18 September 2011

“သစ်ခြောက်ပင်တစ္ဆေ သုတေသန”



တစ်ခါတုန်းကပေါ့ လောကကြီးကို စိတ်မဝင်စားတဲ့ သစ်ပင်လေးတစ်ပင်ရှိတယ်။ လွင်ပြင်ကျယ်အလယ်မှာ သီးသန့်တည်နေတဲ့ အပင်ငယ်လေးဟာ လေပြင်းထန်လို့ မုန်တိုင်းကြမ်းလည်း အရေးမထားဘူးတဲ့။ သူဟာ ကောင်းကင်ကို ကြည့်ပြီး ကဗျာစပ်တတ်တယ်။ သစ်ပင်အဖြစ်ကို ငြီးငွေ့လာရင်တော့ တိတ်တိတ်ကလေးငိုတတ်တယ်။ အဝေးကတောအုပ် စိမ်းစုစုကို မျှော်ငေးရင်းလည်း အားကျဝမ်းနည်းနေတတ်တယ်။အဲဒီလို စိတ်ကူးယဉ်တတ်တဲ့ သစ်ပင်လေးပေါ့။

တစ်ခုသော နွေဦးမှာတော့ အလည်လွန်လာတဲ့ တိမ်တစ်အုပ်က သူ့ကို နှုတ်ဆော့ပြီး မိတ်ဆက်လာသတဲ့။ အဖော်ကွဲအထီးကျန်နေတဲ့ သစ်ပင်လေးဟာ ထူးဆန်းတဲ့ သူငယ်ချင်းအသစ်နဲ့ ဆုံခွင့်ရလို့ အံ့သြဝမ်းသာနေတာပေါ့။ ဒါပေမယ့် မိတ်ဆွေဖွဲ့ပြီး မကြာခင်ပဲ တိမ်ကလေးဟာ လွင့်ပါးသွားပြန်တာ။ အဲဒီအချိန်ကစပြီး သစ်ပင်လေးဟာ နေကိုကျောခိုင်းပြီး တိမ်ပြေးလမ်းကိုပဲ ကြည့်နေသတဲ့။ အစက်ငယ်အဖြစ်မှုန်ဝါးသွားလဲ သူဟာ တိမ်လေးကို မှတ်မိနေတယ်။ ပြီးတော့ သူ့သူငယ်ချင်း တိမ်ကလေးဟာ တခြားတိမ်တွေနဲ့ မတူဘူး။ နာမည်ဆန်းနဲ့ ထည်ဝါတဲ့တိမ်ကလေးလို့ ဝံ့ကြွားပြောဆိုတတ်တယ်။ အနီးကိုင်းတောထဲက ပန်းပင်ငယ်လေးတွေက မယုံသင်္ကာနဲ့ မျက်မှောင်ကြုံ့ကြတာပေါ့။ ပြီးတော့ အဲဒီတိမ်ကလေး လွင့်ကွယ်သွားပါပြီလို့ ပြန်ငြင်းကြတယ်တဲ့။ 

ဒီလို စကားစစ်ထိုးနေဆဲမှာ အံ့သြစရာကောင်းလောက်အောင် အဲဒီတိမ်လေးဟာ အနားကိုပြန်ရောက်လာပြန်တာ။ တိမ်ဟာ သူ့ရဲ့ ကြီးကျယ်တဲ့ခရီးလမ်းကို ပြောပြတော့ သစ်ပင်လေးဟာ မှင်သက်သဘောကျနေတာပေါ့။  ဒါပေမယ့် ပန်းပင်ငယ်လေးတွေကတော့ ကဲ့ရဲ့ကြတယ်လေ။ “အဲဒီတိမ်က အမျိုးမျိုးပြောင်းလဲနေတာ။စိတ်ပျက်စရာကောင်းလိုက်တာ” လို့ ဆိုကြလေရဲ့။

သစ်ပင်လေးကတော့ မကြားယောင်ဆောင်ကာ ပြုံးရယ်နေတာပေါ့။ “တိမ်ပန်းချီရေးနေတာ ဘယ်လောက်လှလိုက်လဲ ကြည့်ပါဦး။တိမ်လေးဆီမှာ ရောင်သွယ်မျိုးစုံ ကွန့်မြူးနေတယ်။ သဏ္ဌာန်အမျိုးမျိုးဖြစ်အောင်လည်း ဖန်ဆင်းတတ်တယ်။  ဟော ခုတောင် သစ်ပင်ပုံလေး ဖြစ်ပြန်ပြီ” ဆိုပြီး သဘောကျနေတယ်တဲ့။ အမှားတွေချည်းပဲတဲ့လား။ သစ်ပင်ပဲလေ။ ဘယ်မှာ ဦးနှောက်ရှိပါ့မလဲ။ တိမ်ပြောသမျှ ပုံပြင်တွေကို ယုံကြည်စွဲလမ်းနေတာရယ်။ သူငယ်ချင်းရယ်ပြောသမျှ ယုံစားတတ်တဲ့ သစ်ပင်လေးပါ။ ဒါဖြင့် ခံစားချက်ရှိသလားတဲ့လား။ ဟင့်အင်း။ သစ်ပင်ရယ်လေ။ နှလုံးသားလည်း မရှိပါဘူး။ တိမ်ကလေး တဖန်လွင့်ပါးသွားပြန်လည်း သူဟာ စွဲငြိစိတ်ကင်းကင်းနဲ့ ကျန်ခဲ့တာပါပဲ။ 

