07 May 2011

အမေ မမြင်သင့်တဲ့ ကျွန်မရဲ့ အမှောင်ခြမ်း


စိတ်ရူးဖောက်လာပြီဆိုဆေးရုံမှာ ထားရစ်ခံရတဲ့၊ လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့၊ အမှိုက်ပုံမှာ အဆုံးစီရင်ခြင်းခံရတဲ့ ကလေးတွေအကြောင်းကို ကျွန်မတွေးဦးမှာ။ တစ်ခါတည်း ဒဏ်ရာပြင်းစွာရတဲ့လူနဲ့ အကြိမ်ကြိမ်နှိပ်စက်ညှင်းပန်းခံရသူတွေမှာ ဘယ်သူ့ရောဂါပိုဆိုးမလဲနော်။ အမြဲတစေသိချင်နေခဲ့လည်း တကယ်တော့ ဒီအဖြေကို တခြားသူမေးစရာမလိုဘဲ ကျွန်မပဲ ပြောနိုင်ရဲ့။ သိတတ်စအရွယ် မတိုင်ခင်မှာပင် ခွဲခွာသွားခဲ့တဲ့ အဖေကို ကျွန်မ မုန်းလို့မရဘူး။ သမီးတွေကို ဖြတ်ကနဲပင် လာမကြည့်တော့တဲ့ အဖေကို ကျွန်မ မနာကျည်းသေးပါဘူး။ အစ်မဖြစ်သူက အဖေ့ကိုအိပ်မက်ထဲမှာမြင်လျှင်ပင် တူးခါးနေတတ်ပေမယ့် ကျွန်မ ငြိမ်အေးနေဆဲရယ်။

အဖေက တစ်ခါမှားတာပဲနေမှာလို့ စိတ်လျှော့ထားဦးမယ်။ အမေက အဖေဟာ သိပ်ရွံမုန်းစရာကောင်းတဲ့သူလို့ပြောတဲ့အခါ အဖေ့မှာလည်း အကြောင်းပြချက်တွေ ရှိမှာပဲလို့ဖြေသာစရာ ရှာဦးမယ်။ ခံနိုင်ရည်ချို့လွန်းသူပါ။ နာကျင်မှုတွေ ထပ်မံလက်ခံနိုင်တဲ့ ကျွန်မရဲ့ အတိုင်းအတာဟာ ပြီးသွားခဲ့ပြီ။ အမေ့ရဲ့ သင်ခန်းစာ အလုံးစုံနဲ့တင်ကြေကွဲတုန်လှုပ်မှုက စလို့ပျော်ရွှင်သာယာဖွယ်မှန်သမျှကိုလည်း ကျွန်မ မကောင်းမြင်တတ်ခဲ့ပြီ။

မယုံဘူးဆိုလည်းငြင်းလိမ့်မယ်မဟုတ်ဘူးကွယ်။ နားလည်လက်ခံအောင် ရှင်းပြရခြင်း မှာခြေကုန်လက်ပန်းကျခဲ့ဖူးပါပြီ။ လူတွေကမေးတယ်။ ဇာတိမြို့ကို မချစ်ဘူးလားတဲ့။ ဟင့်အင်းဆိုတော့ စိတ်ပျက်တဲ့အကြည့်ရတယ်။ ကျွန်မ ဘယ်လိုချစ်နိုင်မှာလဲ။ အဲဒီမြို့၊အဲဒီအိမ်မှာ ကျွန်မကို ချစ်တဲ့သူ မရှိဘူး။ ၁၈ ရက်သမီးကစ အဘွားနဲ့အဒေါ်တွေလက်မှာ ကြီးပြင်းခဲ့ရသူမို့ ကြည်မွေ့စရာမဲ့။ အဘွားက အမေနဲ့ အဖေကို သဘောမတူဘဲ နည်းအမျိုးမျိုးနဲ့ဝေးအောင် လုပ်ခဲ့ပေမယ့် တကယ်ကွဲကွာသွားတဲ့အခါ ကျွန်မကို မွေးခဲ့လို့ စနေဂြိုလ်မွှေလို့ဆိုကာ အမြဲမြည်တွန်တောက်တီးတယ်။ “နင့်အမေက အပျိုလုပ်ပြီး ငါတို့ဆီ လာထားတယ်”ဆိုပြီး အဒေါ်တွေက ငြူစူတယ်။ အဘွားနဲ့ ရန်ဖြစ်တိုင်း ဦးလေးက နှိပ်စက်ညှင်းပန်းတယ်။

