အဲဒီနေ့က အခန်းထဲဝင်စမှာပင် တရုတ်ကပ်မှန်ပြတင်းရဲ့ ခန်းဆီးစရှည်ကို အပြင်က ဆွဲဖွင့်ထားတဲ့ ပုံစံကို တွေ့လိုက်ရတဲ့အခါ စိုးရွံ့စိတ်နဲ့ ခဏမျှ ကြက်သေသေသွားခဲ့။ ဘာမှ ခြေရာလက်ရာမပျက်ပေမယ့် အခန်းထဲမနေရဲလောက်အောင် ခြောက်ခြားမှုဟာ သွေးထဲစိမ့်ဝင်လာ။ လေတိုက်ရင်ပင် အောက်ခြေသာ လွင့်နိုင်တဲ့ ခန်းဆီးစရှည်ဟာ တစ်ယောက်ယောက်က ဆွဲဖွင့်ထားသလို ဘာဖြစ်လို့ တစ်ဖက်တည်းမှာ စုပြီး ပွင့်နေတာလဲ။
အင်္ဂလိပ်အက္ခရာ L ပုံစံမျိုးရှိတဲ့ အခန်းရဲ့ ပြတင်းပေါက်ဟာ အိမ်မကြီးရဲ့ ထောင့်ချိုးမှာရှိတယ်ဆိုပေမယ့် ဖိနပ်ချွတ်ပရဝဏ်ထဲမှာ ရှိတာမို့ ဘယ်တစိမ်းသူက တရုတ်ကပ်မှန်ကို ဆွဲလှန်ထားတာလဲ။ လူသွားစင်္ကြံအဆုံးမှာရှိနေတဲ့ ဒီအခန်းရှေ့ကို အိမ်သားတွေကလွဲရင် မလာနိုင်ပါဘူးလို့ တပ်အပ်မပြောနိုင်တဲ့နောက် ခန်းဆီးစကို ဖွင့်ထားတာ ဘယ်သူဖြစ်နိုင်မှာလဲ။ ဒီတိုက်ခန်းရဲ့ ဓာတ်လှေကားကို အသစ်ပြောင်းနေတာ သုံးလလောက်ရှိပြီ။ ပြီးတော့ "တစ်လအတွင်းမှာ ဖောက်ထွင်းမှု သုံးခါရှိပြီ ။ နေအိမ်ခန်းတွေကို ဂရုစိုက်ပါ" လို့ ဓာတ်လှေကားမှာ စာကပ်ထားတာကို ပြန်သတိရမိ။
ဘုရား။ဘုရား။ ဒီကျွန်းပေါ်မှာ တစ်ယောက်တည်းနေခဲ့သမျှ အခုချိန်ကျမှ နောင်တရချင်သလို ခံစားရ။ ဒီလိုနဲ့ ပြတင်းပေါက်ကို အသေအချာ စစ်ဆေးမိတဲ့အခါ မြင်ကွင်းက နှလုံးခုန်ရပ်လုမတတ် ဖြစ်စေခဲ့ ။ တရုတ်ကပ်မှန်ကို လုံခြုံအောင် ကာထားသော သံထူဇကာကွက်မှာ ထုထည်နဲ့ ခိုင်မာတယ်လို့ ထင်ရပေမယ့် အောက်ပိုင်းမှာ ဝက်အူနှစ်ခုသာရှိပြီး ဘေးဘက်နှစ်ခုစလုံးက ပြုတ်ထွက်နေတာ။ အပေါ်ဘက်မှာ ဝက်အူ လုံးဝမရှိတော့။ ဒီသံဇကာကွက်ကို ခပ်ပြင်းပြင်းတစ်ချက်ဆောင့်လိုက်တာနဲ့ ပြုတ်ထွက်တော့မှာ။ အဲဒါဆို တရုတ်ကပ်မှန်တွေကိုလည်း ဖြုတ်ပြီး ….။ ဆက်မတွေးရဲလောက်အောင် ကြောက်စိတ်ဖြာ။ ရင်ဘတ်ကို ခပ်တင်းတင်းဖိမိကာ အသက်ပင် ဝဝမရှုနိုင်တော့။
ဘယ်သူ့ကို တိုင်ပင်ရမလဲ။ ကိုယ်ထူကိုယ်ထလည်း ပြတင်းပေါက်ကို မပြင်တတ်။ လူခေါ်ပြင်ဖို့ကလည်း အိမ်ရှင်အမျိုးသမီးမှာ ကလေးမွေးဖို့ ပြည်တော်ပြန်သွားတာ သုံးလကျော်ပြီ။ အိမ်ရှင်အမျိုးသားက သူ့နောက်လိုက်သွားတာ တစ်ပတ်ရှိပြီ။ နှစ်ယောက်စလုံးက ပြန်လာဖို့ ကြာဦးမှာ။
The Scream : artist Edvard Munch
