14 May 2011

အမေ မကြားသင့်တဲ့ ကျွန်မရဲ့ ပြိုလဲသံ


အပျော်ရွှင်ဆုံးဆိုတဲ့ ဒိန်းမတ်နိုင်ငံမှာသေကြောင်းကြံစည်မှုနှုန်းလည်း အမြင့်ဆုံးတဲ့လေ။ ဘာဖြစ်လို့လဲ တဲ့လား။ဘေးဝန်းကျင်ကပျော်ရွှင်နေသူတွေဟာ စိတ်ကျနေသူတွေရဲ့ အခြေအနေကို ပိုဆိုးစေတာမို့နောက်ဆုံးမှာသေကြောင်းကြံခြင်းနဲ့ အဆုံးသတ်ရတာ။ အဲဒါ အမှန်ပဲ။ ကျွန်မရှေ့မှာ အမေ့မေတ္တာအနှိုင်းမဲ့ကြီးကျယ်ကြောင်း ဝံ့ကြွားစကား မဆိုစေချင်ပါ။ လူသားအချင်းချင်း မစာနာဘူးဆိုရင်တောင် စော်ကားဖို့သင့်ပါရဲ့လား။

အဖေ့ကိုဖြတ်ကနဲမျှပင် မမြင်ခဲ့ဖူးဘူး။မြေးအချင်းချင်းအခွင့်အရေးမတူလို့ မျက်နှာညိုမိတဲ့အခါ အဘွားကငြူစူတယ်။ချက်ပြုတ်ကျွေးရတဲ့အဒေါ်က မကြည်ဖြူတဲ့စကားဆိုတယ်။ သုံးလေးတန်းအရွယ်မှာဆော့လွန်းလို့ဆိုပြီး ဦးလေးက ကြိုးနဲ့ရိုက်တယ်။ ကားဖြတ်ကူးရင်း တိုက်မိမလိုဖြစ်သွားတဲ့အခါ ဒီလောက်ကန်းရလားဆိုပြီး ၉ နှစ် ၁၀နှစ်သမီး ကျွန်မရဲ့ နာရင်းကိုဖြတ်ရိုက်တယ်။ ခါးသီးမုန်းတီးလို့ သွေးပွက်ပွက်ဆူဆဲပေမယ့် သူတော်ကောင်းဖြစ်ချင်စိတ်နဲ့ အားလုံးကို သင်ပုန်းချေခဲ့တယ်။ အဖေဆိုတာ မ,ကိုခင်မှ ဥကိုခင်တာလို့ အရပ်စကားကြားတဲ့အခါ ဟုတ်မှာပဲလို့ဖြေသာစရာ ရှာဦးမယ်။နောက်ပြီး ဘယ်သူကမှ အဘွား၊ဦးလေး၊အဒေါ်တွေရဲ့ မေတ္တာတော်ဟာ အသင်္ချေ၊ ကျေးဇူးတော်အနန္တရယ်လို့ ဖွဲ့ညွှန်းမနေဘူး။ ဒါကြောင့် အမာရွတ်တွေကို ဖုံးကွယ်ရင်း မနာခဲ့သလို ပြုံးပြဦးမယ်။

ဟုတ်တယ်။ ကျွန်မ ကံကောင်းသေးတယ်မဟုတ်လား။ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအရ အဆိုးရွားဆုံးအဆင့်မှာ မပါဝင်ခဲ့ဘူးလေ။ အမိုးခိုစရာနေရာတစ်ခုရှိတယ်။ ငတ်မသေခဲ့ဘူး။ ပညာသင်ကြားနိုင်တယ်။ဒါပေမယ့်ကြေကွဲခြင်းတွေကတော့ ခေါင်ခိုက်ခဲ့ပြီ။ ထမင်းကျန်၊ဟင်းကျန်လေးများရှိရင် စွန့်ကြဲကြပါဆိုတဲ့ အသံကြားတိုင်း အပြေးအလွှားသွားကြည့်မိမြဲ။ အလှုခံတဲ့အမေက ကလေးလေးတစ်ယောက်ယောက်ကိုပွေ့ထားတာမြင်ရင် အားကျမိမြဲ။ အဲဒီကလေးက သားသမီးအစစ်လား၊ အတုလား ကျွန်မ မသိဘူး။ သားသမီးအစစ်ဆိုရင် အမေ့ရင်ခွင်မှာနေရသေးတာမို့ ကျွန်မထက် ကံကောင်းတယ်လို့ တွေးမိမြဲ။

