18 June 2011

အမေ့သမီး၊အမေ့သားများသို့ မရည်ရွယ်သော…


လျစ်လျူရှုရက်စက်တတ်တဲ့ အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့ သမီးတစ်ယောက်အကြောင်းကို ကျွန်မ စာစီဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကတော့ အဲဒီစာကို blog မှာ တင်ခြင်း face book မှာ note အဖြစ်ဖော်ပြခြင်းတို့ကို ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချစ်ခြင်းတစ်ခုဝတ္တုရှည်ကိုလည်း အဆုံးမသတ်သေးတာကြောင့် ကျွန်မကို စာရှည်ရှည်ဆိုရင် ပြီးအောင် မရေးနိုင်သူလို့ မှတ်ယူကြမယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့။ကျေးဇူးပြုပြီး သည်းခံခွင့်လွှတ်ပေးစေချင်ပါတယ်။ ဝါသနာအရ အချိန်ပေးနေမိတဲ့ စာရေးခြင်းအတွက် မည်သည့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိုးနှက်ချက်၊ ရန်စစော်ကားခြင်းကိုမှ ကျွန်မ လက်သင့်မခံနိုင်သေးပါဘူး။

ဒါပေမယ့် တစ်ညနေမှာ ညီမလေးတစ်ယောက်နဲ့ အမေအကြောင်းစာစုအကြောင်း ပြောမိကြတဲ့အခါမှာ စကားလေးတစ်ခွန်းကိုပြောဖို့ ကျွန်မနှုတ်တိတ်နေလို့ မရတော့ဘူးဆိုတာ သိလိုက်ပါတယ်။ ညီမလေးက ကျွန်မကို “ဘာလို့အဲဒီစာတွေရေးနေတာလဲ။ ပြီးတာတွေ ပြီးခဲ့ပြီ။ ထားခဲ့လို့ မရဘူလား ။ အားလုံးက ကိုယ့်အတိတ်ကံမကောင်းလို့ဖြစ်ကြတာပဲလေ” လို့ပြောတဲ့အခါ ကျွန်မ မအံ့သြခဲ့ပါဘူး။ ကျွန်မကိုယ်တိုင်လည်း မေတ္တာ၊ဂရုဏာ၊ဥပေက္ခာနဲ့ အရာအာလုံးအကောင်းအတိုင်းဖြစ်စေနိုင်တယ်လို့ ယုံကြည်ခဲ့သူဖြစ်ပါတယ်။ ခက်တာက ကံနည်းသူအမေ့သမီးတွေဟာ ပုထုဇဉ်စင်စစ်တွေရယ်။ အနာမသိဘဲ ဆေးကုနေရင် ပျောက်ပါ့မလားဆိုတဲ့ သံသယနဲ့ကျွန်မဒီစာကို ရေးခဲ့မိတာဖြစ်ပါတယ်။ 

“အဲဒီလို စိတ်ဒဏ်ရာက ပြီးပျောက်သွားတာ မဟုတ်ဘူး။ မြုံနေတာ မသိလို့ မကုဘဲထားလိုက်ရင် သေတဲ့အတိုင် ပျောက်တော့မှာ မဟုတ်ဘူး။ပြီးတော့ အဲဒီစိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုဟာ မျိုးဆက်တစ်မျိုးဆက်ကနေ နောက်တစ်မျိုးထိ ရိုက်ခတ်တတ်တယ်။  အဲဒါကြောင့်အနာသိအောင် အရင်လုပ်ရမယ် ” လို့  ပြန်ဆိုခဲ့ပါတယ်။  ဒါကလည်း Karyl Mcbride ရဲ့ “ Will I Ever Be Good Enough?” (Healing the Daughters of Narcissistic Mothers) ဆိုသော ကျွန်မအတွက် လက်ခံယုံကြည်စရာကောင်းတဲ့  စာအုပ်ကို မှီငြမ်းပြီး ပြောခဲ့တာ ဖြစ်ပါတယ်

 

ဒါပေမယ့် မိဘကအစ လူတကာရဲ့ ချစ်ခြင်းကိုရနေတဲ့ ညီမလေးအတွက်တော့ မယုံကြည်နိုင်စရာ ဖြစ်မှာပါပဲ။  ညီမလေးက မျက်နှာမဲ့ကာ ပုခုံးတွန့်ပါတယ်။ အရေပါးသူကျွန်မအတွက်လည်း သည်းခံဖို့ ခက်ပါတယ်။ “ဒါဆို ညီမလေး...  ကံတရားအကြောင်းကို လက်မခံတဲ့ တခြားဘာသာမဲ့ ၊ ဘာသာမရှိတဲ့ ကလေးတွေကရော ဘယ်လိုဖြေဆည်ရာ ရမှာလဲ” လို့ မေးဖြစ်သွားတဲ့အခါ  ညီမလေးက “ဘာပဲဖြစ်ဖြစ် သူတို့ကံတရားပဲလေ။ တခြားဘာသာဝင်တွေမှာလည်း အကြောင်းပြချက်တော့ ရှိမှာပဲ” လို့ပြောပါတယ်။ဒါဆို အမေ့မေတ္တာငတ်တဲ့ သမီးတွေဟာ ကိုယ့်ကံကြောင့်ပဲဆိုကာ ရင်စည်းခံပြီး ဒီဒဏ်ရာနဲ့ သေရတော့မှာလား။   စိတ်ဒဏ်ရာရနေတဲ့ သမီးတွေအားလုံးဟာ ဘာသာတရားရိပ်အောက်မှာ ငြိမ်းချမ်းပျော်မွေ့သူတွေ မဖြစ်ခဲ့ရင် သူတို့အတွက်  အလင်းတံခါးမရှိတော့ဘူးလား။ ဘာသာရေးပြင်ပက လွတ်လမ်းကိုလျှောက်ဖို့ မကြိုးစားသင့်တော့ဘူးလား။ တခြားသက်သာရာဖြေဆည်ရာရဖို့ အားမထုတ်သင့်တော့ဘူးလား။ ကျွန်မ ဆောက်တည်ရာမရနိုင်အောင် အံ့သြတုန်လှုပ်ရပါတယ်။

