25 June 2011

အဝေးကပြတင်း

ဒီပြတင်းပေါက်ကနေ ခုန်ချဖို့ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ မပျော်ရွှင်နိုင်ပေမယ့် ရှောင်လွှဲခြင်းဆိုတဲ့ ကစားနည်းကိုတော့ ကောင်းစွာနားလည်ခဲ့သူပါ။ လှပတယ်ဆိုတဲ့ ကမ္ဘာကို၊ သာယာတယ်လို့ လူပြောများတဲ့ ရှုခင်းကို ဘောင်ခတ်ကြည့်အောင်လည်း မစွမ်းနိုင်သူပဲမို့ ပြတင်းခန်းဆီးစကို အမြဲတစေ စေ့ပိတ်ထားခဲ့တာ။ ဒါပေမယ့် ကျွန်မက အမြင့်ကြောက်သူလည်း မဟုတ်ပါဘူး။

အမှန်စင်စစ် ကျွန်မက လူကြောက်သူသာ ဖြစ်ပါတယ်။ လူတွေရဲ့ အကြည့်ခံရခြင်းမှာ ကြောက်ရွံ့သူသာ၊ လူတွေကို ကြည့်ရခြင်းမှာ တုန်လှုပ်နေသူသာရယ်။ သေချာတာက ကြောက်ရွံခြင်းဆိုတာ ထွေးပွေ့ထားဖို့ မကောင်းပေမယ့် ခွဲခွာမရနိုင်သေးတဲ့ တိုးတိုးဖော်ရယ်လေ။ ဒါကြောင့် ဒီခန်းဆီးကို ကျယ်ကျယ်ဖွင့်ဖို့  ထာဝစဉ် မရည်စူးခဲ့ပါဘူး။ ဒါပေမယ့် စိတ်မကျမ်းမာတဲ့တစ်နေ့မှာပြတင်းပေါက်မှတဆင့် ကျွန်မရဲ့ မြင်ကွင်းကို သူမ  ရောက်ရှိလာခဲ့တာ။

ပြတင်းကိုဖွင့်ပြီး လက်ထောက်ပြီး ဟိုဒီငေးခြင်းကို တရံတခါမျှ မပြုမူဖူးတာလည်း  အမှန်ပါ။ကောင်းကင်ပြာကိုပြတင်းရဲ့ ထောင့်ချိုး၊လစ်ဟာနေတဲ့ ခန်းဆီးကြားကတဆင့် ပုန်းလျှိုးကွယ်လျှိုးနဲ့သာ တိတ်တဆိတ်ငေးတတ်သူဖြစ်ပါတယ်။ အခုတော့ ကံအားလျော်စွာပဲ ညဉ့်နက်နက်မှာ အအိပ်ပျက်ကာ အသက်ရှုကျပ်လို့ ခန်းဆီးကို ဖွင့်ရင်း ခဏရပ်မိခိုက်  မရည်ရွယ်ဘဲ သူမပုံရိပ်ကို မျက်စိကျမိတာ။ မျက်နှာချင်းဆိုင်တိုက်ခေါင်မိုးပေါ်က သူမ။မြင်စမှာတော့ လူသဏ္ဌာန်မျှသာ။ အဝေးမြင်ကွင်းမှာ ယောက်ျား၊မိန်းမ မကွဲပြားသေးဘဲ တရွေ့ရွေ့နဲ့ ကျွန်မတို့တိုက်ရဲ့ အနီးဆုံးကို လျှောက်လာမှ အမျိုးသမီးမှန်း သိလာခဲ့တာ။ ဆံပင်ဖားလျားနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့သူမ။

တိတ်ဆိတ်တဲ့ညမှာ ကျွန်မ အသံကုန်ဖွင့်ပြီး လှမ်းခေါ်ရင် သူမကြားနိုင်တယ်လို့ တွက်ချက်လိုက်မိပေမယ့် ဘာပြောရမှန်း မစဉ်းစားနိုင်ခဲ့။ ဘာပဲဖြစ်ဖြစ်ဆိုကာ အခန်းမီးထဖွင့်ကာ သူမကို တခုခုလှမ်းအော်မပြောသင့်ဘူးလား။ ဒါပေမယ့် ဘာပြောရမှာလဲ။ လူခြေတိတ်ဆိတ်မှ ဒီလိုကြံစည်တာ သေကြောင်းကြံတယ်ဆိုရင်လည်း ကျွန်မအပြောနဲ့ မဖျက်ဆီးနိုင်ဘူးထင်ရဲ့။နေပါဦး။ သူမက သေကြောင်းကြံစည်ဖို့ ကြိုးစားတာမှ ဟုတ်ရဲ့လား။သေကြောင်းကြံဖို့ ကြိုးစားရင်ရော ကျွန်မအော်သံကို အရေးလုပ်ပါ့မလား။   

