြိုးစားဆဲပါပဲ။ သူဟာ သူမကို ရှာရင်း စာတွေ ဖတ်ခဲ့တယ်။ သူမဟာ ဘယ်လိုစုန်းလဲ။

မြန်မာအယူအရ စုန်း (၇)မျိုး ရှိသတဲ့။သူမက သစ်သီးသစ်ပွင့်ကိုစားတဲ့ ခြေစုန်းတော့ မဟုတ်နိုင်။ သစ်သီးမှည့်အချိုအချဉ်ကိုစားတဲ့ ခေါင်းစုန်းလည်း မဖြစ်နိုင်။ အညစ်အကြေးတွေစားတဲ့ ကိုယ်စုန်းလို့လည်း မသတ်မှတ်နိုင်။ကိုယ်တိုင် မြင်ရ၊ထိရ နမ်းရှုပ်ရမှဖမ်းစားနိုင်တဲ့ အသွေး၊ အသား၊ အရေကိုစားသော မောက်လုံးစုန်းလား။ကိုယ်တိုင် မြင်ရ ၊ထိရ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သူ၊ အအူ အသည်း အမြစ်တို့ကိုစားတဲ့ 'ရွာသမီး'လို့ သမုတ်တဲ့ မောက်ပြားစုန်းလား။ ဘယ်လို ခေါင်းစဉ်တပ်ရမလဲလို့ သူမကြံစည်တတ်။

အကြော် အလှော် အစိမ့် အအိမ့်တို့ကိုစားပြီး အမည်နာမကိုသိမှ မိမိလက်အောက်က ၃၇-မင်းနတ်တို့ကို စေပါး ခိုင်းခန့် ဖမ်းစားနိုင်တဲ့ ဇော်ဂနီလို့လည်း ခေါ်တဲ့ အိန့်တလိမ့်စုန်းလား။ လူသွေး လူသား လူရိုးတို့ကိုစားပြီး အမည်နာမကိုသိတဲ့အခါ မိမိလက်အောက်က နတ်တို့ကို စေပါးခိုင်းခန့်ဖမ်းစားနိုင်တဲ့ 'ကဝေ'ဆိုတဲ့ ကဝေမြောက်စုန်းလား။ နောက်တစ်ကြိမ်ဆုံမှ ခွဲခြားသိတော့မှာပဲ။

ကပ်ဘေးအသွယ်သွယ်နဲ့ ပျက်ဆီးခြင်းအဖုံဖုံကို ကြုံဆုံနေရလည်း တရားလက်ကိုင်မရှိနိုင်သူရယ်လေ။ မြေလွှာပြတ်ကာ အသုရာချောက်တွေ ပေါ်လာလည်း မကြောက်မရွံနဲ့ ပြုံးနေမြဲပေါ့။ နောက်နာရီပိုင်းမဆိုင်းခင်မှာပင် ကမ္ဘာပျက်ကာ အသက်ပျောက်မယ် ပြောလည်း တုန်လှုပ်မယ်မဟုတ် ။ မသေခင်လေးမှာ သစ္စာရှာကာ ရှေ့တိုးမိုက်ဖို့သာ ခြေလှမ်းပြင်တော့တာ။ တကယ်ပါ။ ရခဲလှတဲ့ လူ့ဘဝမှာ လုပ်သင့်တာမှန်သမျှ ဆောင်ရွက်ခဲ့ပြီးပြီ။ ဖြစ်ချင်တာတွေကိုလည်း မကြိုးစားသင့်ဘူးလား။ သူမမျက်နှာဖုံးကို ခွာရမယ်။ အလို ။ ဒါမှားသတဲ့လား။

အခါးဆိုတဲ့ သံသယဖြစ်ခံရမှုတွေကို မြိုချသောက်သုံးခဲ့ပြီးပြီ။ ဒီထက်ပူလောင်စရာ မကျန်တော့ပြီမို့ ဘာကိုမှုရဦးမှာလဲ။ ဂုဏ်သိက္ခာအတွက်။ ဟင့်အင်း။ မာနကြောင့်လည်း ဖြစ်တယ်။ တကယ်ပါ။ ထိုအခါမှ အသေမျက်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း ပိတ်နိုင်တော့မှာ။ သက်သေရှာကြံစည်ခြင်းကို မြဲမြဲဆုတ်ကာ အစွဲမပြတ်နိုင်အောင်။ အကျိတ်အခဲတွေ ပြင်းဆူလွန်းလှချည့်။

ကမ္ဘာကြီးပျက်စီးတော့မှာလား။ သူ့အသံကို လက်ခံမယ့် လူတွေတစ်ယောက်မှ မရှိတော့ဘူးလား။ ကြွေလွင့်တော့မယ့်အချိန်မှာ မာန၊ဒေါသ၊အာဃတတွေ ဖယ်ခွာသင့်ပြီတဲ့လား။ ဟင့်အင်း ။ မတတ်နိုင်ပါဘူး။ ဘုရား ရဟန္တာမဟုတ်ဘူးရယ်။ လူသားတစ်ဦး အမှန်မမြင်ဘူးဆိုတောင် ဇဝေဇဝါဖြစ်သွားရင် သူကျေနပ်ပြီ။

