27 February 2011

“ရိုးတိုးရိပ်တိပ် မြင်ကွင်း”


အကြောက်ရောဂါများစာရင်းမှာ လက်ထပ်ရမှာစိုးကြောက်ခြင်း (Gamophobia or marriage phobia)ဟာ နာမည်ကြီးမဟုတ်ပေမယ့် ကျွန်မအတွက်တော့ အိပ်မက်ဆိုးသာဖြစ်ရဲ့။ စိတ်ရောဂါအထူးကုဆရာဝန်နဲ့ မတိုင်ပင်ရသေးပေမယ့် ကျွန်မမှာ ထိုကြောက်စိတ်ခံစားနေရတာတော့ အမှန်ရယ်။ ရောဂါကို ခြေရာမခံချင်ဘူးဆို မျက်စိစုံမှိတ် ဆုံးဖြတ်မယ်ဆိုလည်း အမှားမရှိပါ။  မောင်က ဆိုးသူမဟုတ်တဲ့အပြင် အကောင်းဆုံးရည်းစားလို့ပင် သူငယ်ချင်းတွေက သတ်မှတ်ထားကြတာ။ 

ဗိသုကာအချင်းချင်းမို့ မဟုတ်ပါ။ ဂီတမှအစ အသုံးအဆောင်အဆုံး ကျွန်မတို့ရဲ့ စိတ်ဝင်စားမှုချင်းတူညီလှတာမို့ အားလုံးက အားကျလှပါသတဲ့။ ကျွန်မတို့မှာ ရှေးရိုးနည်းအတိုင်း သူငယ်ချင်းသံယောဇဉ်ဖြင့် စတင်ခဲ့ကာ တစ်ယောက်ဘဝ တစ်ယောက်နားလည်လာတော့ သနားရာမှ ချစ်မိကြတယ်လို့ ခေါင်းစပ်တပ်ရမလား။ မောင့်မိဘတွေမှာ ငယ်စဉ်တည်းက ဆုံးပါးသွားကြပြီး ကျွန်မရဲ့ မိဘတွေက ကွဲကွာသွားကြတာမို့ နှစ်ဦးစလုံး ဘိုးဘွားတွေလက်မှာ ကြီးပြင်းခဲ့ရလေတာ။ နည်းနည်းလေး ခြားနားတာက မောင်က နှစ်ဖက်ဆွေမျိုးတွေရဲ့ ဖူးဖူးမှုတ်အလေးပေးမှုခံခဲ့ရသူပြီး ကျွန်မမှာ အဘွားမှအစ ဦးလေးအဒေါ်တွေရဲ့ နှိပ်စက်တာ ခံခဲ့ရသူသာ။

ထိုသို့ အတိတ်ကံဆိုးခဲ့သူကျွန်မမှာ မောင်ကြင်နာမှုကို သာယာလှပေမယ့် အချစ်ဆိုတာကို စာတွေကဗျာတွေထဲကလို ခံစားချင်သူ။ သံယောဇဉ်ကြောင့် အချစ်ဖြစ်လာတယ်ဆိုတာ မလှပါဘူးလို့ စိတ်ကူးယဉ်ချင်သူ။ ဒါကြောင့်ပင် သူငယ်ချင်းတွေက “ကိုယ့်ဒုက္ခကိုယ်ရှာချင်တဲ့ မိန်းမ။ ဒူးနဲ့ မျက်ရည်သုတ်ချင်နေတာ” လို့ သမုတ်ကြတာ သရုပ်မှန်ဖြစ်နေမယ်ထင်ရဲ့။ မောင့်ကို ချစ်မြတ်နိုးလွန်းလည်း မောင်စောင့်ရှောက်တာကို တစ်သက်လုံးခံယူလိုက်ဖို့ တွေးမိတဲ့အခါ ခိုကိုးရာမဲ့သူလို ကြောက်မိတာ။