ရှင်တို့ ကံတရားကြောင့်ပဲလေ... လို့မြေနိမ့်ရာလှံစိုက် လက်ညှိုးထိုးကဲ့ရဲ့ခံတဲ့အခါမှာ ကျွန်မရဲ့ ခံနိုင်ရည်မှတ်အစွန်းကို ရောက်သွားပါပြီ။  ကျွန်မ အနူးအညွတ်စိတ်မကောင်းဖြစ်ရပါတယ်။ “ဒါဆို ဒီလိုနှိပ်စက်ခံရတဲ့ကလေးတွေအားလုံးက အမေ့ဆီက “sorry” ဆိုတဲ့ စကားတစ်ခွန်းတောင် ပြန်ရဖို့ အခွင့်မရှိဘူးလား” လို့ မေးဖြစ်ခဲ့ပါတယ်။ သားသမီးဆိုတာ မိဘရဲ့ တစ်စိတ်တစ်ဒေသဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သားသမီးတွေဟာ ခံစားချက်ရှိတဲ့ လူသားတွေ မဟုတ်ဘူးလား။ အမြစ်နာသွားတဲ့အပင်ဟာ  ကြုံလှီချည့်နဲ့နေမယ်ဆိုတာ သိခဲ့ရင် အမေ့သမီးမဖြစ်ခဲ့သူတွေရဲ့ စိတ်နှလုံးကလည်း ညှိုးမှိန်သေးငယ်နိုင်မယ်ဆိုတာ ဘာလို့ ထည့်မစဉ်းစားကြတာပါလိမ့်လို့ ကျွန်မသိချင်လွန်းလှပါတယ်။
 
အမေ့မေတ္တာမရဘဲ မွေးလာတဲ့ သမီးတွေဟာ ဆတ်ဆတ်ထိမခံနိုင်အောင် ထိခိုက်လွယ်လွန်းတာ၊ မတိကျမပြတ်သားနိုင်တာ၊ လူတွေကို အရေးစိုက်လွန်းကာ ကိုယ့်ဟန်မူရာကို သတိထားလွန်နေတာ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု ချို့တဲ့တာ၊ ဆက်ဆံရေးကစလို့ အချစ်အဆုံး ဖူးပွင့်အောင် လုပ်ဆောင်နိုင်စွမ်းမဲ့တာ၊ အောင်မြင်မှုတွေ ဘယ်လိုရရ စိတ်ချကျေနပ်မှု ချို့ယွင်းနေတာ ၊ အရာရာမှာ စိတ်မလုံခြုံမှုနဲ့ ရှင်သန်နေရတဲ့ စိတ်ချို့တဲ့မှုအပြင် အဆိုးရွားဆုံးက ကိုယ်ကိုယ်တိုင်အတ္တကြီးကာ မေတ္တာမပေးနိုင်သူတွေ၊ မပေးတတ်သူတွေ ဖြစ်သွားတတ်တယ်လေ။ ဒါကြောင့် သူတို့တွေဟာ သူတို့စိတ်အခြေအနေကို ကုသဖို့ အရင်ဆုံးဇစ်မြစ်ကို သိရမယ်လို့ ကုထုံးက ဆိုလေရဲ့။ 

“မမစာထဲမှာ ဇာတ်နာစရာ ဘာမှ ထည့်မထားဘူး။ ဒီထက့်အပြင်မှာ ဆိုးတဲ့အဖြစ်တွေ အများကြီးပဲ။ အလိုမတူဘဲ မတတ်သာလို့ မွေးလာတဲ့သမီးကို စိတ်ရောကိုယ်ပါ ညှင်းပန်းနှိပ်စက်တာတွေ၊ ရောင်းစားခံရတဲ့ ၊ မကောင်းတာ လုပ်ခိုင်းပြီး ငွေရှာတာခံရတဲ့ သမီးတွေ …အဲဒီသမီးတွေရဲ့ စိတ်ဒဏ်ရာက လွယ်လွယ်နဲ့ မပျောက်ဘူး” လို့ ပြောမိတဲ့အခါ ညီမလေးက “ သားသမီးကို ၁၀၀% မချစ်တဲ့ အမေတွေရှိချင်ရှိမှာပဲ။ သူတို့မှာလည်း အကြောင်းတစ်ခုခုတော့ ရှိမှာပဲ” လို့ အခိုင်အမာပြောပါတယ်။ ကျွန်မလည်း အဲဒီအကြောင်းအရာကို ရှာဖွေနေတာရယ်။ ဒါပေမယ့် ကျွန်မရှာနေတာက ရုပ်ပိုင်းဆိုင်ရာချို့တဲ့မှုဆိုတဲ့ အကြောင်းပြချက်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းအကြောင်းရင်း ဖြစ်ပါတယ်။ ကျွန်မရည်ညွှန်းတဲ့ စာအုပ်ထဲမှာ အမေတစ်ချို့ဘာလို့ မေတ္တာမပေးနိုင်တာလဲဆိုတဲ့ အကြောင်းကို အကျယ်တဝင့်ရေးထားပါတယ်။ 
လွှမ်းမိုးချုပ်ကိုင်တဲ့ အမေ ( the engulfing mother)၊ လျစ်လျူရှုပစ်ပယ်တတ်တဲ့ အမေ ( the ignoring mother)တွေအပြင် ဝင့်ဝါမော်ကြွားသော ( the flamboyant extrovert)၊ထင်ရှားအောင်မြင်ချင်လွန်းသော( the accomplishment oriented)၊ အရက်သေစာမူးယစ်ဆေးဝါးစွဲနေသော( the addicted)၊ စိတ်ခံစားမှုချို့တဲ့နေသော (the emotional needy)၊စိတ်ရောဂါရနေသော (the psychosomatic)၊ တိုးတိုးတိတ်တိတ် ရက်စက်တတ်သော ( the secretly mean) အမေတွေဟာ တုတ်တစ်ချက်မသုံးဘဲ သမီးတွေရဲ့ နှလုံးသားကို သွေးထွက်သံယိုဖြစ်စေတာ အမှန်ပါ။ ပြဇာတ်ဆန်တဲ့ နောက်ခံတေးတွေ မလိုပါဘူး။“ ပုထုဇဉ်နော ဥမ္နတကော ..” ဆိုတဲ့ ရှေးစကားအထင်အရှားရှိပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေမှာ အမေများလည်း အသွင်တွေ ကွဲနိုင်တယ် မဟုတ်ပါလား။

