‘‘စာအုပ်သွားငှားတာ” လို့ ကျွန်မစကားစတော့ မိတ်ဆွေက “သြော်... ရတယ်လား ” လို့ ရေလိုက်ငါးလိုက်ပြန်ပြောပါတယ်။ ကျွန်မ မချိုမချဉ်ပြုံးနေမိပေါ့။ ရှက်ရယ်လို့ပဲ ညွှန်းရမလား။ ရည်ရွယ်ရင်းကတော့ Samuel Beckett စာအုပ်တစ်ချို့ငှားဖို့ စာကြည့်တိုက်ကို ရောက်သွားခဲ့တာ။ “ဘာငှားလာတယ် မှတ်လဲ ” လို့ ဆက်ပြောမိတော့“အင်း..ဘာငှားလာခဲ့လဲ ” လို့ သူ စကားထောက်ပေးရဲ့။ “Twilight နဲ့ New Moon” လို့ ပြောအပြီးမှာ သူက “အာ...သေလိုက်ပါတော့ ” တဲ့။ ကျွန်မ မထိန်းနိုင်ဘဲ ရှက်စနိုးရယ်လိုက်မိပြန်။
ဟုတ်တယ်
ဒါဟာ ရှက်စရာပဲ။ ဘာဖြစ်လို့ အဲဒီစာအုပ်တွေ ငှားခဲ့မှန်း
စဉ်းစားမရနိုင်သေး။စာကြည့်တိုက်ထဲဝင်ဝင်ချင်း မိန်းကလေးတစ်ယောက်လက်ထဲမှာ
အဲဒီစာအုပ်ကို မြင်စဉ်မှာပဲ တုန်လှုပ်ရီဝေသွားခဲ့တာ။ ပြီးတော့ အဆင်အခြင်မဲ့
Young Fiction ဆိုတဲ့ စာတမ်းအောက်မှာ မျက်နှာပူနွေးစွာ
အချိန်ကြာကြာရပ်နေမိတာ။ နောက်တော့ အလစ်သုတ်သူခိုးလိုဘေးဝန်းကျင်ကို
ကျီးလန့်စာစား ကြည့်ကာ အဲဒီစာအုပ်တွေကို ဖြတ်ကနဲအလျှင်အမြန် ကောက်ဆွဲယူကာ
စာအုပ်အငှားမှတ်ပေးတဲ့စက်ဆီ အလျှင်အမြန်သွားခဲ့မိတာရယ်။
“ကလေးလေးလား..ခင်ဗျားက”
လို့ သူက ဆိုတော့ ဘယ်လိုဆင်ခြေပေးရမလဲလို့ မတွေးတောနိုင်။ သေချာတာက
အဲဒီသွေးစုတ်ဖုတ်ကောင်ရုပ်ရှင်ကို လုံးဝမကြိုက်ခဲ့ဘူး။
စာအုပ်ကိုရောဆိုရင်… ဆယ်ကျော်သက်တွေအတွက် ရေးထားတဲ့ စာအုပ်ကို ကျွန်မ
ဘယ်မှာ စွဲငြိနိုင်ပါ့မလဲ။ဒါပေမယ့် “ စာမျက်နှာ ၄၉၈ ရွက် ကို တစ်ထိုင်တည်း
ဖတ်တာနော်” လို့ မလိုအပ်ဘဲ အရှက်ပြေပြောမိပြန်တာ။ “ စိတ်မောတယ်..” လို့
သူကနောက်တော့ ကျွန်မ ရယ်နေမိပေမယ့် အမှန်တရားဟာ လှလှပပရက်ရက်စက်စက်
တိုက်ခိုက်ပြန်ပေါ့။ “ဘာလို့လဲ....ဘ၀ချင်းမတူတဲ့ ချစ်သူ အတွက်လား ” တဲ့ ။
တခါတလေမှာ စကားတစ်ခွန်းဟာ ဓားဆယ်စင်းထက် ဆိုးနိုင်ပါလားလို့ လက်ခံလိုက်ရတာ။
နှလုံးသားနံရံတစ်လွှာ အက်ကြေသွားသံကို ထပ်မံကြားရပြန်။ ဒီမေးခွန်းကို
ဘယ်လိုရှောင်လွှဲရပါ့။ “ကျွန်မက သွေးစုတ်ဖုတ်ကောင်အကြောင်း စိတ်ဝင်စားနေတာ ”
