20 December 2012

ကမ္ဘာသစ်မှာ စာအုပ်တစ်အုပ်ရှိမယ်

ကမ္ဘာမပျက်ခင်လေး (၂၀.၁၂.၂၀၁၂) ဆိုတဲ့ ဂဏန်းကို နှစ်လိုစွာ အဲဒီနေ့မှာ လုံးချင်းဝတ္တုလတ်စာအုပ်ထုတ်ချင်ခဲ့ပေမယ့် စာအုပ်စီစဉ်ပေးသူ မမမြသွေးနီက ၂၀ရက်နေ့က ပြဿဒါးဖြစ်တယ်လို့ အကြံပေးခဲ့ပါတယ်။ လူကြီးစကားကို နားထောင်စွာ စာအုပ်ထုတ်မယ့်နေ့ကို (၂၁.၁၂.၂၀၁၂) ကမ္ဘာပျက်မယ်ဆိုတဲ့နေ့ကို ရွေးလိုက်ပေမယ့် ပြဿဒါးပဲဖြစ်ဖြစ် ၊ ရက်ရာဇာပဲဖြစ်ဖြစ် ကျွန်မအတွက် ရေးကြီးခွင်ကျယ် မဖြစ်နိုင်ပါ။ စာအုပ်က အုပ်သုံးရာတောင် ရောင်းရဖို့မလွယ် လို့ စာအုပ်ထုတ်ရန်စီစဉ်ပေးသူ မမမြသွေးနီရဲ့ အမျိုးသားအစ်ကိုမော်ကြီးက ရိုးရိုးသားသား ပြတ်သားစွာဆိုခဲ့တာ ဖြစ်ပါတယ်။

စာရေးသူညီမငယ်တစ်ယောက်ကလည်း နာမည်ပြောင်းလိုက်တဲ့အတွက် စာအုပ်ကိုမဖတ်ဘူးလို့ ကြွေးကြော်ခဲ့လေတာ။ ထိုမျှနှင့် မပြီးသေး။ ဘယ်သူကမှလည်း ကျွန်မကိုအားပေးမှာ မဟုတ်လို့ ခံနိုင်ရည်ဝအောင် ကြိုတင်နမိတ်ဖတ်ထားလေရဲ့။ ထိုသို့ သြဘာသောင်းနင်းအပေးခံရသော မယ့်ကိုးရဲ့ စာအုပ်ကလေးပါလေ။

 

ဆရာမောင်ချောနွယ်က ‘လူကြိုက်နည်းတဲ့ကောင်’လို့ ရေးခဲ့တာမို့ ကျွန်မကတော့ ‘ဘယ်သူမှ မကြိုက်သူ’ လို့ ကိုယ့်ကိုယ်ကိုယ် ကင်ပွန်းတပ်ရမယ်ထင်။ လူတိုင်းကြိုက်မယ့်စာမျိုး မရေးတတ်သူမို့ မထင်ရှားဘူးဆိုလျှင် အံ့သြစရာမရှိပေမယ့် ကလောင်နာမည်ပြောင်းလို့ စိတ်ပျက်ကာ စာမဖတ်မယ့်သူတွေရှိတယ်ဆိုရင်တော့ နားမလည်နိုင်အောင် ဖြစ်ရလေတာ။ ဒါပေမယ့် glad to hear that! လို့ ပြောချင်သေးတာ။

အနားမှာ ရပ်တည်ပေးမယ့်သူ တစ်ဦးမှ မရှိဘူးတဲ့လား။ ဝမ်းနည်းစရာမရှိပါ။ နှုတ်ခမ်းတွန့်ကာလည်း ပြုံးနေချင်တယ်လေ။ ဒါ အဆန်းတကြယ်မှ မဟုတ်ဘဲ။ အသားကျနေတဲ့ ပုံမှန်ဘဝသာရယ်။

မနက်ဖြန်မနက်မှာ ကမ္ဘာကြွေလို့ သေရမယ်ဆိုလည်း ကျေနပ်နေမယ့်သူပါ။ အနားမှာ ဘယ်သူမှရှိမနေလည်း အသစ်အသစ်ဖြစ်နေဦးမယ့် ကမ္ဘာမှာ အသက်သွင်းစီရင်ခဲ့တဲ့ စာအုပ်တစ်အုပ်ရှိနေမယ်ဆိုရုံနဲ့ စိတ်ချမ်းသာလှပြီရယ်။ ။



မယ့်ကိုး

16 December 2012

မယ်ကိုး ပျောက်ခြင်း၊ မယ့်ကိုးဖြစ်တည်ခြင်း

‘မယ်ကိုးဆိုတာ သေသွားပြီ။ မရှိတော့ဘူး’လို့ ရံဖန်ရံခါသာ ဝင်လေ့ရှိတဲ့ ကျွန်မရဲ့ g-talk status မှာ တင်လေ့ရှိပါတယ်။ စိတ်မရှိပါနဲ့။ အဲဒီလိုပဲ ကျွန်မ ရူးလေ့ရှိပါတယ်။ ၂၀၀၄ က စပြီး ပုံနှိပ်စာမျက်နှာမှာ ပါဝင်ခဲ့ကာ မယ်ကိုးဖြစ်တာ ရှစ်နှစ်ရှိပေမယ့် ၂၀၀၇ ဒီဇင်ဘာကစပြီး blog ရေးခဲ့တာမို့ blogger သက် ငါးနှစ်ပြည့်သွားပြီဖြစ်ပေမယ့် ၂၀၀၉ က စပြီး facebook မှာ အစဉ်ရှိခဲ့လို့ facebook ရောဂါစွဲတာ သုံးနှစ်ရှိပြီ ဖြစ်ပေမယ့် မယ်ကိုးဆိုတာ ပေါ်လိုက်ပျောက်လိုက်နဲ့ မယ်ကိုးကို ဘယ်လိုအစဖျောက်ရမလဲလို့ ကြံစည်နေတာလည်း ကြာပြီဖြစ်ပါတယ်။

စာရေးပျင်းသောကျွန်မမှာ blog မှာ တစ်နှစ်မှာ ပုဒ်ရေ သုံးဆယ်မျှသာ ရေးလေ့ရှိသူဖြစ်သလို ပုံနှိပ်စာမျက်နှာတွေပေါ်မှာလည်း ပါဝင်မှုနည်းတာမို့ ကျွန်မ ရပ်နေလိုက်ရင် မယ်ကိုးဆိုတာ ပေါ့ပေါ့ပါးပါးပဲ ပျောက်ကွယ်သွားလိမ့်မယ်လို့ တွေးခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ ပုံနှိပ်စာမျက်နှာတစ်ခုမှာ ကျွန်မရေးခဲ့သော ‘အပမှီခဲ့သော’ ဆိုတဲ့ ဝတ္တုတိုကို ‘ရည်ညွှန်းဖွဲ့သီ ချစ်သူဆီ’ ဆိုတဲ့ ကဏ္ဍအောက်မှာ ဖော်ပြထားတာတွေ့ရတော့ အတွေးတွေဟာ ပိုလို့သေချာသွားခဲ့ပါတယ်။ နုနွဲ့တဲ့ ဆက်ကျော်သက်တွေအတွက် ရည်ရွယ်ရာစာဟာ မယ်ကိုးအတွက် နေရာတဲ့လား။ မယ်ကိုးဆိုတာ အငွေ့ပျံပျောက်ကွယ်သွားဖို့သာ ကောင်းတော့တာပဲ။

ဒါပေမယ့် အချိန်တစ်ခုအတွင်း နစ်မြုပ်ငြိမ်သက်ပြီးနောက် သိလိုက်ရတာက စာရေးချင်တဲ့ သွေးတွေစီးဆင်းနေတဲ့ အသက်ပြင်းသူမှာ ကျွန်မ ဖြစ်ပါတယ်။ ကျွန်မ ပုံပြင်များစွာကို ယက်လုပ်ချင်ပါသေးတယ်။ ဒါပေမယ့် တစ်ခုခုပြောင်းလဲချင်တဲ့ စိတ်ကလည်း ဒွန်တွဲနေပါတယ်။ အရာအားလုံးကို ရိုးအီငြီးငွေ့စိတ်ဓာတ်ကျလာတဲ့အခါ တစ်ခုခုပြောင်းလဲချင်နေတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ ပြောင်းစရာ ဘာနည်းလမ်းမှမမြင်တော့ နာမည်ကို ပြောင်းလိုက်ပါတယ်။ အဲဒီလို အူကြောင်ကြောင်နိုင်တယ်။ ရှေ့နောက် မဆင်ခြင်တတ်သူဖြစ်တယ်။ မဟုတ်တရုတ်လုပ်သူ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ။ မယ့်ကိုးဖြစ်ပါတယ်။

 

‘အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်’ ဆိုတဲ့စာအုပ်ကို မယ့်ကိုးဆိုတဲ့နာမည်နဲ့ ရေးသားထားပါတယ်။ ဒီလိုမယ်ကိုးဆိုတဲ့ နာမည်ကို မြေမြှုပ်ပစ်လိုက်တော့ ချစ်ခင်လေးစားရတဲ့ စာရေးဆရာမတစ်ယောက်က ‘မယ်ကိုးဆိုတဲ့နာမည်ကို မယ့်ကိုးဆိုတဲ့နာမည်က နောက်ဆယ်နှစ် မကျော်နိုင်ဘူး။ ကျော်ရင် လည်ဖြတ်ခံမယ်။’ လို့ ဂရုဏာဒေါသောပြောပါတယ်။ ဟုတ်ပါတယ်။ လူနည်းစုသာ နှစ်သက်နိုင်မယ့်စာများကို ရေးသူ၊ စာရေးကျဲသူ ကျွန်မအတွက် အမှတ်ထားရမယ့်စကား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကို အခွင့်ပေးပါဦးလို့ တောင်းဆိုချင်ပါတယ်။

  


အရင်စာဖတ်ခဲ့သူများအနေနဲ့ မယ်ကိုးကို မရှာဖွေတော့ဘဲ မယ့်ကိုးကိုလက်ခံဖို့ ကျွန်မ ကြိုးစားကြည့်ပါရစေ။မယ်ကိုးကို ချစ်ခဲ့သူများ မယ့်ကိုးကို ဆက်လက်မေတ္တာထားနိုင်ဖို့၊ မယ်ကိုးကို မချစ်သူများ မယ့်ကိုးအပေါ် အမုန်းနည်းစေဖို့ ကျွန်မကြိုးစားပါဦးမယ်။ စာဖတ်သူများရဲ့ ကျေးဇူးနဲ့ ဒီစာမျက်နှာလေးတည်နေသ၍ စာတွေ ဆက်ရေးနေပါဦးမယ်။

အရင်အချိန် blog နှစ်ပတ်လည်တွေမှာ ပြောခဲ့သလို 'အသက်ရှင်တုန်းခဏ နေရာမရွေ့ပေမယ့် ကျွန်မ သွားနေဦးမှာဖြစ်ပါတယ်။' ဆိုတဲ့စကားအစား အသက်ရှင်တုန်းခဏ စာဖတ်သူများအနီးမှာ မယ့်ကိုးရှိနေဖို့ ကျွန်မလှမ်းလာချင်ပါတယ်  ။   လို့ဆိုပါရစေ။ ။

ကျေးဇူးများစွာဖြင့်
မယ့်ကိုး

02 October 2012

စင်္ကာပူက မြန်မာလူ

စားသောက်ဆိုင်တန်းမှာ ညစာအတူစားမယ့်မိတ်ဆွေက ရွေးလိုက်တဲ့နေရာရဲ့ မျက်နှာချင်းဆိုင်ကို ကျွန်မနေရာယူဖို့ ပြင်နေတုန်းမှာ ယောက်ျားတစ်ယောက် ရောက်လာပြီး ‘အိတ်ချထားတာ မတွေ့ဘူးလား’ လို့ မျက်နှာထားမာကျောကျောနဲ့ မေးလေတာ။ ကျွန်မယူမယ့်နေရာရဲ့ ဘေးမှာ အိတ်တစ်လုံးချထားတာကို အခုမှတွေ့ကာ ‘မတွေ့ခဲ့ဘူး’ လို့ ဖြေပြီး တခြားခုံတွေဖက် လှည့်ထွက်လာခဲ့ပါတယ်။ 

တကယ်ဆို ‘နင်ချထားတဲ့ အိတ်ကဘေးမှာလေ။ နင်ဦးထားတာ အဲဒီတစ်ခုပဲ မဟုတ်လား။ ခု ငါက လွတ်နေတဲ့ နေရာကို ယူမှာ’ လို့ ပြန်ပြောလိုက်ဖို့ကောင်းလေသလား။ ကျွန်မ ခုထိတိုင် မဝေခွဲနိုင်သေးပါ။ တနည်းအားဖြင့် နှုတ်သီးကောင်းလျှာပါးမဟုတ်သူ လို့ ပဏာယူနိုင်ပြောသော်လည်း တကယ်တော့  ခံစားတုန့်ပြန်ရာတွင် နှေးကွေးသူသာ ဖြစ်ပါတယ်။ ပြဿနာတွေအားလုံးပြီးမှ သူက ငါ့ကို ဘာလို့ ဒီလိုပြောတာလဲ။ ငါက ဒီလိုပြန်ပြောလိုက်ရမှာဆိုကာ တနုံ့နုံ့ဒေါသမပြေနိုင်အောင်သူလည်း ဖြစ်ရဲ့။

မိတ်ဆွေက ‘စလုံးမကောင်းကြောင်းပြောရင် မကြိုက်ချင်ဘူး။ အခုတွေ့ပြီ မဟုတ်လား။ စလုံးတွေ ဘယ်လောက်ရိုင်းတယ်ဆိုတာ’  လို့ ပြောကာ မကျေမချမ်းနိုင်ဖြစ်နေပါတယ်။  သူမ ပြောသလိုပင် စလုံးတွေ မကောင်းဘူးလို့ ဆိုလာလျှင် ငြင်းချင်တဲ့သူမှာ ကျွန်မဖြစ်ပါတယ်။ လူမျိုးတိုင်း ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိတာပဲ မဟုတ်လားလို့ ပြန်ပြောတတ်သူဖြစ်ပေမယ့် ဒီနေ့တော့ တစိမ့်စိမ့်စိတ်မကောင်းဖြစ်နေဆဲ။ 

