အဆုံးစွန်သော အရူးစိတ်နဲ့ ဒီထက်နေမြင့်လို့ မဖြစ်နိုင်တော့တာမို့ရေနက်ထဲ စဆင်းပါရစေတော့။ ရှင်သန်ခွင့်ကို အမေ့လက်က နှုတ်ယူပြီးသွေးရူးသွေးတန်းလက်အစုံနဲ့ သေတွင်းတူးကြည့်ပါဦးမယ်။ ဘဝကူးမပြောင်းခင် အသက်ဝဝရှုချင်လှပြီလေ။ တကယ်ပဲ ဆက်လက်သည်းမခံနိုင်တော့ပါ။ ဆတ်ဆတ်ထိမခံနိုင်အောင် ထိခိုက်လွယ်လွန်းတာ၊ မတိကျမပြတ်သားနိုင်တာ၊ လူတွေကို အရေးစိုက်လွန်းကာ ကိုယ့်ဟန်မူရာကို သတိထားလွန်နေတာ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု ချို့တဲ့တာ၊ ဆက်ဆံရေးကစလို့ အချစ်အဆုံး ဖူးပွင့်အောင် လုပ်ဆောင်နိုင်စွမ်းမဲ့တာ၊ အောင်မြင်မှုတွေ ဘယ်လိုရရ စိတ်ချကျေနပ်မှု ချို့ယွင်းနေတာ ၊ အရာရာမှာ စိတ်မလုံခြုံမှုနဲ့ ရှင်သန်နေရတာ….။ ဒီ ကျိုးပဲ့နေတဲ့ အနာတရများစွာဟာ ကျွန်မဘဝကို ထောက်ကန်ထားတဲ့ ဆူးချက်များသာ။
အရာရာကို ထိတ်လန့်အားငယ်ရင်း စိတ်ဆင်းရဲပင်ပန်းမှုတွေနဲ့ သမီး အသက်မရှင်ချင်တော့ဘူး မလေး…။
မလေး…။
ဒီအခေါ်အဝေါ်ကစလို့ ကျွန်မကို မျက်ရည်စိမ့်စိုစေမြဲ။ အမေ့ကို ဘယ်တုန်းကမှ အမေလို့ ကျွန်မ ခေါ်ခွင့်မရှိခဲ့ပါဘူး။ “မလေး” တဲ့ ။ အမေလို့ခေါ်ဖို့ ဘယ်သူမှ သင်ကြားမပေးခဲ့သလို ဦးလေး၊အဒေါ်တွေ ခေါ်သလို ကျွန်မတို့ညီအစ်မ သုံးနှုန်းခဲ့ကြရ။ ဒီနာမ်စားတစ်ခုဟာ အမေ့အတွက် အရေးထားစရာ ကိစ္စမဟုတ်ပေမယ့် ကျွန်မအတွက်တော့ အမည်ခေါ်ခွင့်ကလေးကလည်း ဒဏ်ရာနက်နက်ဆိုတာ အမေ မသိခဲ့ဘူးရယ်။ မလေးဘယ်တုန်းကမှ သမီးစကားကို နားစိုက်မထောင်ခဲ့ဘူးပဲနော်။ ကျွန်မရဲ့ ဒီတရားဝင်ခွင့်ပန်ကြားချက်များ ကို အမေကြားပါ့မလား။ ကျွန်မ မမှန်းဆနိုင်ပါ။
ဒါပေမယ့် မလေး ခုချိန်ကစပြီး သမီးရဲ့ရောဂါစုကို လူဘုံအလယ်မှာ ကုသတော့မယ်။ သမီးရဲ့ရောဂါလက္ခဏာတွေကိုဆေးစစ်ပြီး အစဖျောက်တော့မယ်။ခေါင်းငုံ့နှုတ်လုံတဲ့ သမီးလိမ္မာမျက်နှာဖုံးနဲ့ ဆက်လက် အရူးရင့်လို့ မဖြစ်တော့လို့ပါ မလေး။ အခုလိုသေငင်ဇောမျောနေချိန်မှာ ဓာတ်ကြမ်းတိုက်မှ လွတ်မြောက်မှာ မို့လို့ပါ။ တစ်ကြိမ်တစ်ခါလေးဖြစ်ဖြစ် ကြည်ကြည်လင်လင်လေး သမီး ပြုံးပါရစေ။
