23 September 2011

“ရေစီးဖြင့် ထုံးချည်ခြင်း”


အားလပ်ရက်တွေ တလှုပ်လှုပ်လွင့်လာတဲ့အခါ ပင်လယ်ရပ်ခြားမှာ အမြည်းဆန်းဆန်းနဲ့ ယမကာသောက်ချင်တဲ့ မောင့်ကို ဧရာဝတီကိုသာ စုံမက်ဖို့ မြူဆွယ်ရတာ ခက်လွန်းလှချည့်။ “လန်ဒန်ကနေ မီယာမီလေကြောင်းခရီးတစ်ခေါက်မှာ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အင်္ဂလန်တစ်နိုင်ငံလုံး ကားတွေဆီက တစ်နှစ်လုံးထွက်တဲ့နှုန်းနဲ့ အတူတူပဲတဲ့ မောင် ” လို့ ဆိုမှ မျက်ခုံးပင့်ကြည့်ကာ“အဲဒီတော့ …” လို့ စကားထောက်ပေးရဲ့။ “ဒီမြေဒီရေက ဒီလောက်လှနေတာပဲ မောင်ရယ် ။ Ecotourism ဆိုရင် ကြည်နူးစရာကောင်းမယ် ထင်လို့လေ” ခပ်တိုးတိုးဆိုတဲ့အခါ ဦးနှောက်ထဲမှာ ကွန်ပျူတာပရိုဂရမ်တွေသာရှိတဲ့ မောင်က “ အဲဒါ ဘာလဲ” လို့ ဆိုလာတော့ ကျွန်မမှာ သက်ပြင်းအသာချမိပေါ့။ နောက်တော့ ထုတ်သိမ်းထားရတာ ညောင်းညာနေတဲ့ စကားတွေ အရှိန်မသတ်နိုင်အောင် လွင့်ကျကုန်ပြီရယ်။

အဓိကက တောတောင်သဘာဝနဲ့ ယဉ်ကျေးမှုကို မပျက်စီးအောင် ခရီးသွားတာတဲ့။ ဒေသခံတွေအကျိုးအတွက် ထည့်စဉ်းစားတာအပြင် သယံဇာတတွေကို အတတ်နို်င်ဆုံး ထိန်းသိမ်းသွားတာ… ” စကားပင် မဆုံးသေးမောင်က စိတ်ပျက်သွားဟန်နဲ့ ကွန်ပျူတာဖန်သားပြင်ထံသာ မျက်နှာလွှဲလိုက်တာ။ နေပါဦးမောင်ရဲ့။ လှတဲ့မြစ်ရဲ့တေးသံကို နားသောတခံကြရအောင်ပါ။ ဧရာဝတီဆိုတဲ့ စကားလုံးလေးကို ရွတ်ဆိုကြည့်ရုံမျှနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်တွေ မောင့်ရင်ထဲ ငြိမ့်ငြိမ့်လေး စီးဆင်းလာတော့မှာ။ မျက်လုံးလေးမှတ်လို့ အာရုံမှာမျှားယူတဲ့အခါ ဒဏ္ဍာရီ ပုံပြင်တွေ၊ လျှို့ဝှက်ဆန်းပြားမှုတွေ ကပ်ငြိလာနိုင်တာ။ ဘယ်လိုလဲ ဟင်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဧရာဝတီရဲ့ ရင်ခွင်ထဲ စွန့်စားမှုအပြည့်နဲ့ ခုန်ဆင်းကြရအောင်ကွယ်။

မောင့်သိရဲ့နော်။ အိန္ဒိယကအစ အင်္ဂလန်၊နယူးဇီလန်အဆုံး ကန်မြစ်ရေပြင်တခွင်က လှေအိမ်လေးတွေကို ကျွန်မချစ်တတ်တာ။ အိမ်မက်မှန်သမျှ ကြီးကျယ်ခမ်းနားရမယ်လို့ မသွန်သင်စေချင်ပါ။ အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ နေဖို့ ဘယ်တုန်းကမျှ စိတ်ကူးမယဉ်ခဲ့သူဟာ လှေအိမ်လေးတွေကို စွဲလမ်းနေတာ အပြစ်ရှိပါသလား။ မောင်တည်းလိုတဲ့ ဝန်ဆောင်မှုမြင့်ရိပ်သာတွေလောက် မခမ်းနားပေမယ့် သာယာမှုအပြည့် တန်ဖိုးချိုတဲ့ လှေအိမ်လေးတွေရယ်လေ။ မြင်ယောင်လှည့်ပါဦး။ သဘာဝနဲ့ အနီးဆုံးနေထိုင်ခွင့်ကို မကြည်ဖြူဘူးလားဟင်။နားစွင့်လိုက်ပါဦးကွယ်။ မြစ်ရေတိုးသံနဲ့ ငှက်ကလေးတွေ ချိုတေးသံကိုပဲ ကြားရမှာ။ လူထူထပ်လွန်းတဲ့ လမ်းတွေရဲ့ အဝေး၊ မွန်းကြပ်စေတဲ့ ဈေးဆိုင်ရှုပ်ပွတွေမဲ့။ ကျယ်လောင်တဲ့ ဆူညံသံတွေကင်း။ ဘယ်လောက် ငြိမ်းချမ်းလိုက်တဲ့ နိဗ္ဗာန် လေးပါလိမ့်။ ကျွန်မတို့ လှေကလေးက ထီးတည်းရွေ့လျားတတ်တာမို့ သက်ရှိအဖော်နဲ့တောင် တူသေးရော့။ ခေါင်းမခါနဲ့တော့ကွယ်။ မွန်းကျပ်မှုတွေကို ရေမှာမျှောဖို့ လှေအိမ်လေးဆီ လှမ်းကြစို့ရယ်။

ဧရာဝတီရဲ့ ရင်ခွင်တစ်လျှောက်ဖြတ်ကူးလို့မြူးလွင့်ဆည်းဆာတွေကို ရင်ခုန်စောင့်ကြည့်ကြအောင်လေ။ မောင်ကဖြင့် မျက်မှောင်ကြုံချင်မလားရယ်။ လိပ်စာမဲ့ အိမ်မှာ လိုအပ်ချက်တွေ များလွန်းတယ်ဆိုနိုင်တာ။ ရေအပူပေးစနစ်၊ ဓာတ်ငွေ့၊ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေရဲ့ အဝေးမှာ မောင့်လိုအင်တွေ ခက်ခဲကုန်တော့မှာ။ ဒါပေမယ့်မောင်ရယ် တစ်ခါတစ်ခေါက်တော့ဖြင့် ဧရာဝတီမြစ်ကြောမှာ စမ်းသပ်လို့ မျှောကြရအောင်လေနော်။