ငါ့ကို အဲလိုရိုင်းပြရအောင် ငါက လေးစားစရာမကောင်းလောက်အောင် ဘာများမှားနေလဲလို့ တွေးမိ။ ငါ့ဝတ်စုံက မမော်ကြွားလို့များ အထင်သေးတာလားလို့ စဉ်းစားမိ။ မျက်နှာက အခြယ်အသကင်းလို့ ကြည့်မကောင်းလို့ မလေးစားတာလားလို့ အားငယ်မိ။ ရုပ်က ပျော့ညံ့ညံ့ပုံပေါက်လို့ စော်ကားချင်တာလားလို့ မျိုးစုံတွေးကြံမိတော့တာ။ ဒါပေမယ့် ဒီလိုပုံစံနဲ့ပဲ ဒီကျွန်းလေးမှာ အေးဆေးသက်သာ နေလာသည်မှာ ငါးနှစ်ကျော်ခဲ့ပြီပဲလေ။ သဘောကောင်းကြင်နာသော စင်္ကာပူလူမျိုးပေါင်းများစွာနဲ့လည်း ကြုံခဲ့ဖူးတာရယ်။

 ကျွန်မအစ်မနဲ့ ကျွန်မ တစ်ခါက လမ်းမေးတဲ့အခါ စလုံးအဘိုး၊အဘွာကြီးစုံတွဲက ကားနဲ့လိုက်ပို့မယ်လို့ အတင်းကူညီဖူးရဲ့။ တစ်ခါ မလေးရှားကပြန်ရောက်ရောက်ချင်း အလှုကိုသွားရမယ်ဖြစ်ရာ ဖုန်းကလည်း ဓာတ်ခဲကုန်နေ၊ စားရမယ်သာမှတ်ထားပြီး အိမ်ပြောင်းသွားတာကို သတိမရတဲ့အခါ လမ်းပျောက်နေခိုက် ပိုက်ဆံအကြွေစေ့ထည့်ကာ ဆက်ရသော ဖုန်းကလည်း ရှာမရဖြစ်နေဆဲ လူကြီးတစ်ယောက်က သူ့ဖုန်းကို ငှားခဲ့သလို ခရီးဆောင်အိတ်ကြီးနှင့် ကျွန်မကို အလှုအိမ်ထိ လိုက်ပို့ပေးခဲ့ဖူးရဲ့။ 

စလုံးအမျိုးသမီးတွေက ရထားပေါ်မှာ မိန်းမအချင်းချင်း သူ့တို့အသားကို ထိမိရင်တောင် မကျေနပ်ငြူစူတတ်ရှိကြပေမယ့် ကျွန်မရဲ့ ဒေါက်မြင့်ဖိနပ်ဖြင့် မတော်တဆတက်နင်းခံရသော အမျိုးသမီးတစ်ဦးကမူ အဆမတန်နာသွားက မျက်ရည်ပင် ထွက်ကျလာပေမယ့် ကျွန်မကို မြည်တွန်ပြစ်တင်ခြင်းမပြုခဲ့။ တစ်ခါက မြောင်းထဲခြေချော်ကျသွားရာ စလုံးအမျိုးသမီးနှစ်ဦးက ပြာပြာသလဲရောက်လာပြီး တွဲခေါ်ကူညီပေးခဲ့ဖူးရဲ့။ 

 ရုံးမှာလည်း ကလေးလိုပင် သက်သာသလိုနေလေရာ ဘယ်သူရဲ့ ရန်ပြုခြင်းမှ ထူးထူးခြားခြား မခံခဲ့ဖူးပါ။ အထက်အရာရှိစလုံးအမျိုးသမီးဆိုလည်း သူတစ်ခါအော် ကိုယ်တစ်ခါအော်လိုက်နဲ့ ပြီးသွားတာပင်။ သူကလည်း အမှတ်မထား။ တစ်ခါက သူ့ဆီဖုန်းဆက်နေပုံကို အစ်မတစ်ယောက်က ပြောပုံမှာ ‘ မသိတဲ့သူဆို အထက်လူကျနေတာပဲ ခါးထောက်ပြီးကို အော်နေတာ’ လို့ နောက်သလိုပြောမှ ကိုယ့်အချိုးကိုယ်ပြင်ခဲ့ရတဲ့ အထိရယ်။

လုပ်ဖော်ကိုင်ဖက်များကိုလည်း နည်းနည်းဆရာကျတယ်ထင်ရုံနဲ့ ‘don’t bully me’ လို့ ပြောတတ်ရာ နောက်တော့ သူတို့က ဘယ်သူက အနိုင်ကျင့်နေတာလဲလို့ ကျွန်မကို ပြန်ပြောရတဲ့အထိ။ ခင်မင်ကူညီတတ်သော စင်္ကာပူလူမျိုးအများကြီးနှင့်လည်း ခင်မင်ခဲ့ဖူးတာပါပဲ။ အထင်ရှားဆုံး အမှတ်တရကတော့ အလုပ်က စလုံးအဘိုးကြီးတစ်ဦးမှာ ကျွန်မခြေထောက်တင်ဖို့ ခုံလေးတစ်ခုလုပ်ပေးခဲ့မှုရယ်။ 


ခုလို  မိုက်ရိုင်းစော်ကားခံရရုံမျှနဲ့ လူမျိုးနှင့်ချီကာ မခါးသီးချင်လည်း ' ငါက  ဒီနိုင်ငံမှာ ဒုတိယတန်းစားလူမျိုး ။  ဒါကြောင့် အစော်ကားခံရတာ ။ ဘယ်လောက်ဆင်းရဲ ဆင်းရဲ မြန်မာပြည်မှာပဲ ပြန်နေမယ်' လို့ ဝမ်းနည်းပက်လက်ဆိုချင်ပြန်တာ။ သူတပါးနိုင်ငံမှာ လာရောက်နေထိုင်ရတာမို့ တစ်ခွန်းမျှဆိုရုံနဲ့ မဆုံးနိုင်အောင် နာချင်ပြန်တာ။ တခြားသူများ ကောင်းခဲ့သမျှမှာ တစ်ခါထိခိုက်ရုံဖြင့် မြေနိမ့်ရာ လှံစိုက်ချင်တာဟု ပြောပြီး သည်းသည်းမည်းမည်းကြေကွဲချင်ပြန်တာ။ ကျွန်မ တော်တော်ဆိုးလေသလား။ မမျှမတတွေးခေါ်တတ်လေသလား။ တကယ်တော့ ထိုမျှနာကျင်စရာများကို အမှုထားစရာလို့ပင် မခံယူသင့်တော့ဘူးလေ။

 မြန်မာနိုင်ငံမှာလည်း စပယ်ယာရဲ့ အငေါက်အငမ်းကို ဒီထက်မက ခံခဲ့ရဖူးတယ် မဟုတ်လား။ အဝတ်အစားနှင့်ပက်သက်လျှင် တစ်ခါက ဝတ်စုံတစ်ထည် တစ်သိန်းဆိုကာ ရောင်းသူက မဝယ်နိုင်တဲ့ပုံစံဖြင့် ယူပြဖို့အသာထား မဖြေချင့်ဖြေချင့်ဖြင့် မေးငေါ့တာလည်း ကြုံခဲ့ရဖူးတာ။ တစ်ခါကလည်း အမျိုးသမီးကြီးတစ်ဦးရဲ့ ဖိနပ်ကို နှစ်ခါတက်နင်းမိသဖြင့် လမ်းလယ်ခေါင်မှာ အော်ကြီးဟစ်ကျယ်အဆဲခံရဖူးတာ။ စက်ဘီးစီးတတ်ခါစတုန်းက လမ်းဘေးမြောင်းထဲကျသွားရာ ဘယ်သူမှ လာမထူတဲ့အပြင် အနားကလူများမှာ မသိသလိုနေကြတာမို့ ပျက်စီးသွားတဲ့စက်ဘီးရဲ့ ဂိုက်ကိုတည့်ပေးဖို့ အကူအညီမတောင်းရဲဘဲ လမ်းလျှောက်ပြန်ခဲ့ရဖူးတာ။ 

 ဒါပေမယ့်ထိခိုက်ဖြစ်ပျက်သမျှအလုံးစုံကို ထူးခြားဖွဲ့နွဲ့စရာ မည်းမှောင်အကျည်းတန်သောအရာများလို့ပင် မထင်ခဲ့။ထိခိုက်ဖြစ်ပျက်သမျှအလုံးစုံကို နာစရာကို လွမ်းစရာနဲ့ ဖြေခဲ့။  'အိမ်ပြေးသူများ' အက်ဆေးမှာ ရေးခဲ့ဖူးတဲ့စာလိုပင် ကြိုဆိုသူမဲ့ ရက်စက်တဲ့ မြေပေါ်မှာ တည်ထားပေမဲ့ ကျွန်မ အိမ်ပြန်ချင်ပါတယ် … လို့ ထပ်မံပြောချင်သေးရဲ့။

 ‘၀ဋ်ကြီးသူရယ်လေ။ ဘယ်လိုပင် မိုးကြိုးခြွေလည်း မသေသေးဘူးကွယ့်။ ထပ်မံလို့ အတောင်ပံ ခတ်နေဦးမယ်။ အောင်မြေက ဘယ်အရပ်မှာ တည်သလဲဆိုတာ မမြင်နိုင်။ မကြားနိုင်။ မသိနိုင်ပေမယ့် ဥတုရာသီ နှိပ်စက်ကာ အမြင်တွေ ဝေသီနေပေမယ့် ကျွန်မ ခရီးဆက်ပါဦးမယ်။ ဘယ်လို ခြေလှမ်းပြင်ရမလဲ။ ။ ဇာတ်ကွက်က ခြေတစ်လှမ်းတိုးရင် ဖုန်းဆိုးမြေ။ နောက်ဆုတ်ရင် မီးလောင်ပြင်။ ဒါပေမယ့် လေပြင်းထန်လွန်းတယ် ဆိုကာ နောက်ဆုတ်ပြေးဖို့လည်း မဖြစ်နိုင်ဘူးဘဲ။

 ဒီလိုနဲ့ ခရောင်းထက်ကြမ်းတဲ့ လမ်းမှာ တမျှော်တခေါ်က အိမ်အရိပ်လေးဆီ မျှော်လင့်လို့ ကျွန်မရှေ့ဆက်လျှောက်ပါဦးမယ်။ လမ်းရဲ့တံခါးဝှက်ကိုပင် မတွေ့မြင်နိုင်သူဟာ “အိမ်ပြန်ချင်တယ်။ အိမ်မှာ ဘယ်သူရှိမှာလဲ။ ဘယ်သူမှ အိမ်မှာမရှိဘူး။” ဆိုတဲ့ ရိုးရာမပျက် ရင်ကွဲတေးလေးကို ညဉ်းရင်းနဲ့လေ…။’  

တကယ်ပါ။ ကြိုဆိုသူမဲ့ ရက်စက်တဲ့ မြေပေါ်မှာ တည်ထားပေမဲ့ ကျွန်မ အိမ်ပြန်ချင်ပါတယ်။… ။ 

 မယ်ကိုး

15 September 2012

စောင့်ကြည့်နေသော မျက်ဝန်းများ


မိုးလေဥတုသာယာတဲ့တစ်ညနေမှာ ကျွန်းသေးသေးလေးရဲ့ စွန်လွှတ်ပွဲတော်ကို မိတ်ဆွေတစ်စုနဲ့အတူ သွားဖြစ်ခဲ့ပါတယ်။ နေရာပေးထားတဲ့ မြေအဝန်းကျဉ်းကျဉ်း၊ ပျားပန်းခပ်မျှကျပ်ညပ်နေတဲ့ လူထူထူအကြား ကလေးလူကြီးမကျန် စွန်တွေကို ကြိုးစားပန်းစားလွှတ်နေကြသလို ကလေးတစ်ချို့ကလည်း စွန်ကိုကိုင်ပြီး ပြေးလွှားနေကြပါတယ်။ကျွန်မလည်း ကလေးတွေလို စွန်ကိုင်ပြီး ရှေ့မကြည့်နောက်မကြည့်ပြေးရင်း စွန်က ကောင်းကင်ထဲရောက်သွားမှ ရပ်တန်းက ရပ်သွားတော့တာ။

အလားကားဝေပေးခဲ့တဲ့စွန်ကို ကြိုးကုန်အောင်လွှတ်နိုင်တာ ပျော်စရာဖြစ်ပေမယ့် ကြိုးလေးကတိုတို စွန်ဘီးမှမရှိတာမို့ အချိန်တန်လေငြိမ်တော့ စွန်ကနိမ့်ဆင်းသွားရာ စွန်ကိုပြန်သိမ်းရတဲ့အခါမှာတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။ တစ်ဆက်တည်းမှာပဲ အာဖဂန်နစ္စတန်မှာ ဇာတ်အိမ်တည်ထားတဲ့ kite runner စာအုပ်ထဲက ဇာတ်ကောင်အာမာ (Amir) ကိုသတိရမိတာ။



သူက သူ့အဖေ ဘာဘာ လို စွန်လွှတ်ပွဲမှာ အနိုင်ရသူဖြစ်ကြောင်း ပြသကာ အဖေရဲ့ အသိအမှတ်ပြုမှုချီးကျူးမှုကိုရချင်ခဲ့သူရယ်လေ။ သူအိပ်မက်မက်ခဲ့သလိုပဲ စွန်ပြိုင်ပွဲမှာ သူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဓလေ့အရ နိုင်သူက ရှုံးတဲ့စွန်ကို ယူရမှာဖြစ်တာမို့ မိခင်မဲ့ဘဝတူ နို့ငှားနဲ့အတူကြီးပြင်းဖက် သူ့သူငယ်ချင်းအိမ်အကူကောင်လေး ဟတ်ဆန်က (Hassan) စွန်ကောက်ယူဖို့ ပြေးသွားခဲ့ပါတယ်။ 