နွေရာသီကျောင်းပိတ်လို့ အမေ့ဆီ သွားလည်ချိန်မှာပဲပျော်ရွှင်ခဲ့ရပေမယ့် ဆရာဝန်အမေဟာ အလုပ်သိပ်များလွန်းတာရယ်။ဆေးရုံတစ်ဖက် ၊ဆေးခန်းတစ်ဖက်နဲ့မို့ သားသမီးကိုပြုစုကြင်နာချိန် ခမ်းနေတာလား။ အမေနဲ့တွေ့လို့ ရယ်မောရတာ ငါးမီးနစ်မှ မကြာခင် စိမ်းကားကျောခိုင်းသွားတဲ့အခါ မျက်လုံးကြောင်တောင်နဲ့ အံ့သြနာကျင်ကာ ကျွန်မကျန်ခဲ့ပြီလေ ။ ဒါပေမယ့် တစ်သက်မှာ တစ်ခါတော့ ကျွန်မပျော်ဖူးပါရဲ့။ခြောက်တန်းနှစ်ရောက်လို့ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့အရွယ်မှာ အမေက သူတာဝန်ကျတဲ့ ရွာမှာ လိုက်နေခွင့်ပေးခဲ့တာ။နှိပ်စက်ခံရတဲ့ဘေးက လွတ်သွားလို့ အပျော်ကြီးပျော်ခဲ့တာပေါ့။ ဒါပေမယ့် ကျွန်မရဲ့ စိတ်ကူးယဉ်ပျော်ရွှင်မှုတွေဟာ ကောက်ရိုးမီးလိုပဲ ဟုပ်ကနဲ ငြိမ်းခဲ့ပြန်တာ။

တိုက်နယ်ဆေးရုံက ဆရာဝန်အိမ်ဟာ ရင်ခွဲရုံရဲ့ အရှေ့၊ ဆေးရုံနဲ့ ကပ်လျှပ်မှာ ရှိတယ်။ အပြင်ထွက်ရင် အုတ်ခဲတစ်ခုနဲ့ တစ်ခုအကြားမှာ မြွေတွေဟာ ဥဒဟိုဖြတ်သွားနေတယ်။ဒါပေမယ့် သရဲဖြစ်ဖြစ် ၊မြွေဖြစ်ဖြစ် ကျွန်မ မကြောက်ဘူး။ အမေနဲ့ အပြင်ထွက်ရမှာကိုပဲ သိပ်ကြောက်ခဲ့။ စကားသွက်သွက်လက်လက်မပြောတတ်တာ အမေမကြိုက်ဘူး။ လူတွေအကြား အမှားတစ်ခုလုပ်မိရင် အမေ့ကို အရှက်ခွဲတယ်ဆိုကာ ကဲ့ရဲ့လို့ မဆုံးတော့ဘူး။ တစ်ခါ ခလုတ်ကျပ်နေလို့ အမေဖွင့်မရတဲ့ထီးကို ဖွင့်ခိုင်းပြီး ကျွန်မလည်း မဖွင့်နိုင်လို့ပြန်ပေးတဲ့အခါ အမေကိုတော့ လက်နာစေချင်တာလားလို့ စကားနာအထိုးခံရတဲ့မို့ ဆွံ့အနာကျင်ပြီး ကြေကွဲမပြေနိုင်တော့ဘူး။ ဒီလိုနဲ့ ရင်ထဲက မုန်တိုင်းတွေဟာ အရှိန်မြင့်သထက်မြင့်လာခဲ့တာ။

