ဘောက်ဖတ်အလွှာမဲ့စွာ လူအဖြစ်မှ ရုတ်ချည်းပြောင်းခဲ့သူ။
မယုံနိုင်စရာ ။
နှလုံးသားတလျှောက်ဆူးတွေပေါက်ကာ
ဖြူတစ်ကောင်ဖြစ်မှာလားလို့လည်း
ကြောင့်ကြခဲ့ရသေး။
ရန်သူကို
အာရုံယူမိတိုင်းမှာ စိတ်တစ်လျားအနှံ့က
ဆူးတွေဟာ မြားအဖြစ် အသွင်ပြောင်းပြန်။
ခက်လှတဲ့ လူတစ်ပိုင်း
ဖြူတစ်ပိုင်း ဒီသတ္တဝါဟာ ကိုယ့်ရင်သာ ပြန်စူးမယ့် မြားများသာ လက်သပ်မွေးနိုင်သူ။
ဒါဟာ
ဂုဏ်သိက္ခာစစ်ပွဲလား။
သိမ်ငယ်နေတဲ့စိတ်ညှိုးကို
အရှက်ရအောင် ချိုးတာ။
နားမလည်။
နားမလည်။
ရုပ်နာမ်စုကို ကုန်ပစ္စည်းလို အရောင်းမြှင့်တင်ကြော်ငြာနေရင်း တစ်ဖက်သားကိုလည်း ထည့်သွင်းနှိမ့်ချင်ကြတယ်။
ရာဇဝတ်မှုမမည်သော
တိုက်ခိုက်ခံရခြင်းမို့ ဘယ်တရားရုံးမှာ အမှုဖွင့်ခွင့်ရှိပါသလဲ။
လူမြင်ကွင်းမှာ
မထင်ပေါ်သော ညှင်းပန်းဖိနှိပ်မှုမို့
ဘယ်လိုသက်သေပြရမလဲ။
ဥာဏ်ပညာပြည့်ဝသော
နှိပ်စက်ကလူပြူမှုမို့ ဘယ်လို စွဲချက်တင်ရမှာလဲ။
အပြစ်မဲ့သယောင်စကားလုံးတွေနဲ့
အထက်တန်းကျသော ပြက်ရယ်ပြုခြင်း။
ကားစင်ထက်မှာ
နှိပ်စက်ခံနေရတဲ့ ငြိမ်းချမ်းမှု။ အမျက်မိုးကြိုး ၊
ထစ်ချုန်းအမုန်း နဲ့ ဒေါသလျှပ်စစ်တွေ။
ဟုတ်ကဲ့။
ညှင်းပန်းမှုဓာတ်လိုက်ခံရတာ
အရုပ် မဟုတ်ဘူး။
ပညာရှင်ဆန်တဲ့
လှောင်ပြောင်မှု။
လောင်တိုက်သွင်းခံရတဲ့
ငါ့နှလုံးသား။
မာကျောပူပြင်းနေတဲ့ ခွင့်မလွှတ်နိုင်ခြင်း။
အနားမှာရှိတာလား။
မျက်နှာဖုံးအမျိုးမျိုးနဲ့
သတ်ဖြတ်နေတာကိုမြင်ရဲ့ ရယ်မောလက်ပိုက်ကြည့်နေသူတွေ…။
မဟာလူသား၊သူရဲကောင်းဝါဒကို ကိုးကွယ်သူတွေရယ်။
မဟာလူသား၊သူရဲကောင်းဝါဒကို ကိုးကွယ်သူတွေရယ်။
အသေအချာပေါ့။
ယဉ်ကျေးတဲ့
လူ့အဖွဲ့အစည်းမှာ ဒီလိုသရော်စော်ကားမှုကိုပဲ ခွင့်ပြုတာ။
အမျက်အကျိတ်အခဲတွေ
ဗလပွနဲ့မို့ အတွေးကိုသာ ဓာတ်မှန်ရိုက်ကြည့်ရင် စိုးရိမ်ဖွယ်အခြေအနေ။
အခုတော့
ငါ့စိတ်ထားဟာ ပုံပျက်ပန်းပျက်၊ ငါ့သမိုင်းလည်း
အမုန်းနဲ့ခြယ်လို့ ရုပ်ဆိုးပန်းဆိုး။
ငါ့စိတ်နဲ့ ငါ သဟဇာတမဖြစ်တော့။
အလျှံငြီးတဲ့
မီးတောက်တွေ ၊ အားပြင်းတဲ့ ချော်ရည်မြစ်များ …
စိတ်ရင်ပြင်တစ်ခွင်လုံး စပ်ဖျဉ်းကျိန်းစပ်။
စိတ်ရင်ပြင်တစ်ခွင်လုံး စပ်ဖျဉ်းကျိန်းစပ်။
ဒါပေမယ့် အမှန်တရားဆိုတာ
တမ်းတမ်းမက်မက် မမျှော်လင့်သင့်တဲ့အရာသာ။
မျှတမှုအိပ်မက်ဆိုတာ
အလွန့်ကို ရယ်စရာ။
ဒီလိုနဲ့ …. ဆူးဒဏ်ဝန်မဆောင်နိုင်တဲ့ နှလုံးသားတစ်ခု
ပေါက်ကွဲလွင့်စင်။
အဆုံးမှာတဲ့လား။
အဆိပ်ဝတ်မှုန်သာ တောင့်တမယ့်