ဒီအခိုက်အတန့်အပြီးမှာ အာမာ့ဘဝဟာ ပြောင်းသွားခဲ့တာရယ်။ ဟတ်ဆန်ရဲ့လက်ထဲ စွန်ရောက်လာတဲ့အခါ အိမ်နီးချင်းကြေးရတတ် အဆပ်ဖ် (Assaf) ဦးဆောင်တဲ့ လူဆိုးကလေးများအဖွဲ့က သူတို့နှစ်ယောက်ကို ဗိုလ်ကျပြီလေ။ ဒီအခါ အာမာဟာ ရှုံးတဲ့စွန်ကို ရချင်ဇောနဲ့ အဆပ်ဖ်က ဟတ်ဆန်ကို မုဒိမ်းကျင့်တာ မြင်လျှက် မတားဆီးမငြင်းပယ်ခဲ့သူ ဖြစ်သွားလေရဲ့။ သူငယ်ချင်းနှင့် စွန်ကို လဲလှယ်ရလောက်အောင် သူ့အဖေကို စွန်မပြနိုင်မှာ ၊ သူအနိုင်ရတယ်လို့ မဝံ့ကြွားနိုင်မှာ၊ သူထိခိုက်နာကျင်မှာ   စတဲ့ သူ့အတ္တမြင့်မားရေးကိုသာ ဖက်တွက်ကာ အရာရာကိုစိုးကြောက်နေခဲ့တဲ့ ကလေးငယ်ဟာ အာမာပေါ့။

အဲဒီဇာတ်ကောင်ကို ကျွန်မ မနှစ်သက်သလို လက်မခံနိုင်ပါဘူး။ ဟုတ်ကဲ့။ ဖခင်မေတ္တာကို တစ်ခါမှ မရဖူးတာမို့လည်း သူ့မေတ္တာငတ်စိတ်ကို နားမလည်နိုင်ပါဘူး။ မေတ္တာအပြည့်အဝမရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ်ကျင့်တရားကိုချွတ်ယွင်းပျက်ပြားနိုင်စေပါလား ဆိုတာလည်း ကျွန်မ သဘောမပေါက်ပါဘူး။ သည်းခံပေးပါ။ စပျစ်သီးချဉ်တယ်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ကျွန်မဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆို ဒီလောက်နာကျင်ကြေကွဲရမယ့်စာလို့ ကြိုသိခဲ့ရင် ဖတ်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။

ထပ်မံလေ့လာခဲ့ရတဲ့အကြောင်းကတော့ အာဖဂန်နစ္စတန်ရဲ့ လူနည်းစုဖြစ်တဲ့ ဟဇာရာ ( Hazara) လူမျိုးများ အကြောင်းဖြစ်ပါတယ်။ သူတို့ကို သစ္စာရှိသော၊ ရိုးသားဖြောင့်မတ်သော၊ အနစ်နာခံစွန့်လွှတ်သော၊ ခွင့်လွှတ်တတ်သော၊ စိတ်ဓာတ်မြင့်မြတ်သော လူမျိုးအဖြစ် ပုံဖော်ခဲ့သလို လူများစု ပတ်စ်ရှတို (Pashtun) လူမျိုးများရဲ့ နှာခေါင်းပြားသူ၊ ကြွက်တွေစားသူစတဲ့ ခေါ်ဝေါ်နှိမ့်ချမှုများမှအစ လူသတ်ညှင်းပန်းမှုအထိ နိုင်ထက်စီးနင်းစော်ကားမှုအမျိုးမျိုးကို ရင်စည်းခံရတဲ့ သနားကြင်နာစရာလူမျိုးများအဖြစ် စာဖွဲ့ထားလေတာ။ 


စာရေးဆရာဟာ ဒီနှိပ်စက်မှုအမျိုးမျိုးရဲ့ အမြင့်ဆုံးနမိတ်ပုံအဖြစ် မုဒိမ်းကျင့်မှုကို စံထားခဲ့သလားလို့လည်း ထင်မှတ်မိပါရဲ့။ ပတ်စ်ရှတိုလူမျိုး အဆပ်ဖ်က ဟဇာရာလူမျိုး ကလေးငယ် ဟတ်ဆန်ကို မုဒိမ်းကျင့်ခဲ့သလို ကြီးပြင်းလာတဲ့အခါမှာလည်း ဟတ်ဆန်တို့ မိသားစုကိုသတ်ပြီး သူ့ရဲ့သားငယ် Sohrab ကို လိင်ဖျော်ဖြေမှုသားကောင်အဖြစ် ဖမ်းဆီးနှိပ်စက် အသုံးချခဲ့တယ်လေ။ 

မုဒိမ်းမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုသာ မဟုတ်ပါဘူး။ ဒါဟာ အားနည်းသူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာကို ချိုးဖဲ့လိုက်ခြင်းပဲ မဟုတ်ပါလား။ တကယ်တော့ အင်အားကြီးသူက အင်အားနည်းသူကို ဘယ်လောက်ချုပ်ကိုင်နိုင်ကြောင်း ဖော်ထုတ်ပြသလိုက်ခြင်းပါပဲ။ ဒါ့အပြင်အာဖဂန်စစ်သားများရဲ့ အတိတ်က အနိုင်ကျင့်မှုကို အသက်သွင်းလိုက်တဲ့ ပြယုဂ်တစ်ခုလားလို့လည်း စဉ်းစားမိပြန်ပါတယ်။ 

ဝီကီပီဒိယအရ ဟဇာရာလူမျိုးများရဲ့ ဒုတိယအုံကြွမှုကို ဖြစ်စေတဲ့အကြောင်းက ဟဇာရာအကြီးအကဲအကြီးအကဲကိုချည်နှောင်ထားပြီး ဇနီးကို သူ့မျက်စိရှေ့အောက်မှာတင် အာဖဂန်စစ်သားသုံးဆယ့်သုံးယောက်က မုဒိမ်းကျင့်ခဲ့မှုကြောင့်လို့ ဆိုထားပါတယ်။ (ဒီအုံကြွမှုရဲ့ နောက်ဆက်တွဲရလာဒ်မှာ ဟာဇာရာကလေးငယ်များ၊မိန်းမများ၊ယောက်ျားများအာလုံး ကဘူးနဲ့ တခြားမြို့များမှာ ကျွန်အဖြစ်ရောင်းစားခံရခြင်းဖြစ်ပြီး တခြားသူများကိုလည်း အုပ်ချုပ်မှုကိုစိန်ခေါ်လာသူမှန်သမျှ ကြောက်လန့်သွားစေရန် လူ့ခေါင်းပြတ်များကိုလည်း ထောင်ပုံရာပုံ ပြသထားခြင်းဖြစ်ပါတယ်။)

ဟဇာရာလူမျိုးများမှာ တာလီဘန်များ အုပ်ချုပ်တဲ့လက်ထက်တိုင်အောင် သမိုင်းစဉ်တစ်လျှောက် နှိပ်စက်ညှင်းပန်းခံခဲ့ရသော ၊ ထိုဖိနှိပ်မှုကို တွန်းလှန်ရင်း အစုလိုက်အပြုံလိုက် အသတ်ခံရသော ကျွန်အဖြစ်ရောင်းစားခံရသော လူမျိုးများ ဖြစ်ခဲ့ပါတယ်။ စာရေးဆရာကတော့ ဟာဇရာလူမျိုးတွေ အနိုင်ကျင့်ခံရခြင်းအကြောင်းမှာ ဟာဇရာလူမျိုးများက ရှီးရိတ်မွတ်စလင်များ (Shia Muslims ) ဖြစ်ပြီး ပတ်စ်ရှတိုလူမျိုးများက ဆွန်နီမွတ်စလင်များ ( Sunni Muslims) ဖြစ်သောကြောင့် ညွှန်းဆိုထားပါတယ်။ 

ဘာသာအယူဝါဒကွဲရုံနဲ့ နှိပ်စက်ကြလေခြင်းရယ်လို့ ကျွန်မ လက်မခံချင်ပါဘူး။ ဘာသာတရားက လူတွေကို မကောင်းညွှန်ကြားလိမ့်မယ်လို့လည်း မယုံကြည်ပါဘူး။ နှိပ်စက်ညှင်းပန်းချင်သူတွေသာ အရိပ်တစ်ခုခိုကာ ပြုလုပ်ကြခြင်းလို့သာ ကျွန်မ စွဲထင်ထားပါတယ်။ ဘာသာလူမျိုးမကွဲပြားလည်း ဗိုလ်ကျချင်သူတို့အတွက် အနိုင်ကျင့်စရာအကြောင်းခြင်းရာ၊ ကွဲပြားခြားနားမှုတွေ တွေ့ရှိနေဦးမှာပဲရယ်။ ကွဲပြားမှုထဲက ထင်ရှားမှုတစ်ခုက ဟဇာရာလူမျိုးတွေဟာ အာရပ်မျိုးနွယ်တွေမဟုတ်ဘဲ သုတသေနသရှင်များက မွန်ဂိုလူမျိုးက ဆင်းသက်လာတယ်လို အဆိုပြုသလို ရုပ်ရည်သွင်ပြင်သာမက ဘာသာစကားအပြင် မျိုးရိုးပါနွယ်နေတာ ဖြစ်ပါတယ်။ 

ဒီလိုကွဲပြားမှုတွေရှိနေလည်း လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ အခုအခါမှာတော့ လူမျိုးစုအားလုံးကို သာတူညီမျှအခွင့်အရေးတွေ ပေးနိုင်ခဲ့ပါပြီ။ အမေရိကန်ဦးအောင်တဲ့နိုင်ငံတကာတပ်မှ တာလီဘန်များကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်းမှာတော့ ဟဇာရာလူမျိုးတွေဟာ လုံခြုံငြိမ်းချမ်းမှုရလာသလို အတန်အသင့် နေရာရဝင်ဆံ့လာခဲ့ပါပြီ။ ဒါပေမယ့်လည်း တာလီဘန်များလွှမ်းမိုးနေဆဲ တောနယ်များမှာတော့ ပစ်မှတ်ထားညှင်းပန်းမှုကို ကြောက်လန့်စိုးရိမ်နေရဆဲတဲ့လေ။

စွန်ပြေးသူစာအုပ်ဇာတ်သိမ်းကတော့ ပျော်ရွှင်စရာအတိရယ်။ ဇာတ်ကောင် အာမာဟာ Soharb ကို ကယ်တင်လို့ သားအဖြစ်မွေးစားလိုက်ပြီး စွန်လွှတ်ခန်းနဲ့ ပျော်ရွှင်စွာ နိဂုံးသတ်ထားပါတယ်။ကျွန်မကလည်း စွန်မလွှတ်တော့ဘဲ ပျော်ရွှင်စွာစွန်လွှတ်နေတဲ့ ကလေးငယ်များကို ဓာတ်ပုံရိုက်နေမိပါတယ်။ 


တစ်ချို့ကလေးငယ်လေးများက စွန်မလွှတ်ဘဲ စွန်နဲ့ချီလွှတ်ရသော မိုးပျံပူစီဖောင်းလေးများကို ကိုင်ပြီး ထွက်ပြေးနေတာကိုလည်း ငေးမောဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ဒီအခိုက်မြင်လိုက်ရတဲ့ ပူစီဖောင်းလေးတွေမှာ ရေးထားသောစာဟာ  ကျွန်မကို ငြိမ်သက်သွားစေခဲ့။ ဘယ်လို။ 'တူညီတဲ့ အခွင့်အရေးဟာ ကလေးတိုင်းအတွက်' တဲ့ ။ဟုတ်လား။



ကြေကွဲစရာကောင်းလှချည့်။မြန်မာပြည်အစွန်နယ်ဖျား စစ်ဖြစ်ရာရပ်ဝန်းက ကလေးသူငယ်တွေဟာ အမေရိကန်၊စင်္ကာပူက ကလေးငယ်များအခွင့်အရေးမျိုး မရနိုင်ဘူးဆိုတောင် TTC  မှာကျောင်းတက်နေတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးမျိုးအထိ တူညီတဲ့အဆင့်အတန်းမျိုး ရစေချင်လိုက်တာ။ စစ်ဗုံးလက်နက်တွေကြားမှာ အသက်ဆုံးရှုံးသွားသော၊  အသက်လုပြေးနေရသော ဒီကလေးငယ်တွေဟာ ဗမာလူမျိုး ကျွန်မရဲ့ အတွေးကို လိမ်ညာမှုလို့ ထင်နေမလား။  ကချင်ကလေးငယ်လေးများ၊ ကယားကလေးငယ်များ၊ ရခိုင်ကလေးငယ်လေးများ၊ ချင်းကလေးငယ်လေးများ ထိုရိုးသားသောကလေးများရဲ့ အတွေးမှာ ဗမာလူမျိုးဆိုတာ ဘယ်လိုမြင်နေမှာလဲဆိုတာ ကျွန်မ မစဉ်းစားဝံ့ဘူး။ မြန်မာပြန်အနှံ့က တိုင်ရင်းသားလူမျိုးကလေးငယ်များရဲ့စိတ်ထဲမှာ ဗမာဆိုတဲ့အမည်ကို ဘယ်လိုပုံဖော်နေမှာလဲဆိုတာ ဆက်မတွေးဝံ့တော့ပါဘူး။



စွန်ပြေးသူရဲ့ စာရေးသူ Khaled Hosseini ဟာ ဟဇာရာလူမျိုးမဟုတ်ပါဘူး။ ပတ်စ်ရှတို လူမျိုးဖြစ်ပါတယ်။စွန်ပြေးသူစာအုပ်မှာ ကျွန်မ ဘယ်တော့မှမမေ့တော့မဲ့ ဇာတ်ဝင်ခန်းရှိပါတယ်။ မတရားမှုပြုလုပ်သူအဆပ်ဖ်က ငါ့တို့က အမွှာတွေလို့ မတရားမှုကို မျက်ကွယ်ပြုလျစ်လျူရှုသူ၊ လူမျိုးတူသူ အာမာ့ကို အိပ်မက်ထဲမှာ ပြောခဲ့တာရယ်။အဲဒီစကားသံကို နားနဲ့ဆတ်ဆတ်ထပ်ကြားလိုက်ရသလို သွေးကြောတွေဟာ တုန်ခါလာ။  ခွင့်လွှတ်ပါ။နှလုံးအိမ်ကို ဖောက်ထွင်းမတတ် ရဲရဲဝံ့ဝံ့ကြည့်နေမယ့် မျက်ဝန်းလေးတွေကို  နူးနူးညွတ်ညွတ် တောင်းပန်လိုက်ပါတယ်။ 