ပြိုကွဲသော မိသားစုက ပေါက်ဖွားလာခဲ့သူမို့ လက်ထပ်စကားကို မနာဝံ့လောက်အောင် ဖြစ်မိတာ ဓမ္မတာလား။ ဒါပေမယ့် စိတ်ရောဂါဆရာဝန်နဲ့ မညှိရသေးခင်မှာပင် သေဒဏ်ကို မရှောင်လွဲနိုင်တော့။ “ကိုယ် နောက်လဆို အခန်းပြောင်းတော့မယ်။ ဈေးသက်သာမယ့် နှစ်ယောက်ခန်းမှာ share နေတော့မယ်။ ပိုက်ဆံစုမိတာပေါ့” လို့ မောင်တရားဝင်ဆိုတဲ့အခါ ကျွန်မမှာ မောင့်မျက်လုံးတွေကို ရဲရဲမကြည့်ရဲဘဲ ခေါင်းငုံ့လိုက်ရာ ခေါင်းငြိမ့်သလို ဖြစ်သွားပြန်။ ဒါပေမယ့်လည်း မငြင်းဝံ့။ မရှောင်ပုန်းသင့်တော့ဘူး မဟုတ်လား။

“ဒီဇင်ဘာလောက်ဆို လက်ထပ်ကြတာပေါ့။ အဘွားတွေကို ပြောလိုက်တော့မယ်” လို့ မောင်ကဆိုပြန်ရာ အသက်ရှုကြပ်လာပြီး ချက်ချင်းပင် ထရပ်မိတော့တာ။ “သူတို့လည်း သိပြီးသားပဲ။ နီးမှ ပြောတာပေါ့။ တော်ကြာ အတင်းပေးစားနေဦးမယ်” လို့ ရယ်စစဖြေလိုက်ပေမယ့် ရင်ထဲမှာတော့ နေကြတ်နေခဲ့။ ခေါင်းထဲမှာ မူးရီလာပြီး မမြင်ကွယ်ရာ ထွက်ပြေးချင်တော့တာ။ ဒါပေမယ့် လက်ထပ်ခွင့်တောင်းတဲ့ဟန်ကို ဆွတ်ပျံ့ကြည်နူးဖွယ်ဖြစ်အောင် မောင်က လျှို့ဝှက်ဆန်းပြားစွာ စီစဉ်ထားမယ်ဆိုရင်ဖြင့် ဒီလောက်အခြေအနေဆိုးမှာ မဟုတ်ဘူးလို့လည်း ဆင်ခြေပေးချင်သေးတာ။ခက်တာက ဆိုရိုးစကားတစ်ခုအတိုင်း ကြမ္မာဆိုးက အဖော်နဲ့ လာတတ်တာ။ အခုလို လက်ထပ်ရမှာ စိုးကြောက်သူကို ချက်ချင်းမကြာ လက်ထပ်ချင်လာအောင် ပြူစားနိုင်သူကတော့ သူပင်။

သူဆိုတာ မောင့်အခန်းဖော်ရယ်။ စကားမစပ်ဆိုရရင်ဖြင့် ကျွန်မရဲ့ ဝသီဓလေ့တစ်ခုမှာ ယောက်ျားတစ်ယောက်ကို မြင်တာနဲ့ ယောက်ျားချင်းစိတ်ဝင်သူများလားဆိုကာ အကဲခတ်တတ်ခြင်းသာ။ မောင်ကလည်း ဒီအကျင့်ဆိုးအတွက် အမြဲဆူပူတတ်ပေမယ့် အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ထိုသို့ အသွင်တူချင်းသာစိတ်ဝင်စားသူဖြစ်ပါလျက် ဟန်ဆောင်ဖုံးကွယ်သူတစ်ဦးကြောင့် နှလုံးသားကွဲကြေပြီးနောက် ရင်ထဲကဆူးဟာ မချိုးနိုင်လောက်အောင် သန်စွမ်းလာခဲ့တာ။ အခုတော့ အရိပ်မြင်တိုင်း ရန်သူထင်ချင်နေပြီလေ။ သူတို့ကိုယ်သူတို့ ယောက်ျားချင်းစိတ်ဝင်စားသူများလို့ လူသိရှင်ကြားကြေငြာထားသူများကို ကျွန်မ တကယ်ပင်လေးစားပါတယ်။ ဒါပေမယ့် အသွင်တူချင်းသာ ချစ်နိုင်ပါလျှက် မိန်းကလေးများကို ဟန်ဆောင်ပိုင်ဆိုင်နေသူများကိုတော့ သူငယ်ချင်းမျက်ရည်များကို အရင်းတည်ကာ အလွန်ပင်ခါးသီးနေမိတာ။