စာမေးပွဲမှာ သူနာပြုဆရာမရဲ့သမီးက အဆင့်တစ်ရပြီး ကျွန်မက အဆင့်နှစ်ရတဲ့အခါ ရှက်စရာကောင်းလှတယ်လို့ အမေဆိုကာ ကဲ့ရဲ့မြည်တွန်တတ်ပေမယ့် ကျွန်မရဲ့ကျောင်းစာအုပ်တွေကို တစ်ခါလေးတောင် ကိုင်မကြည့်ဖူးဘူး။ ဒါပေမယ့် အမေနဲ့ အဆင်ပြေအောင် အမြဲတစေ ကြိုးစားခဲ့ပါတယ်။ “ မလေးက သိပ်လှတယ် ”လို့ ပြောမှ သဘောကျပြီး “မလေး ပြင်ထားတာ ကြည့်မကောင်းဘူး ”လို့ ဆိုမိရင် အမေစိတ်ဆိုးတတ်တယ်လေ။ တစ်ခါကဆို ကျွန်မက သဘောဆိုးပြီး ကဲ့ရဲ့တတ်သူလို့ အမေပြန်ပြောတာကြောင့် “ မလေး အရမ်းလှတာပဲ” ဆိုတဲ့ စကားကို ကျွန်မ အာဂုံဆောင်ခဲ့တာ။ အဲဒီချိန်ကစ လူတကာအပေါ် လိုက်လျောစိတ်၊နှိမ့်ချအောက်ကျို့တတ်တဲ့စိတ်ဟာ ကျွန်မရင်ထဲမှာ အမြစ်တည်ခဲ့ပြီရယ်။

အမေကတော့ ကျွန်မရဲ့ စိတ်နေသဘောထားကို ဘယ်တုန်းကမျှ အကဲမခတ်ခဲ့ဖူးပါဘူး။ အမေ့ရဲ့ ဆူပူမှုပဲဖြစ်ဖြစ် အရေးထားမှုကို သိပ်လိုချင်ခဲ့မိတာ။ ၁၁နှစ်အရွယ် ကလေးလေးတစ်ယောက်က အမေစိုးရိမ်စောင့်ရှောက်မှုကို လိုချင်လွန်းလို့ သူငယ်ချင်းတစ်ယောက်မိသားစုနဲ့ ဘယ်လိုမျှ မကြိုက်တဲ့ ဇာတ်ပွဲကို သုံးရက်ဆက်တိုက်သွားကြည့်ခဲ့ဖူးရဲ့။ အမေများ ဆူပူမလား။ မိုးဝေလီဝေလင်းမှ အိမ်ပြန်လာတဲ့ သမီးကို အမေစောင့်ကြိုနေမလားလို့မျှော်လင့်ခဲ့ပေမယ့် အရေးတယူတောင် မရှိခဲ့ဘူးရယ်။ အမေ့ဂရုစိုက်မှုကို ဘယ်လိုနည်းနဲ့ ရမလဲလို့ ကျွန်မ မကြံစည်နိုင်တော့ဘူး။ ဒါပေမယ့် ဘယ်လိုနည်းသုံးရမလဲဆိုတာလည်း ကျွန်မရဲ့ဦးနှောက်သေးသေးလေးက မသိခဲ့ဘူး။ ဒါပေမယ့် ကံကြမ္မာက စကားဆိုတယ်။ ရပ်လိုက်တော့ တဲ့။ ကျွန်မ မယုံကြည်နိုင်ခဲ့ဘူး။ ဒါပေမယ့် နောက်နှစ်မှာ အမေအိမ်ထောင်ပြုလိုက်တော့မျှော်လင့်ချက်တွေကာ အဆုံးစွန်ကျိုးပဲ့ကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီ။ ကျွန်မဟာ အမေ့အချစ်နဲ့ မထိုက်တန်ဘူးဆိုတာ လက်ခံလိုက်ရပြီ။



