25 June 2011

အဝေးကပြတင်း

ဒီပြတင်းပေါက်ကနေ ခုန်ချဖို့ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ မပျော်ရွှင်နိုင်ပေမယ့် ရှောင်လွှဲခြင်းဆိုတဲ့ ကစားနည်းကိုတော့ ကောင်းစွာနားလည်ခဲ့သူပါ။ လှပတယ်ဆိုတဲ့ ကမ္ဘာကို၊ သာယာတယ်လို့ လူပြောများတဲ့ ရှုခင်းကို ဘောင်ခတ်ကြည့်အောင်လည်း မစွမ်းနိုင်သူပဲမို့ ပြတင်းခန်းဆီးစကို အမြဲတစေ စေ့ပိတ်ထားခဲ့တာ။ ဒါပေမယ့် ကျွန်မက အမြင့်ကြောက်သူလည်း မဟုတ်ပါဘူး။

အမှန်စင်စစ် ကျွန်မက လူကြောက်သူသာ ဖြစ်ပါတယ်။ လူတွေရဲ့ အကြည့်ခံရခြင်းမှာ ကြောက်ရွံ့သူသာ၊ လူတွေကို ကြည့်ရခြင်းမှာ တုန်လှုပ်နေသူသာရယ်။ သေချာတာက ကြောက်ရွံခြင်းဆိုတာ ထွေးပွေ့ထားဖို့ မကောင်းပေမယ့် ခွဲခွာမရနိုင်သေးတဲ့ တိုးတိုးဖော်ရယ်လေ။ ဒါကြောင့် ဒီခန်းဆီးကို ကျယ်ကျယ်ဖွင့်ဖို့  ထာဝစဉ် မရည်စူးခဲ့ပါဘူး။ ဒါပေမယ့် စိတ်မကျမ်းမာတဲ့တစ်နေ့မှာပြတင်းပေါက်မှတဆင့် ကျွန်မရဲ့ မြင်ကွင်းကို သူမ  ရောက်ရှိလာခဲ့တာ။

ပြတင်းကိုဖွင့်ပြီး လက်ထောက်ပြီး ဟိုဒီငေးခြင်းကို တရံတခါမျှ မပြုမူဖူးတာလည်း  အမှန်ပါ။ကောင်းကင်ပြာကိုပြတင်းရဲ့ ထောင့်ချိုး၊လစ်ဟာနေတဲ့ ခန်းဆီးကြားကတဆင့် ပုန်းလျှိုးကွယ်လျှိုးနဲ့သာ တိတ်တဆိတ်ငေးတတ်သူဖြစ်ပါတယ်။ အခုတော့ ကံအားလျော်စွာပဲ ညဉ့်နက်နက်မှာ အအိပ်ပျက်ကာ အသက်ရှုကျပ်လို့ ခန်းဆီးကို ဖွင့်ရင်း ခဏရပ်မိခိုက်  မရည်ရွယ်ဘဲ သူမပုံရိပ်ကို မျက်စိကျမိတာ။ မျက်နှာချင်းဆိုင်တိုက်ခေါင်မိုးပေါ်က သူမ။မြင်စမှာတော့ လူသဏ္ဌာန်မျှသာ။ အဝေးမြင်ကွင်းမှာ ယောက်ျား၊မိန်းမ မကွဲပြားသေးဘဲ တရွေ့ရွေ့နဲ့ ကျွန်မတို့တိုက်ရဲ့ အနီးဆုံးကို လျှောက်လာမှ အမျိုးသမီးမှန်း သိလာခဲ့တာ။ ဆံပင်ဖားလျားနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့သူမ။

တိတ်ဆိတ်တဲ့ညမှာ ကျွန်မ အသံကုန်ဖွင့်ပြီး လှမ်းခေါ်ရင် သူမကြားနိုင်တယ်လို့ တွက်ချက်လိုက်မိပေမယ့် ဘာပြောရမှန်း မစဉ်းစားနိုင်ခဲ့။ ဘာပဲဖြစ်ဖြစ်ဆိုကာ အခန်းမီးထဖွင့်ကာ သူမကို တခုခုလှမ်းအော်မပြောသင့်ဘူးလား။ ဒါပေမယ့် ဘာပြောရမှာလဲ။ လူခြေတိတ်ဆိတ်မှ ဒီလိုကြံစည်တာ သေကြောင်းကြံတယ်ဆိုရင်လည်း ကျွန်မအပြောနဲ့ မဖျက်ဆီးနိုင်ဘူးထင်ရဲ့။နေပါဦး။ သူမက သေကြောင်းကြံစည်ဖို့ ကြိုးစားတာမှ ဟုတ်ရဲ့လား။သေကြောင်းကြံဖို့ ကြိုးစားရင်ရော ကျွန်မအော်သံကို အရေးလုပ်ပါ့မလား။   