ဘယ်လိုလဲ ကျွန်မသေသင့်တယ် မဟုတ်လား။ ဒါပေမယ့် ဆယ်နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ဟာ သေကြောင်းကြံနည်းတွေကို ကံကြီးသီပြီး နားမလည်ခဲ့ဘူးလေ။ အစ်မတစ်ယောက်သာ ကိုးကွယ်ချစ်ခင်စရာ ထင်ခဲ့ပေမယ့် အစ်မကလည်း ငြိုငြင်ခဲ့တယ်။ အမေ့ကြောင့်ပါပဲ။ သမီးနှစ်ယောက်မွေးထားပြီး “အငယ်လေးက အမေကို အကျိုးပြုမယ့်သမီး” ဆိုတဲ့ဗေဒင်ဆရာရဲ့ စကားကို လူထူထူရှိတိုင်း အမေပြောခဲ့တယ်လေ။ မမစိတ်ထဲမှာ သိမ်ငယ်မနာလိုစိတ်ဝင်သွားမယ်ဆိုတာ မလေး နည်းနည်းလေးမှ မစဉ်းစားခဲ့ဖူးပဲနော်။ ကလေးလေးအစ်မရဲ့ စိတ်အနာဟာ ကျွန်မအပေါ် အမုန်းရောင်ပြန်ဟပ်ခဲ့ပြီလေ။ ဟုတ်ကဲ့။ တကယ်ဆိုလှေကားထိပ်က အစ်မ တွန်းချလိုက်စဉ်တည်းက ကျွန်မ သေခဲ့ဖို့သင့်တာ။ ဒါပေမယ့် အမေ့မေတ္တာလေးတစုတဖဲ့ကိုတောင် ညီညီမျှမျှမရရှာတဲ့ အစ်မကို ကျွန်မ မနာကျည်းနိုင်ပါဘူး။ မလေး သမီးကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး မဟုတ်လား။

ကျွန်မရဲ့ ခံနိုင်ရည်ဟာ အစွန်းမှတ်ကို ကျော်သွားပါပြီ။ အဒေါ်တွေက စနောက်ပြီး “ သမီးကို အန်တီမွေးထားတာ မလေးမွေးတာ မဟုတ်ဘူး”လို့ပြောလာရင် မျက်စိမှတ်ယုံလိုက်ပြီ။ အဝေးက အမေဆိုတဲ့သူထက် အိမ်က အဒေါ်တစ်ယောက်ယောက်သာ အမေဖြစ်ရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်တတ်ပြီ။ သူငယ်တန်းထဲကစလို့ ။ကျောင်းဆင်းချိန်တိုင်းမှာ အိမ်ကနေလာကြိုစောင့်မယ်သူ မရှိခဲ့ဘူး။ အစ်မကလည်း ကျွန်မကို မစောင့်ဘူး။ ကျိတ်ငိုခဲ့ရတဲ့ မျက်ရည်တွေဟာ ခဲနေပြီ။