လို့သာ အမှန်တစ်ဝက်ဆိုနိုင်အောင်ပဲ ကြိုးစားနိုင်ခဲ့ရဲ့။
ခက်တာက
သူ့ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းဟာ ကျွန်မထက် သာလွန်နေခဲ့။
“ခင်ဗျားချစ်တဲ့သူနဲ့ တူလို့လား” တဲ့။ ဒီထင်မြင်ချက်မျိုး
ကိုယ်တိုင်ပေးမိမှာစိုးလို့ ကျိုးကြောင်းပြဆင်ခြေတွေ ပြင်ဆင်နေခဲ့လည်း
ကြေကွဲခြင်းနဲ့သာ မျက်နှာချင်းဆိုင်ရပြန်။ “ ဟုတ်” ။ နောက်ဆုံးတော့
မရှောင်လွှဲနိုင်တဲ့ အမှန်တရားရှေ့မှာ လက်နက်ချလိုက်ရ။ ဒါပေမယ့်
ကံကောင်းထောက်မစွာပဲ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာ။
“တော်ပြီ...အဲ့အကြောင်းမသိချင် ကျွန်တော်..ခေါင်းမူးလိမ့်မယ်” တဲ့ ။ သူက
စာနာစွာစကားစဖြတ်ခဲ့လည်း မယုံမရှိပါနဲ့ ။ လူတွေရဲ့ ငရဲဆိုတာ
သူတို့ကိုယ်တိုင်ထွင်းတာရယ်။
ဘာဖြစ်လို့ ဒီလောက်
အရေးအသားညံ့တဲ့ စာအုပ်တွေကို ကျွန်မ ခဏခဏ လှန်ကြည့်နေမိပါလိမ့်။
လွမ်းလို့ပါကွယ်။ အေးစက်တဲ့သူတွေ “ cold ones” ဆိုတဲ့ စကားလုံးတိုင်းမှာ
သူ့ကို သတိရတယ်။ သူဟာ နှလုံးသားမဲ့တဲ့ သွေးအေးသတ္တဝါ။ မဟုတ်ဘူးလို့
မငြင်းနဲ့နော်။ သူကိုယ်တိုင်ပဲ ပြောခဲ့တာ။ “သေသင့်ပြီ” လို့
ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲလည်း အမှတ်အသားမရှိတဲ့ နှလုံးသားက စွဲလမ်းခြင်းကို
မဖြတ်နိုင်။ အန္တာရယ်ပေးနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြောခဲ့တဲ့
သွေးစုပ်ဖုတ်ကောင်လိုပဲ သူဟာကြောက်စရာကောင်းတယ်။ ဘဲလ်လာ ဆိုတဲ့
ကောင်မလေးမှာ ဒုက္ခတွေကို ဖိတ်ခေါ်တဲ့ သံလိုက်ဆွဲအားရှိနေတယ်လို့
တင်စားခဲ့သလိုမျိုး ကျွန်မလည်း တစ်ဘဝလုံးကံဆိုးဖို့ ကျိန်စာရှိမှာပဲ။
စာအုပ်ထဲက ဒေါသသည်းတဲ့ သွေးစုပ်ဖုတ်ကောင်ကို မြင်ယောင်တိုင်း သူပဲလို့ ထင်မိရဲ့။ ဒါပေမယ့် စိတ်ကူးယဉ်သွေးစုတ်ဖုတ်ကောင်ဟာ သူ့စိတ်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သူရယ်။ဟုတ်ကဲ့ ။ သူဟာ ကျွန်မအပေါ် ကြင်နာညှာတာမှုတစ်မှုန်ကလေးမှ မပေးခဲ့ဘူး။ ထပ်မပြောပါနဲ့။ ကျွန်မ နားလည်ပြီးသားပါ။ သူ ကျွန်မကို