ကျွန်မက ညီမလေးကို “အမေ့ကိုနားလည်အောင်လုပ်ပြီးရင် ခွင့်လွှတ်ပြီး မေတ္တာပြန်ပေးနိုင်မှ စိတ်အနာလုံးလုံးပျောက်မှာ ။အဲဒါကြောင့် အကောင်းဆုံးနည်းက အမေ့ကို therapist ဆီ ခေါ်သွားပြီး counseling  လုပ်တာ အကောင်းဆုံးပဲ” လို့ ပြောခဲ့ပါတယ်။ ညီမလေးရဲ့ တုံ့ပြန်ချက်ကတော့ ထုံးစံအတိုင်း နှုတ်ခမ်းမဲ့ကာ ပုခုံးတွန့်ခြင်းပဲ ဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ ကျွန်မပြောတာ မှားခဲ့တာ။ တကယ်က အမေဟာ ညှိုနှိုင်းဖို့ခက်တဲ့သူဆိုရင် အခြေအနေဟာ ပိုလို့ဆိုးနိုင်တယ်လို့ ဆိုလေရဲ့။

ဘဝပေးအခြေအနေမတူတဲ့ ညီမလေးနဲ့ ကျွန်မဟာ ခေါင်းစဉ်တစ်ခုအောက်မှာ အဖြေမညီနိုင်ခဲ့ပါဘူး။မေတ္တာရေးကံကောင်းသူညီမလေးအတွက် အမေ့မေတ္တာမရတဲ့သမီးတွေ ရှိနေတယ်ဆိုတဲ့ အချက်ကိုတောင် လက်မခံနိုင်ပါဘူး။ ကျွန်မက  အဲလိုသမီးတွေရဲ့ စာတွေ ကျွန်မဆီလာကြောင်းပြောတဲ့အခါ ညီမလေးက ခါးခါးသီးသီးငြင်းပါတယ်။ “သူတို့အမေက သူတို့ကို မချစ်ဘဲတော့ နေမှာ မဟုတ်ပါဘူး။ သူတို့ဘာသာ အမြင်မှားတာဖြစ်မှာပါ”လို့ စူးစူးနစ်နစ်ပြောပါတယ်။ ကျွန်မစာကို ကိုယ်ချင်းစာနားလည်ခဲ့သူအမျိုးသမီးတွေဟာ ဥာဏ်ရည်မြင့်ပြီး ဘဝအတွေ့အကြုံများကာ ရင့်ကျက်သူတွေဆိုတာ ကျွန်မ မပြောလည်း ညီမလေးသိမှာ ဖြစ်တာမို့ ကျွန်မမှာ ဒီထက်ပိုပြီး ရှင်းလင်းစရာ မရှိတော့ပါဘူး။ 
 
ဒါကြောင့် “ဒီနေ့ပြောခဲ့တာတွေကို စာရေးရမယ်။ ဒါပေမယ့် အချက်အလက်တွေစုံစုံလင်လင်ရှိဖို့ အချိန်ယူရမယ်လို့ ” ညီမလေးကို ပြောခဲ့ပါတယ်။ ညီမလေးကလည်း စကားဝိုင်းအစမှာပင် “ ဒီလိုကံမကောင်းတဲ့ တခြားဘာသာဝင်ကလေးတွေမှာ ကံတရားလိုမျိုး တခြားအကြောင်းပြချက်တွေရှိမှာပဲ။ စာအုပ်တွေ ရှာဖတ်ဦးမယ်” လို့ ဆိုခဲ့ပါတယ်။ တကယ်က ကျွန်မမှားခဲ့တာသာ ဖြစ်ပါတယ်။ ညီမလေးက “ညီမလေးဘဝမှာ အားလုံးက ညီမလေးကို ချစ်ကြတယ်။ ညီမလေးပတ်ဝန်းကျင်မှာလည်း အမေတွေက သူတို့သမီးတွေကို ချစ်ကြတာချည်းပဲ” လို့ပြောခဲ့ပြီးသားဖြစ်ပါတယ်။ရှင်သန်ရာ မတူခဲ့ပြီမို့ ရှုထောင့်လွဲနေတဲ့အကြားက အမြင်တူမလားရယ်လို့  မျှော်လင်ခဲ့မိသူ ကျွန်မအလွဲများရယ်သာ။  

ပုထုဇဉ်ဟာ မှားတတ်တယ်။ တကိုယ်ကောင်းဆန်စိတ်ဟာ တဏှာကို ရုပ်ဖျက်ပြီး နေထိုင်တတ်သလို အကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာစစ်ကိုလည်း ခုတုံးလုပ်တတ်တယ်ဆိုတာ အားလုံးသိပြီးသားလို့ ယုံကြည်ခဲ့မိတာ။ ဒါကြောင့် အမေသာ အကြွင်းမဲ့မှန်တယ်ဆိုတဲ့ တရားနဲ့တွေ့တဲ့အခါ ဟန်ချက်ကို မညှိနိုင်ဘဲ လဲပြိုသွားမိတာ။ အတွေးအခေါ်ရင့်ကျက်ကာ ကြင်နာစိတ်ကြီးမားသူညီမလေးဟာ မေတ္တာအလျှံပယ်ရသူမို့  အမေ့မေတ္တာမပေးနိုင်တဲ့ အခြေအနေတွေကို လက်မခံနိုင်ဘူးတဲ့လေ။ နောက်ဆုံးတော့  လောကတစ်ခွင်က ညီမလေးလို ကံကောင်းသူသားသမီးတွေဟာ ဒီလိုပဲပြောကြမှာပဲဆိုတာ  ကျွန်မ အမြင်မှန်ရခဲ့ပါတယ်။ခံစားဖူးမှ ကိုယ်ချင်းစာမယ်။ ဒဏ်ရာတူမှ စာနာနိုင်မယ်ဆိုတာ လက်တွေ့ကြုံလို့ ယုံလိုက်ရပါပြီ။

