30 November 2011

ကျွန်မချစ်သော မိန်းမတစ်ဦးရဲ့ အနုပညာ



ဆရာတော်ဦးဇောတိကဟောတဲ့ တရားတစ်ပုဒ်ထဲက “အကောင်းဆုံးစာအုပ်ကို အရင်ဆုံးဖတ်ပါ။ နောက်ဆို ဖတ်ဖို့အချိန်ရှိမှာ မဟုတ်တော့ဘူး” ဆိုတဲ့ စကားကို စွဲမြဲမှတ်ထားသော်လည်း မိုက်လုံးကြီးဆဲ ကျွန်မမှာ  စာတစ်ပုဒ်ကို မြင်လျှင် မစဉ်းစားဘဲ Facebook မှာ တင်သမျှ blogတိုင်းက တွေ့သမျှ စာများကိုလည်း ဖတ်သေးတာ ။ ဝတ္တုဆိုရင် ပြောဖွယ်ရာ မရှိတော့ ။ The Lord of the Rings စာအုပ်တွဲကို ဖတ်မယ်လို့ ပြင်တုန်းကလည်း “မဖတ်ပါနဲ့ကွာ” လို့ အပြောခံရတာ မှတ်မိနေသေး။ ကျွန်မကို ဆပ်ပြာပူဖောင်းဦးနှောက်လို သဘောထားပြီး ဟိုစာအုပ်ဖတ်ပါလား၊ ဒီစာအုပ်ဖတ်ပါလားလို့ ပြောလာရင်တော့ အသည်းတယားယားနဲ့ တမင်ရွဲ့ကာမဖတ်ဘဲနေလိုက်သေး။

ထိုသို့ဆိုးသော ကျွန်မကို ခေတ်ပေါ်ကဗျာမရေးတတ်ဘူးလို့ ထင်သော ကဗျာဆရာတစ်ယောက်က မြန်မာခေတ်ပေါ်ကဗျာစာအုပ်တွေ ပို့ပေးလာတော့ စေတနာကို တန်ဖိုးထားသော်လည်း စောင်ပေပေဖြင့်ပင် ထိုစာအုပ်များကို လှည့်မကြည့်။ ထိုသို့ မကောင်းရာမကောင်းကြောင်းတွင် ထူးထူးချွန်ချွန် ခေါင်းမာတတ်သောကျွန်မမှာ အခုလည်း  စာမေးပွဲရှိတဲ့အကြားက မိဘတွေကို အရွဲ့တိုက်ပြီး ဆော့ကစားကာ ပျော်ရွှင်နေသောကလေးလို ညံ့မယ်လို့ ထင်ရသော သူမစာအုပ်ကို သဘောတကျဖတ်လေတာ။

သူမဆိုတာ ဆယ်ကျော်သက်အရွယ်တည်းကပင် ကျွန်မချစ်ရပါသော အမျိုးသမီး- ဟီလာရီဒါ့ဖ် (Hilary Duff)။ သူ့ကားတွေ ညံ့ပါတယ်လို့ ဝေဖန်ရေးသမားတွေက ဘယ်လောက်အမှတ်ပေးထားစေကာမူ နည်းနည်းမှဂရုမစိုက်ဘဲ ချစ်မက်စွာစောင့်ကြည့်မြဲသော သူမပရိသတ်တွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်ကာ သူမသီချင်းများကိုလည်း မျှဝေခံစားခဲ့သလို အခုသူမရေးတဲ့ ပထမဆုံးဝတ္တုစာအုပ်ကိုလည်း ချစ်လို့ဖတ်ခဲ့ပေမယ့် အထင်နဲ့အမြင်ဟာ သီသီလေးလွဲလေတာ။ ထိုစာအုပ်ကို ကျွန်မ အမှန်ပင် နှစ်လိုမိလေရဲ့။ 