ဒါပေမယ့် ဒီလျှောက်လဲချက်မှုန်စစနဲ့ အပြစ်ဖြစ်နေတဲ့စိတ်ဟာ သေးငယ်ပပျောက်ကာ သက်သာရာရလာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ရဲပါ။ ဆုမတောင်းဝံ့ပါ။ ညဘုရားရှစ်ခိုးအိပ်တဲ့အခါ မကောင်းဆိုးရွားအဆပ်ဖ်ရဲ့ စွပ်စွဲသံကို အိပ်မက်ထဲမှာ မကြားရအောင် စွမ်းဆောင်နိုင်ပေမယ့် ရောင်ခြည်လင်းတဲ့အခါ ကလေးငယ်တွေရဲ့ မျက်ဝန်းအကြည့်အောက်မှာ ကျွန်မ ပိတ်မိနေပြီရယ်။ ။

 မယ့်ကိုး

စာကြွင်း။ အင်္ဂလိပ်အမည်များကို အသံဖလှယ်ရာတွင် မှားယွင်းပါက သည်းခံပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

ကိုးကား။ http://en.wikipedia.org/wiki/Hazara_people

12 August 2012

ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမ

ငယ်ငယ်တုန်းက ကလေးသဘာဝမပျော်ရွှင်ခဲ့ဖူးသူတွေက ဒီလစ်ဟာမှုကို ပြန်လည်ဖြည့်ဖို့အတွက် ကလေးလို ချွဲနွဲ့နေလိုကြသတဲ့။ ထိုစိတ်ပညာ သုံးသပ်ချက်မှာ သူမအတွက် မှန်လေသလား။ သူမက မိတ်ဆွေဆိုလျှင် ရွယ်တူထက် ကိုယ့်ထက်အသက်ကြီးကိုသာ ဦးစားပေးရွေးချယ်မိသလို သူငယ်ချင်းအချစ်ကို အသက်ကြီးသူအစ်မလိုမျိုးသူတွေထံမှသာ ပိုလိုချင်ခဲ့မိတာ။ ထို့ကြောင့်သာ အတန်းတူသူငယ်ချင်းထက် အစ်မရဲ့သူငယ်ချင်းများကိုသာ ရွေးချယ်ပေါင်းသင်းခဲ့တာရယ်။

 မမ၊ မလို့ ခေါ်ပြီး ချွဲချင်သလို ကိုယ့်ကိုယ်ကိုယ် မီးလို့ သုံးနှုန်းပြီး ကလေးလုပ်ချင်နေမိခဲ့။ မပျော်ရွှင်ခဲ့ဖူးသော ကလေးဘဝကို အစားထိုးနိုင်မယ်ဆိုရင် သူမ ဘယ်တော့မှ မရင့်ကျက်ချင်ခဲ့။ ထိုအစ်မတွေက သူမကို ချစ်လား မချစ်လားလို့ မသိနားမလည်၊ မစဉ်းစားမိခဲ့ပါ။ ချစ်တယ်လို့ရယ်သာ မှတ်သားထားခဲ့မိရဲ့။ စိတ်ချမ်းသာသလိုသာ နေခဲ့မိရဲ့။

သူမရဲ့အမေက အမှန်စကားမပြောခင်အထိရယ်။ အစ်မတစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ကို အမေ့ကို မတိုင်ပင်ဘဲ သူမရဲ လုပ်အားခထဲက ပေးလိုက်သောအခါမှာ အမေပြောခဲ့တာက…‘သူတို့တွေက နင့်ကို ချစ်တယ် ထင်နေလား။ နင့်ကို နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ကိုယ့်အကြောင်း ကိုယ်သိ’ တဲ့။  ထိုစဉ်အခါကတော့ သူမ မငိုခဲ့ပေ။ ဟုတ်တယ် ။ သမီးကို ဘယ်သူမှ မချစ်ဘူးဆိုတာ သိတယ်လို့သာ ပြန်ပြောဖြစ်ရဲ့။ 

နိတိကျမ်းတွေအဆိုအရ အမေပြောသမျှ သစ္စာတရား၊ အမေဆိုတာ ကိုယ့်ကိုနားအလည်ဆုံးတဲ့လေ။ သူမကလည်း အမေ့ဆိုစကားကို ဘုရားစကားလို ယုံမှတ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် အမေသာအမြဲမှန်တယ်မဟုတ်လား။ သေချာတာက သူမကို ဘယ်သူမှ မချစ်သလို သူမကလည်း ဘယ်သူ့ကိုမှ မချစ်ချင်တော့။ သူငယ်ချင်းများကို အမြဲရွေးချယ်ပေါင်းသင်းခဲ့သလို လွယ်လွယ်ကူကူလည်း ကျောခိုင်းတတ်လာခဲ့။ ထို့အတူ ပျော်ရွှင်မှုဆိုတာလည်း မသိနားမလည်တော့။

တစ်ခါတစ်လေတော့ ကြေကွဲသလိုလိုမို့ မျက်ရည်ကျမိရဲ့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကို ပြန်ကြားယောင်မိတိုင်းရယ်။ လောကမှာ အချစ်မခံချင်တဲ့သူဆိုတာ ရှိလို့လား။ သူမကတော့ အလွန်ပင် အချစ်ခံချင်လှတာ ဝန်ခံနိုင်ပါတယ်။ ကလေးဘဝထဲက လျစ်လျူရှုခံရသူမို့လည်း အချစ်ကို ပိုလိုချင်မိရဲ့။ ဘဝမှာ ချို့ငဲ့လွန်းသော ချစ်ခြင်းကို တစ်ပါးသူတွေဆီက ရလိမ့်နိုးနဲ့ မျှော်လင့်မိတာ အပြစ်ရှိလားလို့ သိချင်နေမိခဲ့။ ဒါပေမယ့် ဘယ်သူ့ကိုမှ မမေးလိုတော့။ သူမအရွယ်မငယ်တော့ပြီလေ။ 

အမေပြောသလို ကိုယ့်အကြောင်း ကိုယ်သိရတော့မှာ။ ခက်တာက အသိတရားက ဒဏ်ရာကို မသက်သာစေဘူး။ ကိုယ်ကောင်းမှ သူကောင်းမယ်။ ကိုယ်ချစ်မှ သူချစ်မှာ ဖြစ်ပေမယ့် တပါးသူကို မေတ္တာပေးဖို့ စွမ်းစွမ်းတမံမကြိုးစားနိုင်တော့ဘူး။ လွယ်လင့်တကူ လက်လွှတ်အရှုံးပေးချင်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဆိုတာ ရဖူးမှ နားလည်ပြီး ပြန်လည်ပေးနိုင်သည့် အရာလို့ ဆိုကြတယ်မဟုတ်လား။ ဒါပေမယ့် ဘယ်လိုရနိုင်မှာလဲ။ ယူချင်တိုင်းရသည့်အရာမှ မဟုတ်ဘဲ။ ပေးမယ့်သူ ရှိရဦးမယ် မဟုတ်ပါလား။

အချစ်ကို ပေးပါ။ပေးပါလို့ တစာစာအော်တောင်းခံတိုင်းလည်း ရသည့်အရာလည်း မဟုတ်ပါဘဲ။ 'နင့်ကို ဘယ်သူကမှ မချစ်ဘူး'ဆိုတဲ့ အမေ့စကားကိုသာ ဗျာဒိတ်လိုစွဲနေကာ သင်းကွဲနေတတ်ခဲ့ပြီ။ တစ်ခါတစ်လေတော့လည်း အမေစိတ်ဆိုးလို့ ပြောတာနေမှာပါ။ ငါ့မိတ်ဆွေအစ်မတွေက ငါ့ကိုချစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ်လှည့်စားပေမယ့် အယုံအကြည်မဲ့ခဲ့လေပြီ။ အမေစိတ်ဆိုးလို့ ပြောတယ်ဆိုလည်း ဒေါသထွက်မှာသာ ရင်ထဲမှာရှိတဲ့အမှန်တရားက လွင့်စင်ပေါ်ပေါက်လာတာ မဟုတ်လား။ ဘာကြောင့်ပဲဆိုဆို နောက်ဆုံးတော့ အမေ့စကားကိုပင် ခြေစုံပစ်ယုံကြည်လိုက်ချင်ပြီလေ။

ချစ်ခြင်းမေတ္တာတစ်ဖဲ့တစ်မှုန်ရဖို့ သူမဘယ်သောအခါမှ ကြိုးပမ်းအားထုတ်မှာ မဟုတ်လေတော့။ မိတ်ဆွေများက တသီးတသန့်နဲ့ ကြီးကျယ်တဲ့မိန်းမလို့ သူမကို စွပ်စွဲကြလည်း မမှုချင်တော့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကိုသာ ဦးထိပ်ထားကာ နေတတ်ခဲ့ပြိလေ။

မယ့်ကိုး



05 August 2012

လေလှိုင်းထက်က စော်ကားရန်ပြုမှု အနုပညာ


‘ဘာလို့ အနိုင်ကျင့်စော်ကားရတာလဲ’လို့ တန်ဂိုက မေးတယ်။ ‘ သမီးက မကြာခဏရင်ကျပ်ပန်းနာဒဏ်ခံရတယ်လေ ။ ဒါကြောင့် သမီးက တခြားကလေးတွေလို ကျောင်းလုပ်ငန်းတွေမှာ မပါဝင်နိုင်ဘူး။ ဒါပဲ ဖြစ်လိမ့်မယ် ထင်တယ်။ သမီးလေးက ချစ်စရာကောင်းတယ်။ကျောင်းစာလည်း မညံ့ပါဘူး’ လို့ သူမက ဖြေတယ်။ ဒီစကားများမှာ ဟာရုခိ မူရာကာမိရဲ့ 1Q84 စာအုပ်ထဲမှာ ဇာတ်ကောင် တန်ဂိုနဲ့ သူ့ရည်းစားအိမ်ထောင်သည် ( သူကြာခိုနေသော) အမျိုးသမီးတို့ရဲ့ ပြောစကားများပါ။

သူတို့က အနိုင်ကျင့်စော်ကားခံရသော သူမရဲ့ သမီးအကြောင်းပြောနေကြခြင်းဖြစ်ပါတယ်။ ‘နားမလည်ဘူး’ လို့ တန်ဂိုက ပြောတယ်။ ‘ သူတို့တွေက ဒီပန်းနာရင်ကျပ်ရှိတဲ့ကလေးကို အထူးစောင့်ရှောက်ရမှာ မဟုတ်လား။ အနိုင့်ကျင့်ရမှာ မဟုတ်ဘူးလေ’ တဲ့။ ‘ကလေးတွေရဲ့ ကမ္ဘာက အဲဒီလိုဘယ်တုန်းကမှ မရိုးစင်းဘူး’လို့ သူမက သက်ပြင်းချရင်း ပြောတယ်။ တခြားလူတွေနဲ့ ခြားနားတဲ့အတွက် ဝိုင်းကျဉ်ခံရတာပဲ။ ဒီလိုအခြေအနေတူက အရွယ်ရောက်သူတို့ ကမ္ဘာမှာလဲ ဖြစ်တယ်။ ဒါပေမယ့် ကလေးတွေလောက်တော့ ဒဲ့တိုးမကျဘူးပေါ့’ တဲ့။

လူတွေကို နားမလည်နိုင်အောင်ဖြစ်ရလေတာ။ မူရာကာမိရဲ့ ဖြေရှင်းမှုကို ဘဝင်မကျဘဲ ဘာကြောင့် ၊ အဘယ်ကြောင့် ဒီလို နိုင်ထက်စီးနင်းစော်ကားချင်ရပါသနည်း လို့အံ့သြဘနန်းဖြစ်နေမိဆဲ။ ခြားနားတယ်ဆိုရုံမျှနှင့် စော်ကားလိုခြင်းဟာ ဖြစ်တည်လာတယ်တဲ့လား။ ရန်စစော်ကားမှုကြုံရတိုင်း ကျွန်မမှာ ဒီအနိုင်ကျင့်ချင်သော သူများနှင့်ဘာများခြားနားမှုရှိလဲလို့ တွက်ဆဖြစ်ရဲ့။ မဖြစ်နိုင်ဘူး။ ကျွန်မမှာ သူတို့မြင်ကွင်းမှာ အင်အားနည်းသော၊ ခုခံနိုင်စွမ်းချို့တဲ့သော သတ္တဝါတစ်ကောင်အဖြစ် ရှုမြင်နေခြင်းဟာ အကျုံးဝင်ပေလိမ့်မယ်။


အနိုင်ကျင့်လိုခြင်းရဲ့ ပဓာနအရင်းခံမှာ အနိုင်ရလိုခြင်းပဲ မဟုတ်လား။ အရိုးခံသာ ခပ်စင်းစင်းတွေးကြည့်ပေမယ့် လူတွေရဲ့စိတ်ဟာ ထင်ထားတာထက် ရှုပ်ပွေတယ်။ သုတေသနရှင်တွေကတော့ စော်ကားရန်ပြုခြင်းရဲ့ အကြောင်းရင်းခံများထဲက တစ်ခုမှာ အကြောက်တရားလို့ ဆိုလေတာ။ ထိုဗိုလ်ကျသူများရဲ့ အတိတ်မှာ ဆိုးရွားသောအတွေ့အကြုံများရှိခဲ့ပြီး တခြားလူများကို မယုံကြည်ရန်မှတ်သားခဲ့ကြတယ်တဲ့။ မကြာခဏဆိုသလိုရယ် တခြားသူတွေ အထူးသဖြင့် သူတို့နဲ့ ခြားနားတယ်လို့ ထင်ရတဲ့လူတွေရဲ့ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် တခြားလူတွေ ကြောက်လန့်အောင် အနိုင်ကျင့်ပြီး သူတို့က အခွင့်အာဏာနဲ့ ထိန်းချုပ်ထားနိုင်တယ်လို့ ခံစားတာ ဖြစ်တယ်တဲ့။
 