မချစ်ဘူး။ လုံးဝ မချစ်ခဲ့ဘူး။ သေးသေးလေး၊မွှားမွှားလေး၊ မြူတစ်စလေးတောင် မချစ်ခဲ့ဘူး။ ကျေးဇူးပြုပြီး ပုံကြီးမချဲ့ပါနဲ့ ။ ကျွန်မက နာကျင်ခံစားရခြင်းမှာ ပျော်မွေ့ချင်သူလို့ ။ နှိပ်စက်ခံရခြင်းမှာ သာယာခဲ့တယ်လို့များ ထင်နေသလား။ အော့နှလုံးနာစရာ။ ချစ်မြတ်နိုးမှုအလုံးစုံဟာ ဒီလိုစွဲချက်အတင်ခံခဲ့ရတာ။ ရယ်… ရယ်ရသေးတော့လေ။
အစွယ်တဖွေးဖွေးအောက်မှာ
ဘဝနိဂုံးမချုပ်ချင်လို့ အမြဲထွက်ပြေးခဲ့ပေမယ့် နှလုံးသားပါသွားတာတော့
ကျွန်မလည်း ဘယ်တတ်နိုင်ပါ့မလဲ။ သူက ပညာရှင်ရယ်လေ။
ဒီလိုသက်သေမဲ့ဆိုမိပြန်တော့ ကျွန်မသာ လွန်ကျူးသူ။ သူ့ဦးနှောက်ထဲမှာ
ဇယားအကွက်ပေါင်းများစွာ။ သူ့လက်မှာ ဓားပေါင်းများစွာ။ သူလှည့်စားထားတဲ့
မှော်ဖန်ခွက်အမျိုးမျိုးက လင်းလက်နေတဲ့ သက်တန့်မျိုးစုံဟာ
အရိပ်အယောင်များသာ။ ခါးလိုက်တာ။ ခံနိုင်ရည်ဟာ လွန်သွားပြီ။
သွေးစုပ်ဖုတ်ကောင်ဟာ အသက်ရှင်မှုအတွက်သာ လည်ချောင်းသွေးသောက်တာ။ သူကတော့
အပျင်းပြေသက်သက် နှလုံးသွေးနဲ့ ခြေဆေးလိုသူသာ။ မယုံဝံ့လောက်အောင်
တုန်လှုပ်ကြောက်ရွံ့ဖွယ်။ ဘာဖြစ်လို့များ ဒီစာအုပ်တွေ ငှားခဲ့မိတာပါလိမ့်။
နောင်တကြီးစွာနဲ့ ကျွန်မ စာကြည့်တိုက်မှာ စာအုပ်တွေပြန်အပ်ရင်း မဆင်ခြင်ဘဲ
မြစ်ဘေးထွက်ခဲ့မိပြန်တာ။
ရွေးချယ်မှုဟာ ဒီလိုပဲ
အမြဲမှားနေပေါ့။ လကို ကြောက်လို့ ခေါင်းငုံ့လျှောက်နေသူဟာ ရေပြင်မှာ
လရိပ်ကို မြင်စဉ်မှာ ထိန်းချုပ်နိုင်စွမ်းတွေ လွတ်ထွက်သွားပြီ။
သည်းမခံနိုင်တော့ ။ ဘာလဲ ။ “ ငါ့ရဲ့ လမင်း” တဲ့လား။ သူဆိုခဲ့တာ။ တောမှာ
သွားပြော။ ကျွန်မ တကိုယ်လုံး ဒေါသနဲ့ တုန်ရီနေပြီ။ သူ့ကို
ရန်မလုပ်နိုင်လို့ လကိုပဲ ပြဿနာရှာရတော့မှာ။ ခက်တာက မြစ်ဘေးမှာ
ဘာကျောက်စရစ်သေးငယ်မျှ အလွယ်တကူမရှိနေပါ။ ကျွန်မ လက်ထဲမှာ
မြစ်ဆီပစ်ပေါက်ဖို့လည်း ဘာမှ မရှိ။ ရေပေါ်မျောနေမယ့် ပစ္စည်းမျိုးကိုလည်း
အသုံးမပြုရဲ။ ပတ်ဝန်းကျင်ညစ်ညမ်းစေမှုနဲ့ အရေးယူမခံရဘူးလို့ မပြောနိုင်။
နောက်ဆုံး ကြံရာမရတော့ ပိုက်ဆံအိတ်ထဲက အကြွေစေ့ကိုသာ အသုံးပြုရတော့မှာ။