သိပ္ပံနည်းနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေ၊ နောက်ဘဝတွေ၊ သရဲတစ္ဆေကအစ နတ်သားနတ်သမီးအထိ စိတ်ဝင်စားတယ်ဆိုတဲ့ သူမရဲ့ စာအရေးအသားက မညံ့သလို  ဇာတ်ကွက်ကလည်း လျှို့ဝှက်ချက်များနဲ့ လှတာ။ သိပ္ပံဝတ္တုခေါင်းစဉ်အောက်မှာ ပါဝင်ပေမယ့် သဘာဝလွန်ဖြစ်ရပ်များအပေါ်မှာ အခြေခံထားသော အချစ်ဇာတ်လမ်း။ ငါးဘဝမြောက်ချစ်သူ၊ ထာဝစဉ်နုပျိုရှင်သန်ခြင်း။ ရိုးရှင်းသော ဝေါဟာရ၊ လွယ်ကူသော ဝါကျများဖြင့်သာ ဖွဲ့ထားသဖြင့် အထင်သေးချင်ကြသော တစ်ချို့လူတွေ သရော်လှောင်ကြမယ့် စာအုပ် ။

ကျွန်မ စိတ်ဝင်စားသော မှော်လိုလိုနည်းပညာတွေ ၊ရှေးဘဝတွေ၊ ဖူးစာရေစက် နဲ့ တင်ဆာဆင်ထားတဲ့အပြင် ကျွန်မရဲ့ အိပ်မက်တွေကို သတိရစေသော စာအုပ်။ ပြီးတော့ ကျွန်မနဲ့ မသက်ဆိုင်သဖြင့် ခါးသီးသောစကားလုံး soul mate ။ဘာပဲဖြစ်ဖြစ် သူမရေးတာ ဆိုတဲ့ တစ်ချက်နဲ့ပင် ထိုစာအုပ်ကို ကျွန်မ ချစ်လေပြီ။ သူမက Elise Allen နဲ့ တွဲရေးထားတာမို့ သူမရေးတာ ဘယ်လောက်အစိတ်အပိုင်းပါမှာလဲလို့ သံသယနဲ့စွပ်စွဲပြောဆိုသူတွေလည်း ရှိရဲ့။



ကျွန်မကတော့ သီချင်းလည်းရေးတတ်သော၊ အနုပညာရည်ပြည့်သောသူမ ကို ယုံကြည်ကာ ၈၀% က သူမရေးတာဖြစ်မယ်လို့ကို ချစ်စိတ်နဲ့ စွဲမှတ်ထားတာ။ သူမရဲ့ ဇာတ်လမ်းမှာ သဘာဝလွန်ဖြစ်ရပ်များ၊ စိတ်လှုပ်ရှားဖွယ်  မြုပ်ကွက်များစွာဖြင့် မဆုံးသေးဘဲ  ၊ science fiction ခေါင်းစဉ်အောက်ရောက်သွားတဲ့ ဒုတိယမြောက်စာအုပ် devotedမှာ ပြီးခဲ့တဲ့လက နောက်ဆက်တွဲ အဖြစ်ထွက်လာတော့လည်း  ဖတ်ရတော့မယ် ဆိုပြီးတော့လည်း  ကြံဖန်ဝမ်းသာမိသေးတာ။  အဲဒီစာအုပ်ကို မရမက ရှာဖတ်ဦးမှာ။

ထို့အတွက် လေးနက်သောစာကိုမှ ဖတ်ပါတယ်လို့ လက်မထောင်သူတွေ အထင်သေးနှိမ့်ချမယ်ဆိုလည်း ကျွန်မကတော့ အရေးထားမယ် မဟုတ်ပါ။ ကြေကွဲစရာတွေ များလွန်းသော လူ့ဘဝရဲ့ သဘာဝမှန်ဖြစ်စဉ်များကို တခါတရံ မမြင်မကြားလိုတော့တာ အပြစ်ရှိပါသလား။ နတ်သမီးပုံပြင်တွေကို ချစ်တဲ့ အတွက် အထင်သေးချင်ပါသလား။ ကျွန်မအပေါ် ဘယ်လိုအမြင်ပဲထားရှိကြပါစေ အားလုံးကို လျစ်လျူရှုကာ  အသက်ရှင်တုန်းခဏ ရိုးသားစွာပဲ နေပျော်အောင် နေပါဦးမယ်။  