ဟုတ်လိမ့်မယ်ထင်ရဲ့။ သူတို့အတွက် တပါးသူကို အနိုင်ကျင့်တာ စွမ်းအင်တစ်မျိုးဖြစ်လို့ အာဏာတစ်မျိုးရလို့ ပြုလုပ်ကြခြင်းရယ်လား။ ဆိုးရွားတဲ့ဘုံဘဝတွေပဲ။ တိရစ္ဆာန်များလိုပင် အားနည်းသူကို သတ်ဖြတ်ညှင်းပန်းသလို လူ့လောကမှာလည်း ကြီးနိုင်ငယ်ညှင်းလုပ်ကြလေတာ။ စိတ်မကောင်းစရာက ထိုသို့ အနိုင်ကျင့်ခြင်းမှာ လူ့ဗီဇလည်း ဖြစ်တယ်တဲ့ရယ်။ ခက်တာက ကိုယ်ထိလက်ရောက်စော်ကားမှုဆိုတာ ခေတ်နောက်ကျသွားပြီလေ။ အခုအခါက လေလှိုင်းကြားက စကားလုံးများဖြင့် ပုတ်ခတ်အနိုင်ယူမှုသာ။



ရှိစေတော့ … အင်အားကြီးသူက အင်အားနည်းသူကို ဖိနှိပ်ချင်တာ သဘာဝပဲမဟုတ်လား။ ဒါပေမယ့် အင်အားချို့တဲ့သူဟာ ဒီဆိုးရွားဒဏ်ကို ဘယ်လိုရှောင်လွှဲမလဲ။ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုမရှိသူမို့လို့လည်း ပိုမိုဆိုးရွားနာကျင်ရတာ။ ဘယ်လိုတွန်းလှန်ရမလဲ။ ဘယ်မှာ ပုန်းခိုရမလဲ။

MTV တွဲဖက်ပုံနှိပ်လုပ်ငန်းက ဆယ်ကျော်သက်နဲ့ အသက်၂၀ အရွယ်လူငယ်တွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ ၅၆ % ဟာ အွန်လိုင်းမှ ထေ့ငေါ့ခံရခြင်း၊ ဆဲရေးစော်ကားခြင်း၊ လှောင်ပြောင်ခြင်း၊ ပျက်ရယ်ပြုခြင်း၊ ထပ်တလဲလဲဒုက္ခပေး နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ရန်လုပ်ခံရခြင်း၊ နှိပ်ကွပ်ခံရခြင်း၊ တို့ ခံရပြီး နှစ်စဉ်နှစ်တိုင်းလည်း သိသိသာသာတိုးတက်လာတာ တွေ့ရပါတယ်။ လူတွေရဲ့ ပုပ်သိုးနေတဲ့စိတ်ထားမှာ တစ်ဖက်လှည့်နဲ့ အထင်းသားပေါ်လာကြပြီး တစ်ယောက်ယောက်ကို ရက်စက်ယုတ်မာစွာ ပြုမူနေတာကို မြင်ရတဲ့အရေအတွက်ဟာ နှစ်စဉ်တိုးတက်နေလေတာ။ ဥပမာ ၂၀၀၉မှာ ၄၅ %ရှိပြီး ၂၀၁၁ မှာ ၅၅%ထိ တက်သွားခြင်း ဖြစ်ပါတယ်။

မတရားထိုးနှက်ခံရခြင်းကြောင့် တည်ဆောက်ထားတဲ့ပုံရိပ်၊ ကိုယ့်ကိုယ်ကိုယ်မြတ်နိုးတန်ဖိုးထားမှုကို ယိုင်ထွက်သွားစေနိုင်သလား။ cyber bullyingကြောင့် ကမ္ဘာအနှံ့မှာ ဆယ်ကျော်သက်တွေက သေကြောင်းကြံစည်မှုနည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြီး အဆုံးသတ်ကြရတာ။ ဒီဖြစ်ရပ်နာကျင်စရာတွေဟာ လူတစ်ချို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အဓွန့်ရှည်ခိုင်မြဲနေတော့မှာ။ ရယ်စရာပြောတာပါဆိုတဲ့ စကားမှာ အမှန်တရားငါးဆယ်ရာခိုင်နှုန်းပါဝင်သတဲ့။ တိုက်ရိုက်ဆဲဆိုမှုကို တုံ့ပြန်နိုင်ပေမယ့် သွယ်ဝိုက်ချိုးနှိမ်သော၊ စကားအရာလိမ်မာကျွမ်းကျင်သော၊ ပရိယာယ်ပြည့် လှပပြောင်မြောက်သောသူတို့ရဲ့ စကားအရာမှာ စော်ကားရန်စမှု မည်ရွေ့မည်မျှပါဝင်သည်ဆိုတာ မစဉ်းစားချင်တော့။

တော်သင့်ပြီမဟုတ်လား။ မဆုံးနိုင်တဲ့ နှိပ်စက်ညှင်းပန်းမှုများထဲမှာ ရှင်သန်မယ်ဆို အရေခွံထူသင့်ပြီ မဟုတ်လား။ သည်းခံခြင်းသည် အောင်မြင်ရာလို့ ဆိုကြတယ်မဟုတ်လား။ ထိုသို့စိတ်တင်းလည်း စော်ကားမှုများကို လက်သင့်ခံနေခြင်းအကျိုးဆက်မှာ ကြွင်းကျန်ခဲ့သော သိမ်ငယ်စိတ်များ။ အင်္ဂါဂြိုလ်ကို ထွက်ပြေးလွတ်မြောက်သွားလည်း အရိုးများတိုင် ထိခိုက်ခဲ့ပြီဖြစ်တဲ့ နာကျင်မှုများ။ ပျောက်ကင်းအောင် ကုသဖို့ခက်ခဲ့လေပြီ။ ဘယ်လိုလွတ်မြောက်ပျော်ရွှင်နိုင်မလဲ မသိနိုင်တော့။ နိဂုံးမှာတော့ သူတို့ စော်ကားပြောဆိုသမျှဟာ ထိုက်တန်မှုတစ်ခုလားလို့ပင် ထင်ယောင်ထင်မှားဖြစ်လာရ ။ သူတို့ မြင်ကွင်းမှာ ဆူးဖြစ်နေခြင်းဟာ ကိုယ်တိုင်ရဲ့ ချို့ယွင်းမှားယွင်းနေသလားလို့ မလုံမလဲဖြစ်ရ။

..................................................................
 
မနေဝံ့တောပြီ။ ကြောက်လွန်းမကဖြစ်လာတဲ့အခါ အရိုးကိုချိုးလို့ ခန္ဓာကိုယ်ကို မီးရှို့ပြချကာ ဘဝသစ်ပြောင်းချင်လှ။ ပင်ပန်းလွန်းလှပြီ။သံသရာလည်နေပြီ။ ငြိမ်းအေးချင်လေပြီ။ စော်ကားပုတ်ခတ်မှုမှန်သမျှကို သိမ်မွေ့သောဖန်တီးမှု၊ ထူးချွန်ပြောင်မြောက်သော အနုပညာလို့သာ ချီးမွမ်းထောပနာ ပြုလိုက်ချင်ပြီရယ်။ ။

27 July 2012

ယောက်ျားကောင်းအချစ်လေလား

အဆိုးမြင်ဝါဒီလို့ လက်ညှိုးထိုးလာလျှင် သည်းမခံချင်ပေမယ့် အချစ်ဆိုတာ အနိစ္စလို့ စွဲမှတ်ယုံကာ မည်သူတစ်ဦးတစ်ယောက်ရဲ့ အချစ်ကိုမှ မယုံကြည်နိုင်သော စိတ်ရောဂါရှိသူမှာ ကျွန်မဖြစ်ပါတယ်။ ချစ်တယ်လို့ ကြားရတဲ့အခါ ငါငြင်းလိုက်ရင် နောက်တစ်ယောက်ပြောင်းမှာလို့ ယုံကြည်နေသူလည်း ဖြစ်ပြန်ရဲ့။ ဒါပေမယ့် ထိုသို့အပျက်ရှုတတ်သောကျွန်မ မမှားပေဘူး။ ငြင်းပြီးမကြာခင်မှာပင် ထိုချစ်လှချည့်ဆိုသူများက တစ်မျက်နှာပြောင်းသွားလေရာ ‘ ကဲ အစတည်းက မပြောဘူးလား’ လို့ လက်ခမောင်းခတ်ရမလိုပင် ဖြစ်နေတာ။

ဆရာမဂျူးရဲ့ ဝတ္တုတိုတစ်ပုဒ်ကိုလည်း ခဏခဏသတိရမိပြန်တာ။ လှေစီးတုန်း လှိုင်းလေထန်လာတဲ့အခါ ဇာတ်ကောင်အမျိုးသမီးက ရည်းစားကို ငါ ရေထဲကျသွားရင် ကယ်မှာလားလို့ မေးတဲ့အခါ ရည်းစားက ကယ်မယ်လို့ ချက်ချင်းတုံ့ပြန်မဖြေခဲ့တဲ့ အကြောင်းကိုလေ။ ရင်နာစရာကောင်းလှချည့်။ ဒါပေမယ့် ထို့ထက်ရင်နာစရာ စာကိုလည်း မှတ်မိနေသေးတာ။ ဆရာဦးသုမောင် ရေးတဲ့ စာတစ်ပုဒ်ထဲမှာ သူနေမကောင်းတဲ့အကြောင်းရေးရင်း ကုသပေးတဲ့ ဆရာဝန်များကအစ မိတ်ဆွေများကို ကျေးဇူးတင်ကြောင်းပြောရင်း မိန်းမကိုတော့ ကျေးဇူးတင်စရာမလိုဟု ရေးသားထားလေတာ။ ရှေ့ဆက်ပြီးလည်း မိန်းမဆိုတာ မကောင်းလည်းခံကောင်းလည်းစံ သူ့ကံလို့ ရှင်းလင်းရေးထားတာ အမှတ်ရနေမိပေါ့။ ထိုစာလေးကို ဖတ်ရင်း ကိုယ်ချင်းစာစိတ်နှင့် ယူကျုံးမရဖြစ်ရတာ ယနေ့ထက်တိုင်ရယ်။ 

ဘယ်လိုလဲကွယ်။ မြန်မာလူမျိုးတစ်ဦးရဲ့ ဇနီးမယားပါတဲ့။ ကောင်းတူဆိုးဖက်ဆိုရုံနဲ့ ကျေးဇူးတင်ခြင်းငှာ မထိုက်တန်သောလူသားပေလား။ နောက်ဆုံးတော့ အသက်မကယ်ဘူးလို့ ကတိမပေးချင်နေပါစေ။ စေတနာအတွက် အသိအမှတ်ပြုရုံနဲ့ ကျေနပ်လိုက်ရမှာလား။ ယောက်ျားတစ်ယောက်ရဲ့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝအောင်ကျွေး၊ လှအောင်ဆင်ဆိုရုံမျှနဲ့ တင်းတိမ်ရောင့်ရဲတတ်ရမှာလား။

စိတ်မကောင်းစရာ ဒီထက်အဆိုးမြင်ချင်လျှင်တော့ ရောဘတ်ကူးဗား (Robert Coover) ရဲ့ Briar Rose ကို သတိရလိုက်ရုံသာ ရှိတယ်လေ။ မင်းသားလေးအနမ်းနဲ့ နိုးထမှ ကျိန်စာပြေမယ့် မနှင်းဆီလေးရဲ့ ကြမ္မာမှာ ( sleeping beauty) ပုံပြင်လေး နဲ့ ခြားနားစွာ သရုပ်ကွဲလေတာ။ ချိုသာကြင်နာမယ်ထင်ရတဲ့ မင်းသားလေးများဟာ ဘီလူးခေါင်းဆောင်းထားခြင်းသာရယ်။ မနှင်းဆီလေးမှာ မတရားကျင့်ခံရခြင်း၊ ကလေးမွေးရခြင်း၊ မယားငယ်ထားခံရခြင်း (မြန်မာဓလေ့အရ မယားပြိုင်ထားခြင်း) ၊ ဆင်းရဲဒုက္ခရောက်ရခြင်းဆိုတဲ့ တုန်လှုပ်ကြေကွဲစရာဇာတ်သိမ်းအမျိုးမျိုးနဲ့ ခြယ်မှုန်းထားလေတာ။

ဒီလိုနဲ့ ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြလေသတည်းဆိုတာ ဖြစ်နိုင်ရဲ့လား…ဆိုတဲ့ သံသယကို ပိုသေချာစေခဲ့။ မယုံကြည်ခြင်းမီးပွားကို အညွန့်တလူလူဖြစ်စေရန် အားပြုလေခဲ့။ နေပျော်ပါတယ် ။ တကယ်ပါ။ ဒါပေမယ့် အချစ်တွေမမြင်အောင်ကွယ်ရင်း လွတ်လပ်ပျော်မြူးနေဆဲမှာပင် အမေရိကန်နိုင်ငံက ကော်လိုရာဒိုပြည်နယ်ရဲ့ ရုပ်ရှင်ရုံမှာ လူဆယ့်နှစ်ယောက် သေနတ်ပစ်ခံရပြီး သေဆုံးသွားသောသတင်းဆိုးကို ဖတ်ခဲ့ရတာ။ 