မနက်ဖြန်ဆိုရင် သိပ်နောက်ကျသွားမှာ။ ကွေးသောလက်မဆန့်ခင် ကျွန်မတို့ဘဝတည်မြဲမှုလေးတွေ လွင့်စင်သွားနိုင်တာမို့ အခုပဲ လှေအိမ်လေးကို ရှာကြရအောင်ကွယ်။ ဟိုး … မြစ်ဆုံအထိ ခရီးဆန့်ကြမယ်လေ။ ကီလိုမီတာ ၂၀၀၀ ရှည်တဲ့ ချစ်စရာဧရာဝတီမြစ်တစ်လျှောက်က မပြောင်းလဲသေးတဲ့ ရိုးရာဓလေ့တွေထဲ ခဏမျှပုန်းခိုချင်လွန်းလို့ရယ်။မြစ်ဘေးတစ်လျှောက်က အိုးလုပ်တဲ့ရွာလေးတွေ တွေ့တဲ့အခါ မောင်က အိုးလုပ်တမ်းဆော့ပေါ့။ ကျွန်မကတော့ မြစ်ကြောတစ်လျှောက်က ကလေးလေးတွေကို ပေးဖို့ အိုးပုတ်ချိုးရုပ်တွေ ဝယ်မယ်။

သောင်ပြင်အနှံက ယာစောင့်တဲငယ်လေးတွေဆီကနေ ငါးပုစွန်ချိုချိုလေးတွေ ရမှာ။ တောအနှံ့ခြေရာဖြန့်ရင်း ဖရဲ၊သခွားအစ ပဲပြောင်းနှမ်းနဲ့ ကောက်ညှင်းပါမကျန် ဈေးမဆစ်ဘဲ ဝယ်မယ်။ သီးရွက်လတ်ဆတ်လေးတွေကို အတို့အမြုပ်နဲ့ ဟင်းချို ၊ အသုပ် လုပ်စားမယ်။ မြေအိုးနဲ့ချက်တဲ့ ထမင်းသင်းသင်းလေး၊ ငါးပုစွန်ကင် မွှေးမွှေးနဲ့ လတ်ဆတ်တဲ့ ဟင်းရွက်ချိုချိုတွေနဲ့ မောင့်ရယ်သံလွင်လွင်ရယ်။ ဒီလိုအစားအသောက်နဲ့ ဖြားယောင်းတော့ ဘယ်လိုလဲ … မောင်ပြုံးချင်ပြီလား။

တကယ်ပေါ့။ ဧရာဝတီရင်ခွင်ထဲ ရောက်တဲ့အခါ မောင်က ကျွန်မထက် ပိုပျော်လိမ့်မှာ။ မှန်ပြောင်းရှည်ကင်မရာကြီးတကုပ်ကုပ်လွယ်လို့ ဟိုရိုက်ဒီရိုက်နဲ့ ထမင်းမေ့ဟင်းမေ့အပြင် အင်တာနက်ပါ မေ့နေတော့မှာ။ ပြောရင်း ဆိုရင်း မြင်ယောင်မိသေးတာ။ ရေမှုန်ရေမွှား၊ သစ်ရွက်မျောကြွေက အစ ငှက်ကလေးတွေ အတောင်ညောင်းလို့ လှေဦးမှာ ချည်ထားတဲ့ စပါးနှံတွေကို လာချီတဲ့တိုင်းလည်း မမောနိုင်အောင် ဓာတ်ပုံချည်း ရိုက်နေလိမ့်။ ဟုတ်တယ်မောင်။ ကျွန်မတို့ အပြန်ခရီးမှာ ဓာတ်ပုံတွေ အပြင် ဘာမှ မသယ်ချင်ဘူး။ ဒေသခံတွေရဲ့ ယဉ်ကျေးမှုကို မထိခိုက်၊ အမွေအနှစ်ကို မယူငင်မှ ပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ ခရီးလို့ ပီပြင်မယ် မဟုတ်လားနော်။ ရေရှားတဲ့အရပ်မှာ ဒေသခံတွေကို စာနာတဲ့အနေနဲ့ မောင်ကို ရေတစ်ခါတည်းချိုးဖို့ ပြောရမှာလည်း အားနာပါတယ်။

ဒါပေမယ့် ဒီသည်းခံစရာလေးတွေက အသေးအမွှားပါနော်။ မြစ်ထဲလူသူကင်းကာ ဆိတ်ငြိမ်ပေမယ့် ပျင်းလှတယ်လို့လည်း မောင် ညည်းမယ်မထင်ပါဘူး။ လှေဦးထိပ်မှာ ငှက်ကလေးတွေနဲ့ ရေစီးထဲက ငါးကလေးတွေ၊ ဘေးဝန်းကျင်မှာ ဝန်းရံနေတဲ့ စိမ်းညှို့တောအုပ်နဲ့ အမျိုးစုံလင်တဲ့ သတ္တဝါတွေ။ အခွင့်ကြုံရင်ဖြုတ်ခဏမျှ နီးစပ်ခွင့်ရနေတာဟာ တုနှိုင်းမဲ့ ဆုလာဘ်ရယ်။ ကျွန်မက နေရောင်ရွှန်းလဲ့အောက်မှာ တဖြတ်ဖြတ်လက်နေတဲ့ လှိုင်းကြပ်ခွပ်တွေကိုငေးကာ ဟိုဒီတလွှားတောင်ထိပ်ပေါ်က ထုံးဖြူဖွေးစေတီတွေမှာ ကပ်လှုဖို့ တောရိုင်းပန်းတွေသီမယ်။ မယုံဘူးလား။ မောင်က ပြုံးတဲ့အခါ ကြယ်ကြွေတာကိုလည်း လင်းထင်းလှပစွာ မြင်ရဦးမှာ။ လရိပ်သာမှာ မြစ်ထဲက အရိပ်တွေကို ငေးမောရင်း မောင့်ရဲ့ဆည်းလည်းသံချိုနဲ့ သီချင်းဆိုပြပါကွယ်။ ခင်ဝမ်းရဲ့ ဧရာဝတီ၊ ဆော်လမွန်ငါးတို့အပြန်။ ထူးအိမ်သင်ရဲ့ ရာဇဝင်များရဲ့ သတို့သမီး … ဘာပဲဆိုဆို ဧရာဝတီက သဘောတကျကြည်နူးနေမှာ။ ယုံပါ။ ဂစ်တာတီးကာ မောင်တေးဆိုတဲ့အခါ ဧရာဝတီရဲ့ နောက်ခံသံနဲ့ ပိုချိုလိမ့်မှာမို့ တိမ်ညိုစင်တဲ့နေတွေ့မှာ ကြယ်တွေကိုကြည့်ပြီး ဧရာဝတီအတွက် မောင်က သံစဉ်ရှာပါလေ။
ရေလျဉ်မှာ ငြိမ့်ငြိမ့်ကလေးရွေ့ရတာ ငြိမ်းငွေ့လာရင် စိမ်းမြတောမှာ ရွက်ဖျင်တဲလေးထိုးပြီး အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ကင်စားဖို့ တစ်ခေါက်နားကျတာပေါ့။အရုဏ်ကျင်းတော့ အုံ့မောင်းခေါက်သံနဲ့ နိုးထလာပြီး ရွာရိုးကိုးပေါက်လျှောက်ကြမယ်လေ။ ကံထောက်မလို့ ရွာအလှုနဲ့ ကြုံတဲ့အခါ ချည်ထည်လေးလွှမ်းလို့ ဘုရားကန်တော့မှာ ။ ကျွန်မ သဝန်တိုတတ်လည်း မောင်က ရွာသူချောလေးတွေနဲ့ ရယ်မောကာ ထမင်းလက်ဆုံစားလည်း မငြိုငြင်ပါဘူးကွယ်။