ဘယ်သူ့ကို အကူအညီတောင်း တိုင်ပင်ရမလဲ။ တခြားအခန်းမှာ အိပ်ပျော်နေသူတွေ ရှိပေမယ့် ခေါ်နှိုးမိရင် သူတို့ငြူစူမှာလား။ ရဲစခန်းကို အကြောင်းကြားရတော့မလား။ ဘယ်တုန်းကမှ အနီးမှာမရှိတဲ့ဖုန်းကို  အသည်းအသန်ရှာဖွေကာ အသင့်အနေထားနဲ့ အရေးပေါ်နံပါတ်ကို နှိပ်နေမိ။  ဒါပေမယ့် ကယ်ဆယ်မယ့်သူတွေ ရောက်လာချိန်မှာ သူမ ခုန်ချပြီးဖြစ်မလား။  တခြားအရာတစ်ခုခုကို လျှို့ဝှက်ကြံစည်နေတာရော မဖြစ်နိုင်ဘူးလား။  ဘာပဲဖြစ်ဖြစ် မသင်္ကာစရာဆိုပြီး ဖုန်းဆက်လိုက်ရတော့မလား။ ပြတင်းအကွယ်ကနေပဲ စောင့်ကြည့်ရင် ကောင်းမလား။

ဒါပေမယ့်ပေါင်းများစွာ၊ ဒွိဟတွေ အနန္တနဲ့ မောပန်းနေဆဲ သူမ ကျွန်မကို တွေ့ရှိသွားခဲ့တာ။ ဟုတ်ကဲ့။ အမှောင်ထဲမှာ သူမနဲ့ ကျွန်မ အကြည့်ချင်းဆုံမိကြ။ တုန်လှုပ်ကာ နှလုံးခုန်သံပင် ငြိမ်သက်သွား။ သူမ ပြုံးပြလိုက်တာလား။ ဝေဝါးတဲ့အလင်းရောက်လွှမ်းခြုံထားတာမို့ သဲကွဲစွာ မမြင်နိုင်ခဲ့။ ဒါပေမယ့် မယုံနိုင်စရာ။ သူမ မျက်ဝန်းတွေကို  ပြက်ပြက်ထင်ထင်တွေ့ခဲ့တယ်လေ။ တောက်ပြောင်ကြည်လင်သော အကြည့်။ စူးစူးရှရှ။ သူမဟာ ကျွန်မရဲ့ မျက်ဝန်းတည့်တည့်မှာ။ သူမမျက်ဝန်းဆီက စကားလုံးများစွာဖွဲ့စည်းထားသော အရောင်များ တလက်လက်။

ရုတ်တရက် ရင်ထဲက အောင့်လာ။ ဟုတ်တယ်။ ကျွန်မ သူမကို သိတာပေါ့ ။ဆိုးရွားတာက ဘယ်သူမှန်း စဉ်းစားမရ။ အသေအချာပါ။ ရင်းရင်းနှီးနှီးကို ကျွမ်းဝင်ဖူးတာ။ သူမက နောက်တစ်ကြိမ်ထပ်ပြုံးပြတယ်။ တကယ်က ပြုံးပြတာပဲလို့ ခန့်မှန်းမိရုံသာ။ မျက်လုံးကြောင်တောင်နဲ့ ကျွန်မ သူမကို တစ်ခုခုပြောဖို့ ကြိုးစားဆဲမှာပင် တိုက်အမိုးစွန်းက ခုန်ချလိုက်တာ။ရုပ်ရှင်ထဲက အနှေးပြကွက်လိုမျိုး ရွက်ဝါလေးကြွေသလို ပန်းတစ်ပွင့် လွင့်သွားသလို  ငြင်ငြင်သာသာ။

“အား” လို့ အကျယ်လောင်ဆုံး အော်လိုက်မိသလား။ ကျွန်မ မမှတ်မိတော့ဘူး။ သတိရချိန်မှာ ကျွန်မဟာ ဆေးရုံခန်းကုတင်ထက်မှာ ရောက်နေခဲ့ပြီ။ ဖြစ်ကြောင်းကုန်စင် သိရတာက ပြတင်ပေါက်ကနေ ကျွန်မ ခုန်ချခဲ့သတဲ့။ “မဟုတ်ဘူး။ လုံးဝမဖြစ်နိုင်ဘူး” လို့ ကျွန်မရှင်းပြတာကို သူတို့လက်မခံကြဘူး။ ကျွန်မ ဘယ်လိုနားလည်ရတော့မှာလဲ။ မျက်နှာချင်းဆိုင်တိုက်ခန်းရဲ့ ခေါင်မိုးက ခုန်ချတဲ့ အမျိုးသမီးအကြောင်းကို မေးမိတိုင်းလည်း  ခေါင်းတွေ တွင်တွင်ခါကာ စကားစကိုပင် ငြင်းပယ်ကြလေရဲ့။

Artist: Vincent van Gogh;Barred Windows;sketch

မှန်သောသစ္စာပါ။ ဒီပြတင်းပေါက်ကနေ ခုန်ချဖို့  ဘယ်တုန်းကမှ ကျွန်မ မစဉ်းစားခဲ့ဖူးပါဘူး။…။

မယ်ကိုး

18 June 2011

အမေ့သမီး၊အမေ့သားများသို့ မရည်ရွယ်သော…


လျစ်လျူရှုရက်စက်တတ်တဲ့ အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့ သမီးတစ်ယောက်အကြောင်းကို ကျွန်မ စာစီဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကတော့ အဲဒီစာကို blog မှာ တင်ခြင်း face book မှာ note အဖြစ်ဖော်ပြခြင်းတို့ကို ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချစ်ခြင်းတစ်ခုဝတ္တုရှည်ကိုလည်း အဆုံးမသတ်သေးတာကြောင့် ကျွန်မကို စာရှည်ရှည်ဆိုရင် ပြီးအောင် မရေးနိုင်သူလို့ မှတ်ယူကြမယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့။ကျေးဇူးပြုပြီး သည်းခံခွင့်လွှတ်ပေးစေချင်ပါတယ်။ ဝါသနာအရ အချိန်ပေးနေမိတဲ့ စာရေးခြင်းအတွက် မည်သည့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိုးနှက်ချက်၊ ရန်စစော်ကားခြင်းကိုမှ ကျွန်မ လက်သင့်မခံနိုင်သေးပါဘူး။

