31 July 2011

ကတ်ကြေးဖြင့် ဆုံးဖြတ်သော…


စာအုပ်တစ်အုပ်ဟာ လူကို ကံဆိုးမိုးမှောင်ကျစေနိုင်ပါတယ်။ မယုံမရှိပါနဲ့။ လွန်ခဲ့တဲ့အပတ်က “လူပြိန်းများအတွက် ဆံပင်ညှပ်နည်း” ဆိုတဲ့ စာအုပ်တစ်အုပ်ကို လက်ဝယ်ပိုင်ပိုင် ကျွန်မ ဝယ်ထားလိုက်ပြီလေ။ အသေအချာပေါ့။ ကျွန်မနဲ့ သက်ဆိုင်သူတွေရဲ့ ပုံပန်းရုပ်သွင်ဟာ အခန့်မသင့်လို့ပါဆိုကာ ဆိုးဆိုးရွာရွားထိခိုက်ပြောင်းလဲသွားတော့မှာ။ 



အမှန်ဆိုရရင် မူလအစမှာတော့ ကျွန်မက ဆံပင်ညှပ်ဝါသနာပါသူမဟုတ်ပါဘူး။ လွန်ခဲ့တဲ့လေးနှစ်ခန့် ပျင်းရိဖွယ်နွေတစ်ညနေခင်းမှာ ဆံပင်အတော်ရှည်နေတဲ့ မိတ်ဆွေအစ်မတစ်ယောက်ကို “မကို သမီးဆံပင်ညှပ်ပေးမယ်လေ” လို့ မနေနိုင်စွာ စကားစမိရာက ရောဂါပိုးဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ လူတကာအပေါ်အလိုလိုက်ပြီး သဘောကောင်းတဲ့ အစ်မက ကျွန်မ ဆံပင်ညှပ်မသင်ဖူးမှန်း သိပါလျှက် “ညှပ်လေ ညီမလေး” ဆိုကာ သူ့ရဲ့ ကျောလည်အရောက်ဖြောင့်စင်းလှပတဲ့ ဆံပင်ကို ယုံယုံကြည်ကြည်ပေးခဲ့လေရဲ့။

မရည်ရွယ်ဘဲ အပျော်ကြံမိတဲ့ကျွန်မ ရင်တထိတ်ထိတ်နဲ့ လက်တည့်စမ်းရလေပြီ။ ကံအားလျော်စွာပဲ အစ်မက ကျေနပ်ပြီး အားလုံးက “လိုက်တယ်” လို့မြှောက်ပေးကြတော့ ဘဝင်စိမ့်နေဆဲ မိတ်ဆွေအစ်မနောက်တစ်ယောက်ထံမှာတော့ မျက်နှာပျက်သွားခဲ့ရ။ ဆံနွယ်ကောက်သော ဒုတိယအစ်မက ရှေ့ဆံပင်ပဲ ညှပ်ခိုင်းတာမို့ ပညာအလွန်ပြချင်နေတဲ့ ကျွန်မက နည်းနည်းအဆန်းထွင်ပြီး အတိုလေးညှပ်ပေးလိုက်မိပါတယ်။ အားလုံးခန့်မှန်းမိမှာပါ၊  အစ်မရဲ့ ဆံပင်ပုံစံဟာ ကျွန်မရည်စူးသလို ဖြစ်မလာဘဲ ကျွန်မရဲ့ အမည်ဟာလည်း အဖတ်ဆည်မရအောင် ဖြစ်သွားလေတာ။


 ကြံရွယ်မိသောပုံစံ :P


အခုတော့ ဒီစာအုပ်လေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆုံမိလေတော့ ငြှိုးငယ်ခြောက်သွေ့သွားတဲ့ ကျွန်မရဲ့ ဆံပင်လက်ရာကိုပြန်လည်အသက်သွင်းဖို့ အစပျိုးမိလေတာ။ ဒုတိယအစ်မကို ဒုတိယအကြိမ်အခွင့်အရေးပေးဦးမလားဆိုတဲ့ မျှော်လင့်ချက်အပြင် သဘောကောင်းတဲ့အစ်မနှစ်ဦး၊ အနိုင်ကျင့်လို့ရမယ်ထင်တဲ့ သူငယ်ချင်းတစ်ဦးကိုပါ ဆံပင်ညှပ်စေချင်ကြောင်း ခွင့်တောင်းလိုက်ပါတယ်။