သိပ်အံ့သြစရာကောင်းတာရယ်။ ညီမငယ်တစ်ယောက်က တင်စားသလို ကျောက်ခဲလို မာရေကျောရေနိုင်လှသော ကျွန်မရဲ့ စိတ်အခြေအနေမှာ ယိုင်နွဲ့ဝေဝါးသွားခဲ့ပြီ။ ချစ်သူကောင်မလေးတွေကို ကျည်ဆန်ဘေးမှ ဒိုင်းလိုကာကွယ်ပေးရင် အသေခံသွားသော ချစ်သူကောင်လေးများကို ‘Real Superheroes’ လို့ သတင်းတွေက ခေါင်းစဉ်တပ်ထားကြလေတာ။ ယောက်ျားတစ်ယောက်ရဲ့ အချစ်ဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ဒေသလို့ ဖတ်ဖူးခဲ့ပေမယ့် ခုလို အသက်ပေးစောင့်ရှောက်သွားတာကိုတော့ ယောက်ျားကောင်းအချစ်လို့ သတ်မှတ်ရလေမလား။ ဟုတ်ပါတယ်နော်။  ထိုသူများမှာ ချစ်သူကခိုင်းလျှင် ပင်လယ်ကို လက်ပစ်ကူးပြမယ်ဆိုတဲ့ စကားပိုတွေ ခွန်းထပ်မဆိုဘဲ နေချင်နေခဲ့ပေမယ့် သူတို့ရဲ့ အသွင်အပြင်တွေက မနူးညံ့ပေမယ့် အားနည်းသူကို ညှာတာကြင်နာတတ်သော တကယ်လူ့ကြီးလူကောင်းများလည်း ဖြစ်ပေတာပဲ။ 


ကျွန်မ သတင်းစာကို ဘေးချပြီး မျက်နှာမူရာရှေးရှုငေးနေမိပေါ့။ ဇောအသွယ်သွယ်နဲ့ ဖြတ်သွားဖြတ်လာလူတွေကို ကြည့်တယ်။ ခြေလှမ်းတက်ကြစွာနဲ့ သူတို့တွေ ပျော်နေကြသလိုရယ်။ အသက်နှင့်ရင်းကာ အချစ်ခံရလို့ အမျိုးသမီးတိုင်း အားကျမယ့် အဝေးကမိန်းကလေးများကတော့ မဟာကံထူးရှင်ဆိုကာ ပျော်နိုင်မယ် မထင်ပါ။ သေချာတာက တစ်ချိန်ချိန်မှာ သူမတို့ ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အသက်ထက်လွန်တဲ့ ချစ်ခြင်းတွေကို သူမတို့ မေ့နိုင်မယ်လို့ မထင်ပါဘူး။  အချစ်သူရဲကောင်းပဲဖြစ်ဖြစ်၊ စေတနာရှင်လူစွမ်းကောင်းပဲဖြစ်ဖြစ် ကျွန်မတို့ တစိမ်းသူတွေလည်း ဒီစွန့်လွှတ်ကယ်တင်ခဲ့သူတွေကို လွယ်လင့်တကူမေ့သွားမှာ မဟုတ်ပါဘူး။

အသေချာဆုံးမှာ ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာ ဟာသပါလို့ ရယ်သွေးသွမ်းဖို့ ကျွန်မနှုတ်ဆွံ့သွားခဲ့ပြီရယ်။ ။

 မယ်ကိုး 

18 July 2012

စကားလုံးကျောက်တုံးများနှင့် ပစ်သတ်ခံရသောအခါ

ပုံရိပ်တွေက ဝေဝါးသွားပေမယ့် အသံတွေက ပုံမှန်မကျမပီသတော့ပေမယ့် အိုဟိုင်းယိုးသူလေးပြောခဲ့တဲ့ စကားလုံးတွေဟာ စွဲထင်ခြောက်လှန့်နေဆဲပါ။ သူမက သူမရဲ့ အဝတ်အစားမဲ့ဓာတ်ပုံလွှာကို ရည်းစားဆီပို့ပေးခဲ့မိပါတယ်။ သူတို့နှစ်ယောက်ပြတ်စဲသွားကြတဲ့အခါ သူက သူမရဲ့ပုံတွေကို အထက်တန်းကျောင်းက တခြားကောင်မလေးတွေဆီ ပို့လိုက်ပါတယ်။ ဒီမိန်းကလေးတွေဟာ သူမကို နှောင့်ယှက်ကြတယ်။ သူမကို လွယ်လွယ်ရတဲ့မိန်းကလေး၊ မိန်းမပျက်လေးလို့ ခေါ်ကြတယ်။ သူမက စိတ်ဆင်းရဲကာ စိတ်ဓာတ်ကျနေခဲ့ပြီး ကျောင်းသွားရမှာတောင် ကြောက်နေခဲ့ရတာ။

အဲဒီနောက်မှာ ဂျက်စီကာလိုဂင်န်က Cincinaati ရုပ်မြင်သံကြားသတင်းဌာနကိုသွားပြီး သူမရဲ့ ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်က ရိုးရိုးလေးပါ။ ‘ဒီလိုအဖြစ်မျိုး ဘယ်သူမှ မဖြတ်သန်းဖြစ်အောင် ကျွန်မပြုလုပ်ချင်တာပါ’ တဲ့။ ဒီတွေ့ဆုံမေးမြန်းခန်းက မေလ၂၀၀၈ မှာဖြစ်ပါတယ်။ နှစ်လအကြာမှာ သူမဟာ သူမရဲ့အိပ်ခန်းမှာ ဆွဲကြိုးချသတ်သေသွားခဲ့ပါတယ်။ သူမရဲ့ အသက်က ၁၈နှစ်ရယ်ပါ။


‘သမီးလေးက သွက်လက်ချက်ချာတယ်။ပျော်တတ်တယ်။အနုပညာအရည်အသွေးရှိတယ်။ ကရုဏာတရားပြည့်တယ်။ သမီးလေးက တော်တဲ့ကလေးပါ’ လို့ သူမရဲ့ မိခင် စင်သီယာလိုဂင်န်က နယူးယောက်က Matt Lauer ရဲ့ သောကြာနေ့ Today ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောခဲ့ပါတယ်။ သူမက သူမရဲ့သမီးကို ဆုံးရှုံးမှုမှာ ကြေကွဲနေဆဲဖြစ်ပြီး သူမရဲ့ဇာတ်လမ်းကို လူသိရှင်ကြားဖြစ်စေကာ လိင်ဆွဲဆောင်တဲ့ပုံတွေ ၊ စာတိုလေးတွေကို သူတို့ရဲ့ ရည်းစားကောင်လေး၊ ကောင်မလေးဆွေဆီပို့ခြင်းကြောင့် ဖြစ်လာတဲ့အန္တရာယ်အကြောင်း ကလေးတွေကို သတိပေးချင်တာပါ။

 ‘ဒါက သိပ်ခက်ပါတယ်။ သူက ကျွန်မရဲ့ တစ်ဦးတည်းသော သမီးလေးပါ’လို့ သူမက ပြောပါတယ်။ ‘ကျွန်မက ဒီအမှာစကားကို ပေါက်ကြားဖို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်’ တဲ့။ ဒါက ကြီးထွားနေတဲ့ ပြသနာပါ။ ဒါပေမယ့်လည်း သူမအတွက် ‘sexting’ (လိင်ဆွဲဆောင်ဖို့ မိမိဓာတ်ပုံကို ပို့ပေးမှု) ထက်ပိုတဲ့ ပြစ်မှုရေးရာပဲဖြစ်ပါတယ်။ ဒါဟာ သေခြင်းနဲ့ ရှင်ခြင်းပဲဖြစ်ပါတယ်။ 
................................................................................................................

ဒီသတင်းကို ဖတ်နေခိုက်မှာ တစ်ချို့သောနိုင်ငံများမှာ သတ်မှတ်ထားတဲ့ဥပဒေအရ ကိုယ်ကျင့်တရားပျက်ယွင်းတယ်ဆိုတဲ့ အမျိုးသမီးများကို ကျောက်တုံးနဲ့ပစ်ပေါက်ကာ အသေသတ်စီရင်ကြတဲ့ သတင်းများကို သတိရမိပါတယ်။ ဂျက်စီကာလိုဂင်န်လေးကတော့ စကားလုံးကျောက်တုံးတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ကျွန်မထင်မြင်မိပါတယ်။ သူမလို ကြေကွဲဖွယ်ဖြစ်ရပ်ကို ဟုပ်ဝတ်ဆဲလ်ဆိုတဲ့ ၁၃ နှစ် အရွယ်မိန်းကလေးတစ်ယောက်လည်း အလားတူဖြစ်ခဲ့ပါတယ်။

 သူမဟာ စာထူးချွန်သူဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ ရည်မှန်းထားသူလေးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ချစ်စဖွယ်ထက်မြက်တဲ့ ကလေးမလေးဟာ သူမရဲ့ အပေါ်ပိုင်းဗလာဓာတ်ပုံကို သူမချစ်နေသူဆီ ပို့ပေးပြီး ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။အကျိုးဆက်ကတော့ သူမရဲ့ သူမရဲ့ဓာတ်ပုံဟာ သူမရဲ့ကျောင်းမှာသာမက အနီးအနားကျောင်းတွေကိုပါ ပြန့်သွားပြီး အဆုံးမသတ်တဲ့ ကဲ့ရဲ့ရှုတ်ချအနိုင်ကျင့်မှုတွေသာ ဖြစ်လာခဲ့ပြီး ၂၀၀၉ စက်တင်ဘာ ၁၂ ရက်မှာတော့ သူမဟာ ဆွဲကြိုးချသတ်သေခဲ့ပါတယ်။


ဒီကြေကွဲစရာတွေဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကလေးသူငယ်တွေ သာမက စိတ်ဓာတ်ရင့်ကျက်လှပါတယ်ဆိုတဲ့ လူကြီးသူမများကပါ စကားမြားကျောက်တုံးတွေသုံးကာ လူသတ်နေကြတာကို မြင်ရတဲ့အခါ လူဖြစ်နေခြင်းကို အပြစ်ရှိသလိုပင် ခံစားမိလာပါတယ်။အပြစ်မဲ့တယ်လို့ ဟန်ဆောင်ထားတဲ့ လူသားတွေသာ နေထိုင်ခွင့်ရှိတဲ့ ကမ္ဘာကြီးတဲ့လား။ အပြစ်မြင်သူကို ပကတိကျောက်တုံး၊ စကားမြားကျောက်တုံးတွေနဲ့ အုပ်စုဖွဲ့ ဝိုင်းပေါက်ကာ သတ်ဖြတ်ခွင့်ရှိတဲ့ မဟာလူသားတွေတဲ့လား။

တစ်ဖက်သားကို အရှက်ခွဲအနိုင်ကျင့်ချင်သူတွေအတွက် ဒီနေ့ခေတ်မှာ ဖုန်း၊အင်တာနက်ကစပြီး မီဒီယာပစ္စည်အမျိုးမျိုးဟာ အကောင်းဆုံးလက်နက်တွေ ဖြစ်နေလေတာ။ ဒါပေမယ့် အရှက်ကို အသက်နဲ့လဲပြီး သေကြောင်းကြံသွားတဲ့သူတွေရှိသလို အကျိုးကျေးဇူးရအောင် ယူနိုင်တဲ့သူတွေလည်းရှိပါတယ်။ လုပ်ကြံခံရပေမယ့် အောင်ပွဲခံသွားသူတွေထဲမှာ ပဲရစ်ဟီတန် (Paris Hilton) က လိင်ဆက်ဆံမှုမှတ်တမ်းတင်အခွေ (sex tape)ဆိုင်ရာအမှုကို နိုင်ပြီး ပရဟိတလှူတယ်။ ခင်မ် ခါဒါရှိရန်း (Kim Kardashian) ကလည်း sex tape ကိုရောင်းပြီးနောက်မှာ ကျော်ကြားအောင်မြင်သူဖြစ်လာပါတယ်။ ကြံ့ကြံ့ခိုင်မျက်နှာပြောင်တိုက်နိုင်တာဟာ လုပ်ကြံသူတွေကို အနိုင်ရစေတဲ့ နည်းလမ်းတစ်ခုပဲ ထင်ရဲ့။ အဖြစ်ဆိုးရှာတဲ့ သူမလေးတွေကတော့ ဒီလိုမျိုးကြံ့ခိုင်စိတ်မထားနိုင်အောင် နုငယ်လွန်းလို့ အကြွေစောခဲ့ရတာ။

................................................................................................................

