30 August 2011

“ ပြတင်းပေါက်ကလေးများ”

“ We read to know we’re not alone.”
C.S Lewis
 ...................................................

ဘာသာစကားဆိုတာ ညှိနှိုင်းယူခြင်းဖြစ်ပါတယ်။ ညှိနှိုင်းဖို့ လိုအပ်ချက်တွေကို သင်ယူဖို့ တွန်းအားလည်းဖြစ်ပါတယ်။ တခြားသူတွေရဲ့ နောက်ကွယ်က ချေပချက်တွေကို ယုံကြည်မှုအတွက် တိုက်ခိုက်နိုင်အောင် ပြင်ဆင်ပြီးတော့ အချိန်တစ်ခုမှာရေးတဲ့ စာတစ်လုံးစီနဲ့ စကားလုံးတွေဖွဲ့တည်ထားတဲ့ ကမ္ဘာကြီးဖြစ်အောင် ပြန်လည် သွေးဆောင်ကြလေတာ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာဟာ စာအုပ်တွေနဲ့ လိမ့်ဆင်းနေဆဲပေါ့...။


 


၂၀၀၇ ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ blog ဖြစ်ပေမယ့် မယ်ကိုးဆိုတာ ရှိမှန်းပင် မသိနိုင်တဲ့အတွက် နာမည်တူအများကြီးနဲ့ မထင်မရှားစာရေးသူသာဖြစ်ပါတယ်။ ဒီစာရေးသူဆိုတဲ့အသုံးအနှုန်းကို writer လို့ မသတ်မှတ်ဘဲ blogger ဆိုတဲ့ တံဆိပ်ကပ်လည်း ဘယ်တုန်းကမျှ မသိမ်ငယ်ဘဲ ဒီ blog လေးမှာ  ပျော်ရွှင်စွာစာတွေရေးနေသူလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ပုံနှိပ်စာပေလောကသားတစ်ချို့က blog မှာ စာရေးသူတွေကို ကဲ့ရဲ့လှောင်ပြောင်မှုတွေရှိနေလည်း ကျွန်မကတော့ ဒီစာမျက်နှာလေးကို အထူးမြတ်နိုးချင်ခင်စွာ စာတွေဆက်ရေးနေဦးမယ့်သူ၊ blog တွေက စာတွေကို ဖတ်နေဦးမယ့်သူသာဖြစ်ပါတယ်။ 

တကယ်တော့ ကျွန်မက စာရေးသူဆိုတာထက် စာဖတ်ခြင်းကို ဝါသနာကြီးလွန်းသူသာ ဖြစ်ပါတယ်။ စာရေးသူတစ်ယောက်ကဆို blog လောကမှာ ကျွန်မ မဖတ်မိတဲ့စာ ရှိသေးရဲ့လား လို့ပင် ချီးမွန်းကဲ့ရဲ့ဆိုဖူးပါတယ်။ ခြေရာလေးတွေ မချန်ဖြစ်ခဲ့ပေမယ့် ဖတ်ဖြစ်တဲ့စာအားလုံးကို တစ်လုံးမချန် ဝေဖန်ချက်ကအစ အသေးစိတ် ကျွန်မဖတ်တတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ blog ဆိုတာ စာဖတ်သူရဲ့ စိတ်မျက်နှာပြင်ကို ရောင်ပြန်ဟပ်ပေးတဲ့ ကြေးမုံပြင်၊ မစဉ်းစားမိတာကို တွေးတောမိစေတဲ့ မေးခွန်း၊စိတ်အညောင်းပြေအောင် လျှောက်လည်လို့လည်းရတဲ့ လမ်းကလေး၊ ပြီးတော့ ပြတင်းပေါက်လေးတစ်ခု၊ သော့ကလေးတစ်ချောင်း၊ ဘဝပင်လယ်ထဲကို အလင်းဖြာထွက်နေတဲ့ မီးပြတိုက်လေး၊ ပိုပြီး ကျယ်ပြန့်တဲ့နေရာကိုသွားဖို့ ဖွင့်ပေးထားတဲ့  လမ်းတံခါးတစ်ခုရယ်မို့လေ။  

ဒါကြောင့် စာတစ်ပုဒ်ဆိုတဲ့ နေရာလေးမှာ blog ဆိုတဲ့ စကားလုံးလေး အစားထိုးခံစားမိတဲ့ စာအုပ်ထဲက ကဗျာလေးကိုပဲ ပြန်ပြီး လက်ဆောင်ပါးပါရစေရှင်။

A story is a door way
          That opens on a wider place
A story is a mirror
          To reflect the reader’s face.
A story is a question
          You hadn’t thought to ponder;
A story is a pathway,
          Inviting to you wander.

A story is a window,
A story is a key,
A story is a lighthouse,
Beaming out to the sea.

A story is a beginning;
          A story is an end;
And in the story’s middle,
           You might just find a friend.

ဟုတ်ကဲ့။ ဒီ blog လေးဟာ ကျွန်မရဲ့ခံစားမှုတွေ ဖွဲ့တည်ရာနိဒါန်းဖြစ်သလို နိဂုံးလည်း ဖြစ်ပါလိမ့်မယ်။ ကဗျာလေးထဲကလိုပဲ blog မှာ စာရေးရင်း၊ စာတွေကို ဖတ်ရင်း သူငယ်ချင်းမိတ်ဆွေများနဲ့ တွေ့ဆုံကြုံကြိုက်ခွင့်ရလို့ ဝမ်းသာလှပါတယ်။ အထူးသဖြင့် ကျွန်မကို စာရေးဖြစ်အောင် တနည်းတဖုံအားပေးနေတဲ့ စာလာဖတ်သူများ၊စာရေးသူများအားလုံးကို အထူးကျေးဇူးတင်ချစ်ခင်မိပါတယ်။  စာလာဖတ်သူများနဲ့ blogger များ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေရှင်း)

မေတ္တာများဖြင့်
မယ့်ကိုး