အားလပ်ရက်တွေ တလှုပ်လှုပ်လွင့်လာတဲ့အခါ ပင်လယ်ရပ်ခြားမှာ အမြည်းဆန်းဆန်းနဲ့ ယမကာသောက်ချင်တဲ့ မောင့်ကို ဧရာဝတီကိုသာ စုံမက်ဖို့ မြူဆွယ်ရတာ ခက်လွန်းလှချည့်။ “လန်ဒန်ကနေ မီယာမီလေကြောင်းခရီးတစ်ခေါက်မှာ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အင်္ဂလန်တစ်နိုင်ငံလုံး ကားတွေဆီက တစ်နှစ်လုံးထွက်တဲ့နှုန်းနဲ့ အတူတူပဲတဲ့ မောင် ” လို့ ဆိုမှ မျက်ခုံးပင့်ကြည့်ကာ“အဲဒီတော့ …” လို့ စကားထောက်ပေးရဲ့။ “ဒီမြေဒီရေက ဒီလောက်လှနေတာပဲ မောင်ရယ် ။ Ecotourism ဆိုရင် ကြည်နူးစရာကောင်းမယ် ထင်လို့လေ” ခပ်တိုးတိုးဆိုတဲ့အခါ ဦးနှောက်ထဲမှာ ကွန်ပျူတာပရိုဂရမ်တွေသာရှိတဲ့ မောင်က “ အဲဒါ ဘာလဲ” လို့ ဆိုလာတော့ ကျွန်မမှာ သက်ပြင်းအသာချမိပေါ့။ နောက်တော့ ထုတ်သိမ်းထားရတာ ညောင်းညာနေတဲ့ စကားတွေ အရှိန်မသတ်နိုင်အောင် လွင့်ကျကုန်ပြီရယ်။
“အဓိကက
တောတောင်သဘာဝနဲ့ ယဉ်ကျေးမှုကို
မပျက်စီးအောင် ခရီးသွားတာတဲ့။
ဒေသခံတွေအကျိုးအတွက်
ထည့်စဉ်းစားတာအပြင် သယံဇာတတွေကို
အတတ်နို်င်ဆုံး ထိန်းသိမ်းသွားတာ…
” စကားပင် မဆုံးသေးမောင်က
စိတ်ပျက်သွားဟန်နဲ့
ကွန်ပျူတာဖန်သားပြင်ထံသာ
မျက်နှာလွှဲလိုက်တာ။
နေပါဦးမောင်ရဲ့။ လှတဲ့မြစ်ရဲ့တေးသံကို
နားသောတခံကြရအောင်ပါ။
ဧရာဝတီဆိုတဲ့ စကားလုံးလေးကို
ရွတ်ဆိုကြည့်ရုံမျှနဲ့
ဆွတ်ပျံ့ကြည်နူးဖွယ်တွေ
မောင့်ရင်ထဲ ငြိမ့်ငြိမ့်လေး
စီးဆင်းလာတော့မှာ။
မျက်လုံးလေးမှတ်လို့
အာရုံမှာမျှားယူတဲ့အခါ ဒဏ္ဍာရီ
ပုံပြင်တွေ၊ လျှို့ဝှက်ဆန်းပြားမှုတွေ
ကပ်ငြိလာနိုင်တာ။ ဘယ်လိုလဲ
ဟင်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့
ဧရာဝတီရဲ့ ရင်ခွင်ထဲ
စွန့်စားမှုအပြည့်နဲ့
ခုန်ဆင်းကြရအောင်ကွယ်။
မောင့်သိရဲ့နော်။
အိန္ဒိယကအစ အင်္ဂလန်၊နယူးဇီလန်အဆုံး
ကန်မြစ်ရေပြင်တခွင်က
လှေအိမ်လေးတွေကို ကျွန်မချစ်တတ်တာ။