နာကျည်းမှုတွေ
စုစည်းလို့ အငြှိုးနဲ့ရည်ရွယ်ချိန်ပစ်လိုက်တော့ ရေရိပ်မှာ လဟာ
အစိတ်စိတ်အမွှာမွှာကွဲသွား။ ဟား…. ပျော်စရာကောင်းလိုက်တာ။ စိမ့်ထွက်လာတဲ့
မျက်ရည်များကို ပြုတ်မကျအောင် မနည်းထိန်းထားရ။ ပြီးတော့ ဆောက်တည်ရာမဲ့စွာ
ကမ်းနဖူးက အုတ်ခုံလှေကားထစ်လေးတွေအတိုင်း မြစ်ထဲ တစ်ဖြည်းဖြည်းဆင်းနေမိ။
“ဟေး…ရေထဲ ခုန်မချနဲ့လေ ” တဲ့ ။ မှောင်ရိပ်အကွယ်က နောက်ပြောင်သံ
သဲ့သဲ့...။ ခုန်ချတော့ ဘာဖြစ်လဲ။ ခုန်ချမှာပဲ။ ကျွန်မ ရေထဲကျသွားရင်
သူလာကယ်မယ်တဲ့ ။ ဟာ…ဟ။ မျက်နှာမော့ပြီး ရယ်လိုက်မိရာ မျက်ရည်တွေ
လွင့်စင်ကျလာ။ပူလောင်လွန်းလှချည့်။ လက်ညှိုးငေါက်ငေါက်ထိုးပြီး
ပြောချင်မိရဲ့။ "လူလိမ် ။ လူလိမ်။ လူလိမ်!... "လို့။ မုန်းတယ်။ သိပ်မုန်းတယ်။ အရမ်းမုန်းတယ်။
လည်ပြွန်ကွဲမတတ်
အော်ဟစ်လိုက်လည်း အသံလေးတမျှင်ပင် လွင့်ကျမလာ။ ဆင်းရဲပင်ပန်းလိုက်တာ။
ဒါပေမယ့် ဘယ်သူမှမသိနိုင်ခဲ့ဘူး။ သူလာကယ်မယ်ဆို ကျွန်မ
အရဲစွန့်ခုန်ချမှာပါ။ ဘယ်လိုလဲ။ သိပ်ရယ်စရာကောင်းတယ် မဟုတ်လား။ အဆုံးမှာတော့ ...
သူပေါ့ပေါ့ပါးပါးလှည့်စားသမျှကို ဘုရားစကားလို အလေးအနက်ထားမိသူ ကျွန်မ
အပြစ်တွေချည်းရယ်သာ။
..........................................................................................................................
အခုကျွန်မ ရေနစ်နေပြီလေ။
ဟာသပဲနော်။
ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံပါဦး။...။
ဟာသပဲနော်။
ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံပါဦး။...။
အောက်တိုဘာ၊၂၀၁၂။ ရတီမဂ္ဂဇင်း
16 comments:
ဘယ်လိုဖတ်ဖတ် ညီမမယ်ရဲ့ စာလေးတွေ နူးညံ့လျှက်က ရှတတပေးနိုင်တာလေးကို ကြိုက်တယ်၊ ညီမမယ်လေး ပျော်ရွှင်ပါစေ....
ပိုက်ဆံ အိတ်ထဲက အကြွေစေ့လေးတွေ သနားပါတယ်။နောက်ဆို ကျောက်စရစ်ခဲလေးတွေ အိတ်ထဲမှာဆောင်ထား... စကားမစပ် .. မြစ်ဆိပ်ခဏခဏ မသွားပါနဲ့ ..
ပုံ ..
စိတ်ပူတတ်သူ
သဘောကျစရာကောင်းတဲ့ အရေးအသားပေါ်မှာ အပမှီခံလိုက်ရတယ်လို့ပဲ ပြောလိုက်ချင်....