အဖော်ခဲမှန်တာ မြင်ခဲ့ဖူးတဲ့ စာသူငယ်အဖြစ်မျိုးလားလို့ မခွဲခြားနိုင်ပေမယ့် ရင်ထဲမှာ လိပ်ခဲတည်းတည်းနဲ့ မရှင်းလင်းနိုင်အောင်။ “မောင့်အခန်းဖော်က gay လား” ဘာလို့ ဒီရက်စက်တဲ့ စကားကို ဖွင့်ထုတ်ပြောဖြစ်မှန်းကို ကိုယ်တိုင်လည်း နားမလည်ချင်။ “ဟာကွာ..ပေါက်တတ်ကရ” မောင်က သက်ပြင်းသဲ့သဲ့ချကာ မျက်နှာလွှဲလိုက်ပါတယ်။ ရည်းစားသက်တမ်းရှစ်နှစ်မှာ ကျွန်မတို့ ခွန်းကြီးခွန်းငယ်စကားမများဖူးတာ နားလည်မှုရှိလွန်းလို့ မဟုတ်ပါဘဲ မောင်က အမြဲလိုလို စကားနည်းရန်စဲလုပ်တတ်တာကြောင့်သာ။ 

ကျွန်မမှာ ဖြေလည်းမဖြေရှင်းနိုင် ။ ဖွင့်ဟလည်း မဆိုနိုင်။ ခံစားရတာကို ကြိတ်မှိတ်မြိုချရတာ ထာဝစဉ်ထာဝရလေ။ ဒီတစ်ခါတော့ နှုတ်ဆွံ့မနေနိုင်တော့ပါ။ မောင့်အခန်းဖော်ဟာ မျက်ဝန်းထဲ ဝင်ရောက်လာတဲ့ သဲတစ်စ။ မောင့်ကို ကြည့်တဲ့အကြည့်တွေက မြူဆွယ်နေသလိုလို။ ဘယ်လိုဘယ်ဝါရယ်လို့ ခွဲခြားမပြောနိုင်ပေမယ့် ဗျာပါဒပူလောင်လာအောင် စွမ်းဆောင်နိုင်တာ အမှန်ရယ်။

“မောင့်ကို နိုင်ပြောဖူးတယ်နော်။ gay လို့ ပွင့်ပွင့်လင်းလင်းပြောသူတွေကို နိုင်ချစ်တယ်။ လှည့်စားသူတွေကိုတော့ နိုင်သိပ်မုန်းတယ်။ ပြီးတော့ အဲဒီလူက တစ်မျိုးပဲ ။ မောင့်ကိုများ ကြိုက်နေသလားမသိ…”
“တော်ကွာ”
မောင်က အသံတိုးတိုးအော်ကာ မျက်နှာလွှဲသွားတော့တာ။ မောင့်ကို အားနာရိုသေပေမယ့် ဒီတစ်ခါတော့ အလျှော့မပေးချင်ခဲ့။ ဘာအကြောင်းကြောင့်မှ မောင့်ကို ချွတ်ချော်မတိမ်းပါးစေချင်ပါ။


“ မောင် ခုထိ နိုင့်ကို နားမလည်သေးပါလား။ နိုင်ဟာ တိရစ္ဆာန်တစ်ကောင်လိုပဲ အန္တာရယ်ကို အလိုအလျှောက် အနံ့ခံနိုင်စွမ်းရှိတယ်။”
“တော်တော့ နိုင်။ ဒါဆို အခုချက်ချင်း လက်ထပ်မလား ပြော”
အရှိုက်ထိုးခံသူလို ကျွန်မ နာကျင်ငြိမ်သက်သွားရပြီလေ။
“မောင့်ကို အခန်းပြောင်းဖို့ပဲ နိုင်ပြောချင်တာပါ”
“အဓိပ္ပါယ် မရှိတာတွေ။ ဒီလို အဆင်ပြေတဲ့ အခန်းရှာရတာ ဘယ်လောက်ခက်တယ်ဆိုတာ နိုင်လည်း အသိ”