အိမ်မက်မှန်သမျှ ကြီးကျယ်ခမ်းနားရမယ်လို့
မသွန်သင်စေချင်ပါ။
အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့
နေဖို့ ဘယ်တုန်းကမျှ
စိတ်ကူးမယဉ်ခဲ့သူဟာ
လှေအိမ်လေးတွေကို စွဲလမ်းနေတာ
အပြစ်ရှိပါသလား။ မောင်တည်းလိုတဲ့
ဝန်ဆောင်မှုမြင့်ရိပ်သာတွေလောက်
မခမ်းနားပေမယ့် သာယာမှုအပြည့်
တန်ဖိုးချိုတဲ့ လှေအိမ်လေးတွေရယ်လေ။
မြင်ယောင်လှည့်ပါဦး။
သဘာဝနဲ့ အနီးဆုံးနေထိုင်ခွင့်ကို
မကြည်ဖြူဘူးလားဟင်။နားစွင့်လို က်ပါဦးကွယ်။
မြစ်ရေတိုးသံနဲ့ ငှက်ကလေးတွေ
ချိုတေးသံကိုပဲ ကြားရမှာ။
လူထူထပ်လွန်းတဲ့ လမ်းတွေရဲ့
အဝေး၊ မွန်းကြပ်စေတဲ့
ဈေးဆိုင်ရှုပ်ပွတွေမဲ့။
ကျယ်လောင်တဲ့ ဆူညံသံတွေကင်း။
ဘယ်လောက် ငြိမ်းချမ်းလိုက်တဲ့
နိဗ္ဗာန် လေးပါလိမ့်။ ကျွန်မတို့
လှေကလေးက ထီးတည်းရွေ့လျားတတ်တာမို့
သက်ရှိအဖော်နဲ့တောင် တူသေးရော့။
ခေါင်းမခါနဲ့တော့ကွယ်။
မွန်းကျပ်မှုတွေကို ရေမှာမျှောဖို့
လှေအိမ်လေးဆီ လှမ်းကြစို့ရယ်။
ဧရာဝတီရဲ့
ရင်ခွင်တစ်လျှောက်ဖြတ်ကူးလို့မြူးလွင့်ဆည်းဆာတွေကို
ရင်ခုန်စောင့်ကြည့်ကြအောင်လေ။
မောင်ကဖြင့် မျက်မှောင်ကြုံချင်မလားရယ်။
လိပ်စာမဲ့ အိမ်မှာ လိုအပ်ချက်တွေ
များလွန်းတယ်ဆိုနိုင်တာ။
ရေအပူပေးစနစ်၊ ဓာတ်ငွေ့၊
ဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေရဲ့
အဝေးမှာ မောင့်လိုအင်တွေ
ခက်ခဲကုန်တော့မှာ။ ဒါပေမယ့်မောင်ရယ်
တစ်ခါတစ်ခေါက်တော့ဖြင့်
ဧရာဝတီမြစ်ကြောမှာ စမ်းသပ်လို့
မျှောကြရအောင်လေနော်။
မနက်ဖြန်ဆိုရင်
သိပ်နောက်ကျသွားမှာ။
ကွေးသောလက်မဆန့်ခင်
ကျွန်မတို့ဘဝတည်မြဲမှုလေးတွေ
လွင့်စင်သွားနိုင်တာမို့
အခုပဲ လှေအိမ်လေးကို
ရှာကြရအောင်ကွယ်။ ဟိုး …
မြစ်ဆုံအထိ ခရီးဆန့်ကြမယ်လေ။
ကီလိုမီတာ ၂၀၀၀ ရှည်တဲ့
ချစ်စရာဧရာဝတီမြစ်တစ်လျှောက်က
မပြောင်းလဲသေးတဲ့ ရိုးရာဓလေ့တွေထဲ