ဒါပေမယ့် တစ်ညနေမှာ ညီမလေးတစ်ယောက်နဲ့ အမေအကြောင်းစာစုအကြောင်း ပြောမိကြတဲ့အခါမှာ စကားလေးတစ်ခွန်းကိုပြောဖို့ ကျွန်မနှုတ်တိတ်နေလို့ မရတော့ဘူးဆိုတာ သိလိုက်ပါတယ်။ ညီမလေးက ကျွန်မကို “ဘာလို့အဲဒီစာတွေရေးနေတာလဲ။ ပြီးတာတွေ ပြီးခဲ့ပြီ။ ထားခဲ့လို့ မရဘူလား ။ အားလုံးက ကိုယ့်အတိတ်ကံမကောင်းလို့ဖြစ်ကြတာပဲလေ” လို့ပြောတဲ့အခါ ကျွန်မ မအံ့သြခဲ့ပါဘူး။ ကျွန်မကိုယ်တိုင်လည်း မေတ္တာ၊ဂရုဏာ၊ဥပေက္ခာနဲ့ အရာအာလုံးအကောင်းအတိုင်းဖြစ်စေနိုင်တယ်လို့ ယုံကြည်ခဲ့သူဖြစ်ပါတယ်။ ခက်တာက ကံနည်းသူအမေ့သမီးတွေဟာ ပုထုဇဉ်စင်စစ်တွေရယ်။ အနာမသိဘဲ ဆေးကုနေရင် ပျောက်ပါ့မလားဆိုတဲ့ သံသယနဲ့ကျွန်မဒီစာကို ရေးခဲ့မိတာဖြစ်ပါတယ်။ 

“အဲဒီလို စိတ်ဒဏ်ရာက ပြီးပျောက်သွားတာ မဟုတ်ဘူး။ မြုံနေတာ မသိလို့ မကုဘဲထားလိုက်ရင် သေတဲ့အတိုင် ပျောက်တော့မှာ မဟုတ်ဘူး။ပြီးတော့ အဲဒီစိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုဟာ မျိုးဆက်တစ်မျိုးဆက်ကနေ နောက်တစ်မျိုးထိ ရိုက်ခတ်တတ်တယ်။  အဲဒါကြောင့်အနာသိအောင် အရင်လုပ်ရမယ် ” လို့  ပြန်ဆိုခဲ့ပါတယ်။  ဒါကလည်း Karyl Mcbride ရဲ့ “ Will I Ever Be Good Enough?” (Healing the Daughters of Narcissistic Mothers) ဆိုသော ကျွန်မအတွက် လက်ခံယုံကြည်စရာကောင်းတဲ့  စာအုပ်ကို မှီငြမ်းပြီး ပြောခဲ့တာ ဖြစ်ပါတယ်

 

ဒါပေမယ့် မိဘကအစ လူတကာရဲ့ ချစ်ခြင်းကိုရနေတဲ့ ညီမလေးအတွက်တော့ မယုံကြည်နိုင်စရာ ဖြစ်မှာပါပဲ။  ညီမလေးက မျက်နှာမဲ့ကာ ပုခုံးတွန့်ပါတယ်။ အရေပါးသူကျွန်မအတွက်လည်း သည်းခံဖို့ ခက်ပါတယ်။ “ဒါဆို ညီမလေး...  ကံတရားအကြောင်းကို လက်မခံတဲ့ တခြားဘာသာမဲ့ ၊ ဘာသာမရှိတဲ့ ကလေးတွေကရော ဘယ်လိုဖြေဆည်ရာ ရမှာလဲ” လို့ မေးဖြစ်သွားတဲ့အခါ  ညီမလေးက “ဘာပဲဖြစ်ဖြစ် သူတို့ကံတရားပဲလေ။ တခြားဘာသာဝင်တွေမှာလည်း အကြောင်းပြချက်တော့ ရှိမှာပဲ” လို့ပြောပါတယ်။ဒါဆို အမေ့မေတ္တာငတ်တဲ့ သမီးတွေဟာ ကိုယ့်ကံကြောင့်ပဲဆိုကာ ရင်စည်းခံပြီး ဒီဒဏ်ရာနဲ့ သေရတော့မှာလား။   စိတ်ဒဏ်ရာရနေတဲ့ သမီးတွေအားလုံးဟာ ဘာသာတရားရိပ်အောက်မှာ ငြိမ်းချမ်းပျော်မွေ့သူတွေ မဖြစ်ခဲ့ရင် သူတို့အတွက်  အလင်းတံခါးမရှိတော့ဘူးလား။ ဘာသာရေးပြင်ပက လွတ်လမ်းကိုလျှောက်ဖို့ မကြိုးစားသင့်တော့ဘူးလား။ တခြားသက်သာရာဖြေဆည်ရာရဖို့ အားမထုတ်သင့်တော့ဘူးလား။ ကျွန်မ ဆောက်တည်ရာမရနိုင်အောင် အံ့သြတုန်လှုပ်ရပါတယ်။

