04 December 2011

ကျွန်မချစ်သော သူမရဲ့ ဗိသုကာဖြင့် ခေါ်ငင်သော...



အမျိုးသမီးများအား နှိမ့်ချစော်ကားထားသော ကြော်ငြာတစ်ခုကို ဝေဖန်ထားတဲ့ ဆောင်းပါးကို လွန်လေပြီးသောအခါတုန်းက ဗိသုကာစာစောင်တစ်ခုမှာ ကျွန်မ ဖတ်ခွင့်ရခဲ့တာ။ သိပ်မမှတ်မိတော့ပေမယ့် အိမ်အရောင်းကြော်ငြာ (ဒါမှမဟုတ်) အိမ်တွင်းပြင်ဆင်မှုလုပ်ငန်းကြော်ငြာတစ်ခုခုဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ကြော်ငြာမှာ အမျိုးသမီးတစ်ယောက်ရပ်နေပြီး ပုံမှာရေးထားတဲ့စာကြောင်းက "အိမ်ခန်းလှလှတစ်ခုကို ပိုင်ဆိုင်ဖို့ ဗိသုကာတစ်ယောက်ကို မင်းလက်ထပ်ဖို့ မလိုပါဘူး" တဲ့။ ဒါဟာ အမျိုးသမီးဗိသုကာတွေ မရှိတော့သလိုမျိုး၊ အမျိုးသမီးဗိသုကာတွေဟာ အဆင့်နိမ့်ကျနေသလိုမျိုး ၊ တနည်းအားဖြင့် အမျိုးသမီးအားလုံးကို နှိမ့်ချစော်ကားထားပါတယ်လို့ ဆောင်းပါးက နိဂုံးချုပ်ပါတယ်။ 


ဒီစော်ကားချက်လောက်ကတော့  “အကုသိုလ်ကံများလို့ မိန်းမဖြစ်လာတာ၊ မိန်းမဘဝဟာ ယုတ်ညံ့တယ်” ဆိုတဲ့ ပုတ်ခတ်ပြောဆိုချက်များနဲ့ ရှင်သန်လာခဲ့တဲ့ မြန်မာမိန်းမသား ကျွန်မအတွက်တော့ ပျင်းတောင်ပျင်းသေးတယ်လို့ ပြောရမှာပါ။ အချိန်လွန်မှ တက္ကသိုလ်တက်ရတဲ့ ကျွန်မတို့ဟာ ရန်ကုန်နည်းပညာတက္ကသိုလ်ရဲ့ နောက်ဆုံးမျိုးဆက်သစ်ဖြစ်ပြီး ကျောင်းဟောင်းမှာ တက်ခွင့်မရဘဲ ဒုတိယနှစ်အထိ ကိုယ့်မြို့နယ်က GTI ကျောင်းမှာတက်ရကာ တတိယနှစ်ရောက်မှ လှိုင်သာယာကျောင်းမှာ စာသင်ခဲ့ကြသူများဖြစ်ပါတယ်။ တတိယနှစ် ဘာသာရပ်များကို ရွေးချယ်ရာမှာလည်း အမှတ်နဲ့မခွဲတော့ဘဲ ကိုယ်ကြိုက်ရာဘာသာကို သင်ယူခွင့်ရခဲ့ပါတယ်။


ဆရာမ မစန္ဒာ၊ဆရာမ မေငြိမ်းတို့ရဲ့ စာများဖတ်ပြီးဗိသုကာကျောင်းသူဖြစ်ချင်နေတဲ့ ကျွန်မက ကြည့်မြင့်တိုင်က အသိဗိသုကာ ဦးလေးကြီးတစ်ယောက်ကို ကျွန်မ ဗိသုကာဘာသာရပ်ကို ယူမယ်လို့ ပြောတော့ သူက “ဘာလို့လဲ ။ တခြားဘာသာယူတာမဟုတ်ဘူး။ ဒီဘာသာက ပင်ပန်းတယ် ။ မိန်းကလေးနဲ့ မလိုက်ဘူး” လို့ ပြောပါတယ်။ ပြီးတော့ ဆက်ပြောတာက“ မိန်းကလေးဆိုတာ စာရင်းကိုင်နဲ့ပဲ လိုက်တယ်” တဲ့။ အဲဒီဦးလေးကြီးဆီက ဘာပညာဗဟုသုတမှ မရခဲ့ဘဲ ပညာရှိဆန်တဲ့ စော်ကားနည်းအကြောင်းပဲ သိလိုက်ရပါတယ်။