နောက်ဆုံးတော့ ကျွန်မသာ ရှုံးသူ။ “မောင် သူနဲ့ တစ်ခန်းတည်း နေနေသရွှေ့ …နိုင် အိပ်လို့ပျော်တော့မှာ မဟုတ်ဘူးဆိုတာ မောင် ယုံစေချင်တယ်”လို့ ဆိုပေမယ့် မောင်က သက်ပြင်းသာချကာ ဘာမှ မပြောခဲ့။ ကျွန်မလည်း စိတ်မချမ်းသာနိုင်တော့။ အမှန်ပင် ကျွန်မရဲ့အမြင်ဟာ ဘယ်တုန်းကမျှ မမှားခဲ့ပါဘဲ။ မောင်တို့ ကယုကယင်ဖြစ်နေကြတာ မြင်လိုက်ရတဲ့ခဏ ကျွန်မသေဆုံးခဲ့ပြီလေ။ “မောင်တို့နှစ်ယောက် အိပ်ပြီးကြပြီ မဟုတ်လား”...ထိုသို့ကြမ်းတမ်းသော စကားလုံးများ နှုတ်က ထွက်ကျလာတာ ကိုယ့်ဘာသာအံ့သြတုန်လှုပ်ရပေမယ့် သိပ်တော့ မထူးဆန်းပါလေ။ ဒီမီးထက် ပြင်းတာ ဘာရှိသေးလို့လဲ။ ကျွန်မရင်ထဲ ဘလောင်ဆူကာ လှိုက်ပူနေတာ။ ငြင်းလိုက်လေ မောင်။ မဟုတ်ဘူးလို့။ လုံးဝ ။ လုံးဝ မဟုတ်ဘူးလို့။

ဒါပေမယ့် ဘယ်တုန်းကမျှ မျက်နှာသာမပေးခဲ့တဲ့ ကံတရားရယ်လေ။ “ နိုင်အမြဲပြောပြောနေတဲ့ ရင်ခုန်စေတဲ့ အချစ်ဆိုတာ ကိုယ် အခုရပြီ ထင်တယ်”တဲ့။ မိုးကြိုးဆယ်စင်းဟာ ကျွန်မကိုမှ ရည်ရွယ်ပစ်ချခဲ့တာ။ နှလုံးသားနဲ့တကွ ရုပ်နာမ်အစုံစုံ မီလောက်ကြေပျက်သွားလည်း ဘဝက မပြီးသေးပါဘဲ။ မယုံနိုင်စိတ်လေးနဲ့ ဘဝသစ်ဖြစ်ဖို့ ကြိုးစားမိသေးတာ။ “မောင်နောက်နေတာ မဟုတ်လား”လို့ အသနားခံဆိုပေမယ့် မောင်မငြင်းခဲ့။ ဒီတစ်ခါတော့ အရှင်လတ်လတ်မြေမြိုသွားပြီ ထင်ရဲ့လေ။

သေလုမတတ်အပူဟာ မငြိမ်းနိုင်လောက် ပူပြင်းတောက်လောင်…။ ရက်စက်လိုက်တာ။ အကြင်နာမဲ့လိုက်တာ မောင်ရယ်။ မရှက်နိုင်ဘဲ ရှိုက်ကြီးတငင်ငိုမိလေပြီ။ဒီလို အခြေအနေမှာ မူးမေ့မလဲသွားတဲ့အတွက် ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိသေးတာ။ ဘယ်သောအခါကမျှ မြူမှုန်တစ်စလောက်ပင် မငြိတွယ်ခဲ့တဲ့ အသိတစ်ခု။“မောင်က gay ပေါ့ ဟုတ်လား။ အဘွားတွေကို ဘယ်လိုပြောမလဲ” လို့ ခြိမ်းခြောက်စကားဆိုလည်း မောင် မတုန်လှုပ်ခဲ့။

