31 July 2011

ကတ်ကြေးဖြင့် ဆုံးဖြတ်သော…


စာအုပ်တစ်အုပ်ဟာ လူကို ကံဆိုးမိုးမှောင်ကျစေနိုင်ပါတယ်။ မယုံမရှိပါနဲ့။ လွန်ခဲ့တဲ့အပတ်က “လူပြိန်းများအတွက် ဆံပင်ညှပ်နည်း” ဆိုတဲ့ စာအုပ်တစ်အုပ်ကို လက်ဝယ်ပိုင်ပိုင် ကျွန်မ ဝယ်ထားလိုက်ပြီလေ။ အသေအချာပေါ့။ ကျွန်မနဲ့ သက်ဆိုင်သူတွေရဲ့ ပုံပန်းရုပ်သွင်ဟာ အခန့်မသင့်လို့ပါဆိုကာ ဆိုးဆိုးရွာရွားထိခိုက်ပြောင်းလဲသွားတော့မှာ။ 



အမှန်ဆိုရရင် မူလအစမှာတော့ ကျွန်မက ဆံပင်ညှပ်ဝါသနာပါသူမဟုတ်ပါဘူး။ လွန်ခဲ့တဲ့လေးနှစ်ခန့် ပျင်းရိဖွယ်နွေတစ်ညနေခင်းမှာ ဆံပင်အတော်ရှည်နေတဲ့ မိတ်ဆွေအစ်မတစ်ယောက်ကို “မကို သမီးဆံပင်ညှပ်ပေးမယ်လေ” လို့ မနေနိုင်စွာ စကားစမိရာက ရောဂါပိုးဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ လူတကာအပေါ်အလိုလိုက်ပြီး သဘောကောင်းတဲ့ အစ်မက ကျွန်မ ဆံပင်ညှပ်မသင်ဖူးမှန်း သိပါလျှက် “ညှပ်လေ ညီမလေး” ဆိုကာ သူ့ရဲ့ ကျောလည်အရောက်ဖြောင့်စင်းလှပတဲ့ ဆံပင်ကို ယုံယုံကြည်ကြည်ပေးခဲ့လေရဲ့။

မရည်ရွယ်ဘဲ အပျော်ကြံမိတဲ့ကျွန်မ ရင်တထိတ်ထိတ်နဲ့ လက်တည့်စမ်းရလေပြီ။ ကံအားလျော်စွာပဲ အစ်မက ကျေနပ်ပြီး အားလုံးက “လိုက်တယ်” လို့မြှောက်ပေးကြတော့ ဘဝင်စိမ့်နေဆဲ မိတ်ဆွေအစ်မနောက်တစ်ယောက်ထံမှာတော့ မျက်နှာပျက်သွားခဲ့ရ။ ဆံနွယ်ကောက်သော ဒုတိယအစ်မက ရှေ့ဆံပင်ပဲ ညှပ်ခိုင်းတာမို့ ပညာအလွန်ပြချင်နေတဲ့ ကျွန်မက နည်းနည်းအဆန်းထွင်ပြီး အတိုလေးညှပ်ပေးလိုက်မိပါတယ်။ အားလုံးခန့်မှန်းမိမှာပါ၊  အစ်မရဲ့ ဆံပင်ပုံစံဟာ ကျွန်မရည်စူးသလို ဖြစ်မလာဘဲ ကျွန်မရဲ့ အမည်ဟာလည်း အဖတ်ဆည်မရအောင် ဖြစ်သွားလေတာ။


 ကြံရွယ်မိသောပုံစံ :P


အခုတော့ ဒီစာအုပ်လေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆုံမိလေတော့ ငြှိုးငယ်ခြောက်သွေ့သွားတဲ့ ကျွန်မရဲ့ ဆံပင်လက်ရာကိုပြန်လည်အသက်သွင်းဖို့ အစပျိုးမိလေတာ။ ဒုတိယအစ်မကို ဒုတိယအကြိမ်အခွင့်အရေးပေးဦးမလားဆိုတဲ့ မျှော်လင့်ချက်အပြင် သဘောကောင်းတဲ့အစ်မနှစ်ဦး၊ အနိုင်ကျင့်လို့ရမယ်ထင်တဲ့ သူငယ်ချင်းတစ်ဦးကိုပါ ဆံပင်ညှပ်စေချင်ကြောင်း ခွင့်တောင်းလိုက်ပါတယ်။