တတိယနှစ်မှာ ဗိသုကာစသင်ရတော့ တစ်ကျောင်းလုံးမှာ ဗိသုကာသင်သူစုစုပေါင်းက နှစ်ဆယ်ကျော်ပဲ ရှိပါတယ်။ ဗိသုကာဘာသာသင်ခန်းစာကို စတင်ထိတွေ့တဲ့ နေ့မှာတင် ဆရာတစ်ယောက် စမေးတဲ့ မေးခွန်းက “ဗိသုကာ ဘာလို့ ဖြစ်ချင်တာလဲ” တဲ့။ အတန်းသားတွေ ဖြေပြီးတော့ ကျွန်မတို့အလှည့်ရောက်လာတဲ့အခါ မေးတဲ့မေးခွန်းက ပြောင်းသွားပါတယ်။ “ သူတို့က ရန်ကုန်ကမို့ ဟုတ်ပါပြီ။ မင်းတို့က ဘာလို့ ဗိသုကာ  ဖြစ်ချင်တာလဲ” တဲ့။ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ဟာ နယ်ကလာသူတွေမို့  တောသူတွေဟာ ဗိသုကာအကြောင်းကို ဘာမှမကြားခဲ့ဘူးဘဲ ဒီဘာသာကို ယူခဲ့လေဟန် အထင်သေးစွာပြောပါတယ်။ အဲဒီမှာ ကျွန်မအမြဲစဉ်းစားမိတဲ့ အချက်က ကျွန်မတို့ဟာ ယောက်ျားလေးတွေသာဆိုရင် သူဒီလို စော်ကားစကားပြောရဲပါ့မလား လို့ရယ်။


ဒီလိုအနာတရတွေနဲ့ စခဲ့တဲ့ ဗိသုကာကျောင်းသူဘဝမှာ ဂျူရီ(jury/ကိုယ်ဆွဲသော ဒီဇိုင်းများကို ဆရာများရှေ့မှာ ရှင်းလင်းပြသရခြင်း) မှာ အထုအထောင်းအမျိုးမျိုးခံရလည်း ကျွန်မရဲ့ ဗိဟုကာအိပ်မက်ဟာ ပြိုကွဲမသွားခဲ့ပါ။ ကျွန်မမှာ မီးပြတိုက်ရှိတယ်လေ။သူမက  ဇဟာဟဒီးဒ် (Zaha Hadid) ဆိုတဲ့ အမျိုးသမီး။ 

 Zaha Hadid photo : Steve Double, Jun 2007

ဗိသုကာမှာ နိုဗယ်ဆုနဲ့ အဆင့်ညီလို့ သတ်မှတ်ထားတဲ့ ဆု (Pritzker Architecture Prize) ကို ပထမဆုံးရရှိခဲ့တဲ့ အမျိုးသမီး။ အရင်တုန်းက သူမရဲ့ဒီဇိုင်းတွေဟာ ဆောက်လို့ မရဘူးလို့ ဝေဖန်ခံခဲ့ရတဲ့သူ၊ ပြိုင်ပွဲတွေမှာ ဆုရပြီးတဲ့ ဒီဇိုင်းဖြစ်ပေမယ့်လည်း အကောင်အထည်မပေါ်ခဲ့တဲ့ အဆောက်အဦးများစွာ။ ဒါပေမယ့် မဖြစ်နိုင်တာ မရှိရအောင် ဖြည့်ဆည်းပေးတဲ့ အခုခေတ်နည်းပညာနဲ့ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သဘာဝကျလွန်းတဲ့ သူမရဲ့လက်ရာမှာ လှပတင့်တယ်စွာ ပေါ်ထွက်လာခဲ့တာ။ သဘာဝကို အခြေခံထားတဲ့ ဒီဇိုင်းများဟာ အံ့ချီးမကုန်ဖွယ်။