ဘယ်သူ့ကို အကူအညီတောင်း တိုင်ပင်ရမလဲ။ တခြားအခန်းမှာ အိပ်ပျော်နေသူတွေ ရှိပေမယ့် ခေါ်နှိုးမိရင် သူတို့ငြူစူမှာလား။ ရဲစခန်းကို အကြောင်းကြားရတော့မလား။ ဘယ်တုန်းကမှ အနီးမှာမရှိတဲ့ဖုန်းကို  အသည်းအသန်ရှာဖွေကာ အသင့်အနေထားနဲ့ အရေးပေါ်နံပါတ်ကို နှိပ်နေမိ။  ဒါပေမယ့် ကယ်ဆယ်မယ့်သူတွေ ရောက်လာချိန်မှာ သူမ ခုန်ချပြီးဖြစ်မလား။  တခြားအရာတစ်ခုခုကို လျှို့ဝှက်ကြံစည်နေတာရော မဖြစ်နိုင်ဘူးလား။  ဘာပဲဖြစ်ဖြစ် မသင်္ကာစရာဆိုပြီး ဖုန်းဆက်လိုက်ရတော့မလား။ ပြတင်းအကွယ်ကနေပဲ စောင့်ကြည့်ရင် ကောင်းမလား။

ဒါပေမယ့်ပေါင်းများစွာ၊ ဒွိဟတွေ အနန္တနဲ့ မောပန်းနေဆဲ သူမ ကျွန်မကို တွေ့ရှိသွားခဲ့တာ။ ဟုတ်ကဲ့။ အမှောင်ထဲမှာ သူမနဲ့ ကျွန်မ အကြည့်ချင်းဆုံမိကြ။ တုန်လှုပ်ကာ နှလုံးခုန်သံပင် ငြိမ်သက်သွား။ သူမ ပြုံးပြလိုက်တာလား။ ဝေဝါးတဲ့အလင်းရောက်လွှမ်းခြုံထားတာမို့ သဲကွဲစွာ မမြင်နိုင်ခဲ့။ ဒါပေမယ့် မယုံနိုင်စရာ။ သူမ မျက်ဝန်းတွေကို  ပြက်ပြက်ထင်ထင်တွေ့ခဲ့တယ်လေ။ တောက်ပြောင်ကြည်လင်သော အကြည့်။ စူးစူးရှရှ။ သူမဟာ ကျွန်မရဲ့ မျက်ဝန်းတည့်တည့်မှာ။ သူမမျက်ဝန်းဆီက စကားလုံးများစွာဖွဲ့စည်းထားသော အရောင်များ တလက်လက်။

ရုတ်တရက် ရင်ထဲက အောင့်လာ။ ဟုတ်တယ်။ ကျွန်မ သူမကို သိတာပေါ့ ။ဆိုးရွားတာက ဘယ်သူမှန်း စဉ်းစားမရ။ အသေအချာပါ။ ရင်းရင်းနှီးနှီးကို ကျွမ်းဝင်ဖူးတာ။ သူမက နောက်တစ်ကြိမ်ထပ်ပြုံးပြတယ်။ တကယ်က ပြုံးပြတာပဲလို့ ခန့်မှန်းမိရုံသာ။ မျက်လုံးကြောင်တောင်နဲ့ ကျွန်မ သူမကို တစ်ခုခုပြောဖို့ ကြိုးစားဆဲမှာပင် တိုက်အမိုးစွန်းက ခုန်ချလိုက်တာ။ရုပ်ရှင်ထဲက အနှေးပြကွက်လိုမျိုး ရွက်ဝါလေးကြွေသလို ပန်းတစ်ပွင့် လွင့်သွားသလို  ငြင်ငြင်သာသာ။