“ကိုယ့်ကို ထားခဲ့ပါတော့” တဲ့ မောင်က။ မောင့်အပေါ်ထားတဲ့ အချစ်လေး နည်းနည်းလောက် လျော့သွားမယ်ဆိုရင် မောင့်ကို ကျွန်မရိုက်မိတော့မှာ။ ဒါပေမယ့် တလောကလုံးမှာ မောင်တစ်ယောက်တည်းပဲ ကျွန်မချစ်ခဲ့တာပါ။ မောင်က အဖေလို၊ အစ်ကိုလို၊ သူငယ်ချင်းလို ချစ်ခဲ့သလို ကျွန်မကလည်း အမေလို၊အစ်မလို၊ ညီမလို၊ သူငယ်ချင်းလို မောင့်ကို ချစ်ခဲ့ရသူပါ။ ဒီလို ရှစ်နှစ်ကြာ ရဲဘော်ရဲဘက်လိုအချစ်ဟာ မောင်ကယောက်ျားချင်းချစ်သူအဖြစ် ပြောင်းလဲသွားရုံနဲ့ အငွေ့ပျံမသွားနိုင်ပေမယ့် မောင်မလိုချင်တော့တဲ့ ကျွန်မအချစ်တွေကို အမှိုက်ပုံးထဲထည့်လို့ နောက်ဆုတ်လိုက်ပါပြီ။

မောင်ပျော်သလို နေပါစေ။ မောင့်အရိပ်တွေကို မြေမြှပ်မပစ်နိုင်လည်း ပတ်ဝန်းကျင်က မေးလာတဲ့အခါ ကျွန်မပဲ လူဆိုးလုပ်လိုက်ပါပြီ။ “လက်ထပ်ရမှာကြောက်လို့ လမ်းခွဲလိုက်တာ” ဒီစကားကို အသံမာမာနဲ့ ဘာလို့ဖြေလဲ သိလားမောင်။ ရှိုက်သံတွေ လွင့်ကျလာမှာ စိုးလို့ပါ။ ဒါပေမယ့် အမှန်တရားဆိုတာ အချိန်ကြာလာတာနဲ့အမျှ အရောင်ထွက်လာတာမျိုးရယ်။ ဒီကျွန်းလေးရဲ့ အသိုင်းအဝိုင်းက သိပ်ကျဉ်းလွန်းပါတယ်။ မောင်တို့ချစ်နေကြတာ လျှို့ဝှက်ထားနိုင်ပေမယ့် မောင် သူ့ကို ကျောင်းထားပေးနေတာကိုတော့ မဖုံးကွယ်နိုင်ဘူးလေ။ဘာပဲဖြစ်ဖြစ် ဘယ်သူတွေစကားတင်းဆိုဆို ဘာအကြောင်းကြောင့်မှ မောင် နောက်မဆုတ်တော့။

နှစ်နှစ်ခြိုက်ခြိုက် ဂုဏ်ယူပါတယ်မောင်။ မောင်တစ်ယောက် အချစ်အတွက် အဆုံးစွန်ရဲရင့်ခဲ့ပြီပဲ။ သူငယ်ချင်းအားလုံးနဲ့ အဆက်အသွယ်ဖြတ်ကာ သီခြားကမ္ဘာလေးကို မောင်တည်ခဲ့လေပြီ။ ဒါပေမယ့် မောင်ရောကျွန်မပါ အချစ်ရေးမှာ ကံနည်းခဲ့ကြတာ။ မိုးသည်းသည်းတစ်ညနေမှာ မောင်ကျွန်မကို လာတွေ့ခဲ့ပါတယ်။ မောင့်ဆံစမှာ မိုးစက်များခိုတွဲနေပေမယ့် လက်ထဲမှာတော့ ဆေးလိပ်မီး မငြိမ်းသေးပါ။ မောင် ဆေးလိပ်တောင် စွဲနေပြီပဲနော်။

 “သူ နောက်ဆုံး semester ကို သြဇီမှာ သွားတက်တာ နိုင်သိလား။ ကိုယ်ပဲ ကူညီခဲ့တာပါ” မောင်ပြောသမျှကို ဇဝေဇဝါနဲ့ ငေးကာနားထောင်နေဆဲ မောင်က စကားမဆက်ဘဲ ဆေးလိပ်ကိုမီးသတ်နေပြီးမှ “ သူ ချစ်သူသစ်ရသွားပြီ ။ သူ့ကောင်မလေးနဲ့ လက်ထပ်တော့မယ် ပြောတယ်” တဲ့။ နားတွေအူနေလို့ အကြားများ လွဲလေသလား။