ခဏမျှပုန်းခိုချင်လွန်းလို့ရယ် ။မြစ်ဘေးတစ်လျှောက်က
အိုးလုပ်တဲ့ရွာလေးတွေ
တွေ့တဲ့အခါ မောင်က
အိုးလုပ်တမ်းဆော့ပေါ့။
ကျွန်မကတော့ မြစ်ကြောတစ်လျှောက်က
ကလေးလေးတွေကို ပေးဖို့
အိုးပုတ်ချိုးရုပ်တွေ ဝယ်မယ်။
သောင်ပြင်အနှံက
ယာစောင့်တဲငယ်လေးတွေဆီကနေ
ငါးပုစွန်ချိုချိုလေးတွေ
ရမှာ။ တောအနှံ့ခြေရာဖြန့်ရင်း
ဖရဲ၊သခွားအစ ပဲပြောင်းနှမ်းနဲ့
ကောက်ညှင်းပါမကျန် ဈေးမဆစ်ဘဲ
ဝယ်မယ်။ သီးရွက်လတ်ဆတ်လေးတွေကို
အတို့အမြုပ်နဲ့ ဟင်းချို ၊
အသုပ် လုပ်စားမယ်။ မြေအိုးနဲ့ချက်တဲ့
ထမင်းသင်းသင်းလေး၊ ငါးပုစွန်ကင်
မွှေးမွှေးနဲ့ လတ်ဆတ်တဲ့
ဟင်းရွက်ချိုချိုတွေနဲ့
မောင့်ရယ်သံလွင်လွင်ရယ်။
ဒီလိုအစားအသောက်နဲ့ ဖြားယောင်းတော့
ဘယ်လိုလဲ … မောင်ပြုံးချင်ပြီလား။
တကယ်ပေါ့။
ဧရာဝတီရင်ခွင်ထဲ ရောက်တဲ့အခါ
မောင်က ကျွန်မထက် ပိုပျော်လိမ့်မှာ။
မှန်ပြောင်းရှည်ကင်မရာကြီးတကုပ် ကုပ်လွယ်လို့
ဟိုရိုက်ဒီရိုက်နဲ့
ထမင်းမေ့ဟင်းမေ့အပြင်
အင်တာနက်ပါ မေ့နေတော့မှာ။
ပြောရင်း ဆိုရင်း မြင်ယောင်မိသေးတာ။
ရေမှုန်ရေမွှား၊ သစ်ရွက်မျောကြွေက
အစ ငှက်ကလေးတွေ အတောင်ညောင်းလို့
လှေဦးမှာ ချည်ထားတဲ့
စပါးနှံတွေကို လာချီတဲ့တိုင်းလည်း
မမောနိုင်အောင် ဓာတ်ပုံချည်း
ရိုက်နေလိမ့်။ ဟုတ်တယ်မောင်။
ကျွန်မတို့ အပြန်ခရီးမှာ
ဓာတ်ပုံတွေ အပြင် ဘာမှ
မသယ်ချင်ဘူး။ ဒေသခံတွေရဲ့
ယဉ်ကျေးမှုကို မထိခိုက်၊
အမွေအနှစ်ကို မယူငင်မှ
ပတ်ဝန်းကျင်ကိုမထိခိုက်တဲ့
ခရီးလို့ ပီပြင်မယ် မဟုတ်လားနော်။
ရေရှားတဲ့အရပ်မှာ ဒေသခံတွေကို
စာနာတဲ့အနေနဲ့ မောင်ကို
ရေတစ်ခါတည်းချိုးဖို့
ပြောရမှာလည်း အားနာပါတယ်။
ဒါပေမယ့်
ဒီသည်းခံစရာလေးတွေက
အသေးအမွှားပါနော်။ မြစ်ထဲလူသူကင်းကာ
ဆိတ်ငြိမ်ပေမယ့် ပျင်းလှတယ်လို့လည်း
မောင် ညည်းမယ်မထင်ပါဘူး။
လှေဦးထိပ်မှာ ငှက်ကလေးတွေနဲ့
ရေစီးထဲက ငါးကလေးတွေ၊
ဘေးဝန်းကျင်မှာ ဝန်းရံနေတဲ့