ကျွန်မမျှော်လင့်သလိုပဲ အားလုံးအပေါ်စေတနာကောင်းတဲ့ တတိယအစ်မက သူ့ရဲ့ကျောလယ်ရောက်နေတဲ့ ဆံနွယ်ကို သဒ္ဓါကြည်ဖြူစွာ ရေစက်ချပါတယ်။ပျော်လွန်းလို့ မယုံနိုင်အောင်ဖြစ်ရလေတာ။ ဒီလိုနဲ့ ကျွန်မရဲ့ နှိပ်စက်ခန်းစလေပြီ။ ဆံပင်မညှပ်နိုင်/ ချင်/ သေးဘူးလို့ ငြင်းပယ်သူများကို “ မချစ်ဘူးမဟုတ်လား။ မယုံကြည်ဘူး မဟုတ်လား” လို့ အကြမ်းမဖက်အနုနည်းဖြင့် စတင်ကာ စကားနာထိုးပြီရယ်။

မတရားညှင်းပန်းနှိပ်စက်ခံရပြီး ဆက်လက်မခံစားနိုင်တော့လို့ အရှုံးပေးလိုက်ရတဲ့ အပြစ်မဲ့အမှုစစ်ခံရသူများလို “ဆံပင်ညှပ်ပါမယ်”လို့ အာမဘန္တေပေးလိုက်ရသူများကတော့ နောက်ထပ်အစ်မတစ်ယောက်နဲ့ ညီမလေးတစ်ယောက် ဖြစ်ပါတယ်။ ကျန်သူများကတော့ ဆံပင်ညှပ်မခံတဲ့အတွက် ဟီရိုရှီးမား၊ နာဂါဆာဂီ မြို့တွေကို ဗုံးကြဲမိသူတို့လို အပြစ်ရှိသလို ခံစားရအောင် ကျွန်မ ဘယ်လိုပင် သွေးဆောင်ပေမယ့် နည်းနည်းမျှ မတုန်လှုပ်ကြပါ။  “လူကိုမုန်းပါ။ ဆံပင်ကို ချမ်းသာပေးပါ ” ဆောင်ပုဒ်ကို ချိတ်ဆွဲကာ ဆန္ဒပြကြလေတာ။

ဘာပဲဖြစ်ဖြစ်။ ကျွန်မကို ယုံကြည်ချစ်ခင်သူရှိသေးတာပဲလေ...လို့ လက်ခမောင်းခတ်မယ်ကြံဆဲ တတိယအစ်မက “ ဆံပင်ပျက်စီးသွားလည်း ခြောက်လလောက်ပဲလေ ကိစ္စမရှိပါဘူး...” လို့ ရင်ထဲက စကားဆိုရာ မယုံကြည်မှုအတွက် ကြေကွဲရမလို အလိုလိုက်သည်းခံမှုအတွက် ကြည်နူးရမလိုဖြစ်သွားပါတယ်။
ဒါပေမယ့်  လူသိရှင်ကြား စကားကျွံ့ပြီးပြီမို့ နောက်ဆုတ်ဖို့လည်း မဖြစ်နိုင်တော့ဘူးရယ်။


ဟုတ်ကဲ့။ စာအုပ်တစ်အုပ်က လူကို (ဆိုးဆိုးရွားရွား) ပြောင်းလဲစေနိုင်ပါတယ်။ မယုံကြည်ဘူးဆိုရင် ကျွန်မထံ ဆံပင်ညှပ်ခံကြွဖို့ ဖိတ်ကြားချင်ပါတယ် :D


( မယုံနိုင်အောင် သဘောကောင်းသော ချစ်အစ်မများနဲ့ ညီမလေးသို့ ကျေးဇူးမှတ်တမ်း…. :)

22 comments:

Thet Nandar Family said...