အေးခဲကြမ်းတမ်းသော လေပြင်းထန်ရိုင်းရိုင်းအောက်မှာ ထိုသို့ လှပသာယာယောင်ဆောင်ထားသော ပြတင်းပေါက်ကလေးများကို ပိတ်ထားပြီး ကျွန်မ မရှင်သန်ချင်ပါ။ ဒီစာအုပ်ကို ကျွန်မအညွှန်းရေးတဲ့အတွက် ကဲ့ရဲ့တင်းဆိုမယ်ဆိုလည်း မမှုပါ။ နူးညံ့ဆွတ်ပျံ့ဖွယ်ကောင်းသော စာကိုလည်း ရေးတတ်သော သူမရဲ့ သစ္စာရှိသော ပရိသတ်တစ်ဦးမို့ သူမရဲ့ အနုပညာစွမ်းရည်ကို ချီးကျူးလိုစိတ်ဖြင့် ဒီစာကို ရေးလိုက်ပါပြီ။…။ 
  

မယ်ကိုး

19 November 2011

အသင်နားလည်ရန် မလိုအပ်သော မိန်းမတစ်ယောက်



ရည်ညွှန်း။  ။ အုတ်ဂူကို တံတွေးထွေးနေကျ အသင်များသို့ …



“တံတိုင်းရဲ့  အပြင်စည်း”



နှစ်သစ်မှာ
တကိုယ်တော် နှုတ်ခွန်းဆက်စကားက
“လောကမှာ ငါမရှိလည်း ဖြစ်တယ်”တဲ့


ကျွန်မအတွက်တော့
ဘဝဆိုတာ ပျားရည်နဲ့  ပေါင်းခံထားတာသာ...


ရနံ့ မွေးကာ ရသာချိုနိုင်ပေမယ့်
မွန်းကျပ်ရင်း သေဆုံး...


အညတရသင်္ခါရနဲ့
ဖြစ်ပျက်ခြင်းသစ္စာကို ခါးသီးလို့ 
သေကြောင်းကြံရတော့မလား...


နောက်နှစ်မှာ စဉ်းစားမယ်။ ။
မယ်ကိုး
(http://www.maecoe.net/2009/06/blog-post.html)


ငယ်စဉ်က မာသာထရီဆာဖြစ်ချင်ခဲ့ပေမယ့် အခုချိန်မှာ ဗာဂျီးနီးယားဝုဖ်*လို အကျီအိတ်ထဲ ကျောက်ခဲများအပြည့်သယ်ကာ ရေစပ်ကိုသာ ဆင်းချင်မိတာ။ ကျေးဇူးပြုပြီး အကုသိုလ်ငရဲ၊ ဆင်းရဲမွဲတေခြင်းများနှင့် ပရဟိတစွန့်လွှတ်မှုများကို ကျွန်မကို လာမပြောစေချင်ပါ။ ကိုယ်လက်အင်္ဂါချို့တဲ့သော်လည်း ဘဝမှာပျော်ရွှင်အောင်မြင်နေသူများအကြောင်းကို ကျွန်မကို တရားမဟောခင် တခြားသူတွေရဲ့ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာခံခဲ့ရသူတွေဟာ နာကျင်မှုသည်းခံစွမ်းမြင့်လာပြီး ကိုယ့်ကိုကိုယ်ရန်ရှာတဲ့ အတွေးတွေ ရလာခဲ့တယ်ဆိုတဲ့အကြောင်းကို  အသင် သုတေသနပြုစေချင်ပါတယ်။


“ ပုန်းသူ”



ဗာဂျီးနီးယားဝုဖ် *
မြစ်ကမ်းမှာ ခြေမချခင်
ရင်ခွင်အိမ်မှာ ဘာတွေပွင့်ဝေခဲ့လဲ။


ဆီလ်ဗီယာပလာသ့် **
ဓာတ်ငွေ့ ခလုတ်ကို မဖွင့်လှည့်ခင်
နှလုံးသားနံရံမှာ ဘာတွေ ချိတ်ဆွဲခဲ့လဲ။