ကောင်မလေး...။ ကောင်မလေးလို့များ မောင်မှားပြောလေသလား။ မျက်လုံးကြောင်တောင်နဲ့ မောင့်ကို ကြည့်နေဆဲ ရာသက်ပန်တုန်လှုပ်ခြောက်ခြားစေမယ့်စကားကို မောင်ဆိုခဲ့… 
“သူ့ကို gay လို့ ကိုယ်လည်း ထင်ခဲ့မိတယ်။ ဒါပေမယ့် သူက straight ပါ။ ကိုယ်ကသာ gay…ငယ်ငယ်လေးတည်းက…”
ထိုသို့ သေစေနိုင်တဲ့စကားကို ပြောအပြီး မျက်နှာကို လက်ဝါးနဲ့အုပ်ကာ နင့်နင့်သီးသီး မောင်ငိုလေရာ ညီအစ်မရင်းတစ်ယောက်လို စာနာစိတ်ဖြင့်မာင့်ကိုထွးပွေ့ထားလိုက်မိ။
( Idea magazine ; July , 2011)

မယ်ကိုး

23 February 2011

“အမှတ်တရ”

စာဖတ်သူတစ်ဦးတည်းနဲ့ တစ်နှစ်ကျော်လောက်ရှင်သန်ခဲ့တဲ့ မယ်ကိုးရဲ့ စာစုများ blog မှာ ဆောင်းသုံးခုပြိုပြီးနောက် ချစ်သူမုန်းသူများ ရရှိခဲ့သလို နောက်ထပ် ကျွန်မဘဝလေးကို ဝင်လာသူကတော့ ညီမလေး selda (dream) ဖြစ်ပါတယ်။ ဆံပင်ရှည်ရှည်နဲ့ ယဉ်ယဉ်လေးလှတဲ့ ညီမလေးဟာ ချစ်ဖွယ်သောစကားကို ဆိုတတ်သူလေးလည်းဖြစ်ပါတယ်။

ကျွန်မရေးထားတဲ့ စာတစ်ပုဒ်နဲ့ ခံစားချက်တူတယ်လို့ ချိုသာစွာနှုတ်ခွန်းဆက်ခဲ့သလို ကျွန်မစိတ်ညစ်တယ်လို့ ပြောမိတဲ့အခါ “mail ထဲကို ဖုန်းနံပါတ်ထည့်ပေးလိုက်လေ ဖုန်းဆက်ပြီး သီချင်းဆိုပြမယ်” လို့ ကြင်နာစွာဆိုခဲ့သူလေးလည်း ဖြစ်ပါတယ်။

ဒီလို စိတ်ရောကိုယ်ပါလှပတဲ့ညီမလေးဟာ စာရေးတဲ့အခါမှာလည်း ချစ်စရာကောင်းသူလေးဖြစ်ပါတယ်။ ကိုယ့်ညီမလေးမို့ ညွှန်းလွန်းတယ်ထင်မှာစိုးလို့ ညီမလေးရဲ့ စာရေးတဲ့လိပ်စာလေးကိုပါ မျှဝေလိုက်ပါတယ်နော်း)။ အိမ်မက်စေရာ

ခြားနားတဲ့ဒေသဝန်းကျင်မှာ အခြေတည်ထားတဲ့ စာလေးတွေဟာ ထူးခြားစွာဆွဲဆောင်နိုင်တာမို့ နှစ်ခြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်မလိုပဲ ညီမလေးကို ချစ်မြတ်နိုးသွားမှာ မလွဲပါဘူး။ အဲဒါဆို ကျွန်မတို့ အတူတူဆုတောင်းလို့ ရပြီထင်ပါတယ်။ ဟုတ်ပါတယ် ။ဒီနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ဟာ ညီမလေးရဲ့ မွေးနေ့မင်္ဂလာရက်မြတ်ဖြစ်ပါတယ်။

ညီမလေးရေ…မွေးနေ့မှစ ကိုယ်စိတ်နှစ်ပါးလုံး သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မမက ဦးစွာ ဆုတောင်းလိုက်ပါတယ်နော်။