ဒါကြောင့်မို့ ကျွန်မကို ရင်ဖွင့်ပြောကြားခွင့်ပြုပါတော့။အနိစ္စလောကဝဲမှာ  ကွေးသောလက် မဆန့်ခင် ကျွန်မသေဆုံးနိုင်သွားတာမို့ ကြိုတင်လို့ ပြောခဲ့ပါရစေလေ။ အမေ့မေတ္တာငတ်သူသမီးတွေကို ရည်စူးလို့ရယ်။ “ရှင်တို့ကို နားလည်တဲ့သူ ကျွန်မ တစ်ယောက်တော့ ရှိပါသေးတယ်” လို့။ ဟုတ်ကဲ့။ ကျွန်မ နှလုံးသားနဲ့အပြည့် ကိုယ်ချင်းစာပါတယ်။ ရင်နှင့်အမျှ ခံစားစာနာပါတယ်။ တကယ်ပါ။ လှမ်းမခေါ်ပေမယ့်လည်း ကျွန်မကြားပါတယ်။ ဘယ်လောက်ပဲကွဲပြားခြားနားလည်း ဘဝတူတွေရဲ့ဘာသာစကားကို ကျွန်မနားလည်ပါတယ်။ အမေ့မေတ္တာမရသူသမီးတွေရဲ့ လောင်ကျွမ်းနေတဲ့ ဒဏ်ရာတွေနဲ့အနီးဆုံးမှာ ကျွန်မရှိပါတယ်။ “ယုံကြည်ပေးပါနော်။ အနည်းဆုံးရှင်တို့ဖက်မှာ ကျွန်မတစ်ယောက်တော့ ရှိပါတယ်”

ကျေးဇူးပြုပြီး လက်ခံပေးပါ။ အမေ့မေတ္တာငတ်သူ သမီးတွေရဲ့ ကြေကွဲမှုတွေကို ရင်နဲ့အမျှ နေရာပေးတဲ့ မယ်ကိုးဆိုသူတစ်ဦးနေခဲ့ပါတယ်။ ရှိနေဆဲ၊ ရှိနေဦးမှာ ဖြစ်ပါတယ်။ ..။




(စာကြွင်း။ ညီမလေးနဲ့ တစ်နာရီခွဲမျှပြောခဲ့သမျှစကားတွေကို အပိုအလိုမရှိအောင် အတိုချုံးပြီး စာစီထားခြင်းဖြစ်ပါတယ်။ ခုလို ကိုယ်ယုံကြည်ရာကို ပွင့်ပွင့်လင်းလင်းပြောတတ်သလို ချစ်တတ်ကြင်နာတတ်သော ညီမလေးကို ကျေးဇူးအထူးတင်ပါတယ် …း)

22 comments:

rose said...

sis, there are some parents who don't love their children. This is the truth. I've seen with my own eyes the father who don't love his children and treat badly. So, it's not always right that theory about parents ALWAYS love their children. My personal view is NO.

I wish and hope that you'll be happy and fine.

Best wishes,
rose.

meenge said...

HI sis, I love my mom very much and my mom love me too. But I can understand your feeling and your suffer.If I met that kind of mom, I will surely suffer and effect same as u. I really thank you for your novel that guide how parent should treat to their child and what is pro and con. Bravo sis.I like you very much.

Jewel said...

မိဘတိုင်းဟာ သားသမီးတိုင်းကို မချစ်ပါဘူး။ ဒီတော့ သားသမီးတိုင်းဟာလည်း မိဘတိုင်းကို မချစ်ဘူး။ ပတ်ဝန်းကျင်မှာ အများကြီး တွေ့ခဲ့ဖူးပါတယ်..။ ဒါလဲ အခြေအနေအမျိုးမျိုး၊ အကြောင်းခြင်းရာအထွေထွေကြောင့်ဖြစ်ကြရတယ်။ အရင်စာတွေ တောက်လျှောက်ဖတ်ခဲ့သမျှ comment မရေးဖြစ်ပေမယ့်.. ခုတော့.. သူ့ရဲ့ abuse လုပ်လာတဲ့ အဖေကို နာကျည်းမုန်းတီးလွန်းတဲ့ သူငယ်ချင်းတစ်ယောက်ကို အမှတ်ရပြီး ရေးဖြစ်ပါတယ်။
တစ်ချို့မိဘတွေလည်း abuse နဲ့ discipline ကို ခွဲခြားဖို့ရာ knowledge မပြည့်ခဲ့တာတွေကြောင့်လည်း မယ်ကိုးပြောတဲ့.. လွှမ်းမိုး၊လျစ်လျူ၊ ၀င့်ဝါ၊ ထင်ရှား၊ ဆေးဝါး၊ ခံစား၊ ရက်စက် .. တဲ့ အမေနဲ့အဖေ တွေ ... ဒါမျိုးအဖြစ်တွေ ဖြစ်ခဲ့ရတာလည်း ရှိတယ်။

မယ်ကိုး said...

မှတ်ချက်လေးတွေ ပေးသွားတဲ့ မမီးငယ်နဲ့ မjewel ကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ကျွန်မရဲ့ အမေစာစုဟာ အမေကို အပြစ်ဖို့မုန်းတီးကြောင်းရေးတဲ့ စာမဟုတ်ပါဘူး။ စိတ်ဒဏ်ရာရနေတဲ့သမီးတွေအတွက် ရေးခဲ့တာပါ။ (ဒါပေမယ့် အဆုံးအထိမရေးနိုင်ခဲ့ပါဘူး) အခုဒီဆောင်းပါးမှာတော့ ပြောချင်တာလေးတွေကို ပွင့်ပွင့်လင်းလင်း ရေးလိုက်ပါတယ်။
အထူးသဖြင့် ending the legacy ဆိုတဲ့ စာပိုဒ်မှာပါ။ အဓိကက ( Deal with your mother in a different,healthy manner) ဆိုတာ ဖြစ်ပါတယ်။
စာရေးသူရဲ့ ကုထုံးက တစ်မျိုးဖြစ်နေပမယ့် ကျွန်မက healthy manner ဆိုတဲ့အသုံးလေးကိုတော့ သဘောကျပါတယ်။ မြန်မာလို ဗြဟ္မစိုရ်စိတ်ထားမှပဲ ဆက်ဆံရေးအားလုံးဟာ ချောမွေ့လိမ့်မယ်လို့ ကျွန်မယုံကြည်လို့ပါ ။
အခုလို အချိန်ပေး မှတ်ချက်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေရှင်း)

လသာည said...