ကလေးငယ်ကျွန်မရဲ့ အသိစိတ်ထဲမှာ အမေဟာ ဘယ်လိုပုံရိပ်မျိုးလဲဆိုတာ မှတ်တမ်းမရှိခဲ့။ အစိုးရဝန်ထမ်း အမေအလည်ပြန်လာတဲ့ ရက်တွေမှာပျော်ရွှင်ခဲ့ဖူးသလားလို့ ရှာဖွေရင် ကြောက်ရွံ့တဲ့ခံစားချက်တွေသာ ထွက်ကျလာတော့မှာ။ စွဲလမ်းနေမိတာက အိမ်ကကြောင်လေးတွေကို အမေမုန်းတာမို့ကြောင်ချစ်သူကျွန်မကို ဆူပူပြီးကြောင်မွှေးတွေနဲ့ အနားမကပ်နဲ့ ဆူတတ်တာ။ကျောက်သင်ပုန်း၊ကျောက်တံနဲ့ စာရေးတဲ့အခါမှာ ထိခြစ်သံကို သည်းမခံနိုင်ဘူးဆိုလို့ အမေ့ကွယ်ရာမှာ အိမ်စာလုပ်ခဲ့ရတာ။

အမေ ကျွန်မကိုထွေးပွေ့ဖူးလား။ မမှတ်မိတော့ဘူး။ ကလေးဘဝဆိုတာ အပျော်ရွှင်ဆုံးဆိုတဲ့ စာသားတွေမြင်ရရင်လောကတစ်ခုလုံးကို ခါးသီးတယ်။ မှန်သောစကားပါ။ ငယ်စဉ်ကစလို့ ကျွန်မ က ပုန်ကန်ခဲ့သူပဲ။ အဒေါ်တစ်ယောက်မွေးတဲ့ ကလေးဟာ အိမ်ပေါ်ရောက်လာတယ်။ ချစ်စဖွယ်ချွဲနွဲ့တတ်တဲ့ ညီမငယ်လေးဟာ ကျွန်မမြင်ကွင်းမှာ မနှစ်မြို့စရာ မြွေတစ်ကောင်လိုပဲ။ အားလုံးရဲ့ အချစ်က သူ့ဆီမှာ ရှိတယ်။ သူစကားပြောတိုင်း လိမ်ညာနေတာလို့ ခံစားရတယ်။ ကဲ့ရဲ့နိုင်ပါတယ်။ ကိုးနှစ်ဆယ်နှစ်အရွယ် ကလေးတစ်ယာက်ရဲ့ အမုန်းဟာ လွန်သတဲ့လား။

မယုတ်မာရန်မပြုတတ်ပေမယ့် မနာလိုစိတ်ကို မထိန်းနိုင်တာကြောင့် နောက်ဆုံးမှာ အားလုံးမျက်မုန်းကျိုးတဲ့ လူဆိုးဟာ ကျွန်မပဲရယ်။ မလေး မသိခဲ့ဘူး မဟုတ်လား။ သမီး ရိုက်နှက်ခံရတာတွေ။ မဟုတ်ဘူး။ စကားလုံးကိုပြင်လို့ရပါသေးတယ်။ ညှင်းပန်းနှိပ်စက်ခံခဲ့ရတာတွေ။ အိမ်ဆိုတာ ဘာလဲ။ ဇာတိမြို့ဆိုတာ ဘယ်လိုမျိုးလဲ။ ကျွန်မနားမလည်ဘူး။ မကျွမ်းဝင်ဘူး။ အိမ်မှာ စားတဲ့ဟင်းကအစ မျှတတူညီမှု မရခဲ့ဘူး။ လူကြီးကို ခံမပြောနဲ့ ။ ငရဲကြီးမယ်တဲ့လား။ တကယ်တော့ ကျွန်မက အဝီစိမှာပဲ ရှင်သန်ခဲ့သင့်တာ။