ဝေလီဝေလင်းမှာ ရွာဈေးကို ပတ်ပြီး ဈေးမဆစ်ဘဲ ဝယ်နိုင်အောင် ကျွန်မ ကြိုးစားမယ်။ အညာမှာ မောင်ထန်းရည်သောက်တာ မတားသလို နီးစပ်ရာမှာ လှုဖို့အတွက် ခါးလောက်မြင့်တဲ့စဉ့်အိုးကြီးတွေ ကျွန်မ ဝယ်တာကိုလည်း မငြိုငြင်စေချင်ဘူး။ မောင် တစ်ခါမှ လှည်းမစီးဖူးဘူး မဟုတ်လား။ တိမ်ရိပ်ကျချိန်မှာ လှည်းယဉ်လေးနဲ့ ရွာစဉ်ကူးလို့ နာဖျားနေတဲ့သူတွေဆီ ဆေးအလှုထွက်ကြမယ်။ ပြီးတော့ နေရိပ်သာတဲ့ ညခင်းတွေမှာ တောင်နိမ့်ဖျားတွေမှာ တောရိပ်ထိုးကျနေတဲ့ မြစ်အလှကို စီးလို့ငေးဦးမှာ။ အတွေးတွေတိမ်ဖွဲ့အယက်မှာပင် ဆွံ့ပျံ့ဖွယ်။ ကြည့်ပါဦး မောင်ရယ်။ တောရိုင်းပန်းတွေနဲ့ အလှဆင်ထားတဲ့ ကျွန်မတို့ လှေအိမ်လေးက ဧရာဝတီနဲ့ ဘယ်လောက်ပနံရနေလိမ့်မလဲလေ။

အကြည့်ခံတဲ့ ဧရာဝတီဟာ ကျွန်မတို့ မြေရဲ့ အနုပညာ။ အမေလိုလည်း ကျေးဇူးကြီးကာ သူ့ရင်ခွင်မှာ မှီတွယ်နေတဲ့ သက်ရှိများစွာရယ်။ သူ့ကျေးဇူးကို ဘယ်လိုတုံ့ပြန်ရမလဲလို့ ကျွန်မ ဥာဏ်သေးသေးလေးနဲ့ မတွေးတတ်ပါဘူး။ ဒါပေမယ့် အမြစ်မြဲမယ့် သစ်ပင်ငယ်လေးတွေကို ကမ်းပါးစောက်တစ်လျှောက်မှာ စိုက်ကြည့်ချင်သေးတယ်။ မောင်ကတော့ လက်ခံလိမ့်မယ် မထင်ဘူး။ ကျွန်မ အရူးထတာပဲ ဆိုကာ ရယ်ချည်းပဲ နေဦးမှာ မဟုတ်လား။ ဘယ်သူပြောနိုင်မလဲ ။ နောင်နှစ်ပေါင်းအတန်ကြာရင် အဲဒီအပင်လေးတွေက ဖွဲ့တည်တဲ့ မိုးစက်လေးတွေဟာ ဧရာဝတီထဲ စီးဝင်နိုင်ကောင်းတာ။ဒီလိုနဲ့ ဧရာဝတီဟာ သက်တော်ထောင်ကျော်ရမယ်လေ။

မြတ်နိုးမဆုံးဖြစ်ရပါတဲ့ ဧရာဝတီ။ ဧရာဝတီမှာ ရင်ခွင်ရိပ်မှာ ခဏတာကြည်နူးခွင့်လေးဟာ တသသ တဖွဖွပြောလည်း ဘယ်လိုမှ မပြီးနိုင်ဖြစ်နေတော့မှာ ။ ဒီလိုနဲ့ ရေလွှာငြိမ့်ငြိမ့်မှာ မျောရင်း သစ်အုပ်စိမ်းမြကိုမြင်ပါများလို့ ရိုးအီလာတဲ့အခါမြန်မာတွေရဲ့နှလုံးသား ပုဂံကို ရောက်ပြီလေ။ လှေအိမ်လေးကို အနားပေးလို့ ပန်းအစီအရီပွင့်နေသလို တင့်တယ်ကြည်ညိုအရိပ်ဖြာတဲ့ စေတီအဆူဆူကို အချိန်ယူဖူးကြတာပေါ့။ မြစ်နဲ့အတူလှေ၊စက်ဘီး၊နွားလှည်းနဲ့ ခြေကျင်သာဖြတ်သန်းမယ့် ကျွန်မတို့ ခရီးဟာ ပတ်ဝန်းကျင်မထိခိုက်တဲ့ ခရီးအစစ်ရယ်။ ရှုခင်းသာတဲ့မြစ်ဆုံအထိခရီးဆက်ဖို့လည်း မောင့်ကို ထပ်မံဆွဲဆောင်ဖို့ လိုဦးမယ် မထင်တော့ပါဘူး။ ဧရာဝတီလင်းပိုင်တွေနဲ့ ဆုံတွေဖို့ကို မောင်မျှော်ကိုးလို့ စိတ်အားတက်ကြွနေတော့မှာ။

ပြောရတာ မောပါဘိ တကယ်။ မကြာခင်ပဲ ရွက်လွှင့်လို့ ပန်းချီဆေးရေးထားသလို လှတဲ့ မြစ်ဧရာကမ္ဘာထဲ စီးဝင်ကြရမယ်လေ။ မျက်ကွယ်ပြုထားခံရတဲ့ သီးသန့်အလှတရားတွေရဲ့ မှတ်တမ်းစာအုပ်ကို ကျွန်မတို့ တဖြည်းဖြည်း ဖွင့်ဖတ်အောင်လေ။ နူးညံ့သိမ်မွေ့တဲ့ ဂေဟစနစ်လေး မကျိုးပဲ့အောင် မထိန်းသိမ်းချင်ဘူးလားတဲ့ ။ ဟိုး…မှာ။ မြစ်ကလှမ်ေးခ်ါနေပြီရယ်။ ဧရာဝတီကို ဖက်တွယ်ဖို့ မောင်သဘောတူမယ်ဆိုရင် ခုပဲခြေဦးလှည့်ကြရအောင်နော်။ဟော…ပြောရင်းဆိုရင်း ကြားနေရပြန်ပြီ။ ရေလှိုင်းသံစည်းချက်ညီနဲ့ သာတဲ့တေးရယ်။ …။

 



( ဇွန်လ၊၂၀၁၁ ထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ ပုံနှိပ်ခွင့်ရလို့ ပျော်ရွင်ခဲ့ရပေမယ့် စကားလုံးနဲ့ ဝါကျများပျောက်ရှသွားပါသဖြင့်ကြေကွဲခဲ့ရတဲ့ စာမူလေးပါ။ စာမူလေးကိုနှစ်သိမ့်လိုစိတ်နဲ့  မူရင်းအတိုင်း  ပြန်တင်လိုက်ပါတယ်း)