ပို့စ်ကို ဖတ်ပြီး မယ်ကိုးရဲ့ ခံစားချက်ကို စာနာခံစားရင်း အခုအချိန်မှာ ကိုယ်တိုင်ကမိဘနေရာ ရောက်နေတော့ ကိုယ့်မီးမီးသာ မယ်ကိုးလိုလေးဖြစ်နေရင် (မယ်ကိုးလို ခံစားနေသူလေး ဖြစ်မယ်ဆိုရင်) ငါဘယ်လိုလုပ်ပေးရမလဲလို့ တွေးပြီး အတွေးတွေဝေ စိတ်မကောင်းဖြစ်မိတယ်။

အရင်က သိပ်နားမလည်ပေမယ့် စိတ်ပညာတွေ ဖတ်ရင်းဖတ်ရင်း မိဘမေတ္တာငတ်ရလို့ တသက်လုံး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ခံစားသွားရတဲ့ သားသမီးတွေ အကြောင်း ပိုပိုနားလည်လာတယ်။

အခုလည်း.. ဘယ်လိုပြောရမလဲ.. တစ်ခုခုဆို တစ်ယောက်တည်း ၀မ်းနည်းကြေကွဲမနေပဲ အစ်မဆီ ရင်ဖွင့်တိုင်ပင်ပါလို့..နော်။

အမြဲတမ်းအတွက်.. လသာညပါ။

ကိုအောင်(ပျူနိုင်ငံ) said...

အရမ်းကြီးလည်း မခံစားနေနဲ့လေ၊ တချို့ကိစ္စများဟာ အချိန်က ကုစားလေ့ရှိတယ်၊ အခန့်မသင့်ရင် လူတိုင်း အဲလို ဖြစ်ကျတယ်ဗျ၊ အဆင်ပြေသွားပါစေလို့ ဆုတောင်းပါတယ်။

သက်ဝေ said...

ဒီစာကို ဖတ်ပြီး မယ်နဲ့ ထပ်တူမဟုတ်တောင် အနီးစပ်ဆုံး လိုက်ပါ ခံစားခဲ့ပါတယ်... မယ် စိတ်သက်သာရာရအောင် ပြောတာမဟုတ်ပေမယ့် (သားတယောက်ရဲ့ အမေ အနေနဲ့) သားသမီးကို မချစ်တဲ့ အမေ မျိုး မရှိလောက်ပါဘူးလို့ ပြောချင်ပါတယ်... ပြီးတော့ မြတ်စွာဘုရားတောင်မှ အမေ့ကျေးဇူးကို နို့တလုံးဖိုးပဲ ကျေခဲ့တယ် ဆိုတော့ မိခင်မေတ္တာဆိုတာ ဘယ်လောက်ကြီးမလဲ... ညီမလေး မှန်းလို့ရမယ်ထင်ပါတယ်...
စိတ်ချမ်းသာပါစေ...

Aki Ross said...

မယ်
ဒီနေ့ပထမဆုံး မယ့် blog ကိုဖတ်မိတာပါ။ ဒီ post ကိုဖတ်နေရင်း ဖတ်နေရင်း မယ့် ကိုတခုခုပြောချင်လာတယ်။ ဒါမဲ့ ပြောလည်းမပြောတတ်ဘူး တခုခုပဲ ရင်ထဲမှာဆို့လာတယ်။ ကျွန်မလည်း မယ့်လို ကလေးတယောက်ပါ။
မယ်, မိဘနဲ့ ပတ်သက်လို့မှမဟုတ်ဘူးနော်။ စိတ်ဒဏ်ရာရခဲ့ပြီးလည်း ပြန်ကြိုးစားလို့ရသေးတယ်.. စိတ်မလျော့လိုက်နဲ့ မယ်။ အဆိုးတွေချည်းမဟုတ်ဘူး။ ဟုတ်မှာမဟုတ်ဘူး။ ဘာလို့လဲဆို သက်သေက ကိုယ်ကိုယ်တိုင်ပဲ။ ငါတောင်ရှိနေသေးတာ ငါလိုလူတွေရှိကိုရှိမယ် လို့။ နော်..။ အဆုံးစွန်ဆုံး ငါ့ကို ထိခိုက်ခဲ့ကြပြီဆိုရင်တောင် ငါလို တခြားတယောက် မထိခိုက်စေရဘူးလို့..။ အဲ့ဒီစိတ်လေးတွေဆက်လာတဲ့အခါ မယ် စိတ်ချမ်းသာလာမှာ။း)

Peace May Upon You.. Mae Coe.. :)

KTM said...

dear 'mae koe'
i so much want to comfort u but fall short of words. not all, but most mothers have ' mother's love' as described even by buddha in his 'metta thoke'. there are many mothers , even so, nowadays, who have and may lack 'mother's love and responsibility. please try to move forward with 'dhamma', as it is the only WAY to liberate from all sufferrings. with metta KTM.

မေသိမ့်သိမ့်ကျော် said...

အစ်မ ပြောသလိုပဲ ကိုယ့်ကို မချစ်ဘူး ပဲ ထင်နေတယ်။ စိတ်ထင်တာပဲ ဖြစ်မှာပါလို့ အမြဲတမ်းတွေးပြီး ဖြေတတ်နေပြီ မရေ...။ အားပေးနေမယ်နော်။


ခင်မင်လေးစားလျက်

Anonymous said...