ရှင်တို့ ကံတရားကြောင့်ပဲလေ... လို့မြေနိမ့်ရာလှံစိုက် လက်ညှိုးထိုးကဲ့ရဲ့ခံတဲ့အခါမှာ ကျွန်မရဲ့ ခံနိုင်ရည်မှတ်အစွန်းကို ရောက်သွားပါပြီ။  ကျွန်မ အနူးအညွတ်စိတ်မကောင်းဖြစ်ရပါတယ်။ “ဒါဆို ဒီလိုနှိပ်စက်ခံရတဲ့ကလေးတွေအားလုံးက အမေ့ဆီက “sorry” ဆိုတဲ့ စကားတစ်ခွန်းတောင် ပြန်ရဖို့ အခွင့်မရှိဘူးလား” လို့ မေးဖြစ်ခဲ့ပါတယ်။ သားသမီးဆိုတာ မိဘရဲ့ တစ်စိတ်တစ်ဒေသဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သားသမီးတွေဟာ ခံစားချက်ရှိတဲ့ လူသားတွေ မဟုတ်ဘူးလား။ အမြစ်နာသွားတဲ့အပင်ဟာ  ကြုံလှီချည့်နဲ့နေမယ်ဆိုတာ သိခဲ့ရင် အမေ့သမီးမဖြစ်ခဲ့သူတွေရဲ့ စိတ်နှလုံးကလည်း ညှိုးမှိန်သေးငယ်နိုင်မယ်ဆိုတာ ဘာလို့ ထည့်မစဉ်းစားကြတာပါလိမ့်လို့ ကျွန်မသိချင်လွန်းလှပါတယ်။
 
အမေ့မေတ္တာမရဘဲ မွေးလာတဲ့ သမီးတွေဟာ ဆတ်ဆတ်ထိမခံနိုင်အောင် ထိခိုက်လွယ်လွန်းတာ၊ မတိကျမပြတ်သားနိုင်တာ၊ လူတွေကို အရေးစိုက်လွန်းကာ ကိုယ့်ဟန်မူရာကို သတိထားလွန်နေတာ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု ချို့တဲ့တာ၊ ဆက်ဆံရေးကစလို့ အချစ်အဆုံး ဖူးပွင့်အောင် လုပ်ဆောင်နိုင်စွမ်းမဲ့တာ၊ အောင်မြင်မှုတွေ ဘယ်လိုရရ စိတ်ချကျေနပ်မှု ချို့ယွင်းနေတာ ၊ အရာရာမှာ စိတ်မလုံခြုံမှုနဲ့ ရှင်သန်နေရတဲ့ စိတ်ချို့တဲ့မှုအပြင် အဆိုးရွားဆုံးက ကိုယ်ကိုယ်တိုင်အတ္တကြီးကာ မေတ္တာမပေးနိုင်သူတွေ၊ မပေးတတ်သူတွေ ဖြစ်သွားတတ်တယ်လေ။ ဒါကြောင့် သူတို့တွေဟာ သူတို့စိတ်အခြေအနေကို ကုသဖို့ အရင်ဆုံးဇစ်မြစ်ကို သိရမယ်လို့ ကုထုံးက ဆိုလေရဲ့။ 

“မမစာထဲမှာ ဇာတ်နာစရာ ဘာမှ ထည့်မထားဘူး။ ဒီထက့်အပြင်မှာ ဆိုးတဲ့အဖြစ်တွေ အများကြီးပဲ။ အလိုမတူဘဲ မတတ်သာလို့ မွေးလာတဲ့သမီးကို စိတ်ရောကိုယ်ပါ ညှင်းပန်းနှိပ်စက်တာတွေ၊ ရောင်းစားခံရတဲ့ ၊ မကောင်းတာ လုပ်ခိုင်းပြီး ငွေရှာတာခံရတဲ့ သမီးတွေ …အဲဒီသမီးတွေရဲ့ စိတ်ဒဏ်ရာက လွယ်လွယ်နဲ့ မပျောက်ဘူး” လို့ ပြောမိတဲ့အခါ ညီမလေးက “ သားသမီးကို ၁၀၀% မချစ်တဲ့ အမေတွေရှိချင်ရှိမှာပဲ။ သူတို့မှာလည်း အကြောင်းတစ်ခုခုတော့ ရှိမှာပဲ” လို့ အခိုင်အမာပြောပါတယ်။ ကျွန်မလည်း အဲဒီအကြောင်းအရာကို ရှာဖွေနေတာရယ်။ ဒါပေမယ့် ကျွန်မရှာနေတာက ရုပ်ပိုင်းဆိုင်ရာချို့တဲ့မှုဆိုတဲ့ အကြောင်းပြချက်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းအကြောင်းရင်း ဖြစ်ပါတယ်။ ကျွန်မရည်ညွှန်းတဲ့ စာအုပ်ထဲမှာ အမေတစ်ချို့ဘာလို့ မေတ္တာမပေးနိုင်တာလဲဆိုတဲ့ အကြောင်းကို အကျယ်တဝင့်ရေးထားပါတယ်။ 
လွှမ်းမိုးချုပ်ကိုင်တဲ့ အမေ ( the engulfing mother)၊ လျစ်လျူရှုပစ်ပယ်တတ်တဲ့ အမေ ( the ignoring mother)တွေအပြင် ဝင့်ဝါမော်ကြွားသော ( the flamboyant extrovert)၊ထင်ရှားအောင်မြင်ချင်လွန်းသော( the accomplishment oriented)၊ အရက်သေစာမူးယစ်ဆေးဝါးစွဲနေသော( the addicted)၊ စိတ်ခံစားမှုချို့တဲ့နေသော (the emotional needy)၊စိတ်ရောဂါရနေသော (the psychosomatic)၊ တိုးတိုးတိတ်တိတ် ရက်စက်တတ်သော ( the secretly mean) အမေတွေဟာ တုတ်တစ်ချက်မသုံးဘဲ သမီးတွေရဲ့ နှလုံးသားကို သွေးထွက်သံယိုဖြစ်စေတာ အမှန်ပါ။ ပြဇာတ်ဆန်တဲ့ နောက်ခံတေးတွေ မလိုပါဘူး။“ ပုထုဇဉ်နော ဥမ္နတကော ..” ဆိုတဲ့ ရှေးစကားအထင်အရှားရှိပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေမှာ အမေများလည်း အသွင်တွေ ကွဲနိုင်တယ် မဟုတ်ပါလား။