18 September 2011

“သစ်ခြောက်ပင်တစ္ဆေ သုတေသန”



တစ်ခါတုန်းကပေါ့ လောကကြီးကို စိတ်မဝင်စားတဲ့ သစ်ပင်လေးတစ်ပင်ရှိတယ်။ လွင်ပြင်ကျယ်အလယ်မှာ သီးသန့်တည်နေတဲ့ အပင်ငယ်လေးဟာ လေပြင်းထန်လို့ မုန်တိုင်းကြမ်းလည်း အရေးမထားဘူးတဲ့။ သူဟာ ကောင်းကင်ကို ကြည့်ပြီး ကဗျာစပ်တတ်တယ်။ သစ်ပင်အဖြစ်ကို ငြီးငွေ့လာရင်တော့ တိတ်တိတ်ကလေးငိုတတ်တယ်။ အဝေးကတောအုပ် စိမ်းစုစုကို မျှော်ငေးရင်းလည်း အားကျဝမ်းနည်းနေတတ်တယ်။အဲဒီလို စိတ်ကူးယဉ်တတ်တဲ့ သစ်ပင်လေးပေါ့။

တစ်ခုသော နွေဦးမှာတော့ အလည်လွန်လာတဲ့ တိမ်တစ်အုပ်က သူ့ကို နှုတ်ဆော့ပြီး မိတ်ဆက်လာသတဲ့။ အဖော်ကွဲအထီးကျန်နေတဲ့ သစ်ပင်လေးဟာ ထူးဆန်းတဲ့ သူငယ်ချင်းအသစ်နဲ့ ဆုံခွင့်ရလို့ အံ့သြဝမ်းသာနေတာပေါ့။ ဒါပေမယ့် မိတ်ဆွေဖွဲ့ပြီး မကြာခင်ပဲ တိမ်ကလေးဟာ လွင့်ပါးသွားပြန်တာ။ အဲဒီအချိန်ကစပြီး သစ်ပင်လေးဟာ နေကိုကျောခိုင်းပြီး တိမ်ပြေးလမ်းကိုပဲ ကြည့်နေသတဲ့။ အစက်ငယ်အဖြစ်မှုန်ဝါးသွားလဲ သူဟာ တိမ်လေးကို မှတ်မိနေတယ်။ ပြီးတော့ သူ့သူငယ်ချင်း တိမ်ကလေးဟာ တခြားတိမ်တွေနဲ့ မတူဘူး။ နာမည်ဆန်းနဲ့ ထည်ဝါတဲ့တိမ်ကလေးလို့ ဝံ့ကြွားပြောဆိုတတ်တယ်။ အနီးကိုင်းတောထဲက ပန်းပင်ငယ်လေးတွေက မယုံသင်္ကာနဲ့ မျက်မှောင်ကြုံ့ကြတာပေါ့။ ပြီးတော့ အဲဒီတိမ်ကလေး လွင့်ကွယ်သွားပါပြီလို့ ပြန်ငြင်းကြတယ်တဲ့။ 

ဒီလို စကားစစ်ထိုးနေဆဲမှာ အံ့သြစရာကောင်းလောက်အောင် အဲဒီတိမ်လေးဟာ အနားကိုပြန်ရောက်လာပြန်တာ။ တိမ်ဟာ သူ့ရဲ့ ကြီးကျယ်တဲ့ခရီးလမ်းကို ပြောပြတော့ သစ်ပင်လေးဟာ မှင်သက်သဘောကျနေတာပေါ့။  ဒါပေမယ့် ပန်းပင်ငယ်လေးတွေကတော့ ကဲ့ရဲ့ကြတယ်လေ။ “အဲဒီတိမ်က အမျိုးမျိုးပြောင်းလဲနေတာ။စိတ်ပျက်စရာကောင်းလိုက်တာ” လို့ ဆိုကြလေရဲ့။

သစ်ပင်လေးကတော့ မကြားယောင်ဆောင်ကာ ပြုံးရယ်နေတာပေါ့။ “တိမ်ပန်းချီရေးနေတာ ဘယ်လောက်လှလိုက်လဲ ကြည့်ပါဦး။တိမ်လေးဆီမှာ ရောင်သွယ်မျိုးစုံ ကွန့်မြူးနေတယ်။ သဏ္ဌာန်အမျိုးမျိုးဖြစ်အောင်လည်း ဖန်ဆင်းတတ်တယ်။  ဟော ခုတောင် သစ်ပင်ပုံလေး ဖြစ်ပြန်ပြီ” ဆိုပြီး သဘောကျနေတယ်တဲ့။ အမှားတွေချည်းပဲတဲ့လား။ သစ်ပင်ပဲလေ။ ဘယ်မှာ ဦးနှောက်ရှိပါ့မလဲ။ တိမ်ပြောသမျှ ပုံပြင်တွေကို ယုံကြည်စွဲလမ်းနေတာရယ်။ သူငယ်ချင်းရယ်ပြောသမျှ ယုံစားတတ်တဲ့ သစ်ပင်လေးပါ။ ဒါဖြင့် ခံစားချက်ရှိသလားတဲ့လား။ ဟင့်အင်း။ သစ်ပင်ရယ်လေ။ နှလုံးသားလည်း မရှိပါဘူး။ တိမ်ကလေး တဖန်လွင့်ပါးသွားပြန်လည်း သူဟာ စွဲငြိစိတ်ကင်းကင်းနဲ့ ကျန်ခဲ့တာပါပဲ။ 

ဒီလိုနဲ့ ဝေးလိုက်နီးလိုက်တိမ်ကလေးဟာ တဖြည်းဖြည်း အသွင်ပြောင်းလာတာ။ ညိုညိုမည်းမည်းနဲ့ ကြောက်စရာကြီးလို့ ငှက်ငယ်လေးတွေက ပြောကြပေမယ့် သစ်ပင်လေးကတော့  တိမ်ကလေးတည်ငြိမ်လာပြီလို့ ထင်နေလေရဲ့။  “ငါဟာ မင်းရှင်သန်ဖို့ မိုးအဖြစ်ရွာမယ့် ရေခိုးရေငွေ့တွေ သယ်ဆောင်ထားတယ်လေ ” လို့  တိမ်ကလေးက နာပျော်ဖွယ်စကားနဲ့ ဖြားယောင်းတော့လည်း သစ်ပင်လေးက ကျေးဇူးတွေ တင်နေတာပေါ့။ မိတ်ဆွေတွေဆိုတာ ယုံကြည်မှုခိုင်မြဲကြတယ် မဟုတ်လား။ 