အမှန်တရားတဲ့လား။


ခေါင်းခါ မျက်နှာလွှဲ
ဘယ်လို အသွင်ပြောင်းကာ အိပ်မွေ့ ချ
ရှင်တို့ လို ပဲ ကျွန်မလည်း ပကတိမြင်တယ်။


သို့ ပေမယ့် လည်း
မပြင်ဆင်ရသေးဘူးကွဲ့ ။


နက်မှောင်စူးခါး ကြောက်လွန်းလှချည့်...


“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောနဲ့ ။.........


မယ်ကိုး
* Virginia Woolf
** Sylvia Plath

(http://www.maecoe.net/2009/07/blog-post_12.html)


အဘယ်သံလိုက်ဓာတ်နဲ့မှ ဒီကမ္ဘာနဲ့ ကျွန်မအကြား ဆွဲငင်မထားပါ။ ဒီလောကမှာ ကျွန်မအရိပ်ကွယ်သွားလျှင် ကျွန်မကို တစ်ခါမှ လာမတွေ့ဖူးသော အဖေဆိုသူမှာ  အပြစ်လွတ်သွားသလို စိတ်သက်တောင့်သက်သာဖြစ်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့အတိတ်ပြန်ရောက်ချင်တယ်။ အပျိုပြန်ဖြစ်ချင်တယ်။ ဘဝအသစ်စချင်တယ်လို့ ယနေ့ထက်တိုင်ဆိုဆဲဖြစ်သော အမေကတော့ ခဏမျှ စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။ ကျွန်မအမြဲ မှီခိုနေသော တစ်ဦးတည်းသောအစ်မကမူ နာရီဝက်မျှငိုနိုင်သော်လည်း ဝန်ပေါ့သွားလို့ စိတ်ကြည်လင်သက်သာရာ ရသွားမှာဖြစ်ပါတယ်။ ကျွန်မကို မချစ်သောသူကမူ ကျွန်မရဲ့ စိတ်ကောက်လို့ ရေးသော၊ စိတ်ဆိုးလို့ရေးသော၊ စိတ်နာလို့ရေးသောစာများနဲ့တကွ ကျွန်မပျောက်ကွယ်သွားသဖြင့် ချမ်းမြေ့ပျော်ရွှင်သွားပါလိမ့်မယ်။


"အများနှင့် သက်ဆိုင်သော" 


Action!
ဖြူရော်ရည်သွေးတွေရဲ့ ဂိုဒေါင် ၊
မျက်လုံးတောက်တောက်နဲ့ စိတ်စုတ်ဖွားနေသူ
အဝတ်ပေါက်နဲ့ အိမ်စဉ်မလျှောက်ပေမယ့်
စုန်းကြောက်တတ်သူလေ
“ပြန်မလာတော့ဘူး” ဆိုလား
အသံမဲ့အော်ဟစ်…


ကန့်လန့်ကာဖွင့်ရင်
အမေ ငိုချင်ငိုလိမ့်မှာ… ခဏတာ။


Cut!
လက်ကောက်ဝတ်ပေါ် ဓားမတင်ခင်
အရသာခံ ပြုံးချင်သေး…တကယ့်စေတနာ။


Done!
ငါ့ရန်သူဟာ ငါပါ။
ငြိတွယ်မှုကျောက်ဆောင်မှာ အရှင်လတ်လတ် ကြေမွသွားတဲ့ မြှားတစ်စင်းရယ်။
ကြက်ခြေခတ်လို အကျည်းတန်တဲ့ ဂုဏ်ထူးလွှာကိုတော့
မျက်နှာဖုံးချိုတဲ့ ချစ်သူလေးဆီသာ လွှဲလိုက်ပါကွယ်။…။


မယ်ကိုး
(http://www.maecoe.net/2011/05/blog-post_28.html)