ဒီလိုနဲ့ ဝေးလိုက်နီးလိုက်တိမ်ကလေးဟာ တဖြည်းဖြည်း အသွင်ပြောင်းလာတာ။ ညိုညိုမည်းမည်းနဲ့ ကြောက်စရာကြီးလို့ ငှက်ငယ်လေးတွေက ပြောကြပေမယ့် သစ်ပင်လေးကတော့  တိမ်ကလေးတည်ငြိမ်လာပြီလို့ ထင်နေလေရဲ့။  “ငါဟာ မင်းရှင်သန်ဖို့ မိုးအဖြစ်ရွာမယ့် ရေခိုးရေငွေ့တွေ သယ်ဆောင်ထားတယ်လေ ” လို့  တိမ်ကလေးက နာပျော်ဖွယ်စကားနဲ့ ဖြားယောင်းတော့လည်း သစ်ပင်လေးက ကျေးဇူးတွေ တင်နေတာပေါ့။ မိတ်ဆွေတွေဆိုတာ ယုံကြည်မှုခိုင်မြဲကြတယ် မဟုတ်လား။ 

တိမ်ကလေးက ငှက်ကလေးတွေနဲ့အပြိုင် သီချင်းလည်း ဆိုတတ်သေးတယ်။ သိပ်သာယာတာပဲ လို့ သစ်ပင်လေးက တဖွဖွချီးကျူးနေတော့ အနားက မနေနိုင်ရှာတဲ့ အပင်အိုကြီးက အဲဒါ မိုးခြိမ်းနေတာလို့ ရှင်းပြရှာတယ်။ ပြီးတော့ စေတနာကောင်းနဲ့ ဆိုဆုံးမသေးတာက  အဲဒီတိမ်ဟာ ပြူစားတတ်တဲ့ တိမ်ပါတဲ့။နောက်ဆို သူက မိုးခါးရေတွေ ရွာချတော့မယ်။ အဲဒီအခါ ရေသောက်မြစ်ထဲ မစီးဝင်အောင် ဂရုစိုက်နေလို့ သတိပေးပါရဲ့။ဖျောင်းဖျနားချပါသတဲ့။

သစ်ပင်လေးက ဒီစကားကို ယုံမယ်ထင်သလား။ "ယုတ္တိမရှိလိုက်တာ"လို့ ပြန်ပြောတာပေါ့။ တိမ်စကားမှန်သမျှကလွဲရင် ကျန်သူဆိုသမျှကို နားမဝင်နိုင်တဲ့ သစ်ပင်ကလေးရယ်လေ။ သစ်ပင်ကလေး မိုက်သတဲ့လား။ သူငယ်ချင်းဆိုတာ ရန်ပြုမယ့်သူမှ မဟုတ်ဘဲလေနော်။ မိုးအဦးအစရွာတော့ သစ်ပင်လေးဟာ အပျော်ကြီးပျော်နေတာပေါ့။ သစ်ပင်အိုကြီးကတော့ သစ်ပင်ကလေး ရူးသွားရှာပြီလို့ ပြောတယ်တဲ့။ သစ်ပင်လေးက လက်မခံဘူး။ ခါးခါးသီးသီး ပြန်ငြင်းတာ ။ သူဟာ အားလုံးကို အရင်လို သိနေတာပါရယ်လို့ အချက်အလက်တွေ စုဆောင်းတုန့်ပြန်ရင်းပေါ့။ ဒါပေမယ့် အနားက ငှက်ငယ်လေးတွေကအစ သူ့စကားကို နားမဝင်တော့ဘူးရယ်။ ဒီလိုနဲ့  တိမ်ကလေးကြောင့် မိုးတွေ သည်းသည်းမည်းမည်းရွာတဲ့အခါ ရောက်လာခဲ့တာ။