Edvard Munch, Death Struggle 1915


အစ်မက အမေ့ကိုမုန်းလို့ လက်ထပ်ဖို့ ခွင့်ပြုလိုက်တာတဲ့။ ကျွန်မကတော့ ရင်ထဲက အနာတွေထုံကျင်နေလို့ ခံစားချက်မှန်သမျှကို မခွဲခြားနိုင်တော့ဘူး။ ဒါပေမယ့် အဘွားက ခွင့်မပြုလို့ အမေငိုတော့ အမေ့အတွက် စိတ်မကောင်းဖြစ်မိသေးတာ။ အမေ့ကို မကန့်ကွက်ခဲ့တာကတော့ သဘောမတူဘူးပြောလည်း အမေ နောက်မဆုတ်ဘူးဆိုတာ သိနေခဲ့လို့သာ။ အမေ့ကို စိတ်လျှော့ပြီး လက်လွှတ်လိုက်တာ မဟုတ်ပါဘူး။ အကြောက်လွန်ပြီး ငြိမ်သက်သွားခဲ့တာရယ်။ အမေလက်ထပ်ပြီးရင် အဘွားရဲ့အိမ် ငရဲအိုးထဲကို ပြန်သွားရတော့မှာ။

ဟင့်အင်း။ ကိုယ်ချင်းစာတယ်လို့ မပြောပါနဲ့။ ရှင်တို့ ဘယ်လိုမှ ခံစားနားလည်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မက အဖြစ်သည်းလွန်းတယ်တဲ့လား ။ဟုတ်ကဲ့ မငြင်းဝံ့ပါဘူး။ ကံအားလျှော်စွာပဲ အဲဒီအချိန်တုန်းက အမေ့မေတ္တာအတုမဲ့ကြောင်းဟောပြောသူတွေ အနားမှာ ရှိမနေခဲ့ဘူးရယ်။ ဒီလိုအောင်ပွဲခံနိုင်သူတွေက ဂုဏ်ယူဝံ့ကြွားပြီး “သားသမီးကို မချစ်တဲ့ အမေဆိုတာ မရှိဘူး” လို့ ဖွဲ့နွဲ့ဟောပြောခဲ့မယ်ဆို အပျော်ရွှင်ဆုံးနိုင်ငံဒိန်းမိတ်က သတ်သေသွားကြသူတွေလို ၁၁ နှစ်သမီးကျွန်မလည်း အရှိန်နဲ့လာတဲ့ ကုန်တင်ကားအရှေ့မှာ သွားရပ်ခဲ့မိလိမ့်မှာ...။



(ဆက်ရန်...)

မယ်ကိုး

အမေ မမြင်သင့်တဲ့ ကျွန်မရဲ့ အမှောင်ခြမ်း
အမေ မဖတ်သင့်တဲ့ ကျွန်မရဲ့ စာမျက်နှာတစ်စ

6 comments:

rose said...

မမယ်ရေ... စာလေး လာဖတ်သွားတယ်နော်။ ဖတ်တိုင်း ရင်ထဲမှာ ခံစားရတယ်။ ရို့စ် မျက်စိ အရှေ့မှာလည်း မိဘကံ မကောင်းရှာတဲ့ ကလေးတွေ မြင်တွေ့ခဲ့ရတော့ အဲ့ဒီလို အဖြစ်တွေ မရှိပါစေနဲ့လို့ပဲ ဆုတောင်းပါရစေ။

Baby taster said...

ဆက်ရန်ကို အရမ်းဖတ်ချင်ပေမဲ့
ထပ်ဖတ်နိုင်တော့မှာ မဟုတ်တော့ဘူး
ဖတ်နေရင် ရင်ဘတ်တောင်အောင့်လာတယ်

လင်းခေတ်ဒီနို said...

သိပ်ကောင်းတဲ့ အရေးအသား သိပ်ကောင်းတဲ့ ဇတ်လမ်းဆွဲဆောင်မှု . . .

ဆက်လက်စောင့်မျှော်အားပေးနေပါဦးမယ်

ခင်မင်စွာဖြင့်
ဗညားရှိန်

စော said...