ဘုရားရိပ်အောက်မှာ ကံကြွေးတွေပဲလို့ အခုချိန်မှာ ရမယ်ရှာနိုင်ပေမယ့် ငယ်စဉ်ဒဏ်ရာဆူးချက်တွေက နက်ခဲ့ပြီ။ အမေ၊ အမေ။ လောကမှာ အမေသာ အမြင့်မြတ်ဆုံး ။ အဲဒီကလေးပဲ မှားတာပါ။ ဟုတ်တယ် မဟုတ်လား။ ဘယ်သူမှ အပြစ်မရှိဘူး။ ကံတရားကြောင့်သာ။ ဒီလို လွှဲချမှပဲ ကျွန်မ အသက်ရှင်နိုင်တော့မယ်။ တန်ခိုးရှင်တစ်ယောက်ယောက်က ဖန်ဆင်းလို့ဖြစ်လာရတယ်ဆိုရင်ဖြင့် ရူးပြီး ကျွန်မသေမှာပဲ။ ပြီးတော့ အဲဒီတန်ခိုးရှင်ကို ကျွန်မ တရားစွဲမိလိမ့်မယ်။ လောကမှာ ဘာကြောင့် ဒီလောက်ဆိုးရွားပြန်းထန်လောက်တဲ့ မညီမျှမှုတွေ ရှိနေရတာလဲ။ အမေရဲ့ ချစ်မြတ်နိုးစောင့်ရှောက်ခံရတဲ့ ကလေးတွေကိုမျှော်ငေးရင်း တုနိုင်းမမှီတဲ့ အမေ့မေတ္တာဖွဲ့စာတွေကို ဖတ်ရင်း သွေးပွက်ပွက်အန်ကာ ကျွန်မသေရတော့မှာလား။

ဒါပေမယ့် ကံအားလျော်စွာပဲ ကျွန်မ စာဖတ်နာခဲ့ပါတယ်။ ပညာသင်ပေးခဲ့တဲ့ အမေ့ကျေးဇူးကြောင့်ရယ်။ အမေရိကန်နိုင်ငံမှာ ကိုယ့်ကိုကိုယ်အချစ်လွန်ရောဂါသည် အမျိုးသမီးပေါင်း ၁.၅ သန်းရှိပါသတဲ့။ အဲဒီအမျိုးသမီးအများစုက အမေတွေလေ။ ဒါကြောင့် ကျွန်မလို စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့ ကလေးတွေရှိတယ်လို့ ဖတ်ခွင့်ရတဲ့အခါ ဘဝတူတွေ ရှိသေးပါလားဆိုကာ သက်သာရာရခဲ့ပြီ။ ကျွန်မ အသိနောက်မကျသေးပါဘူးနော်။ အချိန်မှီ ကုသကာ နာကျင်မှုအရိပ်မည်းအောက်က လွတ်မြောက်နိုင်ကောင်းပါရဲ့နော်။

တစ်ချို့ကလေးတွေကတော့ ကျွန်မထက်ကံကောင်းကြသူတွေပါ။ သူတို့ဟာ ရက်စက်တဲ့အမေ့လက်က လွတ်မြောက်ပြီး ချစ်မြတ်နိုးစောင့်ရှောက်မယ့်သူတွေဆီရောက်သွားကြတယ်လေ။ “Will I Ever Be Good Enough” ဆိုတဲ့ စာအုပ်ထဲမှာ လင်ဒါဆိုတဲ့ စိတ်အထူးကုပညာရှင်က ဒီလို ကံနည်းခဲ့တဲ့ကလေးတွေအတွက် ရည်ညွှန်းဖွဲ့ထားတဲ့ကဗျာလေးကို မလေးကြားအောင် ရွတ်ပြချင်လိုက်တာ။

Dear Mommy
I’m doing really good,
I get all A’s in school
And I don’t cry at bedtime anymore,
Though my new mom said I could.
I remember how much you hate tears,
You slapped them out of me
To make me strong,
I think it worked.
I learned to use a microscope
And my hair grew two inches.
It’s pretty, just like yours.
I’m not allowed to clean the house,
Only my own room,
Isn’t that a funny rule?
You say kids are so much trouble
Getting born, they better it back.
I’m not supposed to take care
Of the other kids, only me, I sort of like it.
I still get the hole in my stomach
When I do something wrong,
I have a saying on my mirror
“Kids make mistakes, It’s OK,”
I read it every day,
Sometimes I even believe it.
I wonder if you ever think of me
Or if you’re glad the troublemaker’s gone,
I never want to see you again.
I love you, Mommy.4