သစ်ပင်လေးဟာ ရွက်နုတွေဖြာရတော့မယ်ဆိုပြီး ကြည်နူးနေခဲ့တာပေါ့။ ဒါပေမယ့် စိတ်ကူးအိပ်မက်ဆိုတာ နမိတ်မဟုတ်ပါဘူး။ တကယ်အဖြစ်မှန်ကတော့ သစ်ပင်လေး မိုးကြိုးပစ်ခံခဲ့ရတာ။ တိမ်ကလေးဆီက ဖြာကျလာတဲ့ လျှပ်စီးတွေလေ။ ပင်စည်အခက်အလက်တွေ လွင့်စင်ပေါက်ကွဲသွားပြီး သေလုမတတ်နာကျင်ခံစားခဲ့ရတဲ့ သစ်ပင်ကလေးရယ်။ မိုးစဲပြီးနောက်မှာတော့ သစ်ပင်လေးရဲ့ ရွက်နုသစ်ကလေးတွေ ပြာကျမြေခသွားတယ်။  ရင်တွင်းပင်စည်ဟာ အက်ကွဲသွားပြီး ပူလောင်လွန်းလို့ မီးခိုးတအူအူထွက်လာတယ်။ စိမ်းလဲ့ဖြာနေတဲ့ သစ်ကိုင်းတွေဟာ ရုတ်ချည်းမည်းခြောက်သွားကြတယ်။ ဒါကြောင့် လှတဲ့ပန်းတွေနဲ့ မမွှေးပျံ့နိုင်တော့ဘဲ ညှိုးရော်ချိနဲ့သွားတဲ့ သစ်ပင်ကလေးရယ်မို့  သစ်ခြောက်ပင်လို့ ဖြတ်သွားဖြတ်လာလူတွေက သမုတ်ကြလေတာ။

photo credit:Thevisualizejoe

အဲဒီချိန်ကစပြီး ရွာနီးချုပ်စပ်က လူတွေက “ဒီသစ်ပင်မှာ အပမှီနေတယ်။ ညမိုးချုပ်ဆို အဲဒီသစ်ပင်အနားဖြတ်မသွားကြနဲ့” လို့ အချင်ချင်းစကားလက်ဆင့်ကမ်းကြပြီး အဝေးက ရှောင်ရှားသွားကြတယ်တဲ့။ မဟုတ်ရပါဘူး။ သူဟာ ပျောက်ကွယ်သွားတဲ့ တိမ်ကလေးကို တမ်းတမ်းတတ အော်ခေါ်နေခြင်းသာ ဖြစ်ပါတယ်။ လူတွေ အထင်မှားနေတာက အဲဒါ သရဲခြောက်တာတဲ့။ တစ္ဆေခ်ါသံတဲ့။ သစ်ပင်လေးက ဝမ်းနည်းစိတ်မကောင်းလွန်းလို့ ငိုရှာတယ်။ အနားက သစ်ပင်အိုကြီးနဲ့ အပင်ငယ်လေးတွေကလည်း သူ့ကို စိတ်မနှံ့တဲ့အပင်ဆိုပြီး လျစ်လျူရှုပစ်ပယ်ကြတယ်လေ။

ဘာပဲဖြစ်ဖြစ် အသက်ပြင်းတဲ့ သစ်ပင်ကလေး မသေသေးပါဘူး။ ဒါပေမယ့် သစ်ပင်အိုကြီး သတ်မှတ်သလို သစ်ပင်ကလေးစိတ်ဖောက်ပြန်သွားခဲ့လေသလား။ ဘုရားမှ သိမှာပါပဲ။ သစ်ပင်လေးက အကျည်းတန်လွန်းတဲ့ သူ့သေရာပါဒဏ်ရာကို ဖုံးကွယ်လို့ သူ့သူငယ်ချင်းက သူ့ကို မိုးကြိုးသွား လက်ဆောင်ပေးခဲ့တာပါလို့ အခွင့်ရတိုင်း ဝံ့ကြွားပြောရှာတာ။ ပြီးတော့ ကွယ်လွင့်သွားတဲ့ သူငယ်ချင်းကို သတိရတဲ့အခါတိုင်း တိမ်အလင်္ကာကို ဖွဲ့နွဲ့နေတတ်တာ။ တကယ်ပါ။ မဖြစ်နိုင်ဘူးလို့ မငြင်းပါနဲ့။ မကောင်းဆိုးဝါး ရှိနေတယ်ဆိုတဲ့ သစ်ခြောက်ပင်ကလေး သတင်းကြားရင် ကျေးဇူးပြုပြီး သွားရောက်လေ့လာစေချင်ပါတယ်။ ကောလဟာလတွေရယ်ပါ။ အလွမ်းစကား ညည်းတတ်တဲ့ သစ်ပင်စင်စစ်သာ ဖြစ်ပါတယ်။ ဒါကြောင့် သစ်ခြောက်ပင်လေးရဲ့ ရင်ကွဲတေးကို နားဆင်ပြီးမှ အမှန်တရားကို ဆုံးဖြတ်ပေးစေချင်ပါတယ်။…။

မယ်ကိုး


14 comments:

မေသိမ့်သိမ့် ကျော် said...