တိမ်ကလေးက ငှက်ကလေးတွေနဲ့အပြိုင် သီချင်းလည်း ဆိုတတ်သေးတယ်။ သိပ်သာယာတာပဲ လို့ သစ်ပင်လေးက တဖွဖွချီးကျူးနေတော့ အနားက မနေနိုင်ရှာတဲ့ အပင်အိုကြီးက အဲဒါ မိုးခြိမ်းနေတာလို့ ရှင်းပြရှာတယ်။ ပြီးတော့ စေတနာကောင်းနဲ့ ဆိုဆုံးမသေးတာက  အဲဒီတိမ်ဟာ ပြူစားတတ်တဲ့ တိမ်ပါတဲ့။နောက်ဆို သူက မိုးခါးရေတွေ ရွာချတော့မယ်။ အဲဒီအခါ ရေသောက်မြစ်ထဲ မစီးဝင်အောင် ဂရုစိုက်နေလို့ သတိပေးပါရဲ့။ဖျောင်းဖျနားချပါသတဲ့။

သစ်ပင်လေးက ဒီစကားကို ယုံမယ်ထင်သလား။ "ယုတ္တိမရှိလိုက်တာ"လို့ ပြန်ပြောတာပေါ့။ တိမ်စကားမှန်သမျှကလွဲရင် ကျန်သူဆိုသမျှကို နားမဝင်နိုင်တဲ့ သစ်ပင်ကလေးရယ်လေ။ သစ်ပင်ကလေး မိုက်သတဲ့လား။ သူငယ်ချင်းဆိုတာ ရန်ပြုမယ့်သူမှ မဟုတ်ဘဲလေနော်။ မိုးအဦးအစရွာတော့ သစ်ပင်လေးဟာ အပျော်ကြီးပျော်နေတာပေါ့။ သစ်ပင်အိုကြီးကတော့ သစ်ပင်ကလေး ရူးသွားရှာပြီလို့ ပြောတယ်တဲ့။ သစ်ပင်လေးက လက်မခံဘူး။ ခါးခါးသီးသီး ပြန်ငြင်းတာ ။ သူဟာ အားလုံးကို အရင်လို သိနေတာပါရယ်လို့ အချက်အလက်တွေ စုဆောင်းတုန့်ပြန်ရင်းပေါ့။ ဒါပေမယ့် အနားက ငှက်ငယ်လေးတွေကအစ သူ့စကားကို နားမဝင်တော့ဘူးရယ်။ ဒီလိုနဲ့  တိမ်ကလေးကြောင့် မိုးတွေ သည်းသည်းမည်းမည်းရွာတဲ့အခါ ရောက်လာခဲ့တာ။

သစ်ပင်လေးဟာ ရွက်နုတွေဖြာရတော့မယ်ဆိုပြီး ကြည်နူးနေခဲ့တာပေါ့။ ဒါပေမယ့် စိတ်ကူးအိပ်မက်ဆိုတာ နမိတ်မဟုတ်ပါဘူး။ တကယ်အဖြစ်မှန်ကတော့ သစ်ပင်လေး မိုးကြိုးပစ်ခံခဲ့ရတာ။ တိမ်ကလေးဆီက ဖြာကျလာတဲ့ လျှပ်စီးတွေလေ။ ပင်စည်အခက်အလက်တွေ လွင့်စင်ပေါက်ကွဲသွားပြီး သေလုမတတ်နာကျင်ခံစားခဲ့ရတဲ့ သစ်ပင်ကလေးရယ်။ မိုးစဲပြီးနောက်မှာတော့ သစ်ပင်လေးရဲ့ ရွက်နုသစ်ကလေးတွေ ပြာကျမြေခသွားတယ်။  ရင်တွင်းပင်စည်ဟာ အက်ကွဲသွားပြီး ပူလောင်လွန်းလို့ မီးခိုးတအူအူထွက်လာတယ်။ စိမ်းလဲ့ဖြာနေတဲ့ သစ်ကိုင်းတွေဟာ ရုတ်ချည်းမည်းခြောက်သွားကြတယ်။ ဒါကြောင့် လှတဲ့ပန်းတွေနဲ့ မမွှေးပျံ့နိုင်တော့ဘဲ ညှိုးရော်ချိနဲ့သွားတဲ့ သစ်ပင်ကလေးရယ်မို့  သစ်ခြောက်ပင်လို့ ဖြတ်သွားဖြတ်လာလူတွေက သမုတ်ကြလေတာ။

photo credit:Thevisualizejoe

အဲဒီချိန်ကစပြီး ရွာနီးချုပ်စပ်က လူတွေက “ဒီသစ်ပင်မှာ အပမှီနေတယ်။ ညမိုးချုပ်ဆို အဲဒီသစ်ပင်အနားဖြတ်မသွားကြနဲ့” လို့ အချင်ချင်းစကားလက်ဆင့်ကမ်းကြပြီး အဝေးက ရှောင်ရှားသွားကြတယ်တဲ့။ မဟုတ်ရပါဘူး။ သူဟာ ပျောက်ကွယ်သွားတဲ့ တိမ်ကလေးကို တမ်းတမ်းတတ အော်ခေါ်နေခြင်းသာ ဖြစ်ပါတယ်။ လူတွေ အထင်မှားနေတာက အဲဒါ သရဲခြောက်တာတဲ့။ တစ္ဆေခ်ါသံတဲ့။ သစ်ပင်လေးက ဝမ်းနည်းစိတ်မကောင်းလွန်းလို့ ငိုရှာတယ်။ အနားက သစ်ပင်အိုကြီးနဲ့ အပင်ငယ်လေးတွေကလည်း သူ့ကို စိတ်မနှံ့တဲ့အပင်ဆိုပြီး လျစ်လျူရှုပစ်ပယ်ကြတယ်လေ။

ဘာပဲဖြစ်ဖြစ် အသက်ပြင်းတဲ့ သစ်ပင်ကလေး မသေသေးပါဘူး။ ဒါပေမယ့် သစ်ပင်အိုကြီး သတ်မှတ်သလို သစ်ပင်ကလေးစိတ်ဖောက်ပြန်သွားခဲ့လေသလား။ ဘုရားမှ သိမှာပါပဲ။ သစ်ပင်လေးက အကျည်းတန်လွန်းတဲ့ သူ့သေရာပါဒဏ်ရာကို ဖုံးကွယ်လို့ သူ့သူငယ်ချင်းက သူ့ကို မိုးကြိုးသွား လက်ဆောင်ပေးခဲ့တာပါလို့ အခွင့်ရတိုင်း ဝံ့ကြွားပြောရှာတာ။ ပြီးတော့ ကွယ်လွင့်သွားတဲ့ သူငယ်ချင်းကို သတိရတဲ့အခါတိုင်း တိမ်အလင်္ကာကို ဖွဲ့နွဲ့နေတတ်တာ။ တကယ်ပါ။ မဖြစ်နိုင်ဘူးလို့ မငြင်းပါနဲ့။ မကောင်းဆိုးဝါး ရှိနေတယ်ဆိုတဲ့ သစ်ခြောက်ပင်ကလေး သတင်းကြားရင် ကျေးဇူးပြုပြီး သွားရောက်လေ့လာစေချင်ပါတယ်။ ကောလဟာလတွေရယ်ပါ။ အလွမ်းစကား ညည်းတတ်တဲ့ သစ်ပင်စင်စစ်သာ ဖြစ်ပါတယ်။ ဒါကြောင့် သစ်ခြောက်ပင်လေးရဲ့ ရင်ကွဲတေးကို နားဆင်ပြီးမှ အမှန်တရားကို ဆုံးဖြတ်ပေးစေချင်ပါတယ်။…။

