19 November 2011

အသင်နားလည်ရန် မလိုအပ်သော မိန်းမတစ်ယောက်



ရည်ညွှန်း။  ။ အုတ်ဂူကို တံတွေးထွေးနေကျ အသင်များသို့ …



“တံတိုင်းရဲ့  အပြင်စည်း”



နှစ်သစ်မှာ
တကိုယ်တော် နှုတ်ခွန်းဆက်စကားက
“လောကမှာ ငါမရှိလည်း ဖြစ်တယ်”တဲ့


ကျွန်မအတွက်တော့
ဘဝဆိုတာ ပျားရည်နဲ့  ပေါင်းခံထားတာသာ...


ရနံ့ မွေးကာ ရသာချိုနိုင်ပေမယ့်
မွန်းကျပ်ရင်း သေဆုံး...


အညတရသင်္ခါရနဲ့
ဖြစ်ပျက်ခြင်းသစ္စာကို ခါးသီးလို့ 
သေကြောင်းကြံရတော့မလား...


နောက်နှစ်မှာ စဉ်းစားမယ်။ ။
မယ်ကိုး
(http://www.maecoe.net/2009/06/blog-post.html)


ငယ်စဉ်က မာသာထရီဆာဖြစ်ချင်ခဲ့ပေမယ့် အခုချိန်မှာ ဗာဂျီးနီးယားဝုဖ်*လို အကျီအိတ်ထဲ ကျောက်ခဲများအပြည့်သယ်ကာ ရေစပ်ကိုသာ ဆင်းချင်မိတာ။ ကျေးဇူးပြုပြီး အကုသိုလ်ငရဲ၊ ဆင်းရဲမွဲတေခြင်းများနှင့် ပရဟိတစွန့်လွှတ်မှုများကို ကျွန်မကို လာမပြောစေချင်ပါ။ ကိုယ်လက်အင်္ဂါချို့တဲ့သော်လည်း ဘဝမှာပျော်ရွှင်အောင်မြင်နေသူများအကြောင်းကို ကျွန်မကို တရားမဟောခင် တခြားသူတွေရဲ့ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာခံခဲ့ရသူတွေဟာ နာကျင်မှုသည်းခံစွမ်းမြင့်လာပြီး ကိုယ့်ကိုကိုယ်ရန်ရှာတဲ့ အတွေးတွေ ရလာခဲ့တယ်ဆိုတဲ့အကြောင်းကို  အသင် သုတေသနပြုစေချင်ပါတယ်။


“ ပုန်းသူ”



ဗာဂျီးနီးယားဝုဖ် *
မြစ်ကမ်းမှာ ခြေမချခင်
ရင်ခွင်အိမ်မှာ ဘာတွေပွင့်ဝေခဲ့လဲ။


ဆီလ်ဗီယာပလာသ့် **
ဓာတ်ငွေ့ ခလုတ်ကို မဖွင့်လှည့်ခင်
နှလုံးသားနံရံမှာ ဘာတွေ ချိတ်ဆွဲခဲ့လဲ။


အမှန်တရားတဲ့လား။


ခေါင်းခါ မျက်နှာလွှဲ
ဘယ်လို အသွင်ပြောင်းကာ အိပ်မွေ့ ချ
ရှင်တို့ လို ပဲ ကျွန်မလည်း ပကတိမြင်တယ်။


သို့ ပေမယ့် လည်း
မပြင်ဆင်ရသေးဘူးကွဲ့ ။


နက်မှောင်စူးခါး ကြောက်လွန်းလှချည့်...


“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောနဲ့ ။.........


မယ်ကိုး
* Virginia Woolf
** Sylvia Plath

(http://www.maecoe.net/2009/07/blog-post_12.html)


