11 June 2011

“တောကျွံသူ”


သူ့ဦးနှောက်မှာ ဆေးကြောသန့်စင်ပြီးသား ဖြစ်တာမို့ အတွေးတွေဟာ အရောင်လက်စင်ကြယ်နေတာ။ ဟုတ်တယ်။ အတိတ်မဲ့ခဲ့ပြီ။ ဒီနေရာဟာ ညစ်ပေတယ်။ စွန့်ခွာရမယ် ဆိုတဲ့ ယုံကြည်မှုကသာ သူ့ကို လွှမ်းမိုးချုပ်ကိုင်ထားရဲ့။

ကျေနပ်အားရနေလိုက်တာ။ အမြန်ဆုံး ထွက်သွားရမယ်။ ဒီအနာဂါတ်သာ သူ့အတွေးမှာ လဲလျောင်းနေသလို အထူးထီထွင်ထားတဲ့ ယာဉ်လည်း အဆင်သင့်ပိုင်ဆိုင်နေပြီလေ။အဖြူရောင်လမ်းလေးအတိုင်း သူပျော်ပျော်ရွှင်ရွှင်လျှောက်လာပေမယ့် ယာဉ်ပေါ်တက်ဖို့ ပထမခြေလှမ်းမှာပင် အခက်အခဲ ဖြစ်လေရဲ့။  ခြေက မြေမှ ကြွလို့မရ။ တန်ခိုးရှင်တစ်ပါးပါးကို “ ကယ်ပါ” လို့ ဆုတောင်းလည်း အချည်းနှီးသာ။ 

သူ့ရင်မှာ ကပြောင်းကပြန်တုန်လှုပ်နေကာခြေလှမ်းကို မထိန်းချုပ်နိုင်။ တလိမ့်ခေါက်ကွေးလဲပြိုမသွားအောင် ကြိုးစားနေရကာ တံခါးဝကိုမှီပြီး ရပ်နေရ။ သူစွန့်ခွာနိုင်ပါ့မလား။ ဒါပေမယ့် ဒူးထောက်လို့ မဖြစ်ပါ။ ဒီဝန်းကျင်ကသူ့ရှင်သန်ခြင်းကိုမြေမြှပ်တော့မှာ။ သူနောက်ပြန်ဆုတ်လိုက်ပြီး အသက်ဝဝရှုလိုက်ကာ မုန်းတီးရွံ့ရှာစရာမြေကို စေ့စ့စပ်စပ်ကြည့်လို့ အားကုန်နောက်ဆုတ်လိုက်မှ ယာဉ်ရဲ့ ကြမ်းခင်းမှာ ခြေချနိုင်တော့တာ။

သူဝမ်းသာလို့ မျက်ရည်ကျမိတာလား။ နင့်နင့်သီးသီး ခိုးဝှက်ရှိုက်မိသေးပေမယ့် လုံခြုံနွေးထွေးမှုကိုမြင်ရတော့ ကြည်နူးလွန်းလို့ပါဆိုကာ လှည့်စားမိပြန်ပြီရယ်။ သူ ဘဝသစ် ပြောင်းတော့မယ်။ စက်ကိရိယာတွေကို ကိုင်ကြည်ကာ သူမူးရီနေတာ။ ဒီတဒင်္ဂကို ဘယ်လောက်ကြာကြာ ရူးသွပ်ခဲ့ရပါလိမ့်။ အေးခါးသော မိုးသီးများကြားမှာ ခိုက်ခိုက်တုန်စွာ မျှော်လင့်ထွန်းညှီးခဲ့တဲ့ မီးတိုင်လေး။ သူ့ဒဏ်ရာတွေနဲ့ ပုံသွင်းခဲ့တဲ့ တောင်ပံတွေ။ နှလုံးသွေးတွေနဲ့ ဆေးခြယ်ခဲ့တဲ့ နံရံတွေ။ အခု အားလုံး အဆင်သင့်ဖြစ်ပြီ။ ချည်ကြိုးကို ဖြုတ်ချဖို့သာ။

