16 January 2011

“ဟာသမြောက်တဲ့ တစ္ဆေ”

အရှင်လတ်လတ် မီးသဂြုင်္ိဟ်ခံလိုက်ရပြီး ဘဝပြောင်းသွားခဲ့တဲ့ တစ္ဆေရယ်ပါ။ ကြံကြီးစည်ရာတဲ့လား။ မအပ်မရာကို လုပ်ကြံပြီး မဆိုပါဘူး။ ဖြစ်ရပ်မှန်ရယ်လေ။ အဲဒီနောက်တော့ ပိုင်းခြားဆင်ခြင်ဥာဏ်မဲ့တဲ့ တစ္ဆေဟာ သတ်သူရဲ့ နောက်သို့ တကောက်ကောက်လိုက်လေတာ။ ကလဲ့စားချေဖို့ မဟုတ်ပါဘူး။

သတ်သူဟာ နောက်ဘဝရှိတယ်ဆိုတာမယုံသူမို့ တစ္ဆေဟာ ခုသေပြီးနောက် ပြိတ္တာဖြစ်နေပါတယ်လို့ သက်သေပြချင်လို့တဲ့လေ။ ဒါပေမယ့် သရဲနဲ့လူဟာ ဘဝချင်းခြားသွားပါပြီတဲ့။ တစ္ဆေမှာ တန်ခိုးဣဒ္မိပါဒ် မရှိပါဘူး။ အရိပ်အခြည်ကို နားလည်နိုင်တဲ့ အမြော်အမြင်လည်း မပိုင်ဆိုင်ပါဘူး။ သူ့အရိပ်လေးနောက်ကို ခြေဖဝါးထပ်လိုက်ရင်း အသံလည်း မပြုနိုင်။ စကားလည်း မဆိုနိုင်။ ဆွံ့အကာ ငေးကြည့်ရင်း ငိုလို့ချည်းပဲ နေတာပေါ့။

မဖြစ်နိုင်ဘူးတဲ့လား။

တစ္ဆေမှာ ရွေ့လျားနိုင်တဲ့ ရုပ်ခန္ဓာရှိပါတယ်။ သူ့အရိပ်လေးကို မြင်တိုင်း စူးရှနာကျင်တတ်တဲ့ နှလုံးသားရှိတယ်။ ဖွင့်ဟမဆိုနိုင်တိုင်း ဒရောသောပါးကျလာတဲ့ မျက်ရည်တွေလည်း ရှိတယ်။ တစ္ဆေမှာ ခံစားတတ်တဲ့ နာမ်လည်း ဖြစ်တည်နေပါတယ်။ သူ့အပြုံးကို တွေ့လေတိုင်း ကြည်နူးခြင်းတွေဖြစ်တယ်။ သူ လျစ်လျူရှုကာ ဥပေက္ခာပြုထားတိုင်း နှိပ်စက်ပြင်းထန်တဲ့ ဝေဒနာတွေလည်း ဖြစ်တတ်တယ်။

တစ္ဆေဟာ ကျွတ်နိုင်ခဲပြီပဲ။ တစ္ဆေရဲ့ ခဲဖွယ်အာဟာရကတော့ အလွမ်းတွေချည်း ရယ်လေ။

ဟုတ်ပါတယ်။တစ္ဆေဆိုတာ လူကို မစွဲလမ်းသင့်ပါဘူး။ဒါပေမယ့် မေတ္တာဆိုတာ ပေးပြီးရင် လွယ်လွယ်ကူကူ ပြန်နှုတ်ယူလို့ ရကောင်းပါသလား။ အိပ်မက်လမ်းဟာ ခလုတ်ဆူးငြောင့်တွေ ထူပေမယ့် တစ္ဆေဟာ အလျှော့မပေးချင်ဘူး။ချစ်ခြင်းဟာ စွမ်းအင်တစ်ခု ဖြစ်တယ်။ စွမ်းအင်ဟာ အသွင်သဏ္ဌာန် အမျိုးမျိုး ပြောင်းလဲဖြစ်တည်နိုင်တယ်။ စွမ်းအင်ဆိုတာ ကျေပျက်သွားခြင်းမှ မရှိတာလေ။ တစ်နေ့မှာတော့မျှော်လင့်ချက်တွေ ရုပ်လုံးတည်လာမယ်ပေါ့။ ဒီလိုပဲ တစ္ဆေဟာ တယူသန်စွဲနေတယ်။

တစ္ဆေဟာ ယုတ္တိဗေဒနည်းတွေကို နားမလည်ပါဘူး။ ဗျူဟာပရိယာယ်တွေကို မတတ်မြောက်ပါဘူး။ ဖြားယောင်းတန်ဆာဆင်မှုတွေကို မကျွမ်းကျင်ပါဘူး။ သူ့ကို အပြစ်ကင်းတဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်စေချင်တာပဲ သိပါတယ်။ ဒါပေမယ့် တစ္ဆေမှာ ပြုပြင်ဖန်တီးနိုင်တဲ့ ဘုန်းကံမှ မရှိဘဲလေ။