အသေချာဆုံးမှာ ကျွန်မလွင့်စင်ပျောက်ကွယ်သွားသဖြင့် ပူဆွေးဗျာပါဒခံစားရမယ့်သူ တစ်ဦးတစ်လေမျှ မရှိခြင်းရယ်။ ထို့ကြောင့်သေကြောင်းကြံစည်သူတိုင်းမှာ ကျန်ရစ်သူတွေကို အပြစ်ရှိတဲ့ မသိုးမသန့်ခံစားလိုစိတ် ခံစားစေချင်လို့  မသိစိတ်နဲ့ ကလဲ့စားချေတာလို့ မသမုတ်စေလိုပါ။ ချစ်သူမဲ့ကာ မုန်းသူများသော လေထုညစ်ညမ်းထဲမှာ အသက်မရှုတော့လိုခြင်းသာဖြစ်ပါတယ်။ မျက်နှာဖုံးတွေကို ဆက်လက်မတပ်ဆင်နိုင်တော့လို့ ချွတ်ပစ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

ကျွန်မရဲ့ဖြစ်တည်မှုမှာ ရှင်းသလို ရိုးရိုးလေးသာ ပျောက်ကွယ်သွားလိုခြင်းသာ ဖြစ်ပါတယ်။ လောဘဒေါသကကွက်များကို ငြီးငွေ့ပင်ပန်းလို့ အနားယူသွားခြင်းသာဖြစ်ပါတယ်။ ဒါကို ရှုံးတယ်၊ မိုက်မဲတယ်လို့ သင်သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်။ သင့်ကိုယ်သင်လိပ်ပြာလုံတယ်ဆိုရင်  ပြကွက်လုပ်သွားတယ် ဆိုပြီး စွပ်စွဲပြောဆိုနိုင်ပါတယ်။ ခွန်းတုံ့မပြန်နိုင်တဲ့ ကျွန်မကို အလွတ်ကျက်ထားတဲ့ စကားလုံးတွေနဲ့ ထပ်ဆင့်ပြီး လှောင်ပြောင်၊ရှုတ်ချ၊အရှက်ခွဲ ၊ စော်ကားနိုင်ပါတယ်။ သေသူကျွန်မကတော့ ရင်ဘတ်ဟောင်းလောင်းနဲ့ အရာရာသိနားလည်ချင်ယောင်ဆောင်သော အသင်တို့ဝေးရာမှာ ပြုံးနေပြီ ဖြစ်ပါတယ်။…။





မယ်ကိုး

11 November 2011

“ဘီလူးမည်ကာမျှ”



စိနတိုင်းလို့လည်းမည်တဲ့ စိန့်ပြည်မှာနှစ်နှစ်ရွယ်သမီးကလေးကို ယာဉ်ဖြတ်တိုက်ပြီး သွေးအိုင်ထဲလဲနေတာကိုမြင်လျှက် တချို့သူတွေ လျစ်လျူရှုကြတဲ့အခါ အုတ်အော်သောင်းနင်းဖြစ်ကြသော လူတွေအားလုံး သူ အသတ်ခံရစဉ်က ဘယ်ရောက်နေလဲ သိချင်မိအံ့ဖွယ်။ လူမြင်ကွင်းမှာ သတ်ဖြတ်ခံခဲ့ရသော်လည်း ဖြစ်လေ့ဖြစ်ထ၊သဘာဝလို့ သဘောထားခံခဲ့ရတာ။

သူ ဘယ်လိုအသက်ခြွေခံခဲ့ရသလဲ တဲ့လား။ ဇာတာနိမ့်တဲ့တစ်နေ့ပေါ့။ အိမ်ပြတင်းကို  ခဏဖွင့်ခိုက် ဟေးကနဲ ဆူညံနေသောအသံများမှာ ဆူနာမီလှိုင်းလုံးများကို သူ့ကို လွှမ်းအုပ်သွားခဲ့တာ။ ကြောက်ရွံ့တကြီး ရှောင်ရှားနေဆဲမှာပင် ချော်ရည်မြစ်များ အရှိန်ညီးညီး လျှံကျလာသလို အနီရောင်လူများက အော်ဟစ်ခုန်ပေါက်ကာ သူ့ကို တွန်းတိုက်ဆွဲခေါ်သွားကြတာ။ 