အဲ့သီသစ်ပင်မှာ နှလုံးသားမရှိဘူး ၊ ဒါပေမယ့် လွမ်းတတ်တယ်။ မစဉ်းစားတတ်ဘူး ၊ ယုံတတ်တယ်။ ရင်ထဲမှာ ထိထိရှရှိဖြစ်သွားတယ်။ အထီးကျန်သစ်ပင်တစ်ပင်ကို ကိုယ်ချင်းစာမိတယ်။

ခင်တဲ့
မေသိမ့်

PhyoPhyo said...

ကြိုက်တယ် မယ်။
ဒီလိုဆိုတော့လည်း ကမ္ဘာကြီးမှာ ကြောက်စရာမရှိတော့ဘူး။ သနားစရာ၊ လွမ်းစရာတွေပဲ ရှိတော့တယ်။

အိမ်မက်စေရာ said...

သစ်ခြောက်ပင်လိုမျိုး အသက်ရှင်နေရတဲ့ လူတွေ လောကမှာ အများကြီးရယ်နော် မမ..
အိမ်မက်

ဖိုးကြယ် said...

ခံစားချက်တစ်ခုကို တင်စားမှုတစ်ခုနဲ့ အရောင်တင်ထားတာလေးက ကောင်းတယ်ဗျာ... :)

ခင်တဲ့(ဖိုးကြယ်)

sosegado said...

ဖတ်သွားပါသည် ၊
သစ်ပင်ခြောက်တွေကို ကြည့်ပြီး တစ်မျိုးခံစားရတယ်၊
Fall မှာ အပင်တွေ အရမ်းခြောက်နေရင် အရမ်းလွမ်းတယ်၊
သရဲတော့ မတွေးမိဘူး၊

သိင်္ဂါကျော် said...

သစ်ပင်ကလေးက တိမ်သီချင်းကို ညည်းသတဲ့လား...
:) :)

မြသွေးနီ said...

ရေးထားတာ ချစ်စရာ ကောင်းလိုက်တာ..။
သစ်ခြောက်ပင်လို ဘ၀တွေအတွက် အပြစ်တင်၊ အကဲ့ရဲ့ မစောပါနဲ့၊ သူတို့မှာ ကိုယ်စီကိုယ်ငှ ခံစားချက်တွေ ရှိနေနိုင်ပါတယ်..။

လသာည said...

အဲလောက်ချစ်ခံရတဲ့ တိမ်လေးဘ၀က အားကျစရာ မယ်လေးရယ်..။

အားကျတဲ့ မမလသာည

SHWE ZIN U said...

http://www.shwezinu.com/2011/09/blog-post_531.html

အားပေးပါအုန်း ညီမရေ

Anonymous said...

သစ်ခြောက်ပင်ဖြစ်သွားသလိုပဲ... တမျိုးကြီး
ခံစားရတယ်


မောင်ဘကြိုင်

nyein said...

;) ကောင်းလိုက်တာနော်.. စကားလုံးသုံးပုံလေးက လှလိုက်တာ.. ဒီလောက်ထိရက်စက်လိုက်တာတောင်..မိုးကြိုးသွားလက်ဆောင်ပေးခဲ့တာပါလို့ အခွင့်ရတိုင်း ဝံ့ကြွားပြောရှာတာ..ဆိုတဲ့ အသုံးလေးကို သိပ်ကြိုက်မိသွားတယ်.. တစုံတယောက်ကို admire ဖြစ်စွာနဲ့ပြောနေတဲ့ မိန်းကလေးတယောက်ရဲ့ အပြောလေးလို့လဲ မြင်ယောင်လာမိတယ်..ဆက်ရေးပါညီမ.. အမြဲလာဖတ်နေပါတယ်.

Anonymous said...

မယ် .. ရေ ခံစားရပါတယ်

မိုးငွေ့........ said...

အညွှန်းနာမ်စားလှလှပပသုံးထားတဲ့ စာလေးတစ်ပုဒ်ကိုဖတ်လိုက်ရတယ်...။

ရိုးမြေကျ said...

ဟုတ်ကဲ့ နားဆင်ပြီးမှပဲ အမှန်တရားကို ဆုံးဖြတ်မှာပါမယ့်။ သစ်ပင်လေးကိုတောင် သနားလာတယ် မယ့်အရေးအသားကြောင့်။ မယ့် နေကောင်းရဲ့လား။ ကျနော်စိတ်ပူမိပါရဲ့။