“စိတ်မကောင်းပါဘူးကွယ်”
မျက်ရည်စက်လက် ခေါင်းငိုက်စိုက်နဲ့ တစ္ဆေဟာ အရပ်တကာလှည့်ရင်း သူ့အတွက် ဆုတောင်းပါတယ်။ တစ္ဆေဟာ တစ္ဆေဖြစ်ကြောင်း ထောက်ခံချက်တောင်းပါတယ်။ အာဏာတန်ခိုးရှိတဲ့ နတ်အပေါင်းကို တိုင်တည်ပါတယ်။ ဒီတောင်းပန်စကားဟာ ပဲ့တင်ထပ်လာတော့ စပ်စုလိုတဲ့ နာနာဘဝဘုံအဆင့်ဆင့်က သတ္တဝါတွေက ဘာအတွက်လဲလို့ မေးကြလေရဲ့။

“သူက တစ္ဆေဆိုတာ ရှိရင် ပြတိုက်ထဲ ထည့်ပြီး ပြစားမလို့တဲ့” ။ ကြားသူတွေက ရယ်ကြတယ်။“သိပ်မိုက်မဲတဲ့ သရဲပဲ” လို့ စကားတင်းဆို လှောင်ပြောင်ကြတယ်။ ကိုယ်ချင်းစာတရား ခေါင်းပါးကြတဲ့ လောကကြီးပဲနော်။ တစ္ဆေဟာ သဘာဝဥပဒေတွေကို ကဏ္ဋကောစမလုပ်ချင်ပါဘူး။ ဒါပေမယ့် မငြိမ်းချမ်းနိုင်သူရယ်လေ။

ဒီလိုနဲ့ အချိန်တွေ ပြတ်ရွေ့ပြီးနောက်မှာ တစ္ဆေဟာ သူ့အရိပ်ကလေးကို ထပ်မံမငေးနိုင်တော့ပါဘူး။ ကျင့်ဝတ်စည်း အသွယ်သွယ်နဲ့ တစ္ဆေကို ချုပ်တည်းလိုက်ကြပြီ။ အတတ်ပညာအမျိုးမျိုးနဲ့ တစ္ဆေရဲ့ ခြေလှမ်းတွေကို ကျပ်စည်းလိုက်ကြပါပြီ။

ကမ္မဝါစာ အကြိမ်ကြိမ်ဖတ်လို့ တစ္ဆေကို သူ့အဝေးဆီ နှင်ထုတ်လိုက်ပြီလေ။ “သရဲမွေးတယ်လို့ အပြောမခံနိုင်ဘူး” တဲ့။ သူက ဆိုသေးတယ်။ ကိုယ့်ထိုက်နှင့် ကိုယ့်ကံ ဆိုကာ တစ္ဆေကို နှောင်ဖွဲ့ အကျဉ်းချလိုက်ပြီပေါ့။ နောက်ဆုံးတော့ ခွန်အားချို့နဲ့နေတဲ့ တစ္ဆေဟာ စံမြန်းရမယ့် မြေပုံလေးမှာ ငိုလို့ချည်းနေပါတယ်။

ဒါပေမယ့် ငိုလို့ ဝလာရင်တော့ ကျောက်တိုင်မှာ ကမ္ပည်းထိုးထားတဲ့ စာသားကို မကျေချမ်းနိုင်ပြန်ဘူး။ “အသဲကွဲလို့ သေသွားသူ”တဲ့။ တနုံ့နုံ့အတွေးတွေနဲ့ ပူလောင်လွန်းတဲ့ တစ္ဆေရယ်ပါ။ အသဲကွဲတယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေသာ ဖြစ်ကြတဲ့ ဓလေ့ပဲ။ ငါ့အချစ်က သိပ်မြင့်မြတ်တာ လို့ မပြီးနိုင် မစီးနိုင် ရေရွတ်နေတတ်တယ်။

သိပ်ရယ်စရာကောင်းတဲ့ တစ္ဆေပဲနော်။ ကိုယ့်အခြေအနေကိုလည်း မသိတတ်၊ ကိုယ့်ဘဝကိုယ်တောင် နားမလည်တဲ့ တစ္ဆေပဲရယ်။ ဒီတစ္ဆေအဖြစ်ကို မယုံကြည်ဘူးဆိုရင်တောင် မျက်နှာမလွှဲလိုက်ပါနဲ့။ ရုပ်ရှင်ရိုက်စက်နဲ့  မှတ်တမ်းတင်နိုင်သလို အချိန်ကြာကြာလည်း သုတသေနပြုလေ့လာနိုင်ပါတယ်။

အဲဒီနောက်မှာတော့ ဒီစာရေးနေတဲ့ ကျွန်မဟာ တစ္ဆေတစ်ကောင်ဖြစ်တယ်ဆိုတာ ယုံကြည်နိုင်ကောင်းပါရဲ့။ ။


artist: Jeff Thomas (aka Azuzephre)


