Tell me who you love and I will tell you who you are.
-Houssaye
လူတစ်ယောက်ရဲ့ အကြိုက်ကို ကြည့်ပြီး သူ့ရဲ့ ဥာဏ်အဆင့်အတန်းကို ဆုံးဖြတ်မယ်ဆိုပါရင် ကျွန်မမှာ နလပိန်တုံးအစစ် ဧကန်ဖြစ်ပါလိမ့်မယ်။ အခုလည်း ကိုရီးယားက ဖြေဖျော်သူအနုပညာရှင်တွေထဲမှာ ဘယ်သူ့ကို ကြိုက်လဲလို့ မေးရင် ကျွန်မက “ ဟွမ်းဘို (HwangBo)” လို့ မဆိုင်းမတွ ဖြေဦးမှာ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာမှာ တစ်ခြားသူတွေထက် ပိုပြီး ထူးခြားပြောင်မြောက်မနေပါ။ သီချင်းဆိုလည်း အကောင်းဆုံးမဟုတ်သလို အကလည်း အလှဆုံးမဟုတ်ပေမယ့် ဘာကြောင့်သူမကို ကျွန်မအပါအဝင် သူမရဲ့ပရိသတ်များက အသည်းစွဲချစ်နေပါလဲဆိုရင် သူမရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် လို့ ဖြေကြမှာ ဖြစ်ပါတယ်။
စေတနာဖြူဖြူနဲ့
ပရဟိတလုပ်ငန်းများမှာ ကူညီတတ်သော သူမကို reality show တစ်ခုမှာ
တစ်နှစ်နီးပါးမြင်ရပြီးနောက် အပြင်ပန်းခက်ထန်ကာ အေးဆေးတယ်လို့ ထင်ရပေမယ့် ပွင့်လင်းပူနွေးသော နှလုံးသားပိုင်ရှင် သူမအကြောင်းကို ကျွန်မတို့
ထိတွေ့မြင်သိလိုက်ရလို့ ဖြစ်ပါတယ်။ လှပတင့်တယ်ကာ ဆွဲဆောင်မှုရှိသော ရုပ်ရည်အဆင်းရှိပေမယ့်လည်း ပွင့်လင်းရိုးဖြောင့်သော စရိုက်ကြောင့်
ယောက်ျားဆန်သူလို့ နာမည်ရသူလည်း ဖြစ်ပါတယ်။
ကိုရီးယားမင်းသမီးတွေထဲမှာ ရှားရှားပါးပါး စကားကို ချွဲနွဲ့မပြောတတ်သလို ချစ်စဖွယ်ကောင်းအောင် အမူအရာမလုပ်သော၊ အရယ်သန်သလို မျက်ရည်လည်းလွယ်သော ၊ လိင်ဆွဲဆောင်မှုရှိသော အပြင်အဆင်နဲ့ အဝတ်အစားများကို ဝတ်ဆင်ထားပေမယ့် မကလက်သော၊ ဘယ်သူနဲ့ မဆို ရဲတင်းသွက်လက်စွာ ဆက်ဆံတတ်ပေမယ့် မညှို့မြူတတ်သော၊ ရင့်ကျက်တယ်လို့ ထင်ရပေမယ့် စိတ်ကူးယဉ်တတ်သော၊ သိက္ခာနဲ့ မာနအကြား စောင့်စည်းရင်းမှာ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသဖို့ နောက်မတွန့်ခဲ့သော သူမ။ ထိုသို့သော နှလုံးရည်များကြောင့် ကျွန်မချစ်ရပါသောသူမ။