စိမ်းညှို့တောအုပ်နဲ့
အမျိုးစုံလင်တဲ့ သတ္တဝါတွေ။
အခွင့်ကြုံရင်ဖြုတ်ခဏမျှ
နီးစပ်ခွင့်ရနေတာဟာ တုနှိုင်းမဲ့
ဆုလာဘ်ရယ်။ ကျွန်မက
နေရောင်ရွှန်းလဲ့အောက်မှာ
တဖြတ်ဖြတ်လက်နေတဲ့
လှိုင်းကြပ်ခွပ်တွေကိုငေးကာ
ဟိုဒီတလွှားတောင်ထိပ်ပေါ်က
ထုံးဖြူဖွေးစေတီတွေမှာ
ကပ်လှုဖို့ တောရိုင်းပန်းတွေသီမယ်။
မယုံဘူးလား။ မောင်က ပြုံးတဲ့အခါ
ကြယ်ကြွေတာကိုလည်း လင်းထင်းလှပစွာ
မြင်ရဦးမှာ။ လရိပ်သာမှာ
မြစ်ထဲက အရိပ်တွေကို ငေးမောရင်း
မောင့်ရဲ့ဆည်းလည်းသံချိုနဲ့
သီချင်းဆိုပြပါကွယ်။ ခင်ဝမ်းရဲ့
ဧရာဝတီ၊ ဆော်လမွန်ငါးတို့အပြန်။
ထူးအိမ်သင်ရဲ့ ရာဇဝင်များရဲ့
သတို့သမီး … ဘာပဲဆိုဆို
ဧရာဝတီက သဘောတကျကြည်နူးနေမှာ။
ယုံပါ။ ဂစ်တာတီးကာ မောင်တေးဆိုတဲ့အခါ
ဧရာဝတီရဲ့ နောက်ခံသံနဲ့
ပိုချိုလိမ့်မှာမို့
တိမ်ညိုစင်တဲ့နေတွေ့မှာ
ကြယ်တွေကိုကြည့်ပြီး ဧရာဝတီအတွက်
မောင်က သံစဉ်ရှာပါလေ။
ရေလျဉ်မှာ
ငြိမ့်ငြိမ့်ကလေးရွေ့ရတာ
ငြိမ်းငွေ့လာရင် စိမ်းမြတောမှာ
ရွက်ဖျင်တဲလေးထိုးပြီး
အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ
ကင်စားဖို့ တစ်ခေါက်နားကျတာပေါ့။အရုဏ်ကျင်း တော့
အုံ့မောင်းခေါက်သံနဲ့
နိုးထလာပြီး ရွာရိုးကိုးပေါက်လျှောက်ကြမယ်ေ လ။
ကံထောက်မလို့ ရွာအလှုနဲ့
ကြုံတဲ့အခါ ချည်ထည်လေးလွှမ်းလို့
ဘုရားကန်တော့မှာ ။ ကျွန်မ
သဝန်တိုတတ်လည်း မောင်က
ရွာသူချောလေးတွေနဲ့ ရယ်မောကာ
ထမင်းလက်ဆုံစားလည်း
မငြိုငြင်ပါဘူးကွယ်။
ဝေလီဝေလင်းမှာ
ရွာဈေးကို ပတ်ပြီး ဈေးမဆစ်ဘဲ
ဝယ်နိုင်အောင် ကျွန်မ
ကြိုးစားမယ်။ အညာမှာ
မောင်ထန်းရည်သောက်တာ မတားသလို
နီးစပ်ရာမှာ လှုဖို့အတွက်
ခါးလောက်မြင့်တဲ့စဉ့်အိုးကြီးေ တွ
ကျွန်မ ဝယ်တာကိုလည်း
မငြိုငြင်စေချင်ဘူး။ မောင်
တစ်ခါမှ လှည်းမစီးဖူးဘူး
မဟုတ်လား။ တိမ်ရိပ်ကျချိန်မှာ
လှည်းယဉ်လေးနဲ့ ရွာစဉ်ကူးလို့
