ဆရာတော်ဦးဇောတိကဟောတဲ့ တရားတစ်ပုဒ်ထဲက “အကောင်းဆုံးစာအုပ်ကို
အရင်ဆုံးဖတ်ပါ။ နောက်ဆို ဖတ်ဖို့အချိန်ရှိမှာ မဟုတ်တော့ဘူး” ဆိုတဲ့ စကားကို
စွဲမြဲမှတ်ထားသော်လည်း မိုက်လုံးကြီးဆဲ ကျွန်မမှာ စာတစ်ပုဒ်ကို မြင်လျှင်
မစဉ်းစားဘဲ Facebook မှာ တင်သမျှ blogတိုင်းက တွေ့သမျှ စာများကိုလည်း ဖတ်သေးတာ ။
ဝတ္တုဆိုရင် ပြောဖွယ်ရာ မရှိတော့ ။ The Lord of the Rings စာအုပ်တွဲကို
ဖတ်မယ်လို့ ပြင်တုန်းကလည်း “မဖတ်ပါနဲ့ကွာ” လို့ အပြောခံရတာ မှတ်မိနေသေး။
ကျွန်မကို ဆပ်ပြာပူဖောင်းဦးနှောက်လို သဘောထားပြီး ဟိုစာအုပ်ဖတ်ပါလား၊
ဒီစာအုပ်ဖတ်ပါလားလို့ ပြောလာရင်တော့ အသည်းတယားယားနဲ့
တမင်ရွဲ့ကာမဖတ်ဘဲနေလိုက်သေး။
ထိုသို့ဆိုးသော ကျွန်မကို
ခေတ်ပေါ်ကဗျာမရေးတတ်ဘူးလို့ ထင်သော ကဗျာဆရာတစ်ယောက်က
မြန်မာခေတ်ပေါ်ကဗျာစာအုပ်တွေ ပို့ပေးလာတော့ စေတနာကို တန်ဖိုးထားသော်လည်း
စောင်ပေပေဖြင့်ပင် ထိုစာအုပ်များကို လှည့်မကြည့်။ ထိုသို့
မကောင်းရာမကောင်းကြောင်းတွင် ထူးထူးချွန်ချွန် ခေါင်းမာတတ်သောကျွန်မမှာ အခုလည်း
စာမေးပွဲရှိတဲ့အကြားက မိဘတွေကို အရွဲ့တိုက်ပြီး ဆော့ကစားကာ
ပျော်ရွှင်နေသောကလေးလို ညံ့မယ်လို့ ထင်ရသော သူမစာအုပ်ကို သဘောတကျဖတ်လေတာ။
သူမဆိုတာ ဆယ်ကျော်သက်အရွယ်တည်းကပင် ကျွန်မချစ်ရပါသော အမျိုးသမီး- ဟီလာရီဒါ့ဖ် (Hilary Duff)။
သူ့ကားတွေ ညံ့ပါတယ်လို့ ဝေဖန်ရေးသမားတွေက ဘယ်လောက်အမှတ်ပေးထားစေကာမူ
နည်းနည်းမှဂရုမစိုက်ဘဲ ချစ်မက်စွာစောင့်ကြည့်မြဲသော သူမပရိသတ်တွေထဲမှာ
ကျွန်မလည်း တစ်ယောက်အပါအဝင်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်ကာ
သူမသီချင်းများကိုလည်း မျှဝေခံစားခဲ့သလို အခုသူမရေးတဲ့
ပထမဆုံးဝတ္တုစာအုပ်ကိုလည်း ချစ်လို့ဖတ်ခဲ့ပေမယ့် အထင်နဲ့အမြင်ဟာ
သီသီလေးလွဲလေတာ။ ထိုစာအုပ်ကို ကျွန်မ အမှန်ပင် နှစ်လိုမိလေရဲ့။
သိပ္ပံနည်းနဲ့
ဖြေရှင်းလို့မရတဲ့ အရာတွေ၊ နောက်ဘဝတွေ၊ သရဲတစ္ဆေကအစ နတ်သားနတ်သမီးအထိ
စိတ်ဝင်စားတယ်ဆိုတဲ့ သူမရဲ့ စာအရေးအသားက မညံ့သလို ဇာတ်ကွက်ကလည်း လျှို့ဝှက်ချက်များနဲ့ လှတာ။
သိပ္ပံဝတ္တုခေါင်းစဉ်အောက်မှာ ပါဝင်ပေမယ့် သဘာဝလွန်ဖြစ်ရပ်များအပေါ်မှာ
အခြေခံထားသော အချစ်ဇာတ်လမ်း။ ငါးဘဝမြောက်ချစ်သူ၊ ထာဝစဉ်နုပျိုရှင်သန်ခြင်း။ ရိုးရှင်းသော ဝေါဟာရ၊ လွယ်ကူသော ဝါကျများဖြင့်သာ ဖွဲ့ထားသဖြင့် အထင်သေးချင်ကြသော တစ်ချို့လူတွေ သရော်လှောင်ကြမယ့် စာအုပ် ။