ကျွန်မက ညီမလေးကို “အမေ့ကိုနားလည်အောင်လုပ်ပြီးရင် ခွင့်လွှတ်ပြီး မေတ္တာပြန်ပေးနိုင်မှ စိတ်အနာလုံးလုံးပျောက်မှာ ။အဲဒါကြောင့် အကောင်းဆုံးနည်းက အမေ့ကို therapist ဆီ ခေါ်သွားပြီး counseling  လုပ်တာ အကောင်းဆုံးပဲ” လို့ ပြောခဲ့ပါတယ်။ ညီမလေးရဲ့ တုံ့ပြန်ချက်ကတော့ ထုံးစံအတိုင်း နှုတ်ခမ်းမဲ့ကာ ပုခုံးတွန့်ခြင်းပဲ ဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ ကျွန်မပြောတာ မှားခဲ့တာ။ တကယ်က အမေဟာ ညှိုနှိုင်းဖို့ခက်တဲ့သူဆိုရင် အခြေအနေဟာ ပိုလို့ဆိုးနိုင်တယ်လို့ ဆိုလေရဲ့။

ဘဝပေးအခြေအနေမတူတဲ့ ညီမလေးနဲ့ ကျွန်မဟာ ခေါင်းစဉ်တစ်ခုအောက်မှာ အဖြေမညီနိုင်ခဲ့ပါဘူး။မေတ္တာရေးကံကောင်းသူညီမလေးအတွက် အမေ့မေတ္တာမရတဲ့သမီးတွေ ရှိနေတယ်ဆိုတဲ့ အချက်ကိုတောင် လက်မခံနိုင်ပါဘူး။ ကျွန်မက  အဲလိုသမီးတွေရဲ့ စာတွေ ကျွန်မဆီလာကြောင်းပြောတဲ့အခါ ညီမလေးက ခါးခါးသီးသီးငြင်းပါတယ်။ “သူတို့အမေက သူတို့ကို မချစ်ဘဲတော့ နေမှာ မဟုတ်ပါဘူး။ သူတို့ဘာသာ အမြင်မှားတာဖြစ်မှာပါ”လို့ စူးစူးနစ်နစ်ပြောပါတယ်။ ကျွန်မစာကို ကိုယ်ချင်းစာနားလည်ခဲ့သူအမျိုးသမီးတွေဟာ ဥာဏ်ရည်မြင့်ပြီး ဘဝအတွေ့အကြုံများကာ ရင့်ကျက်သူတွေဆိုတာ ကျွန်မ မပြောလည်း ညီမလေးသိမှာ ဖြစ်တာမို့ ကျွန်မမှာ ဒီထက်ပိုပြီး ရှင်းလင်းစရာ မရှိတော့ပါဘူး။ 
 
ဒါကြောင့် “ဒီနေ့ပြောခဲ့တာတွေကို စာရေးရမယ်။ ဒါပေမယ့် အချက်အလက်တွေစုံစုံလင်လင်ရှိဖို့ အချိန်ယူရမယ်လို့ ” ညီမလေးကို ပြောခဲ့ပါတယ်။ ညီမလေးကလည်း စကားဝိုင်းအစမှာပင် “ ဒီလိုကံမကောင်းတဲ့ တခြားဘာသာဝင်ကလေးတွေမှာ ကံတရားလိုမျိုး တခြားအကြောင်းပြချက်တွေရှိမှာပဲ။ စာအုပ်တွေ ရှာဖတ်ဦးမယ်” လို့ ဆိုခဲ့ပါတယ်။ တကယ်က ကျွန်မမှားခဲ့တာသာ ဖြစ်ပါတယ်။ ညီမလေးက “ညီမလေးဘဝမှာ အားလုံးက ညီမလေးကို ချစ်ကြတယ်။ ညီမလေးပတ်ဝန်းကျင်မှာလည်း အမေတွေက သူတို့သမီးတွေကို ချစ်ကြတာချည်းပဲ” လို့ပြောခဲ့ပြီးသားဖြစ်ပါတယ်။ရှင်သန်ရာ မတူခဲ့ပြီမို့ ရှုထောင့်လွဲနေတဲ့အကြားက အမြင်တူမလားရယ်လို့  မျှော်လင်ခဲ့မိသူ ကျွန်မအလွဲများရယ်သာ။  