Linda Vaughan

ဒီလို ကဗျာမျိုးကို စာနာနားလည်မယ့်သူ ရှိပါ့မလား။ ဘယ်တုန်းကမျှ မမိုက်ခဲ့သလို အမေဂုဏ်ယူချင် ယူနိုင်တဲ့ သမီးနှစ်ယောက်ရှိနေပါလျက် “လွန်ခဲ့တဲ့အချိန်တွေပြန်လိုချင်တယ် ။ ဘဝကို အသစ်ကစချင်တယ်” လို့ ယနေ့ထက်တိုင်ပြောတတ်တဲ့ အမေ့ရဲ့သမီး ကျွန်မကသာ ရင်ကွဲမတတ်ကိုယ်ချင်းစာမိတာ။ “အမေ့ကိုဒုက္ခပေးတဲ့သူထွက်သွားလို့ အမေပျော်တယ်ဆိုရင် အမေ့ကို ဘယ်တော့မှပြန်မတွေ့ချင်တော့ပါဘူး”လို့ ကလေးလေးပြောတာ မယုံဘူးလား။ ကျွန်မအဖြစ်က ပိုလွန်ပါတယ်။ ရုပ်ရည်ချောမောတဲ့ ကျွန်မရဲ့အစ်မကိုမြင်တဲ့သူတိုင်းက ညီအစ်မအရင်းဟုတ်ရဲ့လားလို့ အကျည်းတန်သူ ကျွန်မကိုမေးတဲ့အခါ ဆွံ့အနေမြဲ။ တစ်ယောက်ယောက်က “သူက အမှိုက်ပုံဘေးကကောက်ရတာ” လို့စနောက်တဲ့အခါ ဝမ်းသာအားရခေါင်းငြိမ့်ချင်မိမြဲ။ ဒီလောက်တောင် စိတ်နောက်ခဲ့ပါတယ်။ ဟုတ်တယ်မလေး။ သမီးတကယ် ရူးမိုက်ခဲ့ပါတယ်။ မလေးဟာ အမေ မဖြစ်နိုင်ဘူး။ အခု ခဏမွေးစားထားတာ။ ငါ့အမေနဲ့အဖေက ဟိုးအဝေးကြီးမှာ ။တစ်နေ့တော့ လာခေါ်မှာလို့ ဦးလေးအဒေါ်တွေ နှိပ်စက်ခံရတိုင်း စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။

ငြိမ်းသင့်ပါပြီလေ။ ဒီစကားတွေကို အမေမကြားချင်သလို ကျွန်မလည်း မပြောချင်တော့ဘူးရယ်။ ဒီလိုနဲ့ ကျွန်မသေရတော့မလား။နှလုံးသားထက်က အညိုအမည်းတွေမပြယ်ဘဲ သိမ်ငယ်စွဲလှောင်အိမ်မှာ မွမ်းကျပ်ချိနဲ့ကာ လူဖြစ်ရှုံးရတာ့မှာလား။ မိုးကြိုးပစ်ခံရကာမြေမြိုမယ် ဆိုလည်း ရှိပါစေ။ အတိတ်ကံကြွေးနဲ့ လက်ရှိအပြစ်များအားလုံးကို ကျွန်မကြိုးစားလို့ ဆပ်ပါဦးမယ်။ဘယ်တော့မှ အမေမကြားနိုင်တဲ့ ကျွန်မရဲ့ ခါးသီးမှုတွေကို ဖွင့်အံပါရစေဦး။ မလေး မကြားချင်ဘူး မဟုတ်ဘူး။ စိတ်မကောင်းပါဘူး မလေးရယ် ။ သမီးဆက်ပြောချင်သေးတယ်။ သမီးရဲ့ ဒဏ်ရာတွေကျက်ဖို့ အချိန်တန်ပြီလေ။


the Little Deer - Frida Kahl

( ဝေဖန်ခဲ့သူများ၊ ဆက်ရေးဖို့ တိုက်တွန်းသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်း)

ဆက်ရန်...
မယ်ကိုး


12 comments:

အမတယောက် said...