“အား” လို့ အကျယ်လောင်ဆုံး အော်လိုက်မိသလား။ ကျွန်မ မမှတ်မိတော့ဘူး။ သတိရချိန်မှာ ကျွန်မဟာ ဆေးရုံခန်းကုတင်ထက်မှာ ရောက်နေခဲ့ပြီ။ ဖြစ်ကြောင်းကုန်စင် သိရတာက ပြတင်ပေါက်ကနေ ကျွန်မ ခုန်ချခဲ့သတဲ့။ “မဟုတ်ဘူး။ လုံးဝမဖြစ်နိုင်ဘူး” လို့ ကျွန်မရှင်းပြတာကို သူတို့လက်မခံကြဘူး။ ကျွန်မ ဘယ်လိုနားလည်ရတော့မှာလဲ။ မျက်နှာချင်းဆိုင်တိုက်ခန်းရဲ့ ခေါင်မိုးက ခုန်ချတဲ့ အမျိုးသမီးအကြောင်းကို မေးမိတိုင်းလည်း  ခေါင်းတွေ တွင်တွင်ခါကာ စကားစကိုပင် ငြင်းပယ်ကြလေရဲ့။

Artist: Vincent van Gogh;Barred Windows;sketch

မှန်သောသစ္စာပါ။ ဒီပြတင်းပေါက်ကနေ ခုန်ချဖို့  ဘယ်တုန်းကမှ ကျွန်မ မစဉ်းစားခဲ့ဖူးပါဘူး။…။

မယ်ကိုး

13 comments:

rose said...

ဝတ္ထုတိုလေး လာဖတ်သွားတယ် မမယ်။

Anonymous said...

မလုပ်ပါနဲ့ အမ :(

လင်းဒီပ said...

တကယ်ခုန်ချမိလိုက်သလား :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆွဲဆောင်မှု ရှိလိုက်တာ
ဇာတ်သိမ်းတော့မှ သူကိုယ်တိုင် ခုန်ချတာ ဖြစ်နေတဲ့ အလှည့်လေးကို သဘောကျလိုက်မိတယ်။

ပြည်ကောင်းအောင် said...

မည်သူမဆိဲု ဒီဝတ္ထုထဲက မိန်းကလေးရဲ့ ခံစားချက်မျိုး ကိုယ်တိုင် ရေရှည်ခံစားနေရရင်တော့ psychiatrist တယောက်နဲ့ ဆွေးနွေးသင့်တယ် လို့ ထင်မိပါတယ်။ ကျနော်ကတော့ depressed ဖြစ်နေရင် psychiatrist နဲ့ တွေ့လေ့ရှိပါတယ်။ အနည်းဆုံး anti-depressant prescription တော့ ရလာတာပေါ့ဗျာ။

ခင်ဗျားတို့လည်း ကြားဖူးပြီးသား ဖြစ်ကောင်း ဖြစ်မယ်။ စိတ်ပညာမှာ James-Lung Theory ဆိုတဲ့ အငြင်းပွားဖွယ်ရာ သီအိုရီတခုရှိတယ်ဗျ။ “ဝမ်းနည်း လို့ ငိုမိတာ မဟုတ်။ ငိုမိလို့ ဝမ်းနည်း သွားတာ” ဆိုတာပါ။ လူအတော်များများ ကတော့ လက်မခံချင် ကြပါဘူး။ ဒါပေမဲ့ therapy တခုအနေနဲ့ အလုပ် ဖြစ်တယ် လို့ဆိုကြပါတယ်။ ဥပမာ၊ ဝမ်းနည်း ကြေကွဲနေရင် ကိုယ့်ရပ်ကွက်ကို ၁ ပတ်၊ ၂ ပတ်၊ ၅ ပတ် လောက် ပတ်ပြေးနေ လိုက်ရင် ချွေးတွေ ဘာတွေ ထွက်ပြီး ကြေကွဲနေတဲ့ ခံစားမှု ခဏနေရာမရ ဖြစ်မယ်။ ပြောချင်တာက emotions တွေဟာ သူတို့ အပြည့်အဝ ကြီးထွားဖို့ သူတို့နဲ့ လိုက်လျောညီထွေ ရှိတဲ့ physical activity တရပ်ကို လိုအပ်တယ် ဆိုတာပါ။ အဲဒီတော့ depressed ဖြစ်နေရင် သူနဲ့ဘာမှ မဆိုင်တဲ့ physical activity ဖြစ်တဲ့ သူငယ်ချင်း တယောက်နဲ့ ဖုန်းပြောပြီး ဟာသတွေပြော နေလိုက် တာမျိုး လုပ်နိုင်ပါတယ်။ ကျနော့် comment တော်တော် ရှည်နေပြီမို့ တော်လိုက်ပါဦးမယ်..း))

မေသိမ့်သိမ့်ကျော် said...