ဒါကြောင့် ခုချိန်မှာ Karyl Mcbride ရဲ့ “ Will I Ever Be Good Enough?” {Healing the Daughters of Narcissistic Mothers} စာအုပ်ဟာ ကျွန်မအတွက်နောက်ဆုံးကုထုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုရင်ဖြင့် စိတ်ရောဂါအထူးကုတွေနဲ့ ကျွန်မ မဆွေးနွေးရဲသေးဘူး။ ငယ်စဉ်ကတည်းက အမေ့အကြောင်းဝေဒနာကို ရင်ဖွင့်ရတာ မကောင်းမှုလို့ ထင်ခဲ့မိတာ။ အလွန်တရာမြင့်မြတ်ကြီးကျယ်တဲ့ အမေ့မေတ္တာဖွဲ့တွေက ကျွန်မရဲ့ပျော်ရွှင်ခြင်းတွေကို တိုက်ခိုက်ခြောက်လှန့်ခဲ့တယ်။ မိန်းမဆိုးဖြစ်မှာ ကျွန်မ သိပ်ကြောက်တယ်။ လိမ္မာချင်တဲ့ သမီးကောင်းဖြစ်ချင်သူမို့ တရားစခန်းတွေ ဝင်ပြီး ဘုရားကု ကုခဲ့ရဲ့။
မလေးပြောခဲ့ဖူးတယ်နော်။ “ကိုယ့်သမီးတွေကို တရားစခန်းဝင်နေတယ်လို့ပြောရမှာ သိပ်ရှက်တယ်။ သူငယ်ချင်းတွေက ယူ့သမီးက depression ဝင်နေလားလို့ပြောကြတယ်” တဲ့။ ဒါပေမယ့် ဘာကြောင့် ကျွန်မ တရားစခန်းတွေဝင်ခဲ့တယ်ဆိုတာ အမေ မမေးခဲ့ပါဘူး။ အမှန်စကားဆိုရရင် ၁၆နှစ်အရွယ် မိန်းကလေးအနေနဲ့ တရားစခန်းရောက်သွားခြင်းမှာ နိဗ္ဗာန်လိုချင်လို့ မဟုတ်ခဲ့ဘူးရယ်။ “အမေ့မေတ္တာကို မယုံကြည်သူဟာ ဘယ်သူ့မေတ္တာမှ မယုံကြည်ဘူး”လို့ စာအုပ်တွေထဲကပြောတဲ့အခါ ကျွန်မ အကြောက်လွန်သွားခဲ့တယ်လေ။ ချစ်ခြင်းမေတ္တာကိုမှ မယုံကြည်ရရင်လောကအလယ်မှာ သမီးဘယ်လိုရှင်သန်ရတော့မှာလဲ မလေး။
ဒါကြောင့် ဘုရားရဲ့မေတ္တာတော် အရိပ်ခိုကာ ဆောက်တည်ရာရအောင် ကျွန်မ ကြံဆောင်ခဲ့တာရယ်။ ကျွန်မ လူဖြစ်ချင်သေးတယ်။ စိတ်ဓာတ်ပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကျွန်မမှာ အခွင့်ရှိတယ်မဟုတ်လား။ မနက်ခင်းတွေ သန့်စင်ဖို့ ကြိုးစားခဲ့။ အရိပ်မည်းအောက်က လွတ်မြောက်ဖို့ လုံ့လထုတ်ခဲ့။ ကြည်ကြည်လင်လင်ရယ်မောနိုင်အောင် အားကုန်လှုပ်ရှားခဲ့။အမုန်းရဲ့  စနက်အောက်က ရုန်းကန်ထွက်ပြေးခဲ့။ ဒါပေမယ့် သေလုမတတ် နည်းမျိုးစုံစမ်းသပ်ခဲ့လည်း ကျွန်မ မအောင်မြင်ခဲ့ပါ။
ဆယ်စုနှစ်တစ်ခု ကျော်ပြီးတဲ့တိုင်အောင် တပါးသူတွေရဲ့ ချစ်ခြင်းစကားတွေကို သံသယထားနေဆဲရယ်။ ဒါဟာ သဘာဝလား။ တကယ်ပါ။ သိပ်ချစ်ခဲ့ပေမယ့်လည်း အချစ်စာမေးပွဲမှာ နလန်မထူအောင် ကျရှုံးခဲ့ပါပြီ။ မေတ္တာလေးတစ်စတောင် ချစ်ခဲ့သူနားလည်အောင် ပုံဖော်နိုင်တဲ့သူ ကျွန်မ မဟုတ်ခဲ့ပါဘူး။ ဒီလို မငိုနိုင် မရယ်နိုင်တော့အောင် စိတ်ဓာတ်ပြိုလဲခဲ့သူကို ခယ်ရိုလ်ရဲ့ စာအုပ်က မျက်ရည်စိမ့်စိုစေနိုင်ခဲ့တာ။