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ြ့ကယ်ရောင်ကြောင့် သေးဆုံးမှု ပြီးတော့ လရောင်ကြောင့် သေဆုံးမှုပေါ့၊ မျက်နှာကို အ၀တ်စည်း၊ နားကိုပိတ်ပြီး ဖြေးဖြေးချင်း မြစ်ထဲ ဆင်းပါတော့ ... :D
လှည့်စားမှု လရောင် မြစ်ကမ်း ရေနစ်။ အောင်ပွဲ မခံနိုင်လောက်ပါဘူး။ လွမ်းမောစရာကြီးကိုးး။း))
ခင်မင်လျှက်
ဖဘမှာ ဖတ်ထဲက ကြိုက်ပြီးသား...
နောက်တခေါက် ပြန်ဖတ်မိတော့လည်း မယ့်ရဲ့ ရှတတ အရေးအသားထဲမှာ နောက်တခါ ပျော်ဝင် စီးဆင်း...
စာကြောင်းတိုတိုလေးနဲ့ ထိထိရှရှလေးရေးတတ်တဲ့ မယ်ရဲ့အရေးအသားလေးကို သဘောကျလိုက်တာ
တို့မှာ စာကြောင်းအရှည်ကြီးရေးပြီး စကားဆက်တွေ ၂ခါထပ်ကုန်လို့ ဖတ်လို့မကောင်းတာတွေ ခဏခဏပြင်နေရတယ်။ စာကြောင်းတိုတိုလေးတွေရေးတတ်ချင်တာ
မယ့်ဆီ ခဏခဏ စာလာလာဖတ်ဦးမှ။
like :}
ဖတ်ရင်း ကိုယ်တိုင်မျက်လုံးထဲ သရုပ်ဖော်မိလာတယ်..။ စိတ်ခံစားချက်တွေကို အမြဲနိုင်နိုင်နင်းနင်း ရေးတတ်တာကို သတိထားမိတယ်။ စိတ်ထဲမှာ ဖတ်ပြီး အမြဲတမ်း ရှတတနဲ့ တစ်ခုခုကျန်ခဲ့တယ်..။
ကြိုက်လိုက်တာ။ ခံစားချက်တွေကို စကားလုံးနုနုလေးတွေနဲ့ ပုံဖော်သွားတာ သိပ်လှတာပဲ။ ရင်ကိုထိသွားတယ်။
ခင်တဲ့
မေသိမ့်
အရမ်းကြိုက်ပါတယ်...
မယ့် စကားလုံးဝိုင် တစ်ခွက်သောက်ပြီး
ရီဝေေ၀နဲ့ မျက်ရည်ကျမိရဲ့
:P
ဒီဝတ္ထုထဲက စကားလုံးအသုံးအနှုန်းတွေအောက်ကို ဖတ်ရင် နစ်မျောသွားမိတယ် ခဏခဏပဲ..
လရောင်အကြောင်းလေး ရေးထားတာလေး သိပ်မိုက်တယ်ကွယ် ..
ညီမလေး မယ့်ကိုးရေ တိုတိုနဲ့ ထိထိမိမိ မှန်ကန်လွန်းတဲ့ စာလုံးရွေးချယ် ရေးထား တာလေးတွေကို သဘောကျသွားတယ်နော် .. :)
စိတ်ခံစားမှုကို အတော်သရုပ်ဖော်နိုင်တဲ့ အရေးအသားပဲ
ဝန်ခံရရင် သက်တံ့ဆယ်စင်းတုန်းက သိပ်မမြင်မိဘူး
အခုမှ တစိမ့်စိမ့် ကြိုက်လာတာ
စခဲ့တာက အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်
အင်တာနက်စာမျက်နှာကို သေချာမဖတ်နိုင်တဲ့ ကိုယ့်မျက်လုံးအခြေအနေအရ...စာအုပ်တွေကို အားသာခဲ့မိတာ
အခု ဒီပို့စ်လေးဖတ်ရတော့လည်း စိတ်ထဲ အဆာတစ်ခုခုပြေသွားသလို ကျေနပ်မိတယ်။
ခံစားချက်နရီတွေ စည်းဝါးကိုက်ခဲ့ပြီ . . .ဘာလို့များဒီလိုအပမှီခဲ့ရပါလိမ့် ... တကယ်ကို နှစ်ခြိုက်စွာခံစားသွားပါတယ် my sis !
Post a Comment