အဘယ်သံလိုက်ဓာတ်နဲ့မှ ဒီကမ္ဘာနဲ့ ကျွန်မအကြား ဆွဲငင်မထားပါ။ ဒီလောကမှာ ကျွန်မအရိပ်ကွယ်သွားလျှင် ကျွန်မကို တစ်ခါမှ လာမတွေ့ဖူးသော အဖေဆိုသူမှာ  အပြစ်လွတ်သွားသလို စိတ်သက်တောင့်သက်သာဖြစ်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့အတိတ်ပြန်ရောက်ချင်တယ်။ အပျိုပြန်ဖြစ်ချင်တယ်။ ဘဝအသစ်စချင်တယ်လို့ ယနေ့ထက်တိုင်ဆိုဆဲဖြစ်သော အမေကတော့ ခဏမျှ စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။ ကျွန်မအမြဲ မှီခိုနေသော တစ်ဦးတည်းသောအစ်မကမူ နာရီဝက်မျှငိုနိုင်သော်လည်း ဝန်ပေါ့သွားလို့ စိတ်ကြည်လင်သက်သာရာ ရသွားမှာဖြစ်ပါတယ်။ ကျွန်မကို မချစ်သောသူကမူ ကျွန်မရဲ့ စိတ်ကောက်လို့ ရေးသော၊ စိတ်ဆိုးလို့ရေးသော၊ စိတ်နာလို့ရေးသောစာများနဲ့တကွ ကျွန်မပျောက်ကွယ်သွားသဖြင့် ချမ်းမြေ့ပျော်ရွှင်သွားပါလိမ့်မယ်။


"အများနှင့် သက်ဆိုင်သော" 


Action!
ဖြူရော်ရည်သွေးတွေရဲ့ ဂိုဒေါင် ၊
မျက်လုံးတောက်တောက်နဲ့ စိတ်စုတ်ဖွားနေသူ
အဝတ်ပေါက်နဲ့ အိမ်စဉ်မလျှောက်ပေမယ့်
စုန်းကြောက်တတ်သူလေ
“ပြန်မလာတော့ဘူး” ဆိုလား
အသံမဲ့အော်ဟစ်…


ကန့်လန့်ကာဖွင့်ရင်
အမေ ငိုချင်ငိုလိမ့်မှာ… ခဏတာ။


Cut!
လက်ကောက်ဝတ်ပေါ် ဓားမတင်ခင်
အရသာခံ ပြုံးချင်သေး…တကယ့်စေတနာ။


Done!
ငါ့ရန်သူဟာ ငါပါ။
ငြိတွယ်မှုကျောက်ဆောင်မှာ အရှင်လတ်လတ် ကြေမွသွားတဲ့ မြှားတစ်စင်းရယ်။
ကြက်ခြေခတ်လို အကျည်းတန်တဲ့ ဂုဏ်ထူးလွှာကိုတော့
မျက်နှာဖုံးချိုတဲ့ ချစ်သူလေးဆီသာ လွှဲလိုက်ပါကွယ်။…။


မယ်ကိုး
(http://www.maecoe.net/2011/05/blog-post_28.html)


အသေချာဆုံးမှာ ကျွန်မလွင့်စင်ပျောက်ကွယ်သွားသဖြင့် ပူဆွေးဗျာပါဒခံစားရမယ့်သူ တစ်ဦးတစ်လေမျှ မရှိခြင်းရယ်။ ထို့ကြောင့်သေကြောင်းကြံစည်သူတိုင်းမှာ ကျန်ရစ်သူတွေကို အပြစ်ရှိတဲ့ မသိုးမသန့်ခံစားလိုစိတ် ခံစားစေချင်လို့  မသိစိတ်နဲ့ ကလဲ့စားချေတာလို့ မသမုတ်စေလိုပါ။ ချစ်သူမဲ့ကာ မုန်းသူများသော လေထုညစ်ညမ်းထဲမှာ အသက်မရှုတော့လိုခြင်းသာဖြစ်ပါတယ်။ မျက်နှာဖုံးတွေကို ဆက်လက်မတပ်ဆင်နိုင်တော့လို့ ချွတ်ပစ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

