11 November 2011

“ဘီလူးမည်ကာမျှ”



စိနတိုင်းလို့လည်းမည်တဲ့ စိန့်ပြည်မှာနှစ်နှစ်ရွယ်သမီးကလေးကို ယာဉ်ဖြတ်တိုက်ပြီး သွေးအိုင်ထဲလဲနေတာကိုမြင်လျှက် တချို့သူတွေ လျစ်လျူရှုကြတဲ့အခါ အုတ်အော်သောင်းနင်းဖြစ်ကြသော လူတွေအားလုံး သူ အသတ်ခံရစဉ်က ဘယ်ရောက်နေလဲ သိချင်မိအံ့ဖွယ်။ လူမြင်ကွင်းမှာ သတ်ဖြတ်ခံခဲ့ရသော်လည်း ဖြစ်လေ့ဖြစ်ထ၊သဘာဝလို့ သဘောထားခံခဲ့ရတာ။

သူ ဘယ်လိုအသက်ခြွေခံခဲ့ရသလဲ တဲ့လား။ ဇာတာနိမ့်တဲ့တစ်နေ့ပေါ့။ အိမ်ပြတင်းကို  ခဏဖွင့်ခိုက် ဟေးကနဲ ဆူညံနေသောအသံများမှာ ဆူနာမီလှိုင်းလုံးများကို သူ့ကို လွှမ်းအုပ်သွားခဲ့တာ။ ကြောက်ရွံ့တကြီး ရှောင်ရှားနေဆဲမှာပင် ချော်ရည်မြစ်များ အရှိန်ညီးညီး လျှံကျလာသလို အနီရောင်လူများက အော်ဟစ်ခုန်ပေါက်ကာ သူ့ကို တွန်းတိုက်ဆွဲခေါ်သွားကြတာ။ 

မီးခိုးနှင့်ပြာမှုန့်များက မြေပြင်အထက်မှာ ထောင်းထောင်းထနေရာ လမ်းမမြင်နိုင်ဘဲ လူအုပ်အကြား သူ ပျောက်ဆုံးသွားရင်း ကြိုးစားကာ မျက်လုံးဖွင့်ကြည့်ခိုက်မှာတော့ နှာရူသံထန်ထန်နဲ့ နွားရိုင်းက  အဟုန်ပြင်းစွာ သူ့အနားရောက်နေ။ တုန်လှုပ်တကြီး ငေးကြောင်နေဆဲမှာပင် မိုးလုံးညံအောင်ဟစ်အော်ကြသော အသံများက သူ့သွေးများကို အေးခဲသွားစေခဲ့။ မယုံနိုင်အောင်။

သူမပြေးနိုင်ခဲ့ဘူး။ နှလုံးသားမှာ အဆိပ်တွေအပြည့်နဲ့  တမြေ့မြေ့နာကျည်းမပြေ။ နွားရိုင်းဖက်မှ အားပေးနေသော ခရာမှုတ်သံနဲ့လက်ခုပ်သြဘာတွေ။ အဲဒါ…သူ အသက်ထွက်ခိုက်မှာပေါ့။ ဒေါသနဲ့သေ ငရဲပြည်ဆိုလား။ ငယ်ငယ်က ဖတ်ခဲ့တဲ့စာ မမှတ်မိတော့ပေမယ့် အဆုံးခဏ သေငင်ဇောမှာ ဒေါသရင်ဝယ်ပိုက်မိလို့ ယုတ်ညံ့ဘဝကို လက်ခံရ။

စာမျက်နှာတစ်ဖက်လှန်လိုက်တဲ့အခါမှာတော့ မျက်ထောင့်နီနဲ့ အရိပ်မဲ့ ခွင့်မလွှတ်နိုင်တဲ့ ဘီလူးရယ်။  သူ တကယ်ပင်  ဧကန်မုချ ဘီလူးဖြစ်ခဲ့လေပြီ။ စိတ်ထားဟာ ပုံပျက်ပန်းပျက်၊  အတွေးအခေါ်တွေ  ရုပ်ဆိုးပန်းဆိုး၊ အမျက်ပိုးတွေ ဗလပွ။  ဘီလူးအဖြစ်ကို မရှက်နိုင်အောင် ဒဏ်ရာသည်းပို။

သတ်ခဲ့သူ၊ လက်ပိုက်ကြည့်ခဲ့သူများ၊ ရယ်ပွဲဖွဲ့သူတွေဆီက လျော်ကြေးပြန်ရမှ ဖြစ်မယ်။ အမှန်တရားကို လိုချင်တယ်။ ငါ့ရွှေခွက်ပြန်ပေးလို့ လောဘရုးက ဆိုသလို ဘီလူးမိုက်ကလည်း  “ငါ့ ဂုဏ်သိက္ခာကို ပြန်ယူမယ်” လို့ ရယ်စရာဆိုနေတာ။