ကြောက်လိုက်တာ။ အဲဒီညကစပြီး ကျွန်မ အိပ်မရတော့။ အရေးအကြောင်းဆို ဘယ်သူ့ကို အကူအညီတောင်းရမှာလဲ။ ကျွန်မရဲ့အခန်းမှာ ဧည့်ခန်းရဲ့ ဘေးဖက်မှာ ရှိပြီး ၊ တခြားအခန်းများမှာ ကျယ်လွန်းသော ဧည့်ခန်း၊ ထမင်းစားခန်းများ ခြားထားပြီး အိမ်ရှေ့မှာ တံခါးကို ဗုံးဖောက်ခွဲသွားရင်တောင်မှ တိုက်ခန်းဖော်တွေကို နိုးကြားစေနိုင်သလားဆိုတာ မသေချာ။ အပြင်ဖက်က အကူအညီကရော ။ ကျွန်မတို့ အိမ်ခန်းမှာ တိုက်ခန်းရဲ့ အပေါ်ဆုံးအထပ် ၁၇ ထပ်မှာရှိပြီး မျက်နှာချင်းဆိုင်ရှိတဲ့ နှစ်ခုတည်းသော အခန်းနှစ်ခန်းမှာ ဓာတ်လှေကား နှစ်စီးခြားထားရာ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို အနေအထားရယ်။
သိပ်ခြောက်ခြားနေပြီ။ စမ်တမ်းများအရ ဖောက်ထွင်းမှုအတော်များများမှာ သူခိုးတွေဟာ အိမ်ထဲဝင်ချိန် ပျမ်းမျှနှစ်မီးနစ်မျှသာ ကြာလေ့ရှိပါသတဲ့ ။ ကျွန်မကတော့ အခိုးအလုမခံရခင်မှာတင် သွေးပျက်တုန်လှုပ်နေတာ တစ်ကမ္ဘာကြာပြီ။ ဘာမှ မဖြစ်သေးတဲ့ ရက်သတ္တပါတ်နှစ်ပတ်ဟာ ကျွန်မကို ဗုံးဗုံးလဲစေဖို့ အချိန်လုံလောက်နေပြီ။
ညဆို ဖုန်းထဲက အင်္ဂလိပ်podcast အခု၁၀၀ကျော်ကို ဖွင့်ထားကာ အသံတိတ်သွားတာနဲ့ ချက်ချင်းလန့်နိုးလာ။ ဖုန်းထဲက favorite စာရင်းမှာ အရေးပေါ်နံပါတ် 999 ဆိုတာကိုပါ နှိပ်ထား။ ဖုန်းထဲမှာလည်း police@sg ဆိုတဲ့ application သွင်းထားပြီး ရာဇဝတ်မှုများကို ကြည့််မိတိုင်း တိုးလို့ကြောက်လာ။ ဖတ်ရတဲ့ ခိုးမှုတော်တော်များများမှာ လူသွားစင်္ကြံကတဆင့် ဖုန်းတို့၊ တကိုယ်ရည်ကွန်ပျူတာတို့ ယူတာသာ။ ကျွန်မရဲ့ ပိုင်ဆိုင်မှုများကတော့ ဘယ်သူမှ လက်လှမ်းမှီနိုင်မှာ မဟုတ်ပါ။ အခန်းထဲကို လူကိုယ်တိုင်ဝင်မှပင် ရနိုင်တာ။
ထိုနေ့ကစလို့ ကွန်ပျူတာထဲက ရှိသမျှ အချက်အလက်များအားလုံးကို hard-disk နဲ့ သိမ်းရ။hard-disk ကို သူခိုး မမြင်ကွယ်ရာမှာ ဝှက်ရ။ ကျန်ပစ္စည်းများဖြစ်တဲ့ ဖုန်းနဲ့ ကွန်ပျူတာကိုတော့ သူခိုး လွယ်လင့်တကူယူနိုင်အောင် ကုတင်ရဲ့အဝေး မြင်သာထင်သာနေရာမှာ ချထားရ။ သူခိုးလာခိုးတဲ့ခိုက်မှာ ပစ္စည်းရှာနေရလို့ အချိန်မကြန့်ကြာစေလိုပါ ။ ကျွန်မအိပ်ပျော်နေချိန်မှာ အမြန်ဆန်ဆုံးခိုးပြီး ထွက်သွားစေလိုတာ။