မီးခိုးနှင့်ပြာမှုန့်များက မြေပြင်အထက်မှာ ထောင်းထောင်းထနေရာ လမ်းမမြင်နိုင်ဘဲ လူအုပ်အကြား သူ ပျောက်ဆုံးသွားရင်း ကြိုးစားကာ မျက်လုံးဖွင့်ကြည့်ခိုက်မှာတော့ နှာရူသံထန်ထန်နဲ့ နွားရိုင်းက  အဟုန်ပြင်းစွာ သူ့အနားရောက်နေ။ တုန်လှုပ်တကြီး ငေးကြောင်နေဆဲမှာပင် မိုးလုံးညံအောင်ဟစ်အော်ကြသော အသံများက သူ့သွေးများကို အေးခဲသွားစေခဲ့။ မယုံနိုင်အောင်။

သူမပြေးနိုင်ခဲ့ဘူး။ နှလုံးသားမှာ အဆိပ်တွေအပြည့်နဲ့  တမြေ့မြေ့နာကျည်းမပြေ။ နွားရိုင်းဖက်မှ အားပေးနေသော ခရာမှုတ်သံနဲ့လက်ခုပ်သြဘာတွေ။ အဲဒါ…သူ အသက်ထွက်ခိုက်မှာပေါ့။ ဒေါသနဲ့သေ ငရဲပြည်ဆိုလား။ ငယ်ငယ်က ဖတ်ခဲ့တဲ့စာ မမှတ်မိတော့ပေမယ့် အဆုံးခဏ သေငင်ဇောမှာ ဒေါသရင်ဝယ်ပိုက်မိလို့ ယုတ်ညံ့ဘဝကို လက်ခံရ။

စာမျက်နှာတစ်ဖက်လှန်လိုက်တဲ့အခါမှာတော့ မျက်ထောင့်နီနဲ့ အရိပ်မဲ့ ခွင့်မလွှတ်နိုင်တဲ့ ဘီလူးရယ်။  သူ တကယ်ပင်  ဧကန်မုချ ဘီလူးဖြစ်ခဲ့လေပြီ။ စိတ်ထားဟာ ပုံပျက်ပန်းပျက်၊  အတွေးအခေါ်တွေ  ရုပ်ဆိုးပန်းဆိုး၊ အမျက်ပိုးတွေ ဗလပွ။  ဘီလူးအဖြစ်ကို မရှက်နိုင်အောင် ဒဏ်ရာသည်းပို။

သတ်ခဲ့သူ၊ လက်ပိုက်ကြည့်ခဲ့သူများ၊ ရယ်ပွဲဖွဲ့သူတွေဆီက လျော်ကြေးပြန်ရမှ ဖြစ်မယ်။ အမှန်တရားကို လိုချင်တယ်။ ငါ့ရွှေခွက်ပြန်ပေးလို့ လောဘရုးက ဆိုသလို ဘီလူးမိုက်ကလည်း  “ငါ့ ဂုဏ်သိက္ခာကို ပြန်ယူမယ်” လို့ ရယ်စရာဆိုနေတာ။

ရောဂါ။ ဆေးမတိုးတဲ့ အတ္တနာ။ ဘယ်လို အမြင်မှန်ရနိုင်ပါ့မလဲ။  သိမ်ငယ်တဲ့စိတ်ညှိုးမှာ မီးဟုန်းဟုန်းတောက်နေ။ မာကျောပူပြင်းနေတဲ့ ဘီလူးမျက်နှာမို့ သူ့အသွင်သူမမြင်ဝံ့လောက်အောင် ကြောက်စရာ။ ရွံစရာ ။ အော့နှလုံးနာစရာ။ ဒါပေမယ့် ဘာတရားမှ မကူနိုင်ပြီ။ တယ်… ငါ သတ်လိုက်ရ။