    

Guggenheim Hermitage Museum in Vilnius, Lithuania

 

Groninger Forum

ဒီလိုအရေထူထူနဲ့ ကျောင်းပြီးခဲ့တဲ့နောက် တက်ကြွလန်းဆန်းနေတဲ့ မျှော်လင့်ချက်များ တပွေ့တပိုက်နဲ့ ဆရာတွေဆီမှာ နှစ်နှစ်လောက်လက်တွေ့ပညာသင်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာရာထူးနဲ့ အလုပ်ရပေမယ့်လည်း အသက်အရွယ်နဲ့ အတွေ့အကြုံငယ်သေးတာကြောင့် ကိုယ့်စိတ်ကြိုက်ဆောက်ဖြစ်သွားတဲ့ အဆောက်အဦးဆိုတာ တစ်ခုမှမရှိခဲ့။ ဒါပေမယ့် သူမကို အားကျစိတ်နဲ့ ဗိသုကာအိပ်မက်ကို ဆက်မက်နေဆဲ။  လေထဲမှာ မိုးမျှော်တိုက်ဆောက်ဆဲ။ ကျွန်မရဲ့ အနုပညာလက်ရာ ဒီကမ္ဘာမြေပေါ်မှာ တနေ့တော့ တည်မယ်ပေါ့။ အဲဒီလိုလည်း စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဟိုး လွန်လေပြီးသောအခါကပေါ့ ...။

ခုတော့ တကျွန်းမှာ ခက်ခဲပင်ပန်းတဲ့ ဒီဗိသုကာလုပ်ငန်းနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရပြီ။ အားမလျှော့ချင်ပေမယ့် အမိမြေနဲ့ ဝေးနေဆဲ။ တစိမ်းသူတွေအကြား ကျွန်မရဲ့ အိပ်မက်အဆောက်အဦးတည်ဖို့ ဆိုတာကလည်း မသေချာတော့ပြီ။ မျှော်လင့်ချက်မှန်သမျှဟာ ပူလောင်ကျွမ်းစေတယ်လို့ ထင်ပြီ။ တောင့်တမှုတွေကို သင်္ဂြီုဟ်လိုက်ချင်ပြီ။ ကျွန်မ ဘာလုပ်သင့်သလဲလို ဇဝေဇဝါယောင်ဝါးတဲ့ အခိုက်မှာ သူမ အပြုံးက ပြန်ပေါ်လာခဲ့တာ။သူမရဲ့ ရီတီတီမျက်လုံးများက ကျွန်မကို လှောင်နေသလိုလို။

ကျွန်မက ကြောက်လန့်တကြားနဲ့ ပင်ပန်းလွန်းလှပါပြီလို့ ဆင်ခြေပေးချင်တာ။ ဘဝကို အေးဆေးသက်သာပဲ ဖြတ်ကျော်ချင်ပါတော့တယ်။ ဇွဲသတ္တိမရှိတော့ဘူး။ ဒီကျွန်းလေးမှာ အိမ်းတွင်းပြင်ဆင်မှုနဲ့ မြေခင်း (interior and landscape specialist diploma) ဒီပလိုမာသင်တန်းတက်ဖြစ်သွားခဲ့ပြီ။ နောက်ထပ် ဘွဲ့လွန်တက်ဖြစ်ရင်လည်း မြေခင်းဗိသုကာ (landscape architecture) ကိုပဲ ကျွန်မ အထူးပြုလေ့လာပုံစံထုတ်တော့မယ်လို့ ဆုံးဖြတ်ချက်ချမိပြီ။