 ငြိတွယ်နေရာကို သေချာနေလည်း ကြိုးကို ထိကိုင်မရ။ မှောင်ရိပ်ကွယ်မှာ သေမင်းနဲ့ စစ်ခင်းရပြန်သလို။မောလွန်းလှလို့ ခဏနားရမလား စဉ်းစားပေမယ့် အားပြတ်သွားမှာ စိုးရိမ်ရတာ။ မဖြစ်နိုင်ဘူး။အလျှော့ပေးလို့ မဖြစ်ဘူး။ လိုအင်တပ်မက်မှု အာသီသ အလျှံပယ်နဲ့ သူ့မှာ အမာရွတ်တွေ များလွန်းခဲ့ပြီ။ ငြိမ်းချမ်းခြင်းမှာ ခြေခင်းလက်ဆန့်နေချင်ပါပြီ။မာရ်နတ်ဟာ နတ်ဆိုးတွေသာမက မကောင်းဆိုးဝါးအားလုံးပါ စုရုံးလို့ သူ့အိပ်မက်ကို တိုက်ခိုက်နေကြပေါ့။ ဆန္ဒနောက်မှာ အောင်မြင်မှုလိုက်တယ်ဆိုတာ ပုံပြင်တွေထဲမှာသာ။ မန္တာန် အထပ်ထပ်ဆိုကာ ဆုတောင်းလည်း အကြောင်းမထူးပါလေ။ မမြင်ရဘဲ နှောင့်ယှက်နေတဲ့ အမှောင့်ပယောဂတွေပဲ။

ဒါပေမယ့် ကံကောင်းထောက်မစွာပဲ လျှပ်တစ်ပြက် ဖျက်ကနဲအလက်မှာ နှောင်ကြိုးကို မြင်လိုက်ရ။ အရည်ပျော်မလို စိတ်လှုပ်ရှားလွန်းနေပေမယ့်အရေးမပါဟန်ယောင်ဆောင်ကာ လေပင် တစ်ချက်ချွန်လိုက်သေးတာ။ ဒါပေမယ့်သေးပါးလွှာတဲ့ နောက်ဆုံးကြိုးမျှင်လေးကို သတိထားဖြတ်နေခိုက်မှာပဲ မျက်ရည်စက်ကလက်ဖမိုးပေါ်ကျလာ။ ဟင့်အင်း။ ဒါ…နောက်ဆုံးကြေကွဲခြင်းပါ။ သူ ပျော်ရတော့မှာ။ ပြုန်းတီးတော့မယ့် နာကျင်ခြင်းတွေ။

ဒီလိုသာ အယုံသွင်းလို့ စက်ခန်းထဲ ပြုံးကြည်သာစွာ စိမ်ပြေနပြေလှမ်းဝင်ခဲ့လည်း ရိုးရာမပျက် ဖျက်ဆီးနေတဲ့ ကံတရားတွေရယ်။ စက်တွေအားလုံး အိပ်စက်နေပြီ။ နှိုးမရနိုင်တော့။ ထောင့်အကွယ်မှာ နွမ်းလျအားချို့စွာ သူ သွားငိုမိတော့တာ။ သူ မေ့ပါပြီ။ တကယ် မေ့တော့မှာပါ။ သူ့ကို မေ့ခွင့်ပေးပါ။ ဆင်းရဲလွန်းလို့ ထွက်မြောက်ခွင့်ကို မကြံရတော့ဘူးလား။ မတရားဘူး။ တကယ်ပါ။ ဘေးကြုံရင် သစ္စာဆိုရသတဲ့။ ဆောက်တည်ရမရတော့တဲ့ သူ့မှာ ရှေးစကားသာ ကိုးကွယ်ရာ ထင်မိရဲ့။

ထားလိုက်တော့။ နတ်ကောင်းနတ်မြတ်တွေ ဆုံးပါးကွယ်လွင့်ကုန်ပြီဖြစ်တဲ့ သတ္တလောကကြီးပဲ။ သူ့ကို ထွက်မြောက်ခွင့် မပေးချင်တဲ့ မမြင်ကွယ်ရာတွေနဲ့ ရန်မလိုချင်တော့။ ရှိစေ။ သူဟာ ဖန်တီးရှင်လူသားပဲလေ။ ဘာကိုမှ မကျိန်ဆဲချင်။ ဘယ်တော့မှ လက်မြှောက်မှာ မဟုတ်ဘူးကွယ့်။ ဒါပေမယ့် အေးစက်နေတဲ့ စက်ဖုံးဟောင်းကိုသာ ဖွင့်နိုင်ကာ ကြံရာမရ ခေါက်တုံ့ခေါက်ပြန်သာ လမ်းလျှောက်နေမိတာ။ မဖြစ်သေးဘူးထင်ရဲ့။ ဒီတစ်နည်းကို စွန့်စားဖို့ သင့်ပါ့မလား။ ဒါပေမယ့် သူနောက်ဆုတ်ထွက်ပြေးလို့ မဖြစ်တော့ဘူးလေ။ သူ ရှင်သန်ချင်တယ်။ စိမ်းနုစိုတဲ့မြက်ခင်းတွေကို မြင်ချင်သေးတယ်။