ပုထုဇဉ်ဟာ မှားတတ်တယ်။ တကိုယ်ကောင်းဆန်စိတ်ဟာ တဏှာကို ရုပ်ဖျက်ပြီး နေထိုင်တတ်သလို အကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာစစ်ကိုလည်း ခုတုံးလုပ်တတ်တယ်ဆိုတာ အားလုံးသိပြီးသားလို့ ယုံကြည်ခဲ့မိတာ။ ဒါကြောင့် အမေသာ အကြွင်းမဲ့မှန်တယ်ဆိုတဲ့ တရားနဲ့တွေ့တဲ့အခါ ဟန်ချက်ကို မညှိနိုင်ဘဲ လဲပြိုသွားမိတာ။ အတွေးအခေါ်ရင့်ကျက်ကာ ကြင်နာစိတ်ကြီးမားသူညီမလေးဟာ မေတ္တာအလျှံပယ်ရသူမို့  အမေ့မေတ္တာမပေးနိုင်တဲ့ အခြေအနေတွေကို လက်မခံနိုင်ဘူးတဲ့လေ။ နောက်ဆုံးတော့  လောကတစ်ခွင်က ညီမလေးလို ကံကောင်းသူသားသမီးတွေဟာ ဒီလိုပဲပြောကြမှာပဲဆိုတာ  ကျွန်မ အမြင်မှန်ရခဲ့ပါတယ်။ခံစားဖူးမှ ကိုယ်ချင်းစာမယ်။ ဒဏ်ရာတူမှ စာနာနိုင်မယ်ဆိုတာ လက်တွေ့ကြုံလို့ ယုံလိုက်ရပါပြီ။

ဒါကြောင့်မို့ ကျွန်မကို ရင်ဖွင့်ပြောကြားခွင့်ပြုပါတော့။အနိစ္စလောကဝဲမှာ  ကွေးသောလက် မဆန့်ခင် ကျွန်မသေဆုံးနိုင်သွားတာမို့ ကြိုတင်လို့ ပြောခဲ့ပါရစေလေ။ အမေ့မေတ္တာငတ်သူသမီးတွေကို ရည်စူးလို့ရယ်။ “ရှင်တို့ကို နားလည်တဲ့သူ ကျွန်မ တစ်ယောက်တော့ ရှိပါသေးတယ်” လို့။ ဟုတ်ကဲ့။ ကျွန်မ နှလုံးသားနဲ့အပြည့် ကိုယ်ချင်းစာပါတယ်။ ရင်နှင့်အမျှ ခံစားစာနာပါတယ်။ တကယ်ပါ။ လှမ်းမခေါ်ပေမယ့်လည်း ကျွန်မကြားပါတယ်။ ဘယ်လောက်ပဲကွဲပြားခြားနားလည်း ဘဝတူတွေရဲ့ဘာသာစကားကို ကျွန်မနားလည်ပါတယ်။ အမေ့မေတ္တာမရသူသမီးတွေရဲ့ လောင်ကျွမ်းနေတဲ့ ဒဏ်ရာတွေနဲ့အနီးဆုံးမှာ ကျွန်မရှိပါတယ်။ “ယုံကြည်ပေးပါနော်။ အနည်းဆုံးရှင်တို့ဖက်မှာ ကျွန်မတစ်ယောက်တော့ ရှိပါတယ်”

ကျေးဇူးပြုပြီး လက်ခံပေးပါ။ အမေ့မေတ္တာငတ်သူ သမီးတွေရဲ့ ကြေကွဲမှုတွေကို ရင်နဲ့အမျှ နေရာပေးတဲ့ မယ်ကိုးဆိုသူတစ်ဦးနေခဲ့ပါတယ်။ ရှိနေဆဲ၊ ရှိနေဦးမှာ ဖြစ်ပါတယ်။ ..။




(စာကြွင်း။ ညီမလေးနဲ့ တစ်နာရီခွဲမျှပြောခဲ့သမျှစကားတွေကို အပိုအလိုမရှိအောင် အတိုချုံးပြီး စာစီထားခြင်းဖြစ်ပါတယ်။ ခုလို ကိုယ်ယုံကြည်ရာကို ပွင့်ပွင့်လင်းလင်းပြောတတ်သလို ချစ်တတ်ကြင်နာတတ်သော ညီမလေးကို ကျေးဇူးအထူးတင်ပါတယ် …း)

11 June 2011

“တောကျွံသူ”


သူ့ဦးနှောက်မှာ ဆေးကြောသန့်စင်ပြီးသား ဖြစ်တာမို့ အတွေးတွေဟာ အရောင်လက်စင်ကြယ်နေတာ။ ဟုတ်တယ်။ အတိတ်မဲ့ခဲ့ပြီ။ ဒီနေရာဟာ ညစ်ပေတယ်။ စွန့်ခွာရမယ် ဆိုတဲ့ ယုံကြည်မှုကသာ သူ့ကို လွှမ်းမိုးချုပ်ကိုင်ထားရဲ့။