မယ်ကိုး


11 September 2011

“အရေးပေါ်မျှတမှု”




ဘောက်ဖတ်အလွှာမဲ့စွာ လူအဖြစ်မှ ရုတ်ချည်းပြောင်းခဲ့သူ။
မယုံနိုင်စရာ ။
နှလုံးသားတလျှောက်ဆူးတွေပေါက်ကာ  ဖြူတစ်ကောင်ဖြစ်မှာလားလို့လည်း ကြောင့်ကြခဲ့ရသေး။
ရန်သူကို အာရုံယူမိတိုင်းမှာ စိတ်တစ်လျားအနှံ့က ဆူးတွေဟာ  မြားအဖြစ် အသွင်ပြောင်းပြန်။
ခက်လှတဲ့ လူတစ်ပိုင်း ဖြူတစ်ပိုင်း ဒီသတ္တဝါဟာ ကိုယ့်ရင်သာ ပြန်စူးမယ့် မြားများသာ လက်သပ်မွေးနိုင်သူ။

ဒါဟာ ဂုဏ်သိက္ခာစစ်ပွဲလား။
သိမ်ငယ်နေတဲ့စိတ်ညှိုးကို အရှက်ရအောင်  ချိုးတာ။
နားမလည်။
ရုပ်နာမ်စုကို ကုန်ပစ္စည်းလို အရောင်းမြှင့်တင်ကြော်ငြာနေရင်း တစ်ဖက်သားကိုလည်း  ထည့်သွင်းနှိမ့်ချင်ကြတယ်။

ရာဇဝတ်မှုမမည်သော တိုက်ခိုက်ခံရခြင်းမို့ ဘယ်တရားရုံးမှာ အမှုဖွင့်ခွင့်ရှိပါသလဲ။
လူမြင်ကွင်းမှာ မထင်ပေါ်သော  ညှင်းပန်းဖိနှိပ်မှုမို့ ဘယ်လိုသက်သေပြရမလဲ။
ဥာဏ်ပညာပြည့်ဝသော နှိပ်စက်ကလူပြူမှုမို့ ဘယ်လို စွဲချက်တင်ရမှာလဲ။

အပြစ်မဲ့သယောင်စကားလုံးတွေနဲ့ အထက်တန်းကျသော ပြက်ရယ်ပြုခြင်း။
ကားစင်ထက်မှာ နှိပ်စက်ခံနေရတဲ့ ငြိမ်းချမ်းမှု။ အမျက်မိုးကြိုး ၊ ထစ်ချုန်းအမုန်း နဲ့ ဒေါသလျှပ်စစ်တွေ။
ဟုတ်ကဲ့။
ညှင်းပန်းမှုဓာတ်လိုက်ခံရတာ အရုပ် မဟုတ်ဘူး။
ပညာရှင်ဆန်တဲ့ လှောင်ပြောင်မှု။
လောင်တိုက်သွင်းခံရတဲ့ ငါ့နှလုံးသား။
မာကျောပူပြင်းနေတဲ့  ခွင့်မလွှတ်နိုင်ခြင်း။

အနားမှာရှိတာလား။
မျက်နှာဖုံးအမျိုးမျိုးနဲ့ သတ်ဖြတ်နေတာကိုမြင်ရဲ့ ရယ်မောလက်ပိုက်ကြည့်နေသူတွေ…။
မဟာလူသား၊သူရဲကောင်းဝါဒကို ကိုးကွယ်သူတွေရယ်။
အသေအချာပေါ့။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီလိုသရော်စော်ကားမှုကိုပဲ ခွင့်ပြုတာ။

အမျက်အကျိတ်အခဲတွေ ဗလပွနဲ့မို့ အတွေးကိုသာ ဓာတ်မှန်ရိုက်ကြည့်ရင် စိုးရိမ်ဖွယ်အခြေအနေ။
အခုတော့ ငါ့စိတ်ထားဟာ ပုံပျက်ပန်းပျက်၊ ငါ့သမိုင်းလည်း အမုန်းနဲ့ခြယ်လို့  ရုပ်ဆိုးပန်းဆိုး။
ငါ့စိတ်နဲ့ ငါ သဟဇာတမဖြစ်တော့။
အလျှံငြီးတဲ့ မီးတောက်တွေ ၊ အားပြင်းတဲ့ ချော်ရည်မြစ်များ …  
စိတ်ရင်ပြင်တစ်ခွင်လုံး စပ်ဖျဉ်းကျိန်းစပ်။

ဒါပေမယ့် အမှန်တရားဆိုတာ တမ်းတမ်းမက်မက် မမျှော်လင့်သင့်တဲ့အရာသာ။
မျှတမှုအိပ်မက်ဆိုတာ အလွန့်ကို ရယ်စရာ။
ဒီလိုနဲ့ ….  ဆူးဒဏ်ဝန်မဆောင်နိုင်တဲ့ နှလုံးသားတစ်ခု ပေါက်ကွဲလွင့်စင်။

အဆုံးမှာတဲ့လား။
အဆိပ်ဝတ်မှုန်သာ တောင့်တမယ့် လိပ်ပြာဘဝ။
 မထူးဆန်းဘူးကွယ့်။
မျက်နှာလွှဲလျစ်လျူရှုလိုက်ပါလေ။
ခုမှတော့ သနားကြည့်နဲ့ ထပ်မံ မသတ်ချင်ပါနဲ့။…။

မယ်ကိုး

Blue Butterfly wallpaper - 5324;Artist: Tulip4Heaven


04 September 2011

“ အပမှီခဲ့သော… ”


‘‘စာအုပ်သွားငှားတာ” လို့ ကျွန်မစကားစတော့ မိတ်ဆွေက “သြော်... ရတယ်လား ” လို့  ရေလိုက်ငါးလိုက်ပြန်ပြောပါတယ်။ ကျွန်မ မချိုမချဉ်ပြုံးနေမိပေါ့။ ရှက်ရယ်လို့ပဲ ညွှန်းရမလား။ ရည်ရွယ်ရင်းကတော့ Samuel Beckett စာအုပ်တစ်ချို့ငှားဖို့ စာကြည့်တိုက်ကို ရောက်သွားခဲ့တာ။ “ဘာငှားလာတယ် မှတ်လဲ ” လို့ ဆက်ပြောမိတော့“အင်း..ဘာငှားလာခဲ့လဲ ” လို့ သူ စကားထောက်ပေးရဲ့။ “Twilight နဲ့ New Moon”  လို့ ပြောအပြီးမှာ  သူက “အာ...သေလိုက်ပါတော့ ” တဲ့။ ကျွန်မ မထိန်းနိုင်ဘဲ ရှက်စနိုးရယ်လိုက်မိပြန်။