ကျွန်မ သိပ်ကြောက်တတ်ပါတယ်။ တစ်နေ့တစ်နေ့ ခိုးသူရန်ဘေးကိုပဲ တွေးကာ ကြောင့်ကြစိတ်နဲ့ အိပ်ရေးမဝလွန်းလို့ သူငယ်ချင်းကို ခေါ်အိပ်ရမလား စဉ်းစားရတော့တာ။ ဒါပေမယ့် သူငယ်ချင်းက သူ့ဆီမှာ လာအိပ်ပါလို့ ပြောလာတဲ့အခါ သူတပါးအိမ်မှာ ခဏတည်းဖို့ပင် အားနာအနေခက်ကာ သွားမနေချင်ပြန်။ ဒါဆို အခန်းပြောင်းဖို့ ဆိုရင်ရော။ မဖြစ်နိုင်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှင်တွေ ပြန်ရောက်တဲ့အထိ စောင့်ရဦးမှာ။
နောက်ဆုံးမှာတော့ ခုခံကာကွယ်နိုင်မယ့် ပစ္စည်းများကိုလည်း ရှာဖွေနေမိခဲ့။ အကြမ်းဖက်ဒဏ်မှ ခုခံကာကွယ်နိုင်မယ့် အရာဝတ္တုများကို အိပ်ရာနားယူထားရင်ကောင်းမလား။ ဥပမာ ဓား။ ဒီလက်နက်က အကောင်းဆုံးဆိုပေမယ့် ကိုယ့်လက်ချက်နဲ့တော့ ဘယ်သူ့ကိုမှ အသက်မဆုံးစေချင်ပါ။ နောက်ဆုံးမှာတော့ လက်တဝါးစာ ကတ်ကြေးသေးသေးလေးကို ခေါင်းအုံးနားထားမိကာ။ ဒီကတ်ကြေးဟာ အသည်းနှလုံး၊ကလီစာတို့ကို ထိုးဖောက်ဖို့အထိ အသွားမထက်ဘဲ အဆီဆူဖြိုးသူဆို အသားထဲပင် ထိုးစိုက်မိပါ့မလားဆိုတာ မရေရာပေမယ့် သေချာတာတစ်ခုကတော့ ညဖက်မမြင်မစမ်းနဲ့ ဆွဲကိုင်တဲ့အခါ ကိုယ့်လက်ပြန်ရှမှာကို မစိုးရိမ်ရတော့ဘူးလေ။
နေသာအောင် ကြိုးစားဖြေပေမယ့် စိတ်နှလုံးပင်ပန်းလို့ ရုပ်ပင်ချုံးချုံးကျသွားသလား။ အဖျားတငွေ့ငွေ့နဲ့ နေမကောင်းရာမှ ယနေ့ထက်တိုင် နလံမထူနိုင်တော့။ နှာစေး၊ ချောင်းဆိုးတိုင်း ဆေးခန်းသွားရတာလည်း သုံးခါရှိပြီရယ်။ ပဋဇီဝအားဆေးတွေ သောက်ရလွန်းလို့ ရင်တလှပ်လှပ်တုန်ကာ လမ်းလျှောက်လျှင်ပင် ခြေမခိုင်ချင်။ ရုံးက အလုပ်ဖော်တွေက အဖျားမပျောက်သေးဘူးနော်။ ဘာလို့လဲ။ အနားယူလေ။ ကောင်းကောင်းအနားမယူဘူးလား ... လို့ မေးလာတဲ့ အခါ ယဲ့ယဲ့သာ ပြန်ပြုံးနိုင်ကာ စကားသွက်သွက်ဖြင့် မဖြေနိုင်။
ည အိပ်မပျော်တာ များနေပြီ။ အိပ်ခါနီးဆို ပြတင်းဆီကိုပဲ ကသိုဏ်းရှုသလို ကြည့်ကာ မှေးကနဲ အိပ်ပျော်သွားလည်း အခန်းမျက်စောင်းထိုးမှာရှိတဲ့ ဓာတ်လှေကားဆီက အသံကြားတိုင်း ရုတ်ချည်း လန့်နိုးတတ်လာ။ ဓာတ်လှေကားမှ storey sixteen ။ storey fifteen လိုမျိုး ကြားမှသာ စိတ်လျှော့ကာ ပြန်အိပ်ပျော်သွားပေမယ့် တထိတ်ထိတ်နဲ့ အိပ်မက်မှာပင် ကြောက်ရွံ့တကြီးထွက်ပြေးနေရ။ မောလိုက်တာ။