သားသမီးကို လုံးဝမချစ်တဲ့ မိဘတွေတော့ရှိချင်မှရှိနေနိုင်ပေမဲ့ မိဘတိုင်းကတော့ သားသမီးတိုင်းကို ချစ်ချင်းမေတ္တ္တ္တာ အပြည့်အ၀ပေးချင်မှပေးပါလိမ့်မယ်။

မိဘတိုင်းက သားသမီးတွေကို အတူတူချစ်တယ်ဆိုတဲ့ သီအိုရီကို လုံးအ၀ အယုံအကြည်မရှိပါဘူး။ ကျွန်မကိုယ်တိုင်ကိုယ်တွေ့မို့ ပါ။

မယ်ကိုးရဲ့ အဖြစ်အပျက်အရ မယ်ကိုးက အမေနဲ့အဝေးမှာနေရတာ တော်သေးတယ်လို့မဆိုလိုပေမဲ့ မိခင်နဲ့ အတူနေရပြီး မိခင်က အခြားသားချင်းတွေကို မေတ္တ္တ္တာအပြည့်အ၀ပေးပြီး သမီးတစ်ယောက်တည်းကိုသာ ကွက်ချန်ခဲ့တဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်ကို တွေ့ဖူးမြင်ဖူး ထပ်တူနီးပါးခံစားခဲ့ရဖူးပါတယ်။ သူ့ခများ နေ့စဉ်နဲ့အမျှ အသေးအဖွဲလေးက အစခံစားခဲ့ရတာမို့ သူ့ဘ၀ကို ကျွန်မဖြင့် စိတ်မကောင်းလို့မဆုံးပါဘူး။

ဒီအကြောင်းအရာကို မြန်မာအမျိုးသမီးတော်တော်များများက နှုတ်ထွက်ပြောဆိုဖို့အတော်တော်ခဲယဉ်းနေကြပါတယ်။ မိဘဆိုတာက ကျေးဇူးကြီးတယ်၊ မှားမှားမှန်မှန် မဝေဖန်ရဘူးဆိုတဲ့ ယဉ်ကျေးမှုကနေ ကျွန်မတို့တတွေကြီးပြင်းလာရတာ မဟုတ်လား။

ပျို့လက်ဟန်ရဲ့ နှင်းခွဲမီး ဖတ်ဖူးလာတော့မသိဘူး။ အမေတွေရဲ့ မတူညီတဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးလာတဲ့ ကောင်မလေးနှစ်ယောက်အကြောင်းကိုပေါ့၊ ဒီလိုမျိုးအကြောင်းအရာတွေကို ထုပ်ဖော်ရေးတဲ့သူတွေကို အများကြီးလေးစားပါတယ်။ နောက်ထပ်များများရေးနိုင်ပါစေ။

Anonymous said...

မခံစားဖူးပေမယ့်
သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့အတွေးနဲ့
ကိုယ်ချင်းစာနာမိပါတယ်


မောင်ဘကြိုင်နေပြည်တော်မှလာသည်
http://mgbakyaing.blogspot.com/

Orange Chit Thu said...

Mae Coe yay,
I know your feeling even I got my Mum love & understanding to me. I accept what you write in this article and wanna say you "Bravo" for mentioning feeling(on the other hand, release the pain) ... I have seen like this kind of girl in my life, she is not like you. You can communicate in this surrounding very nice (even though you have this kind of feeling) and people love you. But she cant communicate with people very well, she always try to hide her real emotion, she is so sensitive in everything and she care of every manner of others to her (but not in positive thinking)... and most of the people dont like her. She feel like her Mum dont love her well...but she also dont treat and care her (heartily) ... So & So ...
But, you are very nice, you know yourself / your feeling and you face this in right way. I do appreciate of you. I impress the people who can face the truth. Wish you all the best in future...
I am always your reader :)

Orange Chit Thu

မယ်ကိုး said...

Ma Ma Latharnya, Ako Aung, Ma Ma Thet Wai,Sis Aki Ross, Ko KTM, Ma May Lay, Ko/Ma Anonymous, Ko Ba Kyine, Sis Orange Chit Thu....

Thanks a lot for your time and comments.

My Dear Orange Chit Thu....

I'm so thankful for your story. Actually she and I have similar personalities .Although I'm trying my best to fact the truth, I'm still hurt to say that.
Yes, I hope u would remember the post u commented. :) “ အသင်ရဲ့ မချစ်မနှစ်သော”
http://www.maecoe.net/2009/09/blog-post_08.html
ှုI'll always thank your kind words and time, dear :)

Anonymous said...

"အတိတ်ကံ"၊ "ကံတရားအကြောင်းကို ..."၊ "ကံတရားပဲလေ။"၊ ကံ ကို ကျနော်တို့ လူမျိုးများ ရေလဲ သုံးကြတယ်။ အမြင်မကျယ်ရာ ရောက်သည်ဟု ရှုမြင်ပါသည်။ ဗုဒ္ဓတရားတော်မှာလည်း ယင်းသို့ ရေလဲ သုံးရန် ညွှန်းဆိုမည် မဟုတ်ပါ။ အဲဒီထဲက မမယ်ကိုးနဲ့ ဆွေးနွေးတဲ့ ညီမလေး အမြင်မကျယ်မှုကို စိတ်မကောင်းစွာ ထပ်တွေ့ရသည်။ ငါမခံစားဘူးတော့၊ ဒါမဖြစ်နိုင်ဟု အချို့သူများ ပိုင်းဖြတ်တတ်သည်။ နောက် ဒီလို စက်ဆုတ်စရာ အကြောင်း မကြားချင်တော့၊ မရေးပါနဲ့တော့လို့ တိုက်တွန်းတတ်သည် အဓိကကတော့ ထိုသို့သူများ အဖြစ်မှန်ကို လက်ခံရန် အားနည်းသောကြောင့် ဖြစ်ပါသည်။ သည့်အတွက်တော့ မဖတ်ပါနဲ့တော့ လိုသာ ပြောလိုက်ပါ။ အခုလို စာနဲ့ပေနဲ့ ရှင်းပြလည်း နဂိုအစွဲနှင့် ပိုဝေးအုံးမည်ပင်။

မိုးမိုး said...