ညီမလေးရေ အမေဆိုတာလဲ သူ့ဝန်ကိုသူ မနိုင်ယင်ကာ ထမ်းနေတဲ့ သာမာန်လူသားတဦးပါပဲကွယ်.....

လူတယောက်ရဲ့ စိတ်နှလုံးသားက လက်ခံနိုင်တဲ့ သိမ်းဆည်းထားတဲ့ ဖြစ်ရပ်တွေ ရှိသလို မနှစ်မြို့တဲ့ ဖြစ်ရပ်တွေကို အလိုလျောက် black out လုပ်နေတဲ့ program တွေ ရှိနေတယ်လို့ထင်ပါတယ်..

ဒီ ဖြစ်စဉ်တွေ ကြားထဲမှာ.... ကိုယ်ဟာ ဇကာပေါက်ထဲက ကျွံကျခဲ့တဲ့ ငါးလေးတွေ လိုဖြစ်သွားခဲ့တာပါပဲ....

သူ့ရဲ့ ဝမ်းနည်း မနှစ်မြို့စရာ ဖြစ်ရပ်တွေကို အိမ်မက်ဆိုးတွေက သက်သာလိုရညား... ထွက်ပြေးမျက်ကွယ်ပြု မသိချင်ယောင်ဆောင်ရာကနေ... ဘဝရဲ့ တချို့ အရာတွေကို neglect ပြုရာကြသွားတာပါ...ဒီစာစုထဲက အမေ ဒီစာစုကိုဖတ်မိရင်လဲ သူ့ကိုယ်သူ့ အဲလောက် အကြင်နာမဲ့ ခဲ့တယ်လို့ ခုမှ သိလာမှာပဲ.. အရင်က သိမှာ မဟုတ်ပါဘူး... သိသိကြီးနဲ့ သမီးလေးကိုလဲ တမင်လုပ်ခဲ့မှာ မဟုတ်ဘူးလို့ လဲ ယုံကြည်မိပါတယ် ညီမလေးရေ...

ဒါကြောင့် ဘုရာဟောခဲ့တာ သတ္တဝါ တခု ကံတခု.. သူဟာလဲ သူ့ဘဝ ပေးခဲ့တဲ့ အတိုင်း... ကိုယ့်ဘဝဟာလဲ ကိုယ့် အကျိုးပေး အတိုင်းဖြစ်ခဲ့ပါတယ်...

တနေ့ကျရင် ကိုယ့်အုတ်ဂူ ကိုယ်သွားရမည့်... နောက် ခန္ဒာကိုယ်အသစ်တခုကို ပိုင်ဆိုင်ရဦးမယ့် သူတွေပါပဲနော်....

ကြည်ဖြူပိုင် said...