နောက်ဆုံးမှာတော့ ခွဲစိတ်ကိရိယာကိုဆွဲလို့ သူ့ရင်ထဲက နှလုံးသားကိုနှုတ်ကာ အေးခဲနေတဲ့ မီးလင်းဖိုထဲ ထည့်လိုက်မှာပဲ အပူရှိန်ပြည့်သွားတဲ့ယာဉ်ဟာ မြေမှာ ကြွတော့တာ။ ပီတိအဟုန်နဲ့ သူ့သွေးခုန်နှုန်းမြန်နေသလို ယာဉ်ကလည်း ရွေ့လျားနှုန်းတိုးလာ။ သွားတော့မယ်။ တာ့တာ။ နောက်နောင် ဘယ်တော့မှ…ဘယ်သောအခါမှ ဒီကြောက်စရာ ခြောက်ခြားတုန်လှုပ်ဖွယ် စက်ဆုပ်စရာဒေသကို မြင်စရာမလိုတော့။ ငါ့မနက်ခင်းကို ရွှေရည်လောင်းနိုင်တော့မှာ။ ကောင်းကင်ထက်မှာ သူ့ယာဉ်လေး တငြိမ့်ငြိမ့်စီးဆင်းနေပြီ။




ဘယ်သူ့ကို နှုတ်ဆက်ရမှာပါလိမ့်။ ဟင့်အင်း။ နှလုံးသားမဲ့ခဲ့ပြီပဲ။ တိမ်တွေအထက်မှာ သူ ချမ်းမြေ့နေပြီလေ။ လူတွေကလည်း ထိုသို့ပင် ယုံမှတ်ခဲ့လေတာ။ “အဲဒီလူပေါ့။ အတိတ်တွေ၊ နာကျင်မှုတွေပျောက်အောင် ဦးနှောဏ်ကို ဆေးကြောပြီးသားတဲ့။ ပြီးတော့ ခံစားချက်လည်း ခမ်းသွားပြီ ဆိုလား။ သူ့နှလုံးသားကို လောင်စာလုပ်ပြီးမှ ယာဉ်ပျံသွားတာ… ” လို့ ရေရွတ်ကာ လက်ညှိုးတထိုးထိုးနဲ့ ပြောဆိုနေကြဆဲ….ထိုသို့စုံရုံးကြည့်နေဆဲ… မှာပင် ယာဉ်ထက်က သူခုန်ချလိုက်တာကို တွေ့ကြရလေတာ။ …။

မယ့်ကိုး


October , 2011, Mandaly Icon Magazine

5 comments:

လသာည said...

နှလုံးသားကို လောင်စာလုပ်ပြီး ပြန်(ပျံ) ထွက်သွားတာ လူလား စက်ရုပ်လေးလား ညီမလေးရယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်နှလုံးသားကိုယ်ခွဲထုတ်ပြီး လောင်စာလုပ်ရတဲ့အဖြစ်က နာကျင်ဖို့တော့ ကောင်းလေစွ

rose of sharon said...

အတိတ်တွေ နာကျင်မှုတွေပျောက်အောင် ဦးနှောက်ကိုဆေးကြောပြီးသားတဲ့.... (တခါတလေ အဲဒီဆေးကြောမှုမျိုး ကိုယ်လဲလိုအပ်တယ်)

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းတယ်၊ စတီ့ဂျော့ဖ်လည်း နေ့တိုင်း အဲလို
စဉ်းစားတယ်လို့ သူ့ ဟောပြောပွဲမှာ ပြောဖူး
တယ်၊ သို့ပေမယ့် အရင်ကရော ဘယ်နေရာက
နေ လာခဲ့လဲဆိုတာ ပြန်စဉ်းစားလို့ ရရင် ကောင်းမယ် ...

နန်းညီ said...

ငိုချင်ပြန်ပီ..း(