အဆိုးရွားဆုံးမှာ ထိုညက စလို့ ညာဖက်ကို စောင်းအိပ်တတ်သူ ကျွန်မမှာ ပြတင်းပေါက်နဲ့ အိပ်ခန်းတံခါးကို ကျောပေးအိပ်ရသလို ဖြစ်နေတာမို့ ကုတင်ခြေရင်းကို ခေါင်းထားလို့ ပြောင်းပြန်အိပ်ဖို့ ကြိုးစားရတော့တာ။ ဆိုးလိုက်တဲ့ ဘဝ ဆိုပေမယ့် ကံကောင်းသေးတာ တစ်ခုက ဘုရားစင်ကို အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ထားတာရယ်။ ခေါင်းရင်းမှာသာ ဘုရားခန်းထားရင် ပြတင်းပေါက်ကို လည်း ကျောခိုင်းမအိပ်ရဲဘဲ ငုတ်တုတ်မိုးလင်းရတော့မှာ။ နောင်တချိန်မှာ ပြန်တွေးတဲ့အခါမှာတော့ ရယ်စရာကောင်းနေမှာလားရယ်။ ညတိုင်း လက်တစ်ဖက်က ဝက်ဝံရုပ်ကိုဖက်လို့ တစ်ဖက်က ခေါင်းအုံးအောက်က ကတ်ကြေးကို ကိုင်လို့ ကုတင်ကို ပြောင်းပြန်အိပ်နေရသူပါ။
ဒီလိုအိပ်မရညတာရှည်ကာ ကယောင်ချောက်ခြားအတွေးများသူဟာ အခုလည်း မျက်လုံးကြောင်တောင်နဲ့ တရေးနိုးလာပြန်ပြီ။ တီ ဆိုတဲ့ ဓာတ်လှေကား ဖွင့်သံကြားရ။ အိပ်ချင်မူးတူးအခိုက် ဖွင့်ထားတဲ့ ဖုန်းက အသံများနဲ့ရောကာ ဘယ်အထပ်လဲဆိုတာ ဇဝေဇဝါမသေချာပေမယ့် လက်က အလိုအလျောက် ခေါင်းအုံးအောက်က ကတ်ကြေးကို စမ်းလိုက်မိ။ ဒီအထပ်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းနေဆဲမှာပင် ခြေသံသဲ့သဲ့ကြားရ။ အသက် ပြင်းပြင်းမရှုရဲဘဲ တုန်လှုပ်ကြောက်ရွံ့စွာ ခန္ဓာကိုယ်ကို အသေးငယ်ဆုံး ကျုံ့ထားမိ။ စောင်ကို အတင်းစုခြုံထားရာ ပူလွန်းပေမယ့် ကြောက်လွန်းလို့ဇောချွေးပျံနေပေမယ့် အေးခိုက်တုန်ရီလာ။
ကြားနေရတဲ့ ခြေသံဟာ ဒီဖက်ကို မလာပါစေနဲ့လို့ ရင်ထဲတုန်ရီ လှိုက်မောစွာ အသက်အောင့်ဆုတောင်း။ … ဘုရားမပါ။
မယ်ကိုး

23 comments:
I like it.but what will happen next??????
Like it !so interesting but what will happen next????????
So interesting!!!what will happen next?
အင်း။ :)
to anonymi ( anonymouses ) ...
thanks so much for all ur comments. i'm also waiting the ending @_@
နှလုံးရောဂါအခံရှိရင် ခက်ရပြီ ...
ဟုတ်ကဲ့ ကိုမင်းနေဝေး ...ကံကောင်းစွာပဲ ကျွန်မမှာ နှလုံးရောဂါ မရှိပါဘူးး)
မမ လဲ ဘယ်လိုနေရာမျိုးရွေးနေတာလဲ အရေးအကြောင်းဆို ဒုက္ခပဲ... စိတ်ပူလိုက်တာ.. ဖတ်ရင်းနဲ့ အိမ်မက်တောင် ကြောက်လာပြီး)
ဘုရားသာ များများ ရှိခိုးပြီး နေပေါ့.. အဲဒါပဲ အားကိုးရာ ရှိတယ်လေ..
ညီမလေး အိမ်မက်စေရာ၊မသိင်္ဂါကျော် ...