သူငယ်ချင်းမယ်ရေ
အမြဲတမ်းပဲ....ရေးလိုက်ရင် heart ထိတယ်
သိပ်တော်တာပဲ..ဖတ်တိုင်းလဲ အကြိမ်တိုင်းနီးပါးဒီစကားကိုပြောဖြစ်နေကျ...
ဇာတ်ကောင် ကောင်မလေးနေရာကတွေးကြည့်တော့ သိပ်သနားစရာကောင်းတယ်
အမေဖက်ကတွေးကြည့်ပြန်တော့...
သူတို့ရဲ့အချစ်တွေ အကြင်နာတွေကို
ချမပြတတ်တဲ့ တချို့အမေတွေကို
မြင်ယောင်သွားမိပြန်ရော....
အဖက်ဖက်ကတွေးမိသွားအောင်ရေးတတ်တယ်..
ထပ်ပြောရရင် heart ထိသွားတယ်သယ်ချင်းလေးရေ..
ဆက်ရန်ကိုဆက်ဖတ်မယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကလေးတစ်ယောက်ရဲ့ ရင်ထဲကခံစားချက်ကို ကိုယ်ချင်းစာမိတယ်.
ငယ်စဉ်ဘ၀မှာ မိဘတွေရဲ့ နွေးထွေးမှုကို မရခဲ့ရင် ငါဟာ မွေးစားခံရတာများဖြစ်လေမလားရယ်လို့ တွေးမိတတ်ကြတဲ့ အတွေးက ကလေးတိုင်းမှာများ ရှိနေမလားလို့ တွေးမိပါတယ်
မယ်ရဲ့ စကားလုံးလေးတွေကတော့ အပိုအလိုမရှိ ထိထိမိမိ ခံစားရစေတယ်။
၂ဦး၂ဘက်လုံးအတွက် ကိုယ်ချင်းစာမိတယ်

သက်ဝေ said...

ညီမလေး မယ်...
ဘာပြောရမှန်းမသိလို့ စာဖတ်ပြီး တိတ်တိတ်လေး ပြန်သွားမလို့ပဲ...
ဒါပေမယ့် စာရေးသူနဲ့ ထပ်တူ ခံစားလို့ရတယ်ဆိုတာ သိစေချင်လို့ ဒီကော်မန့်လေး ရေးခဲ့ပါတယ်။

Anonymous said...

ကွန်မန့်ရေးဖို့ ခဏခဏလာပြန်ဖတ်နေမိတယ်။ ရေးစရာ စကားလုံးရှာမတွေ့သေးဘူး အစ်မရယ် ... ပြန်လာခဲ့အုန်းမယ်။

စော(အဝါရောင်မြေ) said...

အမ့ မေမေက အမကို မွေးခဲ့တာ ဒီလို ဖြစ်စေတော့ ဆိုတဲ့ စိတ်တော့ ထားခဲ့မယ် မထင်ပါဘူး။ ကျမလည်း ကိုယ်မတွေးခြင်တာဆို ကြိုးစားပြီ မေ့ထားလိုက်တတ်တယ်။ ဘာဖြစ်ဖြစ် ကိုယ့်စိတ်ကို အလုပ်တစ်ခုခု၊ ကူညီစရာတစ်ခုခုမှာ နစ်ထားလိုက်တယ်။ အဲဒါကို စိတ်ထဲက တွေးနာရင် လူက မခံ၊ မရပ်နိုင်အောင် ဖြစ်ရတယ်။ လူဖြစ်ရကျိုးနပ်အောင်ပဲ အားလုံးမေ့ပြီ အကောင်းဆုံးဖြစ်အောင်(ကိုယ့်စံလေးနဲ့ ပေါ့) ကြိုးစားနေတယ်။

rose said...

အစ်မမယ်ကိုး ရေးထားတာ အဖြစ်မှန်လား၊ ၀တ္ထုလား သေချာ မသိဘူးရယ်။ ဒါပေမယ့် အဲ့ဒီ မိခင် မေတ္တာ မရခဲ့ရှာတဲ့ ကလေးကို ကိုယ်ချင်းစာတယ်။ သူ့ စိတ်သောကနဲ့ ဝေဒနာကို ခံစားလို့ ရတယ်။ ရို့စ် တစ်ခု အကြံပေးချင်တာက "ခွင့်လွှတ်လိုက်"ပါ။ ကိုယ်ကိုယ်တိုင် မိခင်ကောင်း တစ်ယောက် အဖြစ် နေထိုင်ပါလို့။ ဒါဆို ကိုယ့်စိတ်လည်း အနည်းနဲ့ အများတော့ အေးချမ်းလာမှာပါ။

လင်းဒီပ said...