နာဖျားနေတဲ့သူတွေဆီ
ဆေးအလှုထွက်ကြမယ်။ ပြီးတော့
နေရိပ်သာတဲ့ ညခင်းတွေမှာ
တောင်နိမ့်ဖျားတွေမှာ
တောရိပ်ထိုးကျနေတဲ့ မြစ်အလှကို
စီးလို့ငေးဦးမှာ။
အတွေးတွေတိမ်ဖွဲ့အယက်မှာပင်
ဆွံ့ပျံ့ဖွယ်။ ကြည့်ပါဦး
မောင်ရယ်။ တောရိုင်းပန်းတွေနဲ့
အလှဆင်ထားတဲ့ ကျွန်မတို့
လှေအိမ်လေးက ဧရာဝတီနဲ့
ဘယ်လောက်ပနံရနေလိမ့်မလဲလေ။
အကြည့်ခံတဲ့
ဧရာဝတီဟာ ကျွန်မတို့ မြေရဲ့
အနုပညာ။ အမေလိုလည်း ကျေးဇူးကြီးကာ
သူ့ရင်ခွင်မှာ မှီတွယ်နေတဲ့
သက်ရှိများစွာရယ်။ သူ့ကျေးဇူးကို
ဘယ်လိုတုံ့ပြန်ရမလဲလို့
ကျွန်မ ဥာဏ်သေးသေးလေးနဲ့
မတွေးတတ်ပါဘူး။ ဒါပေမယ့်
အမြစ်မြဲမယ့် သစ်ပင်ငယ်လေးတွေကို
ကမ်းပါးစောက်တစ်လျှောက်မှာ
စိုက်ကြည့်ချင်သေးတယ်။
မောင်ကတော့ လက်ခံလိမ့်မယ်
မထင်ဘူး။ ကျွန်မ အရူးထတာပဲ
ဆိုကာ ရယ်ချည်းပဲ နေဦးမှာ
မဟုတ်လား။ ဘယ်သူပြောနိုင်မလဲ
။ နောင်နှစ်ပေါင်းအတန်ကြာရင်
အဲဒီအပင်လေးတွေက ဖွဲ့တည်တဲ့
မိုးစက်လေးတွေဟာ ဧရာဝတီထဲ
စီးဝင်နိုင်ကောင်းတာ။ဒီလိုနဲ့
ဧရာဝတီဟာ သက်တော်ထောင်ကျော်ရမယ်လေ။
မြတ်နိုးမဆုံးဖြစ်ရပါတဲ့
ဧရာဝတီ။ ဧရာဝတီမှာ ရင်ခွင်ရိပ်မှာ
ခဏတာကြည်နူးခွင့်လေးဟာ တသသ
တဖွဖွပြောလည်း ဘယ်လိုမှ
မပြီးနိုင်ဖြစ်နေတော့မှာ
။ ဒီလိုနဲ့ ရေလွှာငြိမ့်ငြိမ့်မှာ
မျောရင်း သစ်အုပ်စိမ်းမြကိုမြင်ပါများလို့ ရိုးအီလာတဲ့အခါမြန်မာတွေရဲ့နှလုံးသား
ပုဂံကို ရောက်ပြီလေ။ လှေအိမ်လေးကို
အနားပေးလို့ ပန်းအစီအရီပွင့်နေသလို
တင့်တယ်ကြည်ညိုအရိပ်ဖြာတဲ့
စေတီအဆူဆူကို အချိန်ယူဖူးကြတာပေါ့။
မြစ်နဲ့အတူလှေ၊စက်ဘီး၊နွားလှည်း နဲ့
ခြေကျင်သာဖြတ်သန်းမယ့်
ကျွန်မတို့ ခရီးဟာ
ပတ်ဝန်းကျင်မထိခိုက်တဲ့
ခရီးအစစ်ရယ်။
ရှုခင်းသာတဲ့မြစ်ဆုံအထိခရီးဆက်ဖို့လည်း
မောင့်ကို ထပ်မံဆွဲဆောင်ဖို့
လိုဦးမယ် မထင်တော့ပါဘူး။
ဧရာဝတီလင်းပိုင်တွေနဲ့
ဆုံတွေဖို့ကို မောင်မျှော်ကိုးလို့