မြေခင်းဗိသုကာလည်း လူတွေကို အကျိုးပြုနိုင်တဲ့ ၊ အနုပညာနဲ့ နည်းပညာပေါင်းစည်းထားတဲ့ ဗိသုကာပဲလေလို့ ကိုယ့်ကိုယ်ကိုယ်ဖျောင်းဖျခဲ့။  စကားပြောမကောင်းတဲ့ကျွန်မဟာ အပင်တွေကြားနေတာပဲ အဆင်ပြေလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် နားချခဲ့ ။ အလုပ်အပ်သူတွေက သူတို့အိမ်ထက် သူတို့မြေကို ကျွန်မဖန်တီးတာကို ပိုပြီး ယုံကြည်မယ်လို့ ယုံမှတ်ခဲ့။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မလို စိတ်အားလျှော့ပြီး အဆောက်အဦးဗိသုကာလုပ်ငန်းခွင်က စွန့်ခွာသွားကြတဲ့ အမျိုးသမီးများအကြောင်းစာတမ်းကို ဖတ်ခဲ့ရတာ။

Why do women leave architecture?
UWE found that there was no definitive answer to the central question. A number of identifiable problems did however come to light. The reasons why women left tended to be a combination of a number of factors and or a ‘final straw’ moment. Some of the key issues are as follows:
_ Low pay
_ Unequal pay
_ Long working hours
_ Inflexible/unfamiliar friendly working hours
_ Sidelining
_ Limited areas of work
_ Glass ceiling
_ Stressful working conditions
_ Protective paternalism preventing development of experience
_ Macho culture
_ Sexism
_ Redundancy and or dismissal
_ High litigation risk and high insurance costs
_ Lack of returner training
_ More job satisfaction elsewhere
Ann de Graft-Johnson, Sandra Manley and Clara Greed
University of the West of England, Bristol, May 2003

လောကကြီးက မညီမျှဘူး။ လူတွေက မတရားဘူး။ ဘာညာ ဆိုပြီး ကြေကွဲမနေချင်တော့ပါဘူး။ မောလွန်းလှပြီလေ။ ဒီဘဝ၊ ဒီမျှနဲ့ ရှိစေတော့လို့ အိမ်မက်တွေကို မြေမြှပ်လို့ အေးအေးဆေးဆေး ဘဝကို ရေစုန်မျောတော့မယ် ကြံဆဲမှာ မမျှော်လင့်ဘဲ ဖုန်း applicationတွေထဲမှာ  သူမရဲ့ Zaga Hadid app ကို တွေ့တော့ မနေနိုင်ဘဲ သွင်းမိပြန်။ ဝါသနာမီးငွေ့လေး မသေသေးတော့ ကြုံကြိုက်တိုင်း သူမလက်ရာတွေကို ကြည့်မိတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်မိသူလို လိပ်ပြာမလုံချင်ပြန်။ ထိုသိုဖြင့် စိတ်ဓာတ်ကျနေခဲ့သော မပျော်ရွှင်နိုင်ခဲ့သော အကြောင်းရင်းကို ခြေရာခံမိလေတာ။




မကြိုးစားရသေးဘဲ ဘာလို့အလျှော့ပေးချင်ရတာလဲ။ ဟင့်အင်း ။ အခွင့်အခါဆိုတာ တစ်နေ့တော့ ပေါ်လာဦးမှာပါ။ သူမရဲ့ လက်ရာများဟာ ကျွန်မရဲ့ ကြောက်သွေးတွေကို လျော့ပါးစေပြန်။ မီးပြတိုက်ရဲ့ အဝေးကအလင်းမှိန်မှိန်လေးနဲ့ လှိုင်းကြမ်းလေကြမ်းအောက်မှာ လှေငယ်လေးကို အားတင်းကာ ရေဆန်လှော်မိပြန်။

တစ်ချိန်ချိန်ပေါ့လေ...။
ဒီလိုနဲ့ပေါ့...။
ဘယ်သူမှ နားမလည်၊လက်မခံနိုင်ခဲ့လည်း ရှိစေ။
သူမရဲ့ အနုပညာဗိသုကာကပေးတဲ့ အိပ်မက်နဲ့ မရေရာတဲ့ အမှောင်မိုက်ထဲမှာ ကျွန်မကြိုးစားလို့ လှမ်းပါဦးမယ်။...။

မယ်ကိုး

13 comments:

တိမ်ပြာ(မနောမြေ) said...