အနာနဲ့ဆေး တည့်ခဲ့ပြီလား။ ဒီစာအုပ်က အတ္တဝါဒီမိခင်တွေကြောင့်ဖြစ်ခဲ့တဲ့ သမီးတွေရဲ့ စိတ်ကျန်းမာရေးကို ဒီစာအုပ်လေးက ကုသပေးနိုင်မယ်လို့ ယုံကြည်မိရဲ့။ ဒီလိုဆိုလို့ အမေ့ကို တကိုယ်ကောင်းသမားလို့ စွပ်စွဲတာ မဟုတ်ရပါဘူး တကယ်ပါ။ ကျွန်မတို့ ညီအစ်မကို အဒေါ်တွေလက်မှာ လွှဲအပ်ခဲ့ခြင်းဟာ တရပ်တကျေးမှာ အစိုးရတာဝန်ထမ်းနေခြင်းကြောင့် လားလို့ ဆိုနိုင်ပေမယ့် သမီးတွေနဲ့ပက်သက်ပြီး စိတ်ဝင်စားမှု နည်းပါးခဲ့တာတော့ အမှန်ရယ်။ ကျွန်မတို့ ညီအစ်မတွေ ငယ်စဉ်က ဘယ်နှစ်တန်းတက်နေတယ်ဆိုတာ အမေမှန်အောင် မပြောနိုင်ခဲ့သလို အမေအလည်လာတဲ့အခါ ဝယ်လာတဲ့ အဝတ်တွေဟာ အမြဲပဲသေးငယ်နေခဲ့တာ။တစ်နှစ်တစ်ခါတောင် ဖုန်းမခေါ်ခဲ့တဲ့ အမေဟာ စာအုပ်ထဲကလို စိတ်လှုပ်ရှားမှုချို့တဲ့သူလား။ ဒါမှမဟုတ် ကျွန်မကပဲ သိပ်အချစ်ခံလိုလွန်းသူလား။ ကျွန်မရဲ့တောင့်တလိုအင်တွေပဲ သိပ်များခဲ့သလား ။ငွေကြေးထောက်ပံ့ရုံနဲ့မေတ္တာပြသခြင်းဟာ ပြီးသွားပြီလား။
သမီး အချစ်သိပ်ငတ်ပါတယ် မလေး။ ဒီလိုဖြောင့်ချက်ကို အမေ့ကို ကျွန်မ ရင်ဖွင့်မဆိုခဲ့ပေမယ့်မေတ္တာကို လျစ်လျူမရှုခဲ့သလို အရေးမထားသလိုနဲ့ရောင့်ရဲနိုင်သူလည်း မဟုတ်ခဲ့ပါ။တောင်းယူမှ ရမယ့်မေတ္တာကရုဏာလေးတဆုပ်တဖဲ့အတွက် မာနထားခဲ့မိတာ အမှားလား။ တစ်သက်လုံး ကျွန်မ အပြစ်ဖြစ်သွားပြီလား။အမေဆိုတာ သမီးအတွက် စံနမူနာတဲ့လေ။ ဒီစံကလေးသာ ပြိုကွဲသွားရင် ချစ်သူ၊ဇနီးထားလို့ သူငယ်ချင်းဖြစ်ဖို့ အတွက်တောင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ ခက်သွားပြီတဲ့။ ကျွန်မရဲ့ ကံကြွေးတွေပဲလား။ဒါပေမယ့် လက်မခံနိုင်သေးဘူး။
ဆိုရိုးတွေလည်း ရှိပြန်တယ်။ အမေကို မချစ်တတ်သူဟာ ဘယ်သူ့ကိုမှ မချစ်တတ်ဘူးတဲ့။ ဟင့်အင်း။ အမေနဲ့တကွ လူတစ်ချို့ကို ကျွန်မတကယ်ချစ်ပါတယ်။ ဒါပေမယ့် အမေ မသင်ကြားခဲ့တဲ့အတွက် ချစ်ခြင်းကို ဘယ်လိုပုံဖော်ကာ ခင်ကျင်းရမလဲဆိုတဲ့ပညာ ကျွန်မ မတတ်ကျွမ်းခဲ့ဘူးရယ်။ ဘာပဲဖြစ်ခဲ့ ကြုံခဲ့ အမေ့ကို ကျွန်မ သိပ်ချစ်ပါတယ်။ ဒါဟာ ဆင်ခြင်ဥာဏ်နဲ့ ဇွတ်မှိတ်ထားတဲ့ ချစ်ခြင်းလား ဆိုတာ ကျွန်မ အသံကို ကျွန်မ ကြားခွင့်ရဖို့ အချိန်ကျပြီလေ။ သမီး လူပီပီသသ ရှင်သန်ချင်သေးတယ် မလေးရယ်။ …။
(ဆက်ရန်…)
မယ်ကိုး