ပုဂ္ဂိုလ်ခင်မှ တရားမင်တတ်သော ခပ်ညံ့ညံ့မိန်းမဟု ကျွန်မကို အမည်တပ်လည်း မငြင်းချင်ပါ။ အသက်ဆယ့်သုံးနှစ်သမီးလေးကို ဖြားယောင်းသွေးဆောင်ခဲ့သော ထူးချွန်လှတဲ့ အနုပညာရှင် ရိုမန်ပိုလန်စကီးရဲ့ အနုပညာမြောက်ရုပ်ရှင်ကားများကို နှစ်သက်ပေမယ့် သူ့ရဲ့ပရိသတ်တစ်ယောက်ဖြစ်ပါတယ်လို့ ကျွန်မ ဘယ်တော့မှ ဝံ့ကြွားဖြစ်မယ် မထင်ပါ။ မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိဆိုတဲ့ လောကနိတိစကားကို ဥပမာဆောင်ကာ ချစ်သောသူမရဲ့ ဂီတကို အမြတ်တနိုးနားဆင်မိဦးမှာ။ ခုတလောနားထောင်ဖြစ်တဲ့ သူမရဲ့ သီချင်းလေးက ထားရစ်ခံရသော မိန်းမတစ်ယောက်ရဲ့ ခံစားချက်များရယ်လေ။ သီချင်းလေးနာမည်က “ကျွန်မလှနေပါသေးတယ်” တဲ့။

“သူထွက်ခွာသွားပြီ။ ကျွန်မသူ့ကို သွားခွင့်ပြုလိုက်ပြီ။သူ့ကို မတားဆီးဘဲ မျက်ရည်တစ်စက်မကျဘဲ သူ့ကို သွားခွင့်ပြုလိုက်ပါပြီ။ အချစ်ဇာတ်လမ်းအားလုံး သေဆုံးသွားပြီ။ အခုတော့ တရားလွန်သော အမှတ်တရများဖြစ်သွားပြီ။ ကျွန်မတစ်ကြိမ်လေး မျက်ရည်ကျရုံနဲ့ အားလုံးပြီးသွားပါပြီ။
ကျွန်မကို သိတယ်လို့ ရှင်မပြောပါနဲ့။ ရှင်သိခဲ့တဲ့ ကျွန်မ မရှိတော့ဘူး။မွန်းကျပ်နေတဲ့ အမှောင်ထဲမှာ ဒီနာကျင်မှုနဲ့ ကျွန်မ ကျွမ်းဝင်ပြီးပြီ။ ကျွန်မရဲ့ ပျော်ရွှင်မှုကို တဖန်တွေ့ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကို မေ့လိုက်ပါ။ အိပ်ပျော်နေဆဲ ကျွန်မကို လာမနှိုးပါနဲ့။ ဒီညမပြီးဆုံးခင် ကျွန်မရဲ့ မျက်လုံးတွေ ဖွင့်လိုက်ရင် ပြန်အိပ်နိုင်ပါဦးမလား။
သေဆုံးခြင်းထက် ကျွန်မမုန်းတဲ့စကားလုံးတွေ…။ကျွန်မဘယ်တော့မှ ဖွင့်ဟဖြစ်မှာ မဟုတ်တဲ့ စကားလုံးတွေ…။ “ပြန်လာပါ။ ကျွန်မကို ချစ်ပါ။ ကျွန်မကို ထပ်မံထွေးပွေ့ထားပါ။” ဆိုတဲ့ စကားလုံးတွေ။ တကယ်ပါ။ ကျွန်မဆီက အဲဒီကလေးဆန်တဲ့စကားလုံးတွေကို မမျှော်လင့်ပါနဲ့။ ကျွန်မက အဲဒီလို ( ဆိုတတ်တဲ့) မိန်းမ မဟုတ်ပါဘူး။
ကျွန်မ လှနေသေးတယ်။ပြီးတော့ ကျွန်မ ချစ်စရာကောင်းတယ်။ အခုလေ ကျွန်မ အရမ်းပျော်ရွှင်နေပါတယ်။”
လမ်းခွဲကြပြီးနောက်၊
ဝေးကြပြီးတဲ့နောက်၊ သံသရာအစဉ်အဆက် မဆုံနိုင်တော့တဲ့နောက်
ရှိစုမဲ့စုမာနလေးကို ကျစ်ကျစ်ဆုတ်လို့ ဒီလိုပဲပြောရတော့မှာ။ ဒီလိုပဲ