စိတ်အားတက်ကြွနေတော့မှာ။
ပြောရတာ
မောပါဘိ တကယ်။ မကြာခင်ပဲ
ရွက်လွှင့်လို့ ပန်းချီဆေးရေးထားသလို
လှတဲ့ မြစ်ဧရာကမ္ဘာထဲ
စီးဝင်ကြရမယ်လေ။ မျက်ကွယ်ပြုထားခံရတဲ့
သီးသန့်အလှတရားတွေရဲ့
မှတ်တမ်းစာအုပ်ကို ကျွန်မတို့
တဖြည်းဖြည်း ဖွင့်ဖတ်အောင်လေ။
နူးညံ့သိမ်မွေ့တဲ့ ဂေဟစနစ်လေး
မကျိုးပဲ့အောင် မထိန်းသိမ်းချင်ဘူးလားတဲ့ ။ ဟိုး…မှာ။ မြစ်ကလှမ်ေးခ်ါနေပြီရယ်။
ဧရာဝတီကို ဖက်တွယ်ဖို့
မောင်သဘောတူမယ်ဆိုရင် ခုပဲခြေဦးလှည့်ကြရအောင်နော်။ဟော…ြေ ပာရင်းဆိုရင်း
ကြားနေရပြန်ပြီ။ ရေလှိုင်းသံစည်းချက်ညီနဲ့ သာတဲ့တေးရယ်။ …။
( ဇွန်လ၊၂၀၁၁ ထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ ပုံနှိပ်ခွင့်ရလို့ ပျော်ရွင်ခဲ့ရပေမယ့် စကားလုံးနဲ့ ဝါကျများပျောက်ရှသွားပါသဖြင့်ကြေကွဲခဲ့ရတဲ့ စာမူလေးပါ။ စာမူလေးကိုနှစ်သိမ့်လိုစိတ်နဲ့ မူရင်းအတိုင်း ပြန်တင်လိုက်ပါတယ်း)


24 comments:
ဖတ်ရတာ နှစ်သက်တဲ့ အထဲမှာ ဒီလိုစာလေးလည်း ပါတယ်၊
စိတ်ကူးယဉ်တတ်လိုက်တာနော်.... ဖတ်လို့ အရမ်းကောင်းတာပဲ။ အဲလိုနေရာမျိုးလေးမှာ သွားနားနေချင်လိုက်တာ။
ခင်တဲ့
လှလိုက်တဲ့စာ ဖွဲ့ တတ်လိုက်တဲ့ မမယ်
မယ်ကလေး..
ဧရာဝတီတစ်လျှောက် မယ်လေးနဲ့အတူ အညွှန်းလေးများနဲ့ လိုက်ပါစီးမျောခဲ့မိတယ်။ ပျော်စရာကောင်းမယ့် သိပ်လှတဲ့ စိတ်ကူးလေးတွေ ဖတ်လိုက်ရလို့ ဧရာခရီး ထွက်ချင်စိတ်ပေါက်သွားတယ်။
ခရီးတွေထွက်ဖြစ်တိုင်း မမဆုတောင်းမိတာ ရှိတယ်။ အဲဒီခရီးကိုလမ်းညွှန်ပေးမယ့်သူမှာ ဗဟုသုတတွေအပြင် ချစ်စရာ အတွေးလေးတွေ ရှိစေချင်တာရယ်၊၊ အဲလိုမရှိခဲ့ရင်တော့ ကိုယ့်ဘာသာပဲ အတွေးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် ခရီးထွက်ချင်တာလေ။
စကားလုံးတွေကလှလိုက်တာ၊ အဖွဲ့ရော လှတယ်။ အတွေးလည်းလှတယ်။ လှလိုက်တဲ့စာတစ်ပုဒ်။
ကျေးဇူး ဧရာဝတီတောင် ပိုချစ်သွားပြီ။
Congratulation!