စိတ်ပူပေးတဲ့အတွက် ကျေးဇူးအထူးပါ။ အခုထိ အဆင်ပြေနေပါသေးတယ်း)
တစ်ယောက်ယောက်ကို အဖော်ခေါ်အိပ်ပါလား မမရယ်။ မမအစား ဖတ်ရင်းနဲ့ မောလာတယ်။
ကျန်းမာရေး ဂရုစိုက်နော်။
နောင့်
အရေးအသားက အသက်ဝင်လွန်းလို့
ကိုယ်တောင်ရောလန့်နေမိ...
တစ်ယောက်တည်းနေသူအတွက် စိုးရိမ်ပူပန်သွား...
ကျွန်မသာဆို ကြောက်တတ်လို့
တစ်ယောက်တည်း မနေရဲ...
ပူပန်မိပြီ
သတိနဲ့နေ မိကိုးရေ....
အစ်မကိုးရေ
1. ပြတင်းပေါက်ပြင်တတ်တဲ့သူကို ပြတင်းပေါက်တွေလါပြင်ဖို့ ဆက်သွယ်ပြီး သူလါ
တဲ့အခါ သူငယ်ချင်းတစ်ယေါက်ယေါက်ကိုဘေးမှါ အဖေါ်ခေါ်ထါးမယ်
2.သူငယ်ချင်းကိုတစ်ပတ်လေါက်ဖြစ်ဖြစ် အဖေါ်အဖြစ်အနားမှါနေပေးဖို့ခေါ်ထါးမယ် သို့ သူနဲ့တူတူသွါးနေမယ်
{ အသက်အန္တရာယ် နဲ့ အါးနာတါကိုမလဲလိုက်စေ
ချင်ပါဖူး }
3.ရဲ ကိုအကျိုးအကြောင်းပြောပြထါးဖို့လိုအပ်တယ်လို့ယူဆမိတယ်
4. ဂျူဒို ကရာတေး အမြန်သင်တန်းတွေအပြေးသွါးတက်ပါ :P
5.အါးလုံးအတွက် အစ်မကိုးရဲ့ညီမလေးရှိနေသေးတဲ့
ဒီကိုလါအနားယူဖို့ဖိတ်ခေါ်ပါတယ် :)))
*** အစ်မကိုးကိုစိတ်ပူစိုးရိမ်နေပါတယ် -။ အစ်မကိုး ဘေးအန္တရာယ်ကင်း ကျန်းမါပျော်ရွှုင်ပြီး စါတွေကိုလည်း အနှောက်အယှက်ကင်းကင်းဖတ်မှတ်နိုင်ပါစေ ***
}
ညီမလေးနောင့် ၊ မမ ဝေ(စီးပွားရေးတက္ကသိုလ်) ၊ ကိုဘကြိုင်၊ ညီမလေး မွန်မွန်ထက်ရဲ့ မှတ်ချက်များအတွက် အထူးကျေးဇူးတင်ပါတယ်း)
ကြားနေတဲ့ ခြေသံ အခန်းထဲကို ၀င်လာပါစေ ...း)
:P
အစ်မ ကရာတေးကီသွင်းနေတဲ့ပုံ မယ်လေးကို ပေးထားမယ်။ အိပ်ရာဘေးမှာ ချိတ်ထားလိုက်။ သူခိုး ကြောက်တယ်တဲ့...။
ဟဲဟဲ...စတာ....။ အစ်မအိမ်မှာ လာနေမလား မယ်လေး၊ အိမ်ရှင်တွေ ပြန်လာမှ အဲမှာ ပြန် ပြောင်းနေလေ...။
ဟုတ်ကဲ့ ကျေးဇူးအထူးပါ မမ ... ဒီတစ်ပတ်တော့ ပြတင်းပေါက်ပြင်ဖြစ်မယ် ထင်ပါတယ်း)
ဖုန်းကို လက်ထဲ ကိုင်ထားပီး ရဲခေါ်လိုက်ပါ
:P
ချစ်တဲ့
မမေ
ဟုတ်ကဲ့ မမေလေးး) <3
အမဖြစ်ပုံက တကယ်စိတ်မသက်သာစရာပါပဲလား။ သူခိုးက မြန်မြန်ဆန်ဆန်ခိုးပြီး ပြန်ထွက်သွားနိုင်အောင် လက်လမ်မှီရာမှာ ပစ္စည်းထားရတယ်။ ညအမှတ်တမဲ့ လက်လှမ်းရင်း မစူးမိအောင် ကတ်ကြေးဆောင်ရတယ်။
ကြောက်စိတ်က ရောက်လာဘီဆို ပြန်ထွက်သွားဖို့ တော်တော်ခက်တယ်။
Jr
Post a Comment