နှလုံးသွင်းသင့်တာ။ ဒီလိုပဲ အားတင်းရတော့မှာ။ အန္တရာယ်ကင်းသော
စပျစ်သီးချဉ်ခြင်းပါ။ “ကျေးဇူးတင်ပါတယ်။ ကျွန်မကို မချစ်တဲ့အတွက် …။
အခုလွတ်လပ်ပေါ့ပါးစွာ ကျွန်မ ပျံသန်းနေပြီလေ။” သူမသီချင်းကို
နားထောင်တိုင်း ဒီဝေါဟာရတွေ ရင်ထဲမှာ လူးလွန့်လာ။
ဒီသီချင်းသံကြားတိုင်း
“ကျွန်မကို သိတယ်လို့ ရှင်မပြောပါနဲ့။ ရှင်သိခဲ့တဲ့ ကျွန်မ မရှိတော့ဘူး။”
လို့ လိုက်လံရွတ်ဖြစ်ဦးမှာ။ “အခုလေ ကျွန်မ အရမ်းပျော်ရွှင်နေပါတယ်။”
လို့လည်း ကိုယ့်ကိုယ်ကိုယ် အယုံသွင်းနာချဦးမှာ။ ကျွန်မရဲ့ ပြောခွင့်မသာတဲ့စကားလုံးတွေကို သူမက ရွတ်ဆိုသွားတဲ့အတွက်
သူမကို ထပ်မံချစ်ခင်မိမြဲ၊ ကျေးဇူးတင်မိမြဲ၊ သီချင်းကို
အခါခါနားထောင်မိဆဲ။ ပြီးတော့ ကျွန်မချစ်သော သူမ ကျန်းမာပျော်ရွှင်စွာ
လှပသော ဂီတများကို ထပ်မံဖန်တီးနိုင်ပါစေလို့ ဆုတောင်းနေမြဲရယ်။...။
ကိုးကားဘာသာပြန်: Hwangbo 황보 - I'm still beautiful.
ချစ်သောဟွမ်ဘိုရဲ့ တခြားသီချင်းနှစ်ပုဒ် ( Present for Him & The Words I Can't Believe) ကိုလည်း ဒီနေရာလေးနဲ့ ဟိုနေရာ မှာကျွန်မ ဘာသာပြန်ခဲ့ဖူးပါတယ် :)

4 comments:
သူ့ ကို reality show - WGM မှာ(KHJ’s fan အနေနဲ့) စကြည့်ဘူးပြီးကြိုက်သွားတာ…
အထူးသဖြင့် ယောက်ျားဆန်ဆန် ပွင့်လင်းလွန်းတဲ့ သူ့ စရိုက် နဲ့  ဆန့် ကျင်ပြီး တော်လွန်းနေတဲ့ အိမ်တွင်းမှု အနုပညာဘဲ…
အမ မှတ်ချက်ထဲကလို ချွဲချွဲနွဲ့ နွဲ့ နဲ့ ချစ်စရာကောင်းအောင် လုပ်တတ်ကြတဲ့ korea celebrities တွေကြားမှာတော့ ပဲမများတတ်တဲ့ သူ့ ကိုကြိုက်တယ်…
ဆု
အစ်မက Hwang bo ရဲ့ ပရိတ်သတ်စစ်ပါတယ်... ညီမလဲ နောက်ပိုင်းကြည့်ရင်း သူတို့အတွဲကို သဘောကျသွားပါတယ်... အထူးသဖြင့်တော့ သူမကိုပေါ့.... KHJ က အေးတိအေးစက်နဲ့ ပဲများသလိုလုပ်လို့ အသဲယားတာ....
အင်းဟုတ်သားး) ချစ်စရာလေးး)
စိတ်ရှည်လက်ရှည် ကိုးရီးယားကားမကြည့်တတ်ဖူး ဒါပေမယ့် ကိုရီးယားမင်းသမီးတွေချောတာသိတယ်း)
မောင်ဘကြိုင်
သူမနဲ့မိတ်ဆက်ပေးလို့ကျေးဇူးပါ
မယ့်ကြောင့်သူ့ဂီတကိုစပြီးနားထောင်ဖူးတာ
ခင်တဲ့
သလင်းကြည်
Post a Comment