မေတ္တာများဖြင့်
မယ်ကိုး


08 February 2011

ဆူးစူးနေသူ


ဘာကိုမှ မငဲ့ကွက်ပါဘူး။ ဒါပေမယ့် စကားတစ်လုံးစ ထွက်ကျမိမှာကို ကြောက်အားပိုနေရ။ သွေးကြောင်သူတဲ့လား။  ငြိမ်းအေးချင်ပါပြီ ဆိုတာ ကျေအေးလိုက်ရမလား။ ရှက်စရာ။ အတွင်းစိတ်မှာသာ ပုန်ကန်တတ်ကာ ဆိုးသွမ်းဖို့ မဝံ့ရဲသူ။ ဗလာဖန်သားပြင်သာ နာရီတွေကို မြိုသွား။

ရပ်တန်းက ရပ်သင့်ပါပြီ။ ဒါပေမယ့် အသတ်ခံရခြင်းမှာ ပျော်မွေ့သူ။ မိုက်တွင်းနက်သူတစ်ယောက် ဘာကြောင့် မဖြစ်သင့်တာလဲ။ ကိုယ့်ပျော်ရွှင်မှုကို သူများလက်မှာ ထည့်ထားဖို့ မတော်ဘူး မဟုတ်လား။ ခေါင်းရမ်းကာ ငြင်းချင်ပေမယ့် တရားမျှတမှုအတွက် ရမယ်ရှာဦးမယ်။ ဟုတ်တယ်။ ကျွန်မ သူတော်ကောင်းမဟုတ်ဘူး။ မိုက်မဲသူပါဆိုကာ  သည်းခံမြင့်မြတ်ခြင်းတရားတွေကို မကြားဝံ့မနာသာ တခြားမှာ ချိတ်ထားလိုက်ရမှာလား။ အမှတ်သည်းခြေမဲ့ ဘယ်လိုနေကြည့်ရမလဲ။ အချိန်မှန်။ အချိန်လွဲ။အချိန်မှား။အချိန်တွေမြန်။ အရေးမပါတာတွေ။ မတွေးဘူး။ ငါ့မနက်ဖြန်ကို ငါမတွေ့ချင်ဘူး။ ဒါပေမယ့် သေခြင်းကို ကြောက်လန့်ကာ စွဲလမ်းနေသူရယ်။

အေးစိမ့်မှောင်မိုက်ကာ စီးဆင်းနေတဲ့ ရက်စက်မှုတွေ။ စိတ်ကြိုက်ဆည်းဆာဆိုတာ ဘာလဲ။ ဟိုအရင်လို စီးဆင်းလိုက်ချင်လည်း အရာအားလုံးဟာ အနိစ္စ။ ဒါပေမယ့် အမာရွတ်ဆိုတာ သေရာပါ။ သွေးစိမ်းရှင်ရှင်ဒဏ်ရာကို မျက်ကွယ်ပြုကာ ပြုံးမနေနိုင်ဘူး။ တခါတလေဆိုကာ ဘယ်လို သေကြည့်ရမလဲ။ 
အခဲမကြေဘူး။ ငါ့ဒုလ္လဘကို အလွဲသုံးစားလုပ်တယ်။

အကြောင်းပြချက်တွေက….....တံခါးတဲ့လား။ ထားလိုက်ပါလေ တိုက်ဆိုင်မှုဆိုပြီး။ သနားစရာကောင်းလှချည့်။ ဗန်းပြထားတဲ့ စကားအလှကြားက ဓားလှံလက်နက်အလုံးစုံကို မဖုံးကာနိုင်။ ဟား…ရယ်မိသွားတာတောင် လှောင်သံနဲ့ ဆင်နေရော့မယ်။
ဘဝဆိုတာ…………………………………………………………………………………..................ဟာသပဲနော်။
မထိုက်တန်ဘူး။ စောင့်နေမှာမဟုတ်ဘူး။စက်ဝိုင်းအပြင်ဖက်မှာ …။ 
ဇာတ်ဆရာပျော်ဖို့ အတွက်သာ ခဏလက်ချိုးကြည့်ရတာ။ အားလုံးဟာ လှည့်စားမှုသက်သက်။
ဘယ်သူမှ…ဘယ်သူကို…ဘာကြောင့်မှ... ဘာကိုမှ...နားလည်စရာမလို…။
ဒါပေမယ့် ရင်ခုန်နေသူ။ အသက်ရှုနေသူ ။ ထိုမျှသာ။…။



credit:www.layoutsparks.com