အင်း မိဘတွေမှာလည်း သား၊ သမီးတွေ အပေါ် ညီမျှတဲ့ ချစ်ခြင်းနဲ့  မချစ်တတ်ကြပါဘူး။
နောက် အိမ်ထောင်နဲ့  ကလေးရသွားလား။ သူက ကလေးတွေကိုရော ချစ်တတ်လို့ လား။
အဲဒီ အသိုင်းအဝိုင်းက တကိုယ်ကောင်းဆန်သလား မသိဘူးနော်။ လူတကိုယ် ဒုက္ခ တစ်မျိုးမို့  ကျန်တဲ့သူတွေမှာလဲ အားလုံး အဆင်ပြေနေတာတော့ မဟုပ်ပါဘူး။

Phomu said...

ကျမ လည်း လသားအရွယ် ကတည်းက အမေ အဖေ နဲ့  အတူ မနေ ရဘူး၊ မွေးစား အဖိုးအဖွားတွေနဲ့  အတူနေတယ်။ မယ်ကိုး ရဲ့  ခံစားချက်တွေ ကို နားလည်ပါတယ်။ ကျမလဲ အမျိုးတွေ နှိပ်စက်တာ ခံရဖူးတယ်လေ။ အသက်ကြီးလာတော့ ကိုယ့်ရဲ့  အတိတ်ကံ အကျိုးပေးလို့  ဘဲ နှလုံးသွင်းတတ်လာတယ်။ ပြီးသွားတာတွေ သိပ်မတွေးဖြစ်တော့ဘူး၊
ခင်မင်စွာဖြင့်
phomu

စံပယ်ပန်း said...

မမယ်ကိုးရေ..။

မမယ်ကိုးကအမေ့ဆီကနေ ဒဏ်ရာတွေရခဲ့လို့ စိတ်မလုံခြုံမှု..၊ လူတောမတိုးသလို လိုဘမပြည့်မှုခံစားနေရတာ..။ ကျွန်တော်ဖြင့် မိစုံဘစုံကို အဲလိုခံစားမှုနည်းနည်းရှိတယ်ဗျ...။ မိဘစုံလျက်တောင်မှ ကိုယ့်ကိုစိတ်ဒဏ်ရာရစေမျိုး မိဘတွေကမရည်ရွယ်ဘဲ လုပ်မိတတ်တယ်..။ သူတို့လည်းအားလုံးပြည့်စုံကောင်းမွန်နေသူတွေမှ မဟုတ်ကြတာ..။ သားသမီးကိုအလုံးစုံဖြည့်ဆည်းပေးမယ်ဆိုပြီး မေတ္တာစိတ်ယိုဖိတ်နေတဲ့ တစ်ချို့မိဘတွေလိုမျိုးနဲ့မှ သားသမီးတွေစိတ်ဒဏ်ရာမရမှာ..။ ရှိတယ် နည်းတယ်ပေါ့..။ ကျွန်တော်တို့လည်း အမေအဖေကမရည်ရွယ်ပေမယ့် သူတို့ကြောင့်ခံစားခဲ့ရတာလေးတွေ ရှိတာပါပဲဗျာ..။ အဲဒါကြောင့်မို့ မမယ်ကိုးလိုစိတ်ခံစားမှုတွေ ရှိတာပါပဲ..။ အနည်းနဲ့အများသာကွာတာပါ..။ ခံနိုင်ရည်ချင်းလည်း ကွာမယ်ထင်တယ်ဗျ..။ ကျွန်တော်ကြုံဖူးတဲ့အစ်မတစ်ယောက်ဆို အဖေကတာဝန်မခံဘဲ မွေးထားတာ..။ အမေနဲ့လည်းကောင်းကောင်းတောင်မကြီးရဘူး..။ အတန်းငယ်ငယ်လေးနဲ့ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကျောင်းတက်တာ အခုတော်တော်ကိုအဆင်ပြေနေတယ်ဗျ..။ သူ့ဘ၀နာကြည်းမယ်ဆို နာကြည်းစရာချည်းပေါ့ဗျာ..။ ဒါပေမယ့်သူစီးပွားရေးချည်း မဲလုပ်တယ်ဗျ..။ တမင်မေ့ထားချင်လို့လားတော့ မသိဘူးလေ..။ အဆင်ပြေပြေပဲဗျ..။ အမေကိုအပြစ်တင်သံ သိပ်မကြားရဘူး..။