ကျွန်မ စိတ်ဝင်စားသော မှော်လိုလိုနည်းပညာတွေ ၊ရှေးဘဝတွေ၊ ဖူးစာရေစက် နဲ့ တင်ဆာဆင်ထားတဲ့အပြင်
ကျွန်မရဲ့ အိပ်မက်တွေကို သတိရစေသော စာအုပ်။ ပြီးတော့ ကျွန်မနဲ့
မသက်ဆိုင်သဖြင့် ခါးသီးသောစကားလုံး soul mate ။ဘာပဲဖြစ်ဖြစ် သူမရေးတာ
ဆိုတဲ့ တစ်ချက်နဲ့ပင် ထိုစာအုပ်ကို ကျွန်မ ချစ်လေပြီ။ သူမက Elise Allen နဲ့ တွဲရေးထားတာမို့ သူမရေးတာ
ဘယ်လောက်အစိတ်အပိုင်းပါမှာလဲလို့ သံသယနဲ့စွပ်စွဲပြောဆိုသူတွေလည်း ရှိရဲ့။
ကျွန်မကတော့ သီချင်းလည်းရေးတတ်သော၊ အနုပညာရည်ပြည့်သောသူမ ကို ယုံကြည်ကာ ၈၀%
က သူမရေးတာဖြစ်မယ်လို့ကို ချစ်စိတ်နဲ့ စွဲမှတ်ထားတာ။ သူမရဲ့ ဇာတ်လမ်းမှာ
သဘာဝလွန်ဖြစ်ရပ်များ၊ စိတ်လှုပ်ရှားဖွယ် မြုပ်ကွက်များစွာဖြင့် မဆုံးသေးဘဲ ၊ science fiction ခေါင်းစဉ်အောက်ရောက်သွားတဲ့ ဒုတိယမြောက်စာအုပ် devotedမှာ ပြီးခဲ့တဲ့လက နောက်ဆက်တွဲ အဖြစ်ထွက်လာတော့လည်း ဖတ်ရတော့မယ် ဆိုပြီးတော့လည်း ကြံဖန်ဝမ်းသာမိသေးတာ။ အဲဒီစာအုပ်ကို
မရမက ရှာဖတ်ဦးမှာ။
ထို့အတွက် လေးနက်သောစာကိုမှ
ဖတ်ပါတယ်လို့ လက်မထောင်သူတွေ အထင်သေးနှိမ့်ချမယ်ဆိုလည်း ကျွန်မကတော့ အရေးထားမယ် မဟုတ်ပါ။ ကြေကွဲစရာတွေ များလွန်းသော လူ့ဘဝရဲ့ သဘာဝမှန်ဖြစ်စဉ်များကို
တခါတရံ မမြင်မကြားလိုတော့တာ အပြစ်ရှိပါသလား။ နတ်သမီးပုံပြင်တွေကို ချစ်တဲ့
အတွက် အထင်သေးချင်ပါသလား။ ကျွန်မအပေါ် ဘယ်လိုအမြင်ပဲထားရှိကြပါစေ အားလုံးကို လျစ်လျူရှုကာ
အသက်ရှင်တုန်းခဏ ရိုးသားစွာပဲ နေပျော်အောင် နေပါဦးမယ်။
အေးခဲကြမ်းတမ်းသော
လေပြင်းထန်ရိုင်းရိုင်းအောက်မှာ ထိုသို့ လှပသာယာယောင်ဆောင်ထားသော ပြတင်းပေါက်ကလေးများကို ပိတ်ထားပြီး
ကျွန်မ မရှင်သန်ချင်ပါ။ ဒီစာအုပ်ကို ကျွန်မအညွှန်းရေးတဲ့အတွက်
ကဲ့ရဲ့တင်းဆိုမယ်ဆိုလည်း မမှုပါ။ နူးညံ့ဆွတ်ပျံ့ဖွယ်ကောင်းသော စာကိုလည်း ရေးတတ်သော သူမရဲ့ သစ္စာရှိသော ပရိသတ်တစ်ဦးမို့ သူမရဲ့ အနုပညာစွမ်းရည်ကို ချီးကျူးလိုစိတ်ဖြင့် ဒီစာကို ရေးလိုက်ပါပြီ။…။


9 comments:
မယ်ကိုးချစ်တယ်ဆိုတဲ့ အမျိုးသမီးကို တီဆွိကတော့ မသိလို့ ဂူဂဲလ် လိုက်ရတယ်။ ရုပ်ရှင်တွေလည်း မကြည့်ဖြစ်တာကြာပြီ။ လှတော့ တော်တော်လှတယ်နော်။ လှတာတော့ ကြိုက်၏။
Hilary Duff ပုံလေးကို ကြည့်ပြီး သူမရဲ့မျက်လုံးလေးကို ထွင်းဖေါက်ကြည့်မိတယ်။