သိကြားမကယ်တဲ့ ဘဝတဲ့လေ။ တရားမျှတမှုဆိုတာ အသက်နဲ့ရင်းလည်း မရဘူးဆိုပဲ။ ဒါပေမယ့် ရှေ့ဆက်တိုးမယ်။ ကျေးဇူးပြုပြီး မျက်ကွယ်ပြုထားပါ။ သေသွားတဲ့အခါ...။

ဘာကိုမှ မကြောက်တော့ဘူး။ ပြုစားလုပ်ကြံခံရတော့မှာသိလျှက် သူရှေ့ဆက်သွားတဲ့အခါ ထောင်ချောက်ထဲကျလေပြီ။ သူမနဲ့ မျက်နှာချင်းဆိုင်ပေါ့။ သူ့ကြိုးစားမှုအတွက် ရရှိတဲ့ ဆုလာဒ်ကတော့ အသတ်ခံရခြင်း။ ဒါဟာ ကံကြမ္မာက ချောပို့လုပ်ပြီး ပို့ပေးလိုက်တဲ့ နောက်ဆုံးလက်ဆောင်။ ဇာတ်သိမ်းမှာ သူသိရှိခဲ့ပြီ။ သူမဟာ ကိုယ်တိုင် မြင်ရ ၊ထိရ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သူ ။ အအူ အသည်း အမြစ်တို့ကိုစားတဲ့ 'ရွာသမီး'လို့ သမုတ်တဲ့ မောက်ပြားစုန်း။

တကယ်ပါ။ သူမဟာ စာတွေထဲကလို ကြောက်စရာ ကောင်းသူမဟုတ် ချစ်စဖွယ် ရုပ်ဆင်းနဲ့ရယ်။ မယုံဘူးလား။ဒါပေမယ့် သူဘယ်လို ပြောနိုင်တော့မလဲ။သူက The Wonderful Wizard of Oz စာအုပ်ထဲက ဒေါ်ရသီဆိုတဲ့ ကောင်မလေးလို မြောက်အရပ်က သူတော်ကောင်းစုန်းမကြီး (The Good Witch of the North) ရဲ့ အနမ်းတစ်ပွင့်နဲ့ ကာကွယ်ခြင်းခံရသူ မဟုတ်ဘူး။ သူမဟာ ရေနဲ့ ပက်လိုက်ရင် အရည်ပျော် ပျောက်ကွယ်သွားမယ့် စာအုပ်ထဲက ကောက်ကျစ်တဲ့အနောက်အရပ်ကစုန်းမအို(the Wicked Witch of the West) လည်း မဟုတ်ဘူး။

သူ ဘယ်လို သက်သေပြနိုင်ဦးမှာလဲ။ သူမလက်ထဲမှာ သူ့နှလုံးသား။ အော်ဟစ်လှောင်ပြောင်သံများ။ တစ်သံချင်း ပြန်လည်ခံစားရင်း သူ အသက်ငင်နေပြီ။ “ဟေး” သူ အားကုန်အော်ဟစ်လိုက်ပေမယ့် အသံဆိုးဟာ လည်ပြွန်ဝမှာပင် တစ်ဆို့ပျောက်ရှသွားပြီ။ “သူမက စုန်းပါ။ယုံပါ။ ဒီမှာ ငါသေနေပြီ” ဘယ်လိုပင် ကြိုးစားပြောလည်း ဇောကပ်နေတဲ့ စကားတစ်စွန်းတစ်စမှ လျှံကျမလာတော့........။
...................................................................................................................................................

အမှန်တရားတဲ့လား။ ဒီလိုပါပဲ ။ အချိန်တစ်ခုရဲ့ စွမ်းအင်အောက်မှာ ဒဏ္ဍာရီအဖြစ် အသွင်ပြောင်းသွားတဲ့ အရာ။

မယ့်ကိုး


image credit : lkhero.blogspot.com

3 comments:

ပန်ဒိုရာ said...

မယ်ကိုးစတိုင် လှပတဲ့ အတွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာတစ်ပုဒ်။ စုန်းဟာ ဖမ်းစားနေပြန်တယ်။

ညီမလေး said...

မယ့်လိုရေးတတ်အောင် ဘာဆေးစားရမလဲး))

ဒါနဲ့ စကားမစပ် ... သူကတော့ ကိုယ့်အတွက် ကိုယ့်လိပ်ပြာကို စားတဲ့ စုန်းဖြစ်မယ် မယ်ရယ်...

nyein said...

:)