ညှင်းပန်းမှုဓာတ်လိုက်ခံခဲ့ရ။ အရှင်လတ်လတ် လောင်တိုက်သွင်းခံခဲ့ရ
ပေမယ့်  ရာဇဝတ်မှုမမည်သော တိုက်ခိုက်ခံရခြင်းမို့ လူဘုံမှာ ဘယ်တရားရုံးမှာမှ စွဲချက်မတင်နိုင်ခဲ့တဲ့အမှု။ အသေအချာပေါ့။ ပြက်ရယ်ပြုခံရက  သေဆုံးခဲ့ရတဲ့ အမှုကို မျှတမှုပြန်ယူမယ်။ ဥာဏ်နည်းသူမို့ အကြမ်းဖက်နည်းနဲ့သာ အမှန်တရားကို ဖော်ထုတ်ရတော့မှာ။ 

သူက အခု အရုပ်သာသာလူ မဟုတ်တော့ဘူးလေ။  ဘီလူးတစ်ကောင်ဖြစ်ခဲ့ပြီ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ မျက်နှာဖုံးကို ဖြတ်ခွဲဆုတ်ပြီး  မြေမှာနင်းပြမယ်။ လူမြင်ကွင်းမှာ ငါ့ရင်ကိုဆုတ်၊နှလုံးသားကို ထုတ်ကာ  အစိတ်စိတ်အမွှာမွှာ ဖြိုခွဲနေတာကို မြင်လျှက် ရယ်မောလက်ပိုက်ကြည့်နေသူတွေ…။ စီးဆင်းနေတဲ့ ငါ့နှလုံးသွေးတွေအပေါ်မှာ ခြေစုံရပ်ပြီး နွားရိုင်းကို ဘဝဂ်ညံအောင် သြဘာပေးကြ။ လက်ခုပ်မိုးတွေ ရွာချတာတွေ..  သူဘယ်လို ဖြေဆည်နိုင်ပါ့မလဲ။

ခက်တာက  လူအယောင်ဆောင်သူများမှာ သရုပ်ဆောင်ကောင်းလွန်းတာမို့ အနားမျှ  မသီနိုင်။ ခြွေရံသင်းပင်းတွေဝန်းရံနေခိုက်မို့  အကြံမထမြောက်။ ဘုန်းရှိန်နိမ့်ခိုက် ခဏကြုံမလား ။ သူသေစဉ်က လက်ပိုက်ကြည့်ခဲ့သူများကို ဂုတ်ချိုးပစ်ရမှ ကျေနိုင်မယ်။ ခါတော်မှီသံယောင်လိုက်ကာ စာနာစိတ်သုဉ်းနေတဲ့သူတွေကို အရေခွံခွာပစ်ရမှ ဘဝင်ကျနိုင်မယ်။ ဆင်ခြင်ဥာဏ်အလင်းမဲ့ အရှက်အကြောက်ယဲ့ယဲ့သာရှိသူတွေရဲ့ အရိုးကိုနှုတ်ကာ တစ်ကိုယ်လုံးနုတ်နုတ်စင်းလို့ အမှုန့်ခြေပစ်ရမှ ရွှင်နိုင်မယ်။  တစ်ကိုယ်တော် ဘီလူးဆိုင်းတီးကာ ရင်ဘတ်နာတရှိန်ရှိန်နဲ့ ရမ်းချင်စိတ်ပြာလောင်ခတ်ကာ လိုက်လံချောင်းမြောင်း။ 