သိပ်လှတဲ့ စာတပုဒ်...း))
မယ်ကိုးစာဖတ်ရတာ လှေအိမ်လေးစီးရသလို တငြိမ့်ငြိမ့်ရှိလှချေ့ ...
အား........
တကယ်စီးမျောသွား
အတွေးရေယဉ်ကြောမှာ..
ပြောရရင်ဖြင့်..ကွယ်
တကယ်ဖြတ်မရဘူး...
ခင်မင်လေးစားလျှက်
မဒိုးကန်
ဧရာဝတီ ပေါ်မှာ လှေအိမ်ကလေးထက် စပိဘုတ် ဖြူဖြူလေးနဲ့ လျှောက်သွားရရင် ကောင်းမှာ. :D
အိုးအို
တို့လည်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မယ်ရဲ့ စာထဲကလို ခရီးသွားချင်လိုက်တာ
တကယ်ကို ကြည်နူးဖွယ်ဖြစ်အောင်ရေးထားတော့ သွားချင်စိတ်ဖြစ်ရတာပေါ့
မောင်တစ်ယောက်လောက်တော့ ရှာဦးမှပါ..
ဖတ်လို့သိပ်ကောင်းတာဘဲ ညီမလေးရေ
ဧရာဝတီရဲ့ ရေစီးထဲ ကိုယ်ပါရောပြီး စိတ်ကူးတွေစီနေမိသွားပြီ။ ဖွဲ့ထားတာလေးက ချစ်စရာ.. ကျေးဇူးပါညီမရေ..
း) မမယ်ကိုးးး
လက်ရာလေးလှတယ်ဗျာာ
ချစ်သောဧရာဝတီကို ထာဝရစီးဆင်းနေစေချင်တယ်
မောင်ဘကြိုင်
မယ်တို့ စုံတွဲနဲ့ အတူ ဧရာဝတီတစ်လျှောက် မသိစိတ်ကနေလိုက်မျှောသွားမိတယ်။ ဒီလိုမျိုး စာလေးတွေဖတ်ရတာ အရမ်းကြည်နူးဖို့ကောင်းလိုက်တာ။
စာအဆုံးမှာတော့ လက်ရှိဧရာဝတီ အခြေအနေကိုသွားသတိရပြီး စိတ်ခြောက်ခြားမိတယ်။ ဧရာဝတီ သက်တော်ရာထောင်မကရှည်ပါစေ။
ဖတ်လို့ကောင်းတယ်၊ “ကြယ်ရောင်ကြောင့် သေဆုံးသူ” လို ပုံစံမျိုး ရေးရင် သူတို့ ခွင့်ပြုချင် ပြုမှာပေါ့ .... :P
စာလာဖတ်တဲ့ ဆရာမအပြုံးပန်း၊ မမေသိမ့်သိမ့်ကျော်၊ ညီမလေး vista ၊ မမလသာည၊ မဖြိုးဖြိုး ၊ မမသက်ဝေ၊ မမဆွိ၊ မဒမ်ကိုး၊ မသိင်္ဂါကျော်၊ မမချော၊ မအိမ်သူ၊ ကိုဘကြိုင်၊ အမည်မဖော်လိုသူနဲ့ အစ်ကိုအောင်တို့ကို အထူးကျေးဇူးတင်ပါတယ်။
အစ်ကိုအောင်ရှင့်..