အမဘလောဂ်ကို ဒီနေ့မှ ကျနော်ပထမဦးဆုံးဖတ်ဖြစ်တာပါ၊၊ ပထမဦးဆုံး ဖတ်ဖြစ်တဲ့ပိုစ်ဟာ Architecture နဲ့ ပတ်သက်ပြီး အမရဲ့ရူးသွတ်မှု ဖြစ်နေတဲ့အတွက် အရမ်းလဲ ကြည်နူးမိပါတယ်၊၊ အမရဲ့အိပ်မက်တွေ ဆက်ပြီးအကောင်အထည်ဖော်သွားဖို့ တိုက်တွန်းပါရစေ၊၊ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရှိပါတယ် အမ လုံးဝလက်လျော့လိုက်ပါနဲ့

Kay said...

အဲဒီ အမျိုးသမီးကြီး အကြောင်း CNN talk asia မှာ လာတာ ကြည့်မိလိုက်ကတည်းက.. စိတ်ဝင်စားနေတာ..

ခုတော့..တော်၂ ကြီးနေပြီနော်..

သေချာတာတော့..လူတိုင်းဟာ..ကိုယ့် ကို ကိုယ် တည်ဆောက်နေကြ တဲ့ ပိသုကာ တွေပဲ..

ခင်တဲ့..မကေ

မြသွေးနီ said...

ဗဟုသုတရတယ်...
ထက်မြက်တဲ့ ပုခက်လွှဲတဲ့ လက်တွေက ကမ္ဘာကို အုပ်စိုးနေတာ တွေ့သိနေရတာပဲ။ မိန်းမ၊ယောကျာ်း မခွဲခြားပဲ ရင်ဘောင်တန်း ဆောင်ရွက်နေနိုင်တာကို ဇာဟာဟီဒီးဒ် က ပြလိုက်တာပေါ့နော်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ကျွန်တော်တို့အမျိုးသားတွေက အမျိုးသမီးတွေကို တန်းတူအခွင့်ရေးပေးပါတယ် အဲ တချို့ အမျိုးသားတွေကလွဲလို့ပေါ့
မယ်ကိုးက ကျွန်တော့်ထက်ငယ်သေးတာပဲ
ချီးကျုးလေးစားမိပါရဲ့
အရေးသားတွေက ရင့်ကျက်လွန်းလို့

အိမ်မက်စေရာ said...

မမ ညီမလေး ဒီမှာ ကွန်မန့် အရှည်ကြီးရေးထားတာ..publish သေချာမနှိပ်မိတာလားမသိဘူး..ခုလာကြည့်တာ မရှိဘူး ဖြစ်နေတယ်း(

Orange Chit Thu said...

‎"ကျွန်မ ဗိသုကာဘာသာရပ်ကို ယူမယ်လို့ ပြောတော့ သူက “ဘာလို့လဲ ။ တခြားဘာသာယူတာမဟုတ်ဘူး။ ဒီဘာသာက ပင်ပန်းတယ် ။ မိန်းကလေးနဲ့ မလိုက်ဘူး” လို့ ပြောပါတယ်။ ပြီးတော့ ဆက်ပြောတာက“ မိန်းကလေးဆိုတာ စာရင်းကိုင်နဲ့ပဲ လိုက်တယ်” တဲ့။ "
ဒီဟာလေးက ကိုယ့်ကို Heart ထိတယ်မယ်ရေ... ကိုယ့်တုန်းကလဲ Civil ယူမယ်လို့ ပြောတော့ မယ့်လိုပဲ တစ်ချို့လူကြီးတွေကပြောတာခံခဲ့ရဖူးတယ်...Civil Engineer ဆိုတာကမိန်းကလေးနဲ့မလိုက်ဘူးတဲ့လေ... :)))
ကိုယ့်အိမ်မက်တွေ ကိုယ်ဆက်မက်ကျတာပေါ့ မယ်ရေ...အရမ်းတော်တဲ့ ဗိသုကာ တွေကိုအထင်ကြီးတဲ့ထဲမှာကိုယ်လဲပါပါတယ်...ကိုယ်လဲ မစန္ဒာရဲ့ စာအုပ်တော်တော်များများကို ဝယ်သိမ်းထားတဲ့အထိ crazy ပါပဲ :)))

mabaydar said...