ဒီလို ဘီလူးကြိမ်း ကြိမ်းကာ  ဟန်ရေးပြနေပေမယ့်  တကယ်စင်စစ်မှာတော့ ကိုယ့်စည်းကိုယ်ဝိုင်းကာ တစ်လှမ်းမျှ မထွက်နိုင်ပြန်။ ခံတွင်းက အားပြင်းလောင်မြိုက် အလျှံငြီးတဲ့ မီးတောက်တွေ အခိုးတလူလူထွက်နေလည်း သံလျှက်ကို မထုတ်နိုင်။  ဘီလူးပါတဲ့။ သြော်… အင်း….. ။  လူတွေကို မြင်ရင် ရင်ထဲမှာ မီးမဆုံးအောင် လောင်လွန်းတာမို့ တော်ရာမှာ ပုန်းရတဲ့ ဘီလူး။ တောထဲတောင်ထဲမှာ နေခိုက် လူရိပ်လူရောင်မြင်ရတိုင်းမှာဒေါသနောက်နောက်နဲ့ စိတ်ရူးဖောက်မိမှာစိုးကာ ကိုယ့်အစွယ်ကိုယ်ပြန်ချိုးနေတဲ့ ဘီလူး။ ဘီးလူးအလုပ်ကို  လက်တွန့်စိုးရွံ့လွန်းတဲ့ ဘီးလူးရယ်လေ။  ကဲ သေသင့်ပြီ မဟုတ်လား။  တော်ရာမှာ တစ်ဘဝငြိမ်းလိုက်တော့။



လူသိရှင်ကြား မဆိုနိုင်လို့  နှလုံးသားထဲမှာတော့ စကားလုံးတွေ ဗြောင်းဆန်ကာ ဝုန်းဒိုင်းကျဲအော်ဟစ်နေလည်း အသံမထွက်နိုင် ကြားသူမဲ့ ကူရာမဲ့ဘီလူးမို့  မနိုင်ဝန်ထမ်းနေတာ ရယ်စရာကောင်းလွန်းနေပြီ။  ဟုတ်တယ်မဟုတ်လား။  အမှန်တရားကို ရှာဖွေလိုသော ၊ တရားမျှတလိုသော ၊ ကိုယ့်ကိုယ်ကိုယ်လေးစားသော ဘီလူးတစ်ကောင်သာဖြစ်ပါတယ်ဆိုတဲ့ ဆင်ခြေတွေကလည်း ပြဇာတ်ဆန်နေပြီ။  ရင်ဘတ်မှာအခွံမဲ့  ဘီလူးတစ်ကောင်မို့ ဇိဝန်ကြွေသင့်တာကြာပြီ။ ဖြေဖျော်မှုနုံချာတဲ့ ဘီလူးမို့ တကိုယ်တော်ဘီလူးဆိုင်းထွက်နေခြင်းကို ကန့်လန့်ကာချသင့်ပြီ။  ဥာဏ်နည်းသူ ဘီလူးရယ်မို့ အရူးရွာမှာ တရားပျောက်ရှာခန်းကို ရပ်တန်းက ရပ်သင့်ပါပြီလေ။...။

မယ်ကိုး

04 November 2011

“ လူဖြစ်ရတာ ပျော်စရာ”



မီးတောင်ပွင့်၊ရေလျှံ၊ငလျှပ်လှုပ်လို့ မြေပြို၊
အသက်ရှုနိုင်သေးရင် သေနတ်ပစ်တမ်းကစား။
အားအားယားယားပေါ့။

သူတော်အတတ် အဠာရသရဲ့ တစ်ဆယ့်ကိုးမြောက်က ဗုံးခွဲပညာ။
ပျော်ပျော်ပါးပါးပေါ့။
ဦးနှိမ့်ရာမတူရင် ရန်သူ။
နေရတာ ဘဝင်မကျရင် လိင်ခွဲခြားပြီး နှိမ့်ချ။
ထိုင်မသာဘူးလား။  အသားရောင်ကွဲရင် စော်ကား။
လူမျိုးကြီးဇာတာပုပ် ပန်းကုံးစွပ်ကာ ပွဲခင်းထဲကိုဝင်...မငြိုငြင်ဘူးကွယ့်။
ရှေးစကားတသ အာဂုံရွတ်ကာ သွေးအယားပျောက်အောင် အာသာဖြေ။
ဘာလိုဦးမှာလဲ... စစ်ဖြစ်ရင် ရောဂါစင်။
အသက်ရှည်ရှည် ခင်ခင်မင်မင်။

မယ့်ကိုး