Free လားဟင် ...
ဒါဆို သားသား ကောင်းစေ ကို ညပ်ပေးပါ။ မကြိုက်လည်း ပြသနာ မရှိပါဘူး။
ကောင်းစေ က ၃ နှစ်ပဲ ရှိသေးတော့ ကတုံး တုံးပေးလိုက်မယ် :P

စန္ဒကူး said...

ဆံပင်ညှပ်တာသိပ်ဝါသနာပါတယ်။ ဒါပေမယ့်လေ ကိုယ့်လက်က မညီဘူး... ဒါကြောင့်ဘယ်သူမှအညှပ်မခံ ရဲလို့ ကိုယ်ကိုယ်တိုင်ဘဲ ညှပ်တယ်... ကြွက်စုတ်လိုပါဘဲ.. အဆင်မပြေဘူး.. အဲဒီစာအုပ်လေး ဒေါင်းလုဒ် လုပ်ထားအုံးမှ..ကျေးဇူးး...

မယ်ကိုး said...

စာလာဖတ်တဲ့ ကူးကူးနဲ့ ကောင်းစေလေးရဲ့ မေမေကို အထူးကျေးဇူးတင်ပါတယ်။
ကောင်းစေလေးက နာမည်လေးလည်းလှသလို လူလေးကိုလည်း အမြဲချစ်ဖို့ကောင်းနေစေချင်တာ အမှန်ပါ။
ကလေးဆိုပေမယ့် ကျွန်မလက်ရာကြောင့် မတင့်မတယ်တွေ မဖြစ်စေချင်ပါဘူး :P

Thet Nandar Family said...

ကျွန်မလောက်တော့ ဆိုးမှာ မဟုတ်ပါဘူး။
ရှေ့ဆံပင်ကို တိပေးလိုက်တာ မျက်ခုံး ပါ ပါသွားလို့ မျက်ခုံးတဖက်မရှိ အုန်းမှုတ်ခွက်ကေ နဲ့ မြင်ယောင်သာ ကြည့်ပါ :P

မယ်ကိုး said...

:D

Moe Cho Thinn said...

မချစ်ဘူး မဟုတ်လား မေးမှာစိုးလို့ ဟိုးးးးး မိုင်ပေါင်း ထောင်သောင်းချီအဝေးက ခေါင်းထိုးအပ်သွားပါတယ်။ မယ် စိတ်ကြိုက် ညှပ်စေ..။ :)

Zephyr said...

တိရုံလောက်ဆိုရင်ရော ဖြစ်မလား။ စမ်းကြည့်တာပေါ့လေ။ တစ်လလောက် ကတုံးပြန်တုံးလိုက်ရလည်း မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် ညှပ်လိုက်စမ်းပါ။

သင်တန်းတက်စေချင်တယ်။ K image မှာ သင်တန်းတွေရှိတယ်။ ဒါဆိုရင်တော့ ကိုယ့်စိတ်တိုင်းကျ ဖန်တီးနိုင်တာပေါ့။ ၀ါသနာပါတာကို လုပ်ဖြစ်အောင်လုပ်။ ဘ၀ဟာ တိုတိုလေး။ ကိုယ်စိတ်ချမ်းသာသလိုနေ။

လင်းဒီပလည်း ခေါင်းစုတ်ဖွားနဲ့ပဲမဟုတ်လား။ သူနဲ့အရင်စမ်းကြည့်သင့်တယ်။ ဖုန်းနံပါတ်ရှိတယ်မလား။

မယ်ကိုး said...

Ma Ma and Ko Z..

I'm so thankful for your kind words :D

T T Sweet said...

အစ်မလဲ ဒီမှာဆံပင်ညှပ်ခတွေ ဈေးကြီးလွန်းလို့ ဦးခြိမ့်ဆံပင်ကို လက်တည့်စမ်းချင်နေတာ။ သင်တန်းသွားတက်ဖို့စုံစမ်းတော့ အော်ဇီ ဒေါ်လာ ၃၀၀၀လောက်ကျမယ်ဆိုလို့ လက်လျှော့လိုက်တယ်။ ယူကျူ့ထဲမှာတော့ ဆံပင်ညှပ်နည်းတွေ ရှာကြည့်လို့ရတယ်ဆိုပဲ သူငယ်ချင်း တစ်ယောက်ပြောတာ။
မယ်ကိုးကတော့ လက်ရဲတယ်နော်။ အစ်မတော့ အဲလောက်မရဲဘူးဂျာ။

မယ်ကိုး said...