ခရစ်ယာန်မဟုတ်ပေမယ့် ဘုရားသားတော် ယေရှုခရစ်ကို ကျွန်မလေးစားကြည်ညိုရတဲ့ ဖြစ်ရပ်တစ်ခုရှိပါတယ်။  အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးက ကျောက်တုံးဖြင့် ပစ်သစ်ခံရပြီး အပြစ်ယူဖို့ဖြစ်လာတဲ့အခါ  ‘If an one of u is without sin, let him be the first to throw a stone to her.’ မင်းတို့ထဲက အပြစ်မဲ့သူတစ်ယောက်ရှိမယ်ဆိုရင် သူမကို အရင်ဆုံး ကျောက်ခဲနဲ့ ပစ်နိုင်တယ် လို့ ယေရှုခရစ်က အမိန့်ရှိတော်မူခဲ့ပါတယ်။ သူမက ကျောက်ခံနဲ့ ပစ်ခတ်သတ်ပြီး ဒဏ်ပေးခြင်း မခံခဲ့ရပါဘူး။ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ အပြစ်ကို (လူသိရှင်ကြား) ပြုမိသူတွေဟာ ယနေ့ထက်တိုင် ကျောက်ခဲလိုစကားလုံးများနဲ့ သတ်ဖြတ်ညှင်းပန်းခံနေရဆဲ ဖြစ်ပါတယ်။
  
အမှန်ဆိုရရင်ဖြင့် သက်ရှိတွေဆိုတာ ဒါဝင် (Charles Darwin)ရဲ့ Survival of Fittest or Adaptability Theory , Evolution Theory တွေအတိုင်း တစစ အဆင့်ဆင့်ပြောင်းလဲဖြစ်တည်လာတာလို့ လက်ခံထားသော ကျွန်မအတွက် မျောက်တွေ ဘာလို့ လူအဖြစ်ကူပြောင်းလာတာလဲ ဆိုကာသာ အပြစ်တင်နေချင်မိပါတော့တာ။ အရိုင်းဘဝကိုသာ တောင့်တတယ်ဆိုလည်း ရှိပါစေတော့။ အသိဥာဏ်ရှိလှပါတယ်။စိတ်ထားမြင့်မြတ်လှပါတယ်။ ကိုယ်ကျင့်သီလ လုံခြုံလှပါတယ်။ ကိုယ်ချင်းစာတရားကြီးမားလှပါတယ်လို့ အသံကောင်းဟစ်လွန်းတဲ့ လူ့မျက်နှာဖုံးအထွေထွေရဲ့ ကျောက်တုံးများကို ကြောက်ရွံ့တုန်လှုပ်ခဲ့ပါပြီ။ ။  

မယ်ကိုး 

Ref: Her teen committed suicide over ‘sexting’ By Mike Celizic 
Sexting bullying cited in teen’s suicide By Michael Inbar

08 July 2012

လူတကာမုန်းတဲ့ ဗီလိန်

ဝမ်းနည်းစရာမရှိပါဘူးလို့ စိတ်တင်းလည်း ကြေကွဲမှုက နှလုံးအိမ်တွင်းမှာ တဖျက်ဖျက်လက်နေဆဲ။ ငါ ဘာမှလည်း မမှားဘဲနဲ့ ဆိုကာ ဒေါသစိတ်က တနုံ့နုံ့နှိပ်စက်ကာ နာကျင်မှုမပြေနိုင်။ ဒါပေမယ့် တစ်ခုခုမှားနေတယ်။ ဘာကြောင့် ဒီအဖြစ်ကို ရေးကြီးခွင်ကျယ်လုပ်နေမိပါလိမ့်။ တခြားသူများလိုပင် လိမ္မာပါးနပ်စွာ လျစ်လျူရှုရှောင်ထွက်သင့်တာ။

ရှောင်တိမ်းခြင်း။ မဟုတ်သေးပါဘူး။ ဒီလိုစကားအသုံးအနှုန်းသုံးရအောင် ငါက ဘယ်တုန်းကမှ ပါဝင်ပက်သက်ခြင်းမရှိခဲ့ပါဘဲ။ ဒါပေမယ့် သူမရဲ့ ချစ်သူနဲ့ အပေါင်းအပါများက စကားတင်းဆိုကြတာက သူမတို့ ချစ်သူဖြစ်ခိုက်မှာ ဝင်ရောက်နှောင့်ယှက်တားဆီးကြသူများဆိုပဲ။အလိုလေး။ ကြောက်စရာကောင်းလှချည့်။ သူမက သူငယ်ချင်းတွေ ပြောသမျှနာခံတဲ့ ဆယ်ကျော်သက်မှ မဟုတ်ဘဲလေ။

အံ့သြလွန်းလို့ရယ်။ နောက်ဆုံးသိလိုက်ရသည်က ကျွန်မအပါဝင် သူမရဲ့မသူတော်သူငယ်ချင်းများရဲ့ ကြားဝင်ဖျက်ဆီးမှုကြောင့် သူမတို့ချစ်သူနှစ်ဦး ကွေကွင်းရပါသတဲ့။ ကျွန်မတို့သူငယ်ချင်းက မကောင်းမြစ်တာ ကောင်းရာညွှန်လတ် ဆရာလုပ်ရလုပ်အောင် သူမက အသိဥာဏ်တုံးကာ ဆင်ခြင်တရားမဲ့နေသူလည်း မဟုတ်ပါ။ မိန်းကလေးတွေဟာ ကိုယ်တကယ်ချစ်မိပြီဆို သူငယ်ချင်းတွေကသာမက မိဘမောင်ဘွားတွေကပါ သဘောမတူဘူးဆိုလည်း မစွန့်ပစ်နိုင်ကြဘူးမဟုတ်လား။

 ဒါပေမယ့် ကြားရတဲ့သတင်းများကတော့ သူမရဲ့သူငယ်ချင်းများတွေဟာ သူမနှင့်သူကို မဆက်သွယ်ရန် အကြောင်းအမျိုးမျိုးပြကာ တားမြစ်ကြတဲ့ ဗီလိန်တွေ၊ သူ့အကြောင်း မကောင်းသတင်းများကို သူမကို ပြောဆိုကာ သူများချစ်ခြင်းကို ကိုယ်ချင်းစာတရားမဲ့ ခွဲရက်ကြသူတွေ၊ သူတို့ အတူတူ တွဲသွား တွဲလာကို မနာလို မရှုစိမ့်နဲ့ အများအမြင် မတင့်တယ်လို့ မနေသင့်ဆိုကာ ပြောဆိုကြတဲ့ သနားကြင်နာခြင်းမဲ့ ရက်စက်ယုတ်မာကြသူတွေ။ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလွန်းချည့်။ ထိုသို့ ကိုယ်ချင်းစာတရားခေါင်းပါး သူတပါးချစ်ခြင်းကို တဲ့အကြံနဲ့ ခွဲရက်ကြတဲ့ သူငယ်ချင်းများခေါင်းစဉ်အောက်မှာ ကျွန်မရောက်သွားတဲ့အခါ။

ဘယ်လိုဖြေသိမ့်ပြီး မျက်နှာလွှဲနေရမလဲ ။ တစ်ကျောင်းတည်းတက်၊ တစ်ရုံးတည်း အလုပ်ဆင်းကာ သူမအနားမှာ သူငယ်ချင်းဖြစ်နေတဲ့အတွက် ထိုမတရားစွဲချက်ကို ကျွန်မ ခံသင့်ပါရဲ့လား။ ကြားသုံးကြားမှာ ဘယ်ကြားမှာ မဝင်ခဲ့သူပါ ။ ဒီလို မဝင်လို့လည်း နင်က ငါ ဘာလုပ်လုပ်စိတ်မဝင်စားဘူး မဟုတ်လားလို့ သူမကိုယ်တိုင်ပဲ ပြောဆိုခဲ့တာ။ ဒီလိုလျစ်လျူရှုလွန်းလို့ပင် မရှုနိုင်မကယ်နိုင် သတင်းကြားမှ မယုံနိုင်ဖြစ်ရလေတာ။ အရှက်သည်းကာ နာကျင်။

ကိစ္စများမြောင်တဲ့ ကိုယ့်ဘောင်လေးအတွင်းမှာ တစ်ကိုယ်တည်းချာလည်ဆဲ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲနေခဲ့သမျှ သတင်းဆိုးကို ကြားရချိန်မှာတော့ စဉ်းငယ်မျှ နားမလည်နိုင်ခဲ့။ ပြီးတော့ ဆိုးရွားယုတ်မာသောသူငယ်ချင်းများရဲ့ အလွန်တရာရက်စက်ကြမ်းကြုတ်မှုသတင်းကလည်း ထိုမျှမကသေးပါ။ အဲဒီသူငယ်ချင်းတွေက ကောင်လေးကိုများ ကြိတ်ကြိုက်နေကြလို့ မနာလိုစိတ်နဲ့ ဝင်ဖျက်ကြတာလို့ လှောင်ဆိုသူကဆို ။ သူ့အကြောင်း မဟုတ်မမှန်တွေ ဇတ်လမ်းဆင်ပြီး ခွဲကြတာလို့ သတ်မှတ်သူက သတ်မှတ်။စိတ်မကောင်းစရာကောင်းလွန်းလှချည့်။

 တော်ကြပါတော့ ။ နာကျင်လွန်းလို့ အသက်ရှုပင်ရပ်သွား။ မူလကတည်းက မြေနိမ့်ရာဖက်မှာ ရပ်မိသူမို့လည်း ကြားရတဲ့သတင်း၊မြင်ရတဲ့ စကားလုံးလှံတံများအောက်မှာ အသဲနှလုံး အစိတ်စိတ်အမွှာမွှာကြေသွား။ ဘုရား ။ ဘုရား။ သူငယ်ချင်းဖြစ်တယ်ဆိုတဲ့ ပြစ်မှုနဲ့ အခုတော့ ချစ်သူနှစ်ယောက်ဝေးခန်းမှာ လူယုတ်မာဆိုထုံးနဲ့ ဗီလိန်လုံးလုံးဖြစ်လို့နေလေတာ။ ဒါကြောင့် သူငယ်ချင်းကိုတော့ နောက်ပြောင်စိတ်တစ်ဝက်နဲ့ ပွင့်အံပေါက်ကွဲမိလေတာ။ ‘ ငါလည်း ဘာမှ မပက်သက်ဘဲနဲ့ နင့်သူငယ်ချင်းဖြစ်ရုံနဲ့ ဗီလိန်ဖြစ်ရရောလား။ နောက် နင် ငါ့အနားလာမနေနဲ့တော့’ လို့ မရည်ရွယ်ဘဲ ပြောမိတာ။ မာနကြီးသော သူမက ထိခိုက်နာကျင်သွားလေသလား။ ကျွန်မ ပြန်လည်ချော့သည့်တိုင် သူမက ခေါင်းခါ။ ဝေးနေကြတာပဲ ကောင်းပါတယ်တဲ့။


အင်း... ကောင်းပါတယ်။ သူတော်ကောင်းများရဲ့ စွပ်စွဲပြောဆိုခြင်းရန်က ဝေးသွားတာပေါ့လို့ တွေးလည်း ဝမ်းနည်းသိမ်ငယ်ဆဲ။ စော်ကားမှုတွေကို တစိမ့်စိမ့်ရေးမှတ်ကာ လမ်းခွဲတာ ကံကောင်းတာလို့  ဒေါသနဲ့တွေးလည်း   နာကျင်ခြင်းဟာ စိမ့်ထွက်မပြေ။ မဟုတ်ဘူး။ ငါဟာ စွန့်ပစ်ခံရတာ မဟုတ်ဘူးလို့ မာနနဲ့ တင်းခံလည်း ကြေကွဲမကုန်နိုင်။ ယောက်ျားတစ်ယောက်ကြောင့် သူငယ်ချင်းနှစ်ယောက်ဝေးကြတာပေါ့ ဟုတ်လားလို့ တစိမ်းသူတွေက မေးတဲ့အခါ ဆွံ့အတုန်လှုပ်။

တကယ်တော့ ပျော်စရာကြီးဖြစ်သင့်တာရယ်။ ဟုတ်တယ်မဟုတ်လား။ နောက်နောင် ကိုယ်မလုပ်တဲ့ အရာအတွက် သူတပါးတွေ စွပ်စွဲပြစ်တင်ခြင်းဘေးက ကင်းလွတ်တော့မှာ။ တစ်ယောက်သည်းညည်း တစ်ယောက်မခံနိုင်တဲ့ သူငယ်ချင်းတွေ မဟုတ်လား။ ကြားလေသွေးလို့ ဝေးကြတယ်ဆိုတည်းက ကျွမ်းဝင်မှုမခိုင်မြဲလို့ပဲ မဟုတ်လား။ ဒါကြောင့် လမ်းခွဲလိုက်ခြင်းအတွက် ဘာမှ ဝမ်းနည်းစရာမလို ။ တစ်ခုလေးပါပဲ။ ဒီလိုအေးခဲနာကျည်းစွာလမ်းခွဲရလိမ့်လို့ ဘယ်တုန်းကမှ မထင်မိခဲ့။ ဘာပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ်လေ။ အဆုံးမှာတော့ လူတွေဟာ တနည်းနည်းနဲ့ လမ်းခွဲကြတာပဲ ဟုတ်တယ်မဟုတ်လား။

 ဒါပေမယ့် ဘယ်လိုဖြစ်ပါလိမ့်။ ငါ နင့်အနားမှာနေရင် ဘယ်လိုတွေထပ်ဖြစ်လာမယ်ဆိုတာ မသိဘူး။ အဲဒါကြောင့် အခြေအနေတွေ အနည်ကျသွားတဲ့အထိ ငါတို့က သာမန်သူငယ်ချင်းတွေလိုပဲ ဝေးဝေးနေကြတာပေါ့ ဆိုတဲ့ သူမရဲ့ ဖုန်းစာတိုလေးကို ပြန်ဖတ်တိုင်း မျက်ရည်တဖျက်ဖျက်လည်လာ။ ငါ မမှားဘူး။ ငါ မငိုဘူးလို့ အားတင်းရင်းမှာပင် မျက်ဝန်းစိမ့်စိုလာ။


 မယ်ကိုး

23 June 2012

သတ်ဖြတ်ခြင်းနှင့် လက်တကမ်း

ရေထဲတွန်းချခံရတာလား၊ခုန်ချလိုက်တာလား၊ပြုတ်ကျသွားတာလားလို့ပင်မမှတ်မိနိုင်လောက်အောင်။ အေးစက်ထုံကျင်နေတဲ့ ရေထဲရောက်မှ ဒီလိုစဉ်းစားဖို့သတိရလာတာ။ ငြိုးသူရန်ဘက်တွေရဲ့ ညာသံတွေကြားမှာ အသက်ကိုလုပြီး ကြောက်ရွံတကြီးပြေးလွှားနေသူတွေရဲ့လမ်းမှာ ကန့်လန့်ရပ်နေမိလို့ ငါ့ကို တွန်းချလိုက်တာလား။သေနတ်ကျည်ဆန်များ၊ ပျံသန်းလာတဲ့ ဓား၊တုတ်များရန်က လွတ်အောင်ပြေးရင်း ခြေချော်ကာ ပြုတ်ကျသွားတာလား။ မီးတောက်တွေအကြား ပူလွန်းလို့ သေတော့မယ်ထင်မှတ်ကာ လွတ်မြောက်ရာရလိမ့်နိုးနဲ့ ငါကိုယ်တိုင်ပဲ ခုန်ချလိုက်တာလား ။ အတိတ်ဥာဏ်ဟာ မသဲကွဲတော့။