အမ စိတ်ညှို့ခံလိုက်ရတာလား??? ဖတ်သွားတယ်။ စာက ကျွန်မကို မျက်လုံးမခွာမိအောင်ကို ဆွဲဆောင်တယ်။ အရမ်းးးးးကောင်းတယ်။


ခင်မင်လေးစားလျက်

လသာည said...

စိတ်ဟူသည်...
.................

အလွမ်းသီချင်း said...

အစ်မမယ်ကိုး ကို Facebook မှါ ရှာမရတေါ့ဖူးးးးးးး :(

thu said...

မမကိုး...သူလာလည်သွားတယ်...မမကိုသူဖေ့ဘွတ်မှာမရှိတော့တာသိတော့အရမ်းဝမ်းနည်းသွားတာဘဲ...စိတ်မကောင်းဘူး..မမကိုး..ကိုအမြဲအားပေးနေတယ်..:(

Zephyr said...

Hello sis,

I love this one.
Btw, I also plan to jump out of the world.

Next time, try to sms me b4 jumping out.

ရေမျောသီးကိုနည်းနည်းသတိရတယ်။ စိတ်ရှည်ရှည်ရေးမယ်ဆိုရင် နောက်ဆို ဂျူးကို ကျော်တက်သွားနိုင်တယ်။

ချီးကျူးတာပါ။ နောက်တာမဟုတ်ဘူး။

အထူးသဖြင့်စိတ်ခံစားချက်တွေကိုရေးတဲ့နေရာမှာ ယောကျာ်းတွေက အသုံးကျလေ့မရှိဘူး။ အဲဒီလိုလည်း ခံစားရပုံမရလို့ဖြစ်မယ်။ အဲဒါကြောင့် အသေးစိတ်ရေးရရင်ပျင်းသွားသလားမသိဘူး။

ဇာတ်လမ်းကိုကြိုက်တယ်။ ဖြတ်ပိုင်းထားတဲ့ အပိုင်းလေးကိုကြိုက်တယ်။ အ၀န်းအ၀ိုင်းကတော့ သေးသေးလေးပဲဖြတ်ပြလိုက်တော့ မစည်ကားသလိုဖြစ်တယ်လို့ခံစားရတယ်။ climax ကိုဖွဲ့တော့ ခုန်ကျော်ပြီးလုပ်လိုက်တယ်လို့ခံစားရတယ်။ ဒါကလည်း ကိုယ့်အမြင်ကိုယ်ပြောတာ။ ဒီထက်ကောင်းတာတွေ ဆက်ရေးနိုင်ဦးမယ်ဆိုတာ ယုံကြည်တယ်။

အထူးသဖြင့် နောက်ဆုံးစာကြောင်းကို သဘောကျတယ်။


ဒီပြတင်းပေါက်ကနေ ခုန်ချဖို့ ဘယ်တုန်းကမှ ကျွန်မ မစဉ်းစားခဲ့ဖူးပါဘူး။


စာရေးတဲ့သူတိုင်းမှာ ဟန်တစ်မျိုးစီရှိတယ်။ တစ်ချို့ကလေလို့ပြောတယ်။ မယ်ကိုးလေသံ ပေါက်တယ်။ လိုရင်းလည်းရောက်တယ်လို့ပြောချင်တယ်။

ွှThumbs up.

Regards,
Zephyr

Anonymous said...

မန့်လို့ရပါပြီ မမယ်ကိုး
း) ကျန်းမာပါစ
ဒီလိုရေးဟန်ကိုက မယ်ကိုးပါပဲလေ


စိတ်ကူးထဲလိုက်ခုန်ချမိတဲ့
မောင်ဘကြိုင်
နေပြည်တော်မှလာသည်
http://mgbakyaing.blogspot.com/

သိင်္ဂါကျော် said...

ခုမှ လာဖတ်ရတယ်..
သူမ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ ကိုယ်ပွား စိတ်ခွဲ တစ်ခု ရှိနေတယ် ထင်ပါရဲ့..

သတိုး said...

ကြိုက်တယ်ဗျို့..။ ကလေးမရဲ့ နောက်ခံအဖြစ်အပျက် ပါးပါးလေးလောက် ပါစေချင်မိတယ်။ ဒါပေမယ့် စာဖတ်သူ တွေးချင်သလို တွေးဖို့ စာရေးသူက တမင်ဖယ်ချန်ထားခဲ့တာလဲ ဖြစ်နိုင်တယ် မဟုတ်လား။
လေးစားခင်မင်လျှက်........
သတိုး