မိဘတိုင်းသားသမီးကို ချစ်ကြတာပဲဆိုတဲ့စကားကို ယေဘူယျ သဘောတော့ လက်ခံပါတယ်. ဒါပေမဲ့ ချွင်းချက်မရှိတော့ မဟုတ်ပါဘူး။
လမ်းပေါ်မှာ လမ်းဘေးအိမ်သာထဲမှာ စွန့်ပစ်ခံရရှာတဲ့ ကလေးတွေ တိုင်းပြည်တော်တော်များများမှာ ရှိနေတာ အားလုံးအသိပါပဲ။ ဒါက အလွယ်ကူဆုံး ဥပမာ တခုကို ပြောပြတာပါ. ဒါ့ထက် နက်ရှိုင်းတဲ့ အဖြစ်အပျက်တွေ အများကြီးပါပဲ...ကိုယ်တွေ့မကြုံလို့
မယုံဘူးဆိုတဲ့သူဟာ ဘ၀မှာ ရင့်ကျက်မှု့နဲ့ အတွေ့အကြုံ လိုနေသေးလို့ပဲ ထင်ပါတယ်..

Orange Chit Thu said...

Ohh...I just notice your reply to me..thks Q :)
I like the above two comments, anonymous and moe moe...so realistic...yeah, it is happening in our real life...yes,I agree of this word "နောက် ဒီလို စက်ဆုတ်စရာ အကြောင်း မကြားချင်တော့၊ မရေးပါနဲ့တော့လို့ တိုက်တွန်းတတ်သည် အဓိကကတော့ ထိုသို့သူများ အဖြစ်မှန်ကို လက်ခံရန် အားနည်းသောကြောင့် ဖြစ်ပါသည်" ... so true!

naw said...

မယ်ရေ
မယ့်စာလေးကို ကျွန်မရဲ့ facebook မှာ ရှဲလိုက်တယ်နော်။ ကျွန်မ မှာ စာအုပ်တအုပ်ရှိတယ်။ Conatance Briscoe ရေးထားတဲ့ Ugly ဆိုတဲ့ စာအုပ်။ သူက သူ့ ဘ၀အကြောင်းကို
ရေးထားတာ။ "UGLY is the life story of Constance Briscoe. Starved, beaten and told she was an "ugly waste of space", this is the heart-rending account of a mother's cruelty form one of the first black women to sit as a judge in the UK" မမယ် ကို ပေးဖတ်ချင်တယ်။ သူဟာ အဲဒီလို အဖိနှိပ်ခံ ဘ၀ကနေ ကြိုးစားလိုက်တာ Barrister ဖြစ်ခဲ့ တယ်။ She was one of the first black women to sit as a judge in the UK. မမယ်ကိုးရေးထားတာတွေဟာ အပြင်မှာ တကယ် ရှိတယ် ဆိုတာကို ၁၀၀% ထောက်ခံပါတယ်။ အမေ ကြောင့် မှမဟုတ် ပါဘူး အမေ မိဘ မရှိတော့ ပဲနဲ့ စိတ်ဒါဏ်ရာ ရတဲ့ ကလေးတိုင်းကို ကြင်ကြင်နာနာနဲ့ ဖေးမ တွဲ ခေါ်နိုင်ရင် ဘယ်လောက်များကောင်းလိမ့် မလဲ။

Anonymous said...

ငယ်ငယ်လေးကတည်းက
ကျမမှာ ဆုံးဖြတ်ချက်တခုရှိတယ်
ကျမအရွယ်ရောက်လို့သားသမီးတွေရှိလာရင် ကျမရဲ့ကလေးတွေကို ကျမလိုမခံစားစေရဘူးလို့လေ
ကျမမိဘတွေက သားသမီးကို အလွန်အမင်းချုပ်ခြယ်နှိပ်ကွပ်တဲ့သူတွေမဟုတ်ပေမယ့်
သူတို့ရဲ့ဆုံးဖြတ်ချက်သာအတည်ယူရမယ်
ဘာအကြောင်းကြောင့်လို့ စောဒကတက်ခွင့်မရှိ
သားသမီးရဲ့စူးစမ်းချင်စိတ်ကို လက်မခံ
အမှားလုပ်မိလို့ရှင်းပြရင် သူတို့ကိုဆင်ခြေပေးတယ်လို့
အပြစ်ရှာတယ် သားသမီးချင်းအတူတူမှာ
မိဘအရိပ်အကဲသိတက်ပြီး သူတို့မျက်နှာအ၇ိပ်တကြည့်ကြည့်နဲ့ အကင်းပါးတဲ့သူကို
အချစ်ပိုပြန်တယ်
အဲဒီလိုတွေမလုပ်တက်ပေမယ့် သူတို့အပေါ်မှာ ချစ်ခင်စိတ်ကတော့ တခြားသားသမီးတွေလိုပါပဲဆိုတာကို
မသိချင်ဟန်ဆောင်တက်ကြတယ်
အသိအမှတ်မပြုနိုင်ကြဘူး
အဲဒါကြောင့်ကျမငယ်ငယ်က အိမ်မှာမပျော်ဘူး
အဘိုးအဘွားနဲ့ပဲပျော်တယ်
ကိုယ်ရဲ့ခံစားချက်တွေကို ရင်ဖွင့်ခွင့်ရှိတဲ့ အဒေါ်တယောက်ရှိခဲ့လို့လဲ ကျမကံကောင်းခဲ့တယ်
အခုအချိန်မှာတော့ အားလုံးကိုနားလည်နိုင်ပါပြီ
အဖေနဲ့အမေကိုလည်း အပြစ်လို့မမြင်တော့ပါဘူး
သူတို့ကတော့ ဘာမှမသိကြပေမယ့်
ကျမရင်ထဲက အနာကတော့ အမာရွတ်ထင်ကျန်ဆဲပါ
အန္တရယ်မရှိတဲ့ အပေါ်ယံအမာရွတ်မျှသာ...