ဒီလိုအကြောင်းအရာတွေဟာ ကံဆိုးစွာနဲ့ တချို့မိဘတွေနဲ့သားသမီးတွေကြားမှာ ရှိခဲ့တယ် ။ ကလေးတစ်ယောက်ရဲ့ ကြမ်းရှစွာဖြတ်သန်းခဲ့ရတဲ့ အထီးကျန်ငယ်ဘဝကို ထိတ်လန့်ဖွယ်ဖြစ်အောင် ရေးပြလိုက်တယ် ။ ဒါပေမယ့် ဒီထဲက ဇာတ်ကောင်မိန်းကလေးက စိတ်ဓာတ်ခိုင်မာစွာနဲ့ စာအုပ်တွေနဲ့ ဘဝကို ထူမတ်ခဲ့တယ်လို့ ခံစားမိတယ် ။

rose said...
This comment has been removed by the author.
moe said...

တကယ်ကိုခံစား၇တယ်။

Anonymous said...

မယ်ကိုးရေ..အားလုံးကိုလက်ခံလို့ရတယ်..အဲဒီထဲကနေမယ်ကိုးကိုချီးကျူးပါတယ်..ဘယ်လောက်ပဲစိတ်တွေမာကြောကြွတ်ဆပ်နေပါစေ..ဗိသုကာ ဘွဲံ့ကိုရအောင်ယူနိုင်ခဲ့တယ်..တို့နဲ့အရာအားလုံးထပ်တူပါပဲ..မတူတာကာတော့ တို့အမေက တို့ကိုပစ်ပြိးနောက်ယောကျာင်္းယူသွားတဲ့..ငယ်ငယ်ကစာအရမ်းတော်ခဲ့ပေမယ်..ကိုယ်ဆယ်တန်းမှာ အမေက သူ့နောက်သား ၈တန်းအောဒီရရေးလုံးပန်းနေတာနဲ့ စာမေးပွဲကို တိုးလို့တန်းလန်းဖြေပြီး ဟိုမကျဒီမကျအောင်ပြိး ဘာမှဆက်လုပ်လို့မရတာ..ကံကောင်းချင်တော့ သင်ခဲ့တဲ့ဒီပလိုမာလေးနဲ့ လုပ်ငန်းအတွေ့အကြုံကြောင့်သာဒီကိုရောက်လာအခြေချဖြစ်တာ..အခုတော့သမီးလေးတစ်ယောက်ရပြိလေ..သမီးလေးကိုယ့်လိုမခံစားရဘူးဆိုတဲ့စိတ်နဲ့ အမေတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ သူ့ကိုပြုစုပျိုးထောင်နေတယ်..မယ်ကိုးလည်း အဲလိုပဲဖြစ်လာလိမ့်မယ်..ဘ၀ကို အောက်ခြေကစတက်ခဲ့တာ ဘယ်တော့မှပြုတ်မကျတော့ဘူးဆိုတာ ကိုယ့်ကိုယုံတယ်
သမီးလေးလည်းကိုယ့်လိုဘယ်တော့ခံစားရမယ်မဟုတ်ဘူးဆိုတာ လည်းယုံတယ်..နာကြင်နေတဲ့ရင်ကို မေ့ထားပြီး ကြိုးစားမှု့ရဲ့ရလင်္ဒတွေထဲမှာ နစ်မြုတ်ပျော်ဝင်ကြည့်ပါ..

ရိုးမြေကျ said...

ဒါတွေက အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်မှာ ထည့်ခဲ့တဲ့ စာသားတွေ ကျနော် မှတ်မိတာပေါ့။ မယ့်ရေ တဖြည်းဖြည်းနဲ့ မယ့်ကို ရှာဖွေရင်း ပိုပိုစိတ်ဝင်စားလာမိတာပါပဲ။