(စာကြွင်း၊လူကလေးအယ်ကို ပြောစေချင်တဲ့ ဒီဇင်ဘာ ပုံပြင်ပါ။ ကံအကြောင်းမလှဘဲ နှစ်ကူးပုံပြင် ဖြစ်သွားပါတယ်း)


02 January 2011

“ကမ္ဘာသစ်ကို တောင့်တသော”


သူတကာတွေ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း တောင်းနေကြသည်ကို မျက်ခြေမပြတ် ပျော်ချင်ယောင်ဆောင်လည်း ဘာကိုမှ ကြိုတင်မယုံရဲခြင်းမှာ အသားကျနေခဲ့ပြီ။

အိပ်မက်အဟောင်းတွေကို ၂၀၁၀ မှာ ခေါက်သိမ်းထားသင့်ခဲ့ပြီ။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ရမှုတွေလည်း အပ်ကြောင်းထပ်ခဲ့ပြီမို့ လေလှိုင်းစာဖတ်ခြင်း၊ စာရေးခြင်း နဲ့ ဒီစာမျက်နှာအပါအဝင်…မြတ်နိုးတွယ်တာသမျှကိုလည်း မီးရှို့ပစ်လိုက်ချင်လည်း ….. စွဲလမ်းမှုက မခမ်းသေး... ခက်တယ်။

သံယောဇဉ်တွေကို မလျှော့နိုင်တော့ အိပ်မက်တွေလည်း ဆက်မက်နေသေးတာ။ နှစ်သစ်ကိုပင် ကျော်ကာ ကမ္ဘာသစ်ကိုပင် စိတ်ကူးယဉ်ကာ …။ ရယ်စရာ။

ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ်တစ်လုံး (Gliese581g) တွေ့ပြီဆိုတဲ့ သတင်းကတော့ ကြာခဲ့ပြီ။ ကမ္ဘာနှင့် ဆွဲငင်အားခြင်းတူသလို ရေကိုတွေ့ကာ နေထိုင်နိုင်သော အပူချိန်လည်း ထိုဂြိုဟ်တစ်ဖက်ခြမ်းမှာ ဖြစ်တည်သည်မို့ သတ္တဝါတွေ ရှင်သန်လို့ ရသည်တဲ့။


နောက်တစ်ခါ ထိုဂြိုဟ်ဆီက အလင်းရောင်လိုလိုပင် တွေ့ရသည်ဟု ဟောလဟာလကြားသလို ဂြိုဟ်သားတွေ ရေဒီယိုလှိုင်းနဲ့ ဆက်သွယ်လာတဲ့အခါ ပြန်ကြားဖို့ UN က အာကာသဆိုင်ရာရုံး (Office of Outer Space Affairs or United Nations Office for Outer Space Affairs (UNOOSA) ထားကာ အာကာသသံတမန် (Space Ambassador ) ဆိုတာကိုပင် Mazlan Othman ဆိုတဲ့ အမျိုးသမီးကိုပင် လျာထားထယ် ဆိုလေရဲ့။

အမှန်ဆိုရရင်ဖြင့် သက်ရှိတွေဆိုတာ ဒါဝင် (Charles Darwin)ရဲ့ Survival of Fittest or Adaptability Theory , Evolution Theory တွေအတိုင်း တစစ အဆင့်ဆင့်ပြောင်းလဲဖြစ်တည်လာတာလို့ လက်ခံထားသော ကျွန်မအတွက် ထိုဂြိုဟ်မှာ သက်ရှိတွေ ဘယ်အဆင့်ရောက်နေပြီလဲ။ လူအဖြစ်ကို ရောက်နေပြီလား။ လူအဖြစ်ထက်ကျော်နေပြီးလားလို့ စူးစမ်းချင်တာသာ။


တကယ်လို့ လူအဆင့်သို့ ရောက်နေပြီ ဆိုရင် အမျိုးမျိုးသော ဘာသာတရားတွေရှိနေပြီလား။ အသားအရောင်ခွဲခြားမှုတွေ ရှိလား။ လူမျိုးရေးခွဲခြားမှုတွေ ရှိလား။ ယောက်ျားမိန်းမခွဲခြားကာ နှိမ့်ချဆက်ဆံမှုတွေ ရှိလား ။ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေရှိလား။အာဏာရှင်စနစ်နဲ့ လူသားအချင်းချင်း ဖိနှိပ်ချုပ်ချယ် ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိလား။ ကြောက်စရာ လူသတ်လက်နက်တွေနဲ့ စစ်တွေရော ဖြစ်နေလား လို့ သိချင်ရဲ့။

စကြ၀ဠာအကျယ်ကြီးထဲမှာ သက်ရှိတွေ အတူငြိမ်းချမ်းပျော်ရွှင်စွာ ရှင်သန်နိုင်သည့် တစ်နေရာ ရှိမှာပါလို့လည်း မျှော်လင့်ချင်သေးတာ။ ကျွန်မ သိပ်စိတ်ကူးယဉ်တတ်သူပါပဲ။