ကျွန်မမျှော်လင့်သလိုပဲ အားလုံးအပေါ်စေတနာကောင်းတဲ့ တတိယအစ်မက သူ့ရဲ့ကျောလယ်ရောက်နေတဲ့ ဆံနွယ်ကို သဒ္ဓါကြည်ဖြူစွာ ရေစက်ချပါတယ်။ပျော်လွန်းလို့ မယုံနိုင်အောင်ဖြစ်ရလေတာ။ ဒီလိုနဲ့ ကျွန်မရဲ့ နှိပ်စက်ခန်းစလေပြီ။ ဆံပင်မညှပ်နိုင်/ ချင်/ သေးဘူးလို့ ငြင်းပယ်သူများကို “ မချစ်ဘူးမဟုတ်လား။ မယုံကြည်ဘူး မဟုတ်လား” လို့ အကြမ်းမဖက်အနုနည်းဖြင့် စတင်ကာ စကားနာထိုးပြီရယ်။

မတရားညှင်းပန်းနှိပ်စက်ခံရပြီး ဆက်လက်မခံစားနိုင်တော့လို့ အရှုံးပေးလိုက်ရတဲ့ အပြစ်မဲ့အမှုစစ်ခံရသူများလို “ဆံပင်ညှပ်ပါမယ်”လို့ အာမဘန္တေပေးလိုက်ရသူများကတော့ နောက်ထပ်အစ်မတစ်ယောက်နဲ့ ညီမလေးတစ်ယောက် ဖြစ်ပါတယ်။ ကျန်သူများကတော့ ဆံပင်ညှပ်မခံတဲ့အတွက် ဟီရိုရှီးမား၊ နာဂါဆာဂီ မြို့တွေကို ဗုံးကြဲမိသူတို့လို အပြစ်ရှိသလို ခံစားရအောင် ကျွန်မ ဘယ်လိုပင် သွေးဆောင်ပေမယ့် နည်းနည်းမျှ မတုန်လှုပ်ကြပါ။  “လူကိုမုန်းပါ။ ဆံပင်ကို ချမ်းသာပေးပါ ” ဆောင်ပုဒ်ကို ချိတ်ဆွဲကာ ဆန္ဒပြကြလေတာ။

ဘာပဲဖြစ်ဖြစ်။ ကျွန်မကို ယုံကြည်ချစ်ခင်သူရှိသေးတာပဲလေ...လို့ လက်ခမောင်းခတ်မယ်ကြံဆဲ တတိယအစ်မက “ ဆံပင်ပျက်စီးသွားလည်း ခြောက်လလောက်ပဲလေ ကိစ္စမရှိပါဘူး...” လို့ ရင်ထဲက စကားဆိုရာ မယုံကြည်မှုအတွက် ကြေကွဲရမလို အလိုလိုက်သည်းခံမှုအတွက် ကြည်နူးရမလိုဖြစ်သွားပါတယ်။
ဒါပေမယ့်  လူသိရှင်ကြား စကားကျွံ့ပြီးပြီမို့ နောက်ဆုတ်ဖို့လည်း မဖြစ်နိုင်တော့ဘူးရယ်။


ဟုတ်ကဲ့။ စာအုပ်တစ်အုပ်က လူကို (ဆိုးဆိုးရွားရွား) ပြောင်းလဲစေနိုင်ပါတယ်။ မယုံကြည်ဘူးဆိုရင် ကျွန်မထံ ဆံပင်ညှပ်ခံကြွဖို့ ဖိတ်ကြားချင်ပါတယ် :D


( မယုံနိုင်အောင် သဘောကောင်းသော ချစ်အစ်မများနဲ့ ညီမလေးသို့ ကျေးဇူးမှတ်တမ်း…. :)