ဟုတ်တယ် ဒါဟာ ရှက်စရာပဲ။ ဘာဖြစ်လို့ အဲဒီစာအုပ်တွေ ငှားခဲ့မှန်း စဉ်းစားမရနိုင်သေး။စာကြည့်တိုက်ထဲဝင်ဝင်ချင်း မိန်းကလေးတစ်ယောက်လက်ထဲမှာ အဲဒီစာအုပ်ကို မြင်စဉ်မှာပဲ တုန်လှုပ်ရီဝေသွားခဲ့တာ။ ပြီးတော့  အဆင်အခြင်မဲ့ Young Fiction ဆိုတဲ့ စာတမ်းအောက်မှာ မျက်နှာပူနွေးစွာ အချိန်ကြာကြာရပ်နေမိတာ။ နောက်တော့ အလစ်သုတ်သူခိုးလိုဘေးဝန်းကျင်ကို ကျီးလန့်စာစား ကြည့်ကာ အဲဒီစာအုပ်တွေကို ဖြတ်ကနဲအလျှင်အမြန် ကောက်ဆွဲယူကာ စာအုပ်အငှားမှတ်ပေးတဲ့စက်ဆီ အလျှင်အမြန်သွားခဲ့မိတာရယ်။

“ကလေးလေးလား..ခင်ဗျားက” လို့ သူက ဆိုတော့ ဘယ်လိုဆင်ခြေပေးရမလဲလို့ မတွေးတောနိုင်။ သေချာတာက အဲဒီသွေးစုတ်ဖုတ်ကောင်ရုပ်ရှင်ကို  လုံးဝမကြိုက်ခဲ့ဘူး။ စာအုပ်ကိုရောဆိုရင်…  ဆယ်ကျော်သက်တွေအတွက် ရေးထားတဲ့ စာအုပ်ကို ကျွန်မ ဘယ်မှာ စွဲငြိနိုင်ပါ့မလဲ။ဒါပေမယ့် “ စာမျက်နှာ ၄၉၈ ရွက် ကို တစ်ထိုင်တည်း ဖတ်တာနော်” လို့ မလိုအပ်ဘဲ အရှက်ပြေပြောမိပြန်တာ။ “ စိတ်မောတယ်..” လို့ သူကနောက်တော့ ကျွန်မ ရယ်နေမိပေမယ့်  အမှန်တရားဟာ လှလှပပရက်ရက်စက်စက် တိုက်ခိုက်ပြန်ပေါ့။ “ဘာလို့လဲ....ဘ၀ချင်းမတူတဲ့ ချစ်သူ အတွက်လား ” တဲ့ ။ တခါတလေမှာ စကားတစ်ခွန်းဟာ ဓားဆယ်စင်းထက် ဆိုးနိုင်ပါလားလို့ လက်ခံလိုက်ရတာ။ နှလုံးသားနံရံတစ်လွှာ အက်ကြေသွားသံကို ထပ်မံကြားရပြန်။ ဒီမေးခွန်းကို ဘယ်လိုရှောင်လွှဲရပါ့။  “ကျွန်မက သွေးစုတ်ဖုတ်ကောင်အကြောင်း စိတ်ဝင်စားနေတာ ” လို့သာ အမှန်တစ်ဝက်ဆိုနိုင်အောင်ပဲ ကြိုးစားနိုင်ခဲ့ရဲ့။

ခက်တာက သူ့ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းဟာ ကျွန်မထက် သာလွန်နေခဲ့။ “ခင်ဗျားချစ်တဲ့သူနဲ့ တူလို့လား” တဲ့။ ဒီထင်မြင်ချက်မျိုး ကိုယ်တိုင်ပေးမိမှာစိုးလို့ ကျိုးကြောင်းပြဆင်ခြေတွေ  ပြင်ဆင်နေခဲ့လည်း  ကြေကွဲခြင်းနဲ့သာ မျက်နှာချင်းဆိုင်ရပြန်။ “ ဟုတ်”  ။ နောက်ဆုံးတော့ မရှောင်လွှဲနိုင်တဲ့ အမှန်တရားရှေ့မှာ လက်နက်ချလိုက်ရ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာ။ “တော်ပြီ...အဲ့အကြောင်းမသိချင် ကျွန်တော်..ခေါင်းမူးလိမ့်မယ်” တဲ့ ။ သူက စာနာစွာစကားစဖြတ်ခဲ့လည်း မယုံမရှိပါနဲ့ ။ လူတွေရဲ့ ငရဲဆိုတာ သူတို့ကိုယ်တိုင်ထွင်းတာရယ်။

ဘာဖြစ်လို့ ဒီလောက် အရေးအသားညံ့တဲ့ စာအုပ်တွေကို ကျွန်မ ခဏခဏ လှန်ကြည့်နေမိပါလိမ့်။ လွမ်းလို့ပါကွယ်။ အေးစက်တဲ့သူတွေ “ cold ones” ဆိုတဲ့ စကားလုံးတိုင်းမှာ သူ့ကို သတိရတယ်။ သူဟာ နှလုံးသားမဲ့တဲ့ သွေးအေးသတ္တဝါ။ မဟုတ်ဘူးလို့ မငြင်းနဲ့နော်။ သူကိုယ်တိုင်ပဲ ပြောခဲ့တာ။ “သေသင့်ပြီ”  လို့ ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲလည်း အမှတ်အသားမရှိတဲ့ နှလုံးသားက စွဲလမ်းခြင်းကို မဖြတ်နိုင်။ အန္တာရယ်ပေးနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြောခဲ့တဲ့  သွေးစုပ်ဖုတ်ကောင်လိုပဲ သူဟာကြောက်စရာကောင်းတယ်။ ဘဲလ်လာ ဆိုတဲ့ ကောင်မလေးမှာ ဒုက္ခတွေကို ဖိတ်ခေါ်တဲ့ သံလိုက်ဆွဲအားရှိနေတယ်လို့ တင်စားခဲ့သလိုမျိုး ကျွန်မလည်း တစ်ဘဝလုံးကံဆိုးဖို့ ကျိန်စာရှိမှာပဲ။



စာအုပ်ထဲက ဒေါသသည်းတဲ့ သွေးစုပ်ဖုတ်ကောင်ကို မြင်ယောင်တိုင်း သူပဲလို့ ထင်မိရဲ့။ ဒါပေမယ့် စိတ်ကူးယဉ်သွေးစုတ်ဖုတ်ကောင်ဟာ သူ့စိတ်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သူရယ်။ဟုတ်ကဲ့ ။ သူဟာ ကျွန်မအပေါ် ကြင်နာညှာတာမှုတစ်မှုန်ကလေးမှ မပေးခဲ့ဘူး။  ထပ်မပြောပါနဲ့။ ကျွန်မ နားလည်ပြီးသားပါ။ သူ ကျွန်မကို မချစ်ဘူး။ လုံးဝ မချစ်ခဲ့ဘူး။ သေးသေးလေး၊မွှားမွှားလေး၊ မြူတစ်စလေးတောင် မချစ်ခဲ့ဘူး။ ကျေးဇူးပြုပြီး ပုံကြီးမချဲ့ပါနဲ့ ။ ကျွန်မက နာကျင်ခံစားရခြင်းမှာ ပျော်မွေ့ချင်သူလို့ ။ နှိပ်စက်ခံရခြင်းမှာ သာယာခဲ့တယ်လို့များ ထင်နေသလား။ အော့နှလုံးနာစရာ။ ချစ်မြတ်နိုးမှုအလုံးစုံဟာ ဒီလိုစွဲချက်အတင်ခံခဲ့ရတာ။ ရယ်… ရယ်ရသေးတော့လေ။