ရောဂါ။ ဆေးမတိုးတဲ့ အတ္တနာ။ ဘယ်လို အမြင်မှန်ရနိုင်ပါ့မလဲ။  သိမ်ငယ်တဲ့စိတ်ညှိုးမှာ မီးဟုန်းဟုန်းတောက်နေ။ မာကျောပူပြင်းနေတဲ့ ဘီလူးမျက်နှာမို့ သူ့အသွင်သူမမြင်ဝံ့လောက်အောင် ကြောက်စရာ။ ရွံစရာ ။ အော့နှလုံးနာစရာ။ ဒါပေမယ့် ဘာတရားမှ မကူနိုင်ပြီ။ တယ်… ငါ သတ်လိုက်ရ။

ညှင်းပန်းမှုဓာတ်လိုက်ခံခဲ့ရ။ အရှင်လတ်လတ် လောင်တိုက်သွင်းခံခဲ့ရ
ပေမယ့်  ရာဇဝတ်မှုမမည်သော တိုက်ခိုက်ခံရခြင်းမို့ လူဘုံမှာ ဘယ်တရားရုံးမှာမှ စွဲချက်မတင်နိုင်ခဲ့တဲ့အမှု။ အသေအချာပေါ့။ ပြက်ရယ်ပြုခံရက  သေဆုံးခဲ့ရတဲ့ အမှုကို မျှတမှုပြန်ယူမယ်။ ဥာဏ်နည်းသူမို့ အကြမ်းဖက်နည်းနဲ့သာ အမှန်တရားကို ဖော်ထုတ်ရတော့မှာ။ 

သူက အခု အရုပ်သာသာလူ မဟုတ်တော့ဘူးလေ။  ဘီလူးတစ်ကောင်ဖြစ်ခဲ့ပြီ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ မျက်နှာဖုံးကို ဖြတ်ခွဲဆုတ်ပြီး  မြေမှာနင်းပြမယ်။ လူမြင်ကွင်းမှာ ငါ့ရင်ကိုဆုတ်၊နှလုံးသားကို ထုတ်ကာ  အစိတ်စိတ်အမွှာမွှာ ဖြိုခွဲနေတာကို မြင်လျှက် ရယ်မောလက်ပိုက်ကြည့်နေသူတွေ…။ စီးဆင်းနေတဲ့ ငါ့နှလုံးသွေးတွေအပေါ်မှာ ခြေစုံရပ်ပြီး နွားရိုင်းကို ဘဝဂ်ညံအောင် သြဘာပေးကြ။ လက်ခုပ်မိုးတွေ ရွာချတာတွေ..  သူဘယ်လို ဖြေဆည်နိုင်ပါ့မလဲ။

ခက်တာက  လူအယောင်ဆောင်သူများမှာ သရုပ်ဆောင်ကောင်းလွန်းတာမို့ အနားမျှ  မသီနိုင်။ ခြွေရံသင်းပင်းတွေဝန်းရံနေခိုက်မို့  အကြံမထမြောက်။ ဘုန်းရှိန်နိမ့်ခိုက် ခဏကြုံမလား ။ သူသေစဉ်က လက်ပိုက်ကြည့်ခဲ့သူများကို ဂုတ်ချိုးပစ်ရမှ ကျေနိုင်မယ်။ ခါတော်မှီသံယောင်လိုက်ကာ စာနာစိတ်သုဉ်းနေတဲ့သူတွေကို အရေခွံခွာပစ်ရမှ ဘဝင်ကျနိုင်မယ်။ ဆင်ခြင်ဥာဏ်အလင်းမဲ့ အရှက်အကြောက်ယဲ့ယဲ့သာရှိသူတွေရဲ့ အရိုးကိုနှုတ်ကာ တစ်ကိုယ်လုံးနုတ်နုတ်စင်းလို့ အမှုန့်ခြေပစ်ရမှ ရွှင်နိုင်မယ်။  တစ်ကိုယ်တော် ဘီလူးဆိုင်းတီးကာ ရင်ဘတ်နာတရှိန်ရှိန်နဲ့ ရမ်းချင်စိတ်ပြာလောင်ခတ်ကာ လိုက်လံချောင်းမြောင်း။ 