ကျွန်မရဲ့ဖြစ်တည်မှုမှာ ရှင်းသလို ရိုးရိုးလေးသာ ပျောက်ကွယ်သွားလိုခြင်းသာ ဖြစ်ပါတယ်။ လောဘဒေါသကကွက်များကို ငြီးငွေ့ပင်ပန်းလို့ အနားယူသွားခြင်းသာဖြစ်ပါတယ်။ ဒါကို ရှုံးတယ်၊ မိုက်မဲတယ်လို့ သင်သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်။ သင့်ကိုယ်သင်လိပ်ပြာလုံတယ်ဆိုရင်  ပြကွက်လုပ်သွားတယ် ဆိုပြီး စွပ်စွဲပြောဆိုနိုင်ပါတယ်။ ခွန်းတုံ့မပြန်နိုင်တဲ့ ကျွန်မကို အလွတ်ကျက်ထားတဲ့ စကားလုံးတွေနဲ့ ထပ်ဆင့်ပြီး လှောင်ပြောင်၊ရှုတ်ချ၊အရှက်ခွဲ ၊ စော်ကားနိုင်ပါတယ်။ သေသူကျွန်မကတော့ ရင်ဘတ်ဟောင်းလောင်းနဲ့ အရာရာသိနားလည်ချင်ယောင်ဆောင်သော အသင်တို့ဝေးရာမှာ ပြုံးနေပြီ ဖြစ်ပါတယ်။…။





မယ်ကိုး

9 comments:

Anonymous said...

သေကြောင်းကြံစည်တယ်ကြားတိုင်း
စိတ်မကောင်းဖြစ်ရတယ်အစ်မရေ..
အထူးသဖြင့်..ကိုယ့်မြန်မာတွေပေါ့
ဝဠ်ကျွေးကြောင့်ဆိုရင်လည်း
ဒီဘ၀.ဒီခန္ဓာက.နောက်ဆုံးပဲဖြစ်ကြပါစေ
လေးစားလျှက်
မိစံ

khin said...

ကျေးဇူးတင်ပါတယ်..မယ်ကိုး....Professional တစ်ခုအတွင်းခံစားနားလည်ပေးတဲ့စားရေးသူတစ်ယောက်မို`့အရမ်းလေးစားပါတယ်

June Moe said...

အရမ်းကောင်းတဲ့ စာသားလေးတွေ ဖတ်သွားတယ် အမရေ...။ တကယ် Professional ဆန်တယ်ဗျာ။

ခင်လျက်
ဂျွန်မိုး

T T Sweet said...

မယ်ကိုးရေ ရင်ငြိမ်းပွင့် ကိုယ်စားများ ရေးပေးနေတာလား။

သဒ္ဓါလှိုင်း said...

မမယ်ကိုး
အရမ်းကြိုက်တဲ့စာသားလေးတွေပါ။ အရမ်းလေးစားပါတယ်။ အထပ်ထပ်ဖတ်လို့တောင် အားမရနိုင်ဘူး။
ခင်မင်လေးစားလျက်
သဒ္ဓါ

Anonymous said...

နောက်ဆုံးတော့ အသက်ရှင် ကျန်ရစ်သူ သာလျှင်ဘ၀ကို အကောင်းဆုံး အနိုင်ယူသူသာ ဖြစ်တယ်။
ရွက်ကျပင်ပေါက်လို ကျတဲ့နေရာမှာ ရှင်သန်နိုင်တာဟာ အကောင်းဆုံး အနိုင်ယူခြင်း တမျိုးပါပဲ။
မင်းတို့ မရှိလည်းဖြစ်တယ် ဆိုတာကိုပါ။
မင်းတို့ မျှော်လင့်ထားသလို ငါဟာ ကျရှုံး မသွားဘူး။
ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတယ် ဆိုတာကို ပြရင်းနဲ့ကို အနိုင်ပိုင်းရမယ်။
မျက်ရည်ကျတယ် ဆိုရင်တောင် စိတ်မကောင်းလို့ ပဲရှိမယ်။
လိုချင်တာ တခုခုကို ငိုယိုပြီး တောင်းခံမိတာမျိုး လုံးဝ မဖြစ်စေရဘူး။
ဘဝကို စိတ်မကောင်း မဖြစ်ပါနဲ့၊ ဘဝနာတဲ့သူတွေ အများကြီး ပါ။ ကိုယ် တယောက်တည်း မဟုတ်ပါဘူး။

ရိုးမြေကျ said...

ဒီစာသားတွေက အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်မှာ ထည့်ခဲ့တဲ့စာသားတွေမလား မယ့်။ မယ်ကိုးကို ရှာဖွေရင်း ရှာဖွေရင်း ပိုပိုစိတ်ဝင်စားစရာကောင်းလာတယ်။

Zun Ngal said...

ကောင်းတယ်ဆိုတာထက် ကောင်းတယ်။

Anonymous said...

nice!