မမဆွိ...
မယ်ကိုးလက်ရဲမိတာ မကောင်းပါဘူး မမရယ်။ ချစ်စကို တိုစေတာ အမှန်ပါး)။ ကတ်ကြေးနဲ့ ဆံပင် မညှပ်ရချင်ပဲ မယ်ကိုးဆံပင်ကို ပြန်ညှပ်မယ်ဆိုပြီး ခြိမ်းခြောက်သူတွေ များနေလို့ပါ :P

မေသိမ့်သိမ့်ကျော် said...

ဘယ်လောက် ပုံပျက်ပျက် ဆံပင်က တစ်ပါတ်လောက်ဆို ပြန်ပုံကျသွားတတ်ပါတယ်။ သိပ်မပူပါနဲ့လို့ အားပေးပြီး ထပ်သာဆွဲညှပ်...း)
(ဟိ...မြှောက်ပေးသွားပါသည်။)



ခင်မင်လေးစားလျက်

မယ်ကိုး said...

မြှောက်ပေးမှုအတွက် အထူးကျေးဇူးပါနော် :D

Mon Petit Avatar said...

This is my first time in giving comment, and forgive me if I say something inappropriate. Even the professionals can't be trusted: here is what happened a month ago. My hairdresser was cutting my bang and at the same time, talking about her lovely son and the result, I lost half of my eyebrow. She said it doesn't seem bad as the bang covers my eyebrow, lol. Thanks to her, now I have new eyebrow, hehe.

မယ်ကိုး said...

hee ...so sorry to hear that dear :D

လသာည said...

ညလေးနဲ့ မမ .. ညီအစ်မတွေ တယောက်နဲ့တယောက် ချစ်ခြင်းတူကြတာ ဆိုတော့ (အဲလိုကြွားချင်တော့း) အပြန်အလှန် ဆံပင်ညှပ်ရအောင်လေ ညလေး... နော်.. နော်လို့ (^^)"

မယ်ကိုး said...

ချစ်မလေး လသာည မညှပ်ခင့် မယ့်ကို မြင်တာနဲ့ ဆံပင်ညှပ်မယ်လို့ ခြိမ်းခြောက်သူ နှစ်ယောက်ရှိပါတယ်း)။ ချစ်မလေးနဲ့ တွေ့တဲ့အခါကျရင် မယ်ကတုံးလေးနဲ့ ဖြစ်နေမယ် ထင်ပါတယ် :P

လသာည said...

ရပါတယ်.. ကတုံးလေးဖြစ်လည်း ဆံပင်နည်းနည်းရှည်တဲ့အထိ မမ စောင့်ပေးနိုင်ပါတယ်းD

မယ်ကိုး said...

ဟုတ်ကဲ့ ချစ်မလေး... ဝဋ်မှာ အမြဲဆိုတာ မယ် အခုပိုယုံသွားပါပြီ :P

kwwkmhts said...

I want,I want Mae Coe.

မယ်ကိုး said...

yes , sis :D

zwelwin said...

ကျနော်လည်း တခါလောက် အညှပ်ခံချင်ပါတယ်။ မလှတော့လည်း ကတုံးစတိုင် ပြန်ညှပ်လို့ရသား

M☆ŋM☆ŋ H♪ε♪ said...

နောက်တစ်ခါတွေ့ဖြစ်မယ်ဆိုတါသေချာသိရင်အဲ့ဝန်းကျင်ဆံပင်မညှက်ဖြစ်အေါင် စေါင့်နေပါ့မယ် ... မွန်ကဆံပင်ရှည်ထါးတါစိတ်ရှုတ်လွန်းတဲ့သူမို့ ဆံပင်ညှက်ချင်တဲ့အစ်မနဲ့ ရေစက်ဆုံတါနေမယ်နော် ........
ချစ်ခင်လေးစါးစိတ်နဲ့ခေါင်းအပ်လိုက်ပါတယ် :P