“ကြယ်ရောင်ကြောင့် သေဆုံးသူ” ကို သတိတရနဲ့ မှတ်ချက်ပေးသွားတဲ့အတွက် ကျေးဇူးတင်ဝမ်းသာမိပါတယ်။
ကြယ်ရောင်ကြောင့်သေဆုံးသူက Mandalay Icon magazine မှာ ဖော်ပြခံခဲ့ရပါတယ်ရှင်။ စာအကျအပေါက် လည်း မရှိခဲ့လို့ ဝမ်းသာကြည်နူးရပါတယ်း)
စိတ်ကူးယဉ်သွားတယ်
တင်ပြပုံက စွဲဆောင်မှု အပြည့်ပါဘဲ.. ပြီးတော့ ကိုယ့်နိုင်ငံကို ဘယ်လောက်ချစ်တယ်ဆိုတာကို...
ပြောစရာမလိုဘဲ..အလိုလိုခံစားမိစေတယ်..
ဧရာဝတီကို ခြယ်မှုန်းသွားတာ ချစ်စရာ ကောင်းလိုက်တာ..။ နှစ်သက်စွာ ဖတ်သွားပါတယ်ရှင်..။
ဧရာဝတီ မြစ်ကို ကယ်တင်ဖို့ ရေးသားကြတဲ့ စာစုထဲမှာ ဒီစာစု ဖတ်လို့ အကောင်းဆုံးပဲ... ဒါပေမဲ့ စာရေးသူရဲ့ ဆိုလိုရင်းကို သဘောမပေါက်တဲ့ တုံ့ပြန်မှုမျိုးတွေ တစ်ချို့ကွန်မန့်တွေမှာတွေ့ရတော့ အားတုံ့ အားနာဖြစ်မိတယ်... ဒါဟာလဲ သူတို့ခံစားချက်အတိုင်းပေါ့လေ...
မယ်ကိုး ရေ
ညီမ ရဲ့ လှေအိမ်လေး ပေါ်မှာ အတူလိုက်ပါသွားမိတယ် အမ ကလည်း အမြဲတန်း အဲလို လှေအိမ်လေး နဲ့ နေချင်မိနေတာပါ
အခု တော့ စိတ်ကူး ထဲက အိမ်ကလေး တောင် ပျောက်ကွယ် သွားရတော့မှာလား
ဧရာဝတီ ကို ကာကွယ်နိုင်ကြပါစေ
ကျေးဇူး
ရွှေစင်ဦး
ဒီစာလေးကို ချစ်လွန်းလို့ ထပ်လာဖတ်တယ်။
ဧရာဝတီ ထာဝရ သဘာဝအတိုင်း စီးဆင်းပါစေ။
မယ်လေး....
အစအဆုံး ဘာမှ ပြောစရာမလိုအောင် လှလွန်းလိုက်တာ...
သိပ်သဘောကျတာပဲ...း)
မမခင်လေး
အမရေ ဖတ်ပြီးတော့ တကယ် ကြည်နူးသွားတယ်။ စိတ်ကူးကောင်းပါပေတယ်။
အိုဟိုးဟိုး အဲလို လှေအိမ်လေးနဲ့ ခရီးထွက်ချင်စိတ်ပေါက်လာပြီ။ မြေအိုးနဲ့ ချက်တဲ့ ထမင်းသင်းသင်းလေး စားဖူးချင်လိုက်တာ။ အဲဒီလို ခရီးလေးထွက်ရရင်ဖြင့် စိတ်ရောလူပါ တကယ်လန်းဆန်းလာမှာ အမှန်ပဲ မယ့်ရေ။ ဖေ့ဘုတ်မှာ မယ့်ပြန်လာမယ့်ရက်စောင့်ရတာလဲ လည်ပင်းရှည်လှပေါ့။
Post a Comment