Anonymous said...

Dear Mae Coe,

May be you have heard similar suggestions before. But I would like emphasize again, try to find the other half who have happy family nucleus. I did it and now I have a happy family of my own. I am leading a successful life. Yes. Pains and suffers are there. Pls try to overcome. Good luck!

စံပယ်ပန်း said...

ညီအစ်မနှစ်ယောက်ကို အမေ့အိမ်ထားပြီး ပစ်ထားတဲ့ဆရာဝန်မတစ်ယောက်လို့ပဲ ဇာတ်လမ်းကိုသိထားတယ်..။အဖေအကြောင်းထည့်မရေးတော့ ဘာလို့လဲဆိုတာ မမေးသင့်ဘူးလို့တော့ သိပါတယ်..။ ဒါပေမယ့် အဖေကိုအပြစ်တင်သံ မကြားရဘူးနော်..။ အဖေကို စိတ်ထဲလုံးလုံးမရှိတာလား..။ အဖေဆီကမေတ္တာကိုတော့ မရလည်းကိစ္စမရှိဘူး ယူဆတာလား...။

မမယ်ကိုးအမေက အဖေကိုမကျေနပ်လို့များ မမယ်ကိုးတို့ကို ပစ်ထားတာလား..။

အမေတွေတိုင်း သားသမီးကိုမေတ္တာကောင်းကောင်းမပေးတတ်ဘူးနော်..။ ကျွန်တော်တို့အမေဆို မေတ္တာမပြတတ်ဘူး..။ အဒေါ်(အမေ့ယောက်မ)ကအမေ့ကိုဘာသာပြန်ပေးတယ်..။ ဒါပေမယ့်အမေ့အမူအရာက သိသာပါတယ်..။ စားဖို့သောက်ဖို့လုံးပန်း..၊ တစ်ခုခုစားစရာဆို သူမစားဘဲ ကျွေးတာတို့..။ အမေ့မေတ္တာပေါ့..။ မမောမပန်း ချက်ပြုတ်တာတို့ပေါ့..။

ဆရာဝန်ဆိုတဲ့ လူတန်းစားကလည်း ပြောရဆိုရအခက်သားကလား..။ ငါ့ဘ၀တက်လမ်းမှာ ဒီကလေးတွေက အနှောင့်အယှက်လို့ တွေးနေတတ်ကြတဲ့ ဆရာဝန်တွေလည်းရှိတာပဲလေ..။ မမယ်ကိုးပြဿနာတွေ ပြေလည်မှာပါ..။ အခုလိုအဖြေရှာရင်းနဲ့ မမယ်ကိုးနဲ့ကိုက်မယ့်အဖြေတွေ့မှာပါ..။ အဖြေရှာတာကောင်းပါတယ်..။ မမယ်ကိုးနဲ့ကိုက်မကိုက်တော့ မသိဘူး..။ ဦးဇောတိကတရားတွေ အားတိုင်းနာပါ့လား..။ တရား ၈၄ ပုဒ်ရှိတယ်..။ တစ်နေ့နာနိုင်သမျှ တစ်ပုဒ်ချင်းနာ..။ ကိုယ့်အတွက်အဆင်ပြေတဲ့အပုဒ်ကို အထပ်ထပ်နာပေါ့..။ ကျွန်တော်အတွက် အဲဒါအကောင်းဆုံးမို့ မမယ်ကိုးကိုအကြံပေးတာပါ..။ မမယ်ကိုးအတွက် အဆင်ပြေမပြေတော့ မမယ်ကိုးလုပ်ကြည့်မှပဲ သိမှာပဲ..။

ရိုးမြေကျ said...

စာထဲက ညီမလေးဘာကြောင့်လက်မခံနိုင်တာလဲဆိုတဲ့အချက်ကတော့ ကျနော်တို့ ယဉ်ကျေးမှု တနည်းပြောရရင် မိဘမေတ္တာဖွဲ့စာတွေများတာ ပြီးတော့ မြန်မာလူမျိုးဖြစ်နေတဲ့အချက် နောက်ပြီး ဗုဒ္ဓဘာသာဖြစ်ခြင်း အဲဒီအချက်တွေရဲ့ လွှမ်းမိုးမှုတွေကြောင့်လဲ ပါမယ် မယ့်ရဲ့။ ကျနော်လဲ မိဘမေတ္တာကို အပြည့်အ၀ရတဲ့သူပါပဲ။ ဘာ့ကြောင့်ဆိုတော့ ကျနော်က တစ်ဦးတည်းသော သမီးကိုး။ ဒါပေမယ့် ကျနော်က ဂျစ်ကန်ကန်လေ မယ့်။ အကြီးကမှ မှန်တယ် ဘာနေနေ အကြီးပြောတာလိုက်နာရမယ်ဆိုတဲ့ အချက်တွေကို လုံးဝလက်မခံနိုင်တဲ့သူ။ ဒါ့ကြောင့်လဲ ကျနော့်မိသားစုမှာ သိပ်အတွန့်တက်တာလို့ အမြဲအပြောခံရတာပေါ့။ ကိုယ့်ထက်အသက်ကြီးနေလို့ အမှားကို အမှန်လို့လက်ခံလိုက်ရမှာမျိုးတော့ ကျနော်မနှစ်မြို့တာအမှန်ပဲ။ အမေ့မေတ္တာ ငတ်မွတ်နေတဲ့ သမီးတွေအကြောင်း ရာနှုန်းပြည့်စာနာပေးနိုင်တယ်လို့တော့ မညာချင်ပေမယ့် အဲလိုတွေရှိတာကိုလဲ လက်ခံတယ်။ ဒီ့ထက်ကံဆိုးတဲ့ သမီးတွေရှိတာကိုလဲ ယုံကြည်တယ်။ ခံစားချက် အထူးသဖြင့် စိတ်ဒဏ်ရာကို ကျနော်ကောင်းကောင်းကြီး ကိုယ်ချင်းစာနိုင်တယ်။ သူတို့တွေရဲ့ဘက်မှာ မယ့်နဲ့ အတူ ကျနော်လဲ ရှိသေးတယ်။