ကျေနပ်အားရနေလိုက်တာ။ အမြန်ဆုံး ထွက်သွားရမယ်။ ဒီအနာဂါတ်သာ သူ့အတွေးမှာ လဲလျောင်းနေသလို အထူးထီထွင်ထားတဲ့ ယာဉ်လည်း အဆင်သင့်ပိုင်ဆိုင်နေပြီလေ။အဖြူရောင်လမ်းလေးအတိုင်း သူပျော်ပျော်ရွှင်ရွှင်လျှောက်လာပေမယ့် ယာဉ်ပေါ်တက်ဖို့ ပထမခြေလှမ်းမှာပင် အခက်အခဲ ဖြစ်လေရဲ့။  ခြေက မြေမှ ကြွလို့မရ။ တန်ခိုးရှင်တစ်ပါးပါးကို “ ကယ်ပါ” လို့ ဆုတောင်းလည်း အချည်းနှီးသာ။ 

သူ့ရင်မှာ ကပြောင်းကပြန်တုန်လှုပ်နေကာခြေလှမ်းကို မထိန်းချုပ်နိုင်။ တလိမ့်ခေါက်ကွေးလဲပြိုမသွားအောင် ကြိုးစားနေရကာ တံခါးဝကိုမှီပြီး ရပ်နေရ။ သူစွန့်ခွာနိုင်ပါ့မလား။ ဒါပေမယ့် ဒူးထောက်လို့ မဖြစ်ပါ။ ဒီဝန်းကျင်ကသူ့ရှင်သန်ခြင်းကိုမြေမြှပ်တော့မှာ။ သူနောက်ပြန်ဆုတ်လိုက်ပြီး အသက်ဝဝရှုလိုက်ကာ မုန်းတီးရွံ့ရှာစရာမြေကို စေ့စ့စပ်စပ်ကြည့်လို့ အားကုန်နောက်ဆုတ်လိုက်မှ ယာဉ်ရဲ့ ကြမ်းခင်းမှာ ခြေချနိုင်တော့တာ။

သူဝမ်းသာလို့ မျက်ရည်ကျမိတာလား။ နင့်နင့်သီးသီး ခိုးဝှက်ရှိုက်မိသေးပေမယ့် လုံခြုံနွေးထွေးမှုကိုမြင်ရတော့ ကြည်နူးလွန်းလို့ပါဆိုကာ လှည့်စားမိပြန်ပြီရယ်။ သူ ဘဝသစ် ပြောင်းတော့မယ်။ စက်ကိရိယာတွေကို ကိုင်ကြည်ကာ သူမူးရီနေတာ။ ဒီတဒင်္ဂကို ဘယ်လောက်ကြာကြာ ရူးသွပ်ခဲ့ရပါလိမ့်။ အေးခါးသော မိုးသီးများကြားမှာ ခိုက်ခိုက်တုန်စွာ မျှော်လင့်ထွန်းညှီးခဲ့တဲ့ မီးတိုင်လေး။ သူ့ဒဏ်ရာတွေနဲ့ ပုံသွင်းခဲ့တဲ့ တောင်ပံတွေ။ နှလုံးသွေးတွေနဲ့ ဆေးခြယ်ခဲ့တဲ့ နံရံတွေ။ အခု အားလုံး အဆင်သင့်ဖြစ်ပြီ။ ချည်ကြိုးကို ဖြုတ်ချဖို့သာ။

 ငြိတွယ်နေရာကို သေချာနေလည်း ကြိုးကို ထိကိုင်မရ။ မှောင်ရိပ်ကွယ်မှာ သေမင်းနဲ့ စစ်ခင်းရပြန်သလို။မောလွန်းလှလို့ ခဏနားရမလား စဉ်းစားပေမယ့် အားပြတ်သွားမှာ စိုးရိမ်ရတာ။ မဖြစ်နိုင်ဘူး။အလျှော့ပေးလို့ မဖြစ်ဘူး။ လိုအင်တပ်မက်မှု အာသီသ အလျှံပယ်နဲ့ သူ့မှာ အမာရွတ်တွေ များလွန်းခဲ့ပြီ။ ငြိမ်းချမ်းခြင်းမှာ ခြေခင်းလက်ဆန့်နေချင်ပါပြီ။မာရ်နတ်ဟာ နတ်ဆိုးတွေသာမက မကောင်းဆိုးဝါးအားလုံးပါ စုရုံးလို့ သူ့အိပ်မက်ကို တိုက်ခိုက်နေကြပေါ့။ ဆန္ဒနောက်မှာ အောင်မြင်မှုလိုက်တယ်ဆိုတာ ပုံပြင်တွေထဲမှာသာ။ မန္တာန် အထပ်ထပ်ဆိုကာ ဆုတောင်းလည်း အကြောင်းမထူးပါလေ။ မမြင်ရဘဲ နှောင့်ယှက်နေတဲ့ အမှောင့်ပယောဂတွေပဲ။

ဒါပေမယ့် ကံကောင်းထောက်မစွာပဲ လျှပ်တစ်ပြက် ဖျက်ကနဲအလက်မှာ နှောင်ကြိုးကို မြင်လိုက်ရ။ အရည်ပျော်မလို စိတ်လှုပ်ရှားလွန်းနေပေမယ့်အရေးမပါဟန်ယောင်ဆောင်ကာ လေပင် တစ်ချက်ချွန်လိုက်သေးတာ။ ဒါပေမယ့်သေးပါးလွှာတဲ့ နောက်ဆုံးကြိုးမျှင်လေးကို သတိထားဖြတ်နေခိုက်မှာပဲ မျက်ရည်စက်ကလက်ဖမိုးပေါ်ကျလာ။ ဟင့်အင်း။ ဒါ…နောက်ဆုံးကြေကွဲခြင်းပါ။ သူ ပျော်ရတော့မှာ။ ပြုန်းတီးတော့မယ့် နာကျင်ခြင်းတွေ။