စာရေးတာကိုက ရေးသူရဲ့တနည်းတဖုံ ရင်ထဲကလာတဲ့ သံစဉ်လေးတွေပဲလေ၊ တန်ဖိုးထားမိတယ်။
ခင်မင်လျက်
သဒ္ဓါ
Hilary Duff is so beautiful. She was a child actress too. I'm interested to read her book after reading your book review, sis :)))
ဗဟုသုတမကြွယ်တော့ တီတင့်မသိဘူး မယ်ကိုးရေ။ ဘယ်လိုဖြစ်ဖြစ် ဗဟုသုတအဖြစ်ဖတ်ခွင့်ရလို့ ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရေ အညွှန်းကြည့်ပြီး ညီမလေးတောင် ဖတ်ချင်နေပြီ..E လို မကောင်းတော့ နားမလည်ရင် ဒုက္ခနော်..အဲ့လို မှော်ဆန်ဆန် ဘဝ အဆက်ဆက်အကြောင်းတွေက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်
ချစ်တဲ့
အိမ်မက်
စာအုပ်တော့ ဖတ်ဖူးဘူး မယ်ရယ်..
ချောတာတော့ သဘောကျတယ်..
smart ဖြစ်တယ်လို့လည်း ထင်တယ်..
သူ့ကိုသဘောကျလို့ သူ့နာမည်နဲ့ ရေမွှေးလေးခု သုံးနေတာ
အမြဲတောင် မဆွတ်ဘူးရယ် နှမြောလို့
အနံ့လေးကို သိပ်သဘောကျတာဘဲ
ဒါလေးဆွတ်ထားရင် စိတ်ကို အေးချမ်းနေစေတာလို့ ကိုယ့်ကိုယ်ကို ထင်မိတာ။
(ပိုစ့်နဲ့တော့ မဆိုင်ပေမဲ့ ကိုယ်လည်း သူနဲ့ပတ်သက်တာဆိုလို့ ရေမွှေးလေးလရှိလေတော့ သတိတရ ပြောသွားမိတာပါ)
ချီးကျုးထိုက်သူကိုချီးကျူးခြင်းသည်လဲ မင်္ဂလာတစ်ပါး ပါပဲ အမမယ်ကိုးရေ ..
သူ့သီချင်းတွေကို ကြိုက်တယ်... သီချင်းဆိုတဲ့ စတိုင်လဲကြိုက်တယ်....Child actor အဖြစ် သိပင်မဲ့ Cinderella story မှာ စပြီး သတိထားမိတယ်... Die hard fan မဟုတ်ပင်မဲ့ မဗေဒါကြိုက်တဲ့ မင်းသမီးထဲမှာပါတယ်...
နောက်ပိုင်း ပိုကြိုက်တာက (ဘာမဆိုင် ညာမဆိုင်ပါ)သူနဲ့ ဟိုထောင်ထဲဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ မင်းသမီး လင်ဆေးလိုဟန် (Linsay Lohan) နဲ့ က Aron Cater ကို လုခဲ့လို့ မတည့်ဘူးတဲ့... အမှန်တော့ Hilary နဲ့က အစက ချစ်သူတွေကို ဟိုတစ်ယောက်က ၀င်လုတာလို့ပြောတယ်... အဲဒါနဲ့ ဘာမဆိုင်ညာမဆိုင် သူ့ဘက်က ရပ်တည်ပြီး သဘောကျသွားတာ...
ခုတော့ ဖေ့ဘွတ်မှာ သူ့ကို အက်ထားတယ်... သူ့ယောကျာင်္းနဲ့ ခရီးတွေထွက်နေတဲ့ အကြောင်းတင်တာ ပြီးခဲ့တဲ့လလောက်က တွေ့လိုက်တယ်...စာရေးတာတော့ အစ်မပြောမှသိတယ်... မဗေဒါကတော့ သူ့ ရုပ်ရှင်တွေမျှော်နေတာ မရိုက်တော့ဘူးလား မသိဘူး...
i like here since her first album metamorphosis, then lizzy macguire and so on
and also like the way u write mae coe keep it up
Post a Comment