ဒီလို ဘီလူးကြိမ်း ကြိမ်းကာ  ဟန်ရေးပြနေပေမယ့်  တကယ်စင်စစ်မှာတော့ ကိုယ့်စည်းကိုယ်ဝိုင်းကာ တစ်လှမ်းမျှ မထွက်နိုင်ပြန်။ ခံတွင်းက အားပြင်းလောင်မြိုက် အလျှံငြီးတဲ့ မီးတောက်တွေ အခိုးတလူလူထွက်နေလည်း သံလျှက်ကို မထုတ်နိုင်။  ဘီလူးပါတဲ့။ သြော်… အင်း….. ။  လူတွေကို မြင်ရင် ရင်ထဲမှာ မီးမဆုံးအောင် လောင်လွန်းတာမို့ တော်ရာမှာ ပုန်းရတဲ့ ဘီလူး။ တောထဲတောင်ထဲမှာ နေခိုက် လူရိပ်လူရောင်မြင်ရတိုင်းမှာဒေါသနောက်နောက်နဲ့ စိတ်ရူးဖောက်မိမှာစိုးကာ ကိုယ့်အစွယ်ကိုယ်ပြန်ချိုးနေတဲ့ ဘီလူး။ ဘီးလူးအလုပ်ကို  လက်တွန့်စိုးရွံ့လွန်းတဲ့ ဘီးလူးရယ်လေ။  ကဲ သေသင့်ပြီ မဟုတ်လား။  တော်ရာမှာ တစ်ဘဝငြိမ်းလိုက်တော့။



လူသိရှင်ကြား မဆိုနိုင်လို့  နှလုံးသားထဲမှာတော့ စကားလုံးတွေ ဗြောင်းဆန်ကာ ဝုန်းဒိုင်းကျဲအော်ဟစ်နေလည်း အသံမထွက်နိုင် ကြားသူမဲ့ ကူရာမဲ့ဘီလူးမို့  မနိုင်ဝန်ထမ်းနေတာ ရယ်စရာကောင်းလွန်းနေပြီ။  ဟုတ်တယ်မဟုတ်လား။  အမှန်တရားကို ရှာဖွေလိုသော ၊ တရားမျှတလိုသော ၊ ကိုယ့်ကိုယ်ကိုယ်လေးစားသော ဘီလူးတစ်ကောင်သာဖြစ်ပါတယ်ဆိုတဲ့ ဆင်ခြေတွေကလည်း ပြဇာတ်ဆန်နေပြီ။  ရင်ဘတ်မှာအခွံမဲ့  ဘီလူးတစ်ကောင်မို့ ဇိဝန်ကြွေသင့်တာကြာပြီ။ ဖြေဖျော်မှုနုံချာတဲ့ ဘီလူးမို့ တကိုယ်တော်ဘီလူးဆိုင်းထွက်နေခြင်းကို ကန့်လန့်ကာချသင့်ပြီ။  ဥာဏ်နည်းသူ ဘီလူးရယ်မို့ အရူးရွာမှာ တရားပျောက်ရှာခန်းကို ရပ်တန်းက ရပ်သင့်ပါပြီလေ။...။

မယ်ကိုး

6 comments:

Junemoe said...

ပုံပြင်လေး ဖတ်သွားတယ် အမရေ... :D

ခင်လျက်
ဂျွန်မိုး

လွင်ပြင်လှိုင်းငယ် said...

ဖတ်ရှူ့လေ့လာ သွားပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘီလူးတွေ များနေပြီ..

rose of sharon said...

တခါတခါကိုယ့်ဘဝမှာ ကိုယ်ကအဲလိုဘီလူးမျိုးဖြစ်နေတတ်တယ် မယ်လေးရယ်...

Anonymous said...

ထပ်ကာတလဲလဲဖတ်ပြီး
ထပ်ကာတလဲလဲတွေးရတော့မှာလား
အခုလေးတင်ထမင်းစားပြီးကာစမို့
ကိုယ့်ကိုကိုယ် ? လို့ လရေးနှစ်ချောင်းငင်လူလား
ဘလုံးကြီးဆံခတ်နှစ်ချောင်းငင်ဝစ္စနှစ်လုံးပေါက်လားးးးးးးးး


မောင်ဘကြိုင်

Saw Thin Mya Hlaing said...

သံလျှက်နဲ့စေပိုင်ခွင့်ရှိလည်း မစေနိုင်
မီးစွယ်နဲ့ ခြောက်နိုင်ခွင့်ရှိလည်း မ၀ံ့

နှလုံးသားစေရာ မရုန်းနိုင်တဲ့
ဘီလူးမို့ပါ မယ်ရေ