လိပ်ပြာဘဝ။
မထူးဆန်းဘူးကွယ့်။
မထူးဆန်းဘူးကွယ့်။
မျက်နှာလွှဲလျစ်လျူရှုလိုက်ပါလေ။
ခုမှတော့ သနားကြည့်နဲ့ ထပ်မံ
မသတ်ချင်ပါနဲ့။…။
မယ်ကိုး

11 comments:
“ရာဇဝတ်မှုမမည်သော တိုက်ခိုက်ခံရခြင်းမို့ ဘယ်တရားရုံးမှာ အမှုဖွင့်ခွင့်ရှိပါသလဲ။
လူမြင်ကွင်းမှာ မထင်ပေါ်သော ညှင်းပန်းဖိနှိပ်မှုမို့ ဘယ်လိုသက်သေပြရမလဲ။
ဥာဏ်ပညာပြည့်ဝသော နှိပ်စက်ကလူပြူမှုမို့ ဘယ်လို စွဲချက်တင်ရမှာလဲ။”
“အပြစ်မဲ့သယောင်စကားလုံးတွေနဲ့ အထက်တန်းကျသော ပြက်ရယ်ပြုခြင်း။”
“ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ ဒီလိုသရော်စော်ကားမှုကိုပဲ ခွင့်ပြုတာ။”
အကြိုက်ဆုံးစာသားလေးတွေ...း))
လူ့အသိုင်းအ၀ိုင်းထဲက လူတွေရဲ့စိတ်ဓါတ်တွေကို ပေါ်လွင်အောင် ခပ်ပါးပါးလေး ချပြသွားတာ ချီးကျူးစရာပါ။ ကဗျာထဲမှာ မကျေမနပ်စိတ်တွေ အလိုမကျမှုတွေကို လှမ်းမြင်လိုက်ရတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
တရားဝင်လူသတ်ခွင့်ရထားသူတွေ
တရားဝင်ခိုးယူခွင့်ရထားသူတွေကို ပြေးမြင်ယောင်မိတယ်း)
စာသားတွေ ကျစ်ကျစ်လစ်လစ်သုံးထားတာပဲ မမယ်ကိုး
မောင်ဘကြိုင်
လိပ်ပြာ မောပန်း လှပြီ ခရီးရှည် ကန္တရတွေထဲ...။
အမျက်အကျိတ်အခဲတွေ ဗလပွနဲ့မို့ အတွေးကိုသာ ဓာတ်မှန်ရိုက်ကြည့်ရင် စိုးရိမ်ဖွယ်အခြေအနေ...
ဒီစာကြောင်းလေးက ရင်ထဲကို သေသေချာချာ လာမှန်တယ်...
သိပ် လှ တယ် မယ်...
အရေးပေါ် မျှတမှု မဟုတ်ဘူး မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ မျှတမှု ... :D
မမ
မမရေးတဲ့စာတိုင်း အမြဲပဲ အဓိပ္ပါယ်တွေ အများကြီး ပါဝင်နေတယ်နော်.. လူတစ်ဦးရဲ့ ရင်ဘတ်ထဲကို တိုက်ရိုက်ထိမှန်စေတဲ့ အရေးအသားမျိုး
.....ရာဇဝတ်မှုမမည်သော တိုက်ခိုက်ခံရခြင်းမို့ ဘယ်တရားရုံးမှာ အမှုဖွင့်ခွင့်ရှိပါသလဲ။
လူမြင်ကွင်းမှာ မထင်ပေါ်သော ညှင်းပန်းဖိနှိပ်မှုမို့ ဘယ်လိုသက်သေပြရမလဲ။
.......................
အမြဲတမ်းအားပေးနေတယ် မမ
အိမ်မက်စေရာ
စကားလုံးတွေရဲ့ အင်အား...ကဗျာရဲ့ရသ...နှစ်သက်မိပါတယ် ခင်ဗျာ :)
ခင်တဲ့(ဖိုးကြယ်)
ပညာရှိရှိနှိပ်စက်ရင် စိတ်ရောကိုယ်ပါ လဲကျသွားနိုင်တယ်။ တကယ်ကို ပြောင်မြောက်တဲ့ လက်ရာကောင်းလေးမို့ အားကျသွားတယ်ရှင်။
ခင်တဲ့
မေသိမ့်
Like!
မျက်နှာလွှဲလျစ်လျူရှုလိုက်ပါလေ ခုမှတော့သနားကြည့်နဲ့ထပ်မံ မသတ်ချင်ပါနဲ့တဲ့....ရင်ကိုထိစေတဲ့စကားလုံးလေးပါလား သယ်ချင်းလေးမယ်ရေ.....
Post a Comment