အစွယ်တဖွေးဖွေးအောက်မှာ ဘဝနိဂုံးမချုပ်ချင်လို့ အမြဲထွက်ပြေးခဲ့ပေမယ့် နှလုံးသားပါသွားတာတော့ ကျွန်မလည်း  ဘယ်တတ်နိုင်ပါ့မလဲ။ သူက ပညာရှင်ရယ်လေ။ ဒီလိုသက်သေမဲ့ဆိုမိပြန်တော့ ကျွန်မသာ လွန်ကျူးသူ။  သူ့ဦးနှောက်ထဲမှာ ဇယားအကွက်ပေါင်းများစွာ။ သူ့လက်မှာ ဓားပေါင်းများစွာ။ သူလှည့်စားထားတဲ့ မှော်ဖန်ခွက်အမျိုးမျိုးက လင်းလက်နေတဲ့ သက်တန့်မျိုးစုံဟာ အရိပ်အယောင်များသာ။ ခါးလိုက်တာ။ ခံနိုင်ရည်ဟာ လွန်သွားပြီ။ သွေးစုပ်ဖုတ်ကောင်ဟာ အသက်ရှင်မှုအတွက်သာ လည်ချောင်းသွေးသောက်တာ။ သူကတော့ အပျင်းပြေသက်သက် နှလုံးသွေးနဲ့ ခြေဆေးလိုသူသာ။ မယုံဝံ့လောက်အောင် တုန်လှုပ်ကြောက်ရွံ့ဖွယ်။ ဘာဖြစ်လို့များ ဒီစာအုပ်တွေ ငှားခဲ့မိတာပါလိမ့်။ နောင်တကြီးစွာနဲ့ ကျွန်မ စာကြည့်တိုက်မှာ စာအုပ်တွေပြန်အပ်ရင်း မဆင်ခြင်ဘဲ မြစ်ဘေးထွက်ခဲ့မိပြန်တာ။

ရွေးချယ်မှုဟာ ဒီလိုပဲ အမြဲမှားနေပေါ့။ လကို ကြောက်လို့ ခေါင်းငုံ့လျှောက်နေသူဟာ ရေပြင်မှာ လရိပ်ကို မြင်စဉ်မှာ ထိန်းချုပ်နိုင်စွမ်းတွေ လွတ်ထွက်သွားပြီ။ သည်းမခံနိုင်တော့ ။ ဘာလဲ ။  “ ငါ့ရဲ့ လမင်း” တဲ့လား။ သူဆိုခဲ့တာ။ တောမှာ သွားပြော။ ကျွန်မ တကိုယ်လုံး ဒေါသနဲ့ တုန်ရီနေပြီ။ သူ့ကို ရန်မလုပ်နိုင်လို့ လကိုပဲ ပြဿနာရှာရတော့မှာ။ ခက်တာက မြစ်ဘေးမှာ ဘာကျောက်စရစ်သေးငယ်မျှ အလွယ်တကူမရှိနေပါ။ ကျွန်မ လက်ထဲမှာ မြစ်ဆီပစ်ပေါက်ဖို့လည်း ဘာမှ မရှိ။ ရေပေါ်မျောနေမယ့် ပစ္စည်းမျိုးကိုလည်း အသုံးမပြုရဲ။ ပတ်ဝန်းကျင်ညစ်ညမ်းစေမှုနဲ့ အရေးယူမခံရဘူးလို့ မပြောနိုင်။ နောက်ဆုံး ကြံရာမရတော့ ပိုက်ဆံအိတ်ထဲက အကြွေစေ့ကိုသာ အသုံးပြုရတော့မှာ။

နာကျည်းမှုတွေ စုစည်းလို့ အငြှိုးနဲ့ရည်ရွယ်ချိန်ပစ်လိုက်တော့ ရေရိပ်မှာ လဟာ အစိတ်စိတ်အမွှာမွှာကွဲသွား။ ဟား…. ပျော်စရာကောင်းလိုက်တာ။ စိမ့်ထွက်လာတဲ့ မျက်ရည်များကို ပြုတ်မကျအောင် မနည်းထိန်းထားရ။ ပြီးတော့ ဆောက်တည်ရာမဲ့စွာ ကမ်းနဖူးက အုတ်ခုံလှေကားထစ်လေးတွေအတိုင်း မြစ်ထဲ တစ်ဖြည်းဖြည်းဆင်းနေမိ။ “ဟေး…ရေထဲ ခုန်မချနဲ့လေ ” တဲ့ ။  မှောင်ရိပ်အကွယ်က နောက်ပြောင်သံ သဲ့သဲ့...။ ခုန်ချတော့ ဘာဖြစ်လဲ။ ခုန်ချမှာပဲ။ ကျွန်မ ရေထဲကျသွားရင် သူလာကယ်မယ်တဲ့ ။ ဟာ…ဟ။ မျက်နှာမော့ပြီး ရယ်လိုက်မိရာ မျက်ရည်တွေ လွင့်စင်ကျလာ။ပူလောင်လွန်းလှချည့်။ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောချင်မိရဲ့။  "လူလိမ် ။ လူလိမ် လူလိမ်!...  "လို့။ မုန်းတယ်။ သိပ်မုန်းတယ်။ အရမ်းမုန်းတယ်။

လည်ပြွန်ကွဲမတတ် အော်ဟစ်လိုက်လည်း အသံလေးတမျှင်ပင် လွင့်ကျမလာ။ ဆင်းရဲပင်ပန်းလိုက်တာ။ ဒါပေမယ့် ဘယ်သူမှမသိနိုင်ခဲ့ဘူး။  သူလာကယ်မယ်ဆို ကျွန်မ အရဲစွန့်ခုန်ချမှာပါ။ ဘယ်လိုလဲ။ သိပ်ရယ်စရာကောင်းတယ် မဟုတ်လား။ အဆုံးမှာတော့ ... သူပေါ့ပေါ့ပါးပါးလှည့်စားသမျှကို ဘုရားစကားလို အလေးအနက်ထားမိသူ ကျွန်မ အပြစ်တွေချည်းရယ်သာ။  

..........................................................................................................................

အခုကျွန်မ ရေနစ်နေပြီလေ။ 
ဟာသပဲနော်။
ပျာ်ပျော်ရွှင်ရွှင် အောင်ပွဲခံပါဦး။...။


မယ့်ကိုး 

အောက်တိုဘာ၊၂၀၁၂။ ရတီမဂ္ဂဇင်း