ဒီလိုသာ အယုံသွင်းလို့ စက်ခန်းထဲ ပြုံးကြည်သာစွာ စိမ်ပြေနပြေလှမ်းဝင်ခဲ့လည်း ရိုးရာမပျက် ဖျက်ဆီးနေတဲ့ ကံတရားတွေရယ်။ စက်တွေအားလုံး အိပ်စက်နေပြီ။ နှိုးမရနိုင်တော့။ ထောင့်အကွယ်မှာ နွမ်းလျအားချို့စွာ သူ သွားငိုမိတော့တာ။ သူ မေ့ပါပြီ။ တကယ် မေ့တော့မှာပါ။ သူ့ကို မေ့ခွင့်ပေးပါ။ ဆင်းရဲလွန်းလို့ ထွက်မြောက်ခွင့်ကို မကြံရတော့ဘူးလား။ မတရားဘူး။ တကယ်ပါ။ ဘေးကြုံရင် သစ္စာဆိုရသတဲ့။ ဆောက်တည်ရမရတော့တဲ့ သူ့မှာ ရှေးစကားသာ ကိုးကွယ်ရာ ထင်မိရဲ့။

ထားလိုက်တော့။ နတ်ကောင်းနတ်မြတ်တွေ ဆုံးပါးကွယ်လွင့်ကုန်ပြီဖြစ်တဲ့ သတ္တလောကကြီးပဲ။ သူ့ကို ထွက်မြောက်ခွင့် မပေးချင်တဲ့ မမြင်ကွယ်ရာတွေနဲ့ ရန်မလိုချင်တော့။ ရှိစေ။ သူဟာ ဖန်တီးရှင်လူသားပဲလေ။ ဘာကိုမှ မကျိန်ဆဲချင်။ ဘယ်တော့မှ လက်မြှောက်မှာ မဟုတ်ဘူးကွယ့်။ ဒါပေမယ့် အေးစက်နေတဲ့ စက်ဖုံးဟောင်းကိုသာ ဖွင့်နိုင်ကာ ကြံရာမရ ခေါက်တုံ့ခေါက်ပြန်သာ လမ်းလျှောက်နေမိတာ။ မဖြစ်သေးဘူးထင်ရဲ့။ ဒီတစ်နည်းကို စွန့်စားဖို့ သင့်ပါ့မလား။ ဒါပေမယ့် သူနောက်ဆုတ်ထွက်ပြေးလို့ မဖြစ်တော့ဘူးလေ။ သူ ရှင်သန်ချင်တယ်။ စိမ်းနုစိုတဲ့မြက်ခင်းတွေကို မြင်ချင်သေးတယ်။

နောက်ဆုံးမှာတော့ ခွဲစိတ်ကိရိယာကိုဆွဲလို့ သူ့ရင်ထဲက နှလုံးသားကိုနှုတ်ကာ အေးခဲနေတဲ့ မီးလင်းဖိုထဲ ထည့်လိုက်မှာပဲ အပူရှိန်ပြည့်သွားတဲ့ယာဉ်ဟာ မြေမှာ ကြွတော့တာ။ ပီတိအဟုန်နဲ့ သူ့သွေးခုန်နှုန်းမြန်နေသလို ယာဉ်ကလည်း ရွေ့လျားနှုန်းတိုးလာ။ သွားတော့မယ်။ တာ့တာ။ နောက်နောင် ဘယ်တော့မှ…ဘယ်သောအခါမှ ဒီကြောက်စရာ ခြောက်ခြားတုန်လှုပ်ဖွယ် စက်ဆုပ်စရာဒေသကို မြင်စရာမလိုတော့။ ငါ့မနက်ခင်းကို ရွှေရည်လောင်းနိုင်တော့မှာ။ ကောင်းကင်ထက်မှာ သူ့ယာဉ်လေး တငြိမ့်ငြိမ့်စီးဆင်းနေပြီ။




ဘယ်သူ့ကို နှုတ်ဆက်ရမှာပါလိမ့်။ ဟင့်အင်း။ နှလုံးသားမဲ့ခဲ့ပြီပဲ။ တိမ်တွေအထက်မှာ သူ ချမ်းမြေ့နေပြီလေ။ လူတွေကလည်း ထိုသို့ပင် ယုံမှတ်ခဲ့လေတာ။ “အဲဒီလူပေါ့။ အတိတ်တွေ၊ နာကျင်မှုတွေပျောက်အောင် ဦးနှောဏ်ကို ဆေးကြောပြီးသားတဲ့။ ပြီးတော့ ခံစားချက်လည်း ခမ်းသွားပြီ ဆိုလား။ သူ့နှလုံးသားကို လောင်စာလုပ်ပြီးမှ ယာဉ်ပျံသွားတာ… ” လို့ ရေရွတ်ကာ လက်ညှိုးတထိုးထိုးနဲ့ ပြောဆိုနေကြဆဲ….ထိုသို့စုံရုံးကြည့်နေဆဲ… မှာပင် ယာဉ်ထက်က သူခုန်ချလိုက်တာကို တွေ့ကြရလေတာ။ …။

မယ့်ကိုး


October , 2011, Mandaly Icon Magazine