အစ်မရေ အခြေအနေမပေးသေးလို့ ခဏနားပြီး အခြေအနေပေးတာကို လုပ်နေတယ်လို့ပဲ သဘောထားပါ....

အစ်မဖြစ်ချင်တာကိုတော့ စိတ်မလျော့ပါနဲ့... အစ်မဒီဇိုင်းတွေက ဆန်းတယ်လို့ မဗေဒါအစ်မပြောဖူးတယ်... တစ်နေ့ အောင်မြင်တဲ့ ဗိသုကာပညာရှင်ကြီးဖြစ်ရင်ဖြစ်လာမှာပါ...

ကိုယ့်ကိုကိုယ်မယုံကြည်ရင် ဘယ်သူက ကိုယ့်ကိုယုံမလဲဆိုတာကို ညီမတော့လက်ကိုင်ထားတယ်.. ဖြစ်ချင်တာတွေအားလုံးပြည့်ဝပါစေ အစ်မ...

ညီမတော့ ဖြစ်ချင်တာကို ကြိုးစားကြည့်နေတယ်... ဒါပေမဲ့ တစ်ခါတစ်လေတော့ ဖြစ်ပါ့မလား... မှားများသွားပြီလားလို့ တွေးမိတယ်... မှန်တယ်မှားတယ်တော့ လမ်းက ယောင်ဝါးဝါးပဲအစ်မရေ...

Anonymous said...

I'm also female electrical engineer. My dream is to become professional electrical engineer. But it's so difficult. I gave my time, I learn a lot. Finally, I gave up. I'm old enough already but still junior engineer level. When I want promotion at work, finally I choose admin. what to do? They didn't give us place. :(

မြတ်ကြည် said...

တနေ့နေ့တော့ ဖြစ်လာမှာပါ အစ်မရယ်။ :)

Anonymous said...

Be strong !!!

Wishes .
Minneainphyu

Anonymous said...

ကျွန်တော့် အမတစ်ယောက်ဆိုလဲ ဗိသုကာ အရမ်းဖြစ်ချင်ခဲ့တာလေ.. ဒါပေမယ့် ဗိသုကာကို မယူဖြစ်ခဲ့ဘဲ မြို့ပြ ကိုပဲ ရွေးခဲ့တာ.

အမရေ.. အားမလျှော့လိုက်ပါနဲ့.. အမလဲ ဇဟာဟဒီး လို မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ.. သူသည်လဲပဲ အမလို ပင်ပန်းဆင်းရဲခဲ့ရမှာပဲလေ.. အမြင် ကျဉ်းမြောင်းတဲ့သူတွေကတော့ အဲ့ဒီလိုပဲ မဖြစ်နိုင်ဘူး မအပ်စပ်ဘူးလို့ ပြောကြမှာပါပဲ.. ( ယောက်ျား မိန်းမရယ်လို့မှ မဟုတ်ပါဘူး. လူတိုင်း )

ခင်တဲ့
စိုင်းစိုင်း..
Z@!'s Life

ရိုးမြေကျ said...

ဒီဇိုင်းတွေက ရင်သပ်ရှုမောဖွယ်ပဲ မယ့်ရေ။ မယ့်အရေးအသားတွေကို တကယ်နှစ်သက်မိတယ်။ တွေ့ရတာနောက်ကျလိုက်တာနော်။ မယ့်အိပ်မက်တွေလဲ တကယ်ပဲအကောင်အထည်ဖော်နိုင်ပါစေ။

Anonymous said...

မယ်.....
အောင်မြင်သောသူများ၏ ခက်ခဲကြမ်းတမ်းခဲ့သော အတိတ်များကို မြင်သိသူရှားလှပါတယ် မယ်။ သူမရဲ့ ဘ၀မှာလည်း စုန်တချည် ဆန်တလှည့် ရုန်းကန်လှုပ်ရှားခဲ့ရမှာ အသေအချာပါပဲမယ်။ အားမလျော့နဲ့နော်။

မယ့် မမ