ဘာပဲဖြစ်ဖြစ် သေရတော့မှာ။ ကိုယ်ရောစိတ်ပါ ဒဏ်ရာအနာတရများနဲ့ ခြေကုန်လက်ပန်းကျကာ မကူးခတ်နိုင်အောင်။ မှောင်မိုက်အေးခဲနေသော ရေထဲမှာပင် ဆူဆူပွက်နေတဲ့ အော်သံများကြားမှာ အသက်ရှင်လိုစိတ်လည်း ကုန်ခမ်း။အင်း...ငါဟာ သေသင့်ပြီ။ လွတ်မြောက်ရာကမ်းတစ်စလည်း မမြင်တော့။ ချစ်တဲ့သူမရှိတဲ့ ဘဝလေ။ မုန်းသူနဲ့ရန်သူတွေကတော့ စစ်ဖြစ်နေကြ၊ သတ်ဖြစ်နေကြ၊ ရိုက်ပုတ်ညှင်းပန်းနေကြ၊ အော်ဟစ်ဆဲဆိုနေကြတဲ့လောက။

ဟုတ်တယ်။ သေမှပဲ။ ရေမကူးတော့ဘဲ စိတ်လျှော့လိုက်တဲ့အခါ မကြာခင်ပဲ ရေအောက်ကို လွယ်လင့်တကူနစ်မြုပ်သွားတာ။ ဒါပေမယ့် ဘယ်လိုပဲသေမယ်လို့ ဆုံးဖြတ်ထားပါစေ… ရှင်သန်လိုသေးတဲ့စိတ်တစ်ခုက နှောင့်ယှက်ဝင်ရောက်လာကာ အသက်ကိုအောင့်ထားမိပြန်။ ဒီလိုနဲ့ ရေမျက်နှာပြင်မှာ မျက်နှာ ခဏဖော်မိပြန်။

ဒါပေမယ့် မသေသေးပါလားဆိုတဲ့ အသိက စိတ်နှလုံးမသက်သာစေတဲ့အပြင် မီးဟုန်းဟုန်းလောင်ကာ လူတွေသေဆုံးနေကြတဲ့ မြင်ကွင်းဟာ အသည်းကွဲကြေကာ သေစေနိုင်တာ။ တကယ်ပဲ။ ဒီကမ္ဘာမှာ ငါဟာ မနေသင့်တော့ဘူး။ ဒုက္ခကို မနှစ်လိုမဖက်တွယ်သင့်တော့ဘူး။ ပျော်စရာအမှုန်တစမှာ မရှိတဲ့ဘဝလေ။ ငြိမ်းချမ်းခိုလှုံရာ ဘယ်လိုရှာရမလဲ။အရပ်ရှစ်မျက်နှာတစ်ခွင်မှာ စစ်မက်ဘေး၊ရောဂါဘေး၊ အငတ်ဘေး၊ ဘေးအန္တရာယ်အသွယ်သွယ်တွေ။ ပြီးတော့ အနားကလက်တစ်ကမ်းမှာ ရေကူးနေရင်းမှာပင် ဆဲဆိုသတ်ဖြတ်နေကြသူတွေ။

သေခါနီးမှာတောင် သူတို့ဘာလို့ မငြိမ်းချမ်းကြတာလဲ။ ဟင့်အင်း ။မတွေးနဲ့ ။ မစိုးရိမ်နဲ့။ မပူပန်နဲ့။ သူတို့ကို ဘာမှ မကူညီနိုင်ဘူး။ ငါလည်း မကြာခင်သေရတော့မှာ။ မှားတယ်။ အခုပဲ သေရတော့မှာ။ ဟုတ်တယ်။ သေချိန်ကျပြီ။ဒီတစ်ခါ အသက်ရှုမအောင့်ထားတော့ဘဲ နေမယ်။ လည်ပြွန်တစ်လျှောက် ရေတွေဝင်ကာ အဆုတ်ထဲရေပြည့်လို့ သေပါရစေတော့။ ဒီလိုစိတ်ကိုဒုံးဒုံးနှစ်လိုက်တော့ ကိုယ်ခန္ဓာပါ ရေထဲမှာ ငြိမ့်ငြိမ့်လေးနစ်ဝင်သွား။ ဒါပေမယ့် ရေထဲမှာ မွန်းကျပ်နေရင်းမှာပင် သံယောဇဉ်မပြတ်ဘဲ မျက်လုံးက တောင်ကြည့်မြောက်ကြည့် ကြည့်မိပြန်။

အလိုလေး။ လူတွေ။ ဆိုးရွားလိုက်တဲ့လူတွေ။ ရေအောက်ထဲမှာပင် သူသေကိုယ်သေ သတ်ဖြတ်နေကြတာ။ တွန်းတိုက်နှိပ်စက်နေကြတာ။ ကိုယ်တစ်ယောက်တည်းသေရမှာ မကျေနပ်လို့ ရန်သူကို အတင်းဆုပ်တွယ်ပြီး သေကြောင်းကြံနေကြတာ။ ကြောက်စရာကောင်းလိုက်တာ။ မကြည့်တော့ဘူး။ မျက်လုံးကိုမှိတ် စိတ်ကလေးကိုငြိမ်အောင်ထားပြီး သေတော့မယ်။ ဒါပေမယ့် မမြင်ရတဲ့အာရုံမှာလာထင်နေတဲ့ အရိပ်များ။ 

ဘာလို့ မချစ်တာလဲလို့ ငါ့ကို မုန်းတီးရန်တွေ့တဲ့သူတွေ။ ဘာလို့ မချစ်တာလဲလို့ ငါက နာကျည်းခါးသီးတဲ့သူတွေ။ ဟင့်အင်း။ မေ့လိုက်တော့။နောက်နောင်ဘဝမှာ ငါဟာ နှလုံးသားမရှိတဲ့သူဖြစ်မယ်။ ကောင်းကင်ဘုံဖြစ်ဖြစ်၊ ငရဲဘုံဖြစ်ဖြစ်၊ လူ၊တိရစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်... ဘာဖြစ်ဖြစ်ကြေကွဲနာကျင်တတ်တဲ့ စိတ်ထားမရှိသူဖြစ်ချင်တယ်။ 

အဲဒါကို ဘယ်လိုဆုတောင်းရမလဲ။ ကျောက်ခဲတစ်စပဲ ဖြစ်ချင်တယ်။ ပျက်ချိန်တန်တဲ့အခါ တစစီကြေမွသွားရော... လွင့်စင်ပျယ်လွင့်သွားရော ။ မကောင်းပေဘူးလား။ ဒီလိုနဲ့ ဒီင်္ဂြုံဟ်ကနေ ပျောက်ကွယ်သွားရော။ ငါ ဆိုတာ မရှိချင်တော့ပါဘူး။ သံသရာဆိုတဲ့ စကားကို ကြောက်လွန်းလှပေါ့။ ဒီတစ်ခါသေတာ နောက်ဆုံးဖြစ်ချင်တော့။ စိတ်ပျက်စရာပဲ။ သေခါနီးတောင် စိတ်ကူးယဉ်နေတယ်။

ဘာထူးသေးလဲ။ ဘေးအသွယ်သွယ်နဲ့ အနှေးအမြန်သေမယ့်အရေးမှာ မြန်မြန်လက်စတုံးသေချင်နေတဲ့ သူတွေအကြား ငါလည်းတစ်ယောက်အပါ။ မခက်ပေဘူးလား။ ဟင့်အင်း။ ပျော်ရွှင်မှုဆိုတဲ့စကားလုံးကို မသိတဲ့ သူတွေက  ငါ၊သူ၊တပါးကို သတ်ဖြတ်ချင်ကြတာ ဘာဆန်းလို့လဲ။ ဟုတ်တယ်။ အရူးပါ။ အကြောင်းပြချက်ဆင်ခြေတွေအကြား လူသတ်ရတာလည်း လွယ်လွယ်လေးပါပဲ။ ။ 

မယ့်ကိုး

 

24 May 2012

တောင်းပန်စကား မကြားဖူးသူများ

ရှေးသရောအခါ…ဘဝတွေ အညွန့်ခူးကာ ရွှင်မြူးစားသုံး၊ ထင်ရာစိုင်းမင်းမူ ဘုန်းကံမြင့်သူတွေရဲ့ စေတနာက ဝါးရင်းတုတ်၊ကျည်ဆန်တဲ့ရယ်။

မတရားထောင်သွင်း၊ ညှင်းဆဲသတ်ဖြတ်၊ဥပဒေမဲ့အားလုံးကို ရင်စည်းခံတဲ့ စစ်ခုံရုံးမဲ့သူတွေဟာ အမှောင်မှာ ခေါင်းငုံ့လျှောက်ဆဲ… သက်ဦးဆံပိုင်တွေဟာ ဒီမြေကဆင်းရဲမှန်သမျှဟာ လူဖြစ်ရတဲ့ဒုက္ခဆိုကာ အနိုင်ပိုင်းလို့ နတ်ရွာစံကြမှာ။

ပုံပြင်လေးအဆုံးမှာတော့… ကိုယ်ချင်းစာစကား တရံဆစ်မျှကြားခွင့်မရ လူဖြစ်ရှုံးတဲ့ သတ္တဝါတွေဟာ စိတ်မရှိပါနဲ့။သည်းခံပေးပါ။ ဝမ်းနည်းပါတယ်…ဆိုတဲ့ တဆိတ်စာ စာနာမှုလေး ၊ တစ်ဖြုတ်မျှ အသိအမှတ်ပြုရုံလေး၊ တစ်ရွေးသားဝန်ခံမှုလေးကို မွတ်သိပ်ရင်း၊တောက်လောင်ရင်း၊ တောင့်တရင်း လမ်းပေါ်မှာ ဘဝတွေပြုန်းခဲ့ကြသတဲ့ကွယ်။…။ 

မယ့်ကိုး

(ပုံပြင်အကြွင်း။ ဇာတ်ပေါင်းသော် … အနင်းခံဘဝပေမယ့် မြင့်မြတ်လှတဲ့ သာကီဝင်မျိုးတွေမို့ ခွင့်လွှတ်နိုင်တယ်ဆိုကာ လက်ခမောင်းခတ်ကြပြန်တာ။)

10 May 2012

ဝ နေသူ အပြစ်

ဘဝနှင့်ချီကာ ပြောရလျှင် အရက်စက်ဆုံး ၊ ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံး၊ ကိုယ်ချင်းစာတရားအနည်းပါးဆုံး စကားမှာ ‘ဝနေတယ်နော်’ ဟူ ၍  ဖြစ်လေသတည်း။

............................................................................................................

ပြဿနာအစကတော့ ရုံးက နိုင်ငံခြားသူဖြစ်လေတာ။ နင်တို့ မြန်မာတွေက ပိန်တယ်နော်တဲ့။ အင်း ဒါပေမယ့် ငါက ဝ တယ်လေ လို့ ဆိုတော့ သူမက အစမှာ မဝပါဘူးလို့ အားနာပါးနာ ငြင်းပေးသေးတာ။ နောက်တော့ ကိုယ်အလေးချိန်ပြောလိုက်တဲ့အခါ သူမက မျက်လုံးပြူးပြီး မထင်ရဘူးနော်တဲ့။ ထိုအသံအဆုံးမှာ အသည်းက လှပ်ကနဲကွဲအက်သွားပြီ။ မျက်နှာက မှုန်သွားပြီ။ နှုတ်ခမ်းက စူလာပြီ။ ထိုမျှနာကျင်စကားဆိုသူကို ငြှိုးသူရန်ဘက်လို ကြည့်မိလေပြီ။

အား … မုန်းလိုက်တာ။ ဘယ်လိုကံဆိုးနဲ့ ဒီလောက် ဝတုတ်နေရတာလဲ။ ဒါပေမယ့် ပြောသူကိုတော့ အမျက်မာန်မရှရဲ။ ညိုမည်းသွားသောမျက်နှာကို တစ်ဖက်လွှဲကာ အင်းလို့ ဆိုရတာ။ သူမက ပိန်သွယ်လှသူမို့ သူမရဲ့ကိုယ့်အလေးချိန်ကို ပြန်မေးတော့ ‘naughty girl’ တဲ့။ အမျိုးသမီးရဲ့ အလေးချိန်ကို မမေးရဘူးလေတဲ့။ မှားမိပါတယ်။ ဝ နေတာကိုက အမှားဆုံး။

‘ပြေးပါလား’လို့ အကြံပေးသူကိုလည်း သိပ်မကြည်လင်ချင်။ အိမ်နဲ့ရုံးလမ်းလျှေက်သွားရတာပင် ပင်ပန်းတယ်လို့ ထင်တတ်သူ။ နောက်တော့ သူမက အကသင်တန်းတက်ပါလားလို့ လာဆွယ်တာ။ ငါ မအားဘူးလို့ ငြင်းလိုက်ပြီးမှ စိတ်ရောလူရောမနားရတော့။ ‘ဝနေပြီ’ ‘ဝနေပြီ’ ဆိုတဲ့ စိတ်ထဲက အသံကို I’m fat, so what? လို့လည်း တစ်ယောက်တည်းရန်ထောင်ကာ။ ဒါပေမယ့် ဝခြင်းကြောင့် ကြောင်တောင်တောင်မဖြစ်သေးခင် ထွက်ပေါက်တစ်ခုရခဲ့တာ။

Digital ပေါင်ချိန်စက်တဲ့။ လက်ဆောင်ပေးတဲ့ သူငယ်ချင်းကတော့ ငါ့ဒုက္ခငါရှာမိလေခြင်းဟု ရင်ထုမနာဖြစ်နိုင်တာ။ မနက်ဆိုပေါင်ချိန်လိုက် သူငယ်ချင်းဆီ ဖုန်းဆက်ပြီး ရစ်လိုက်နဲ့ စိတ်ဆင်းရဲမှုကို မျှဝေတော့တာ။ အဲဒီပေါင်ချိန်စက်ကြောင့် နှလုံးရောဂါရတော့မယ် ဆိုပြီးတော့လည်း လက်ဆောင်ပေးမိတာကို နောင်တရအောင် စေတနာကင်းမဲ့သွားလောက်အောင် ဂျီကျတတ်တာ။

ဟုတ်ပါတယ်။ ဝ တဲ့သူ အပြစ်ချည်းပါပဲ။ ဒါပေမယ့် မုန်းလိုလည်း မုန်းစေတော့။ ဝတယ်လို့ ပြောခြင်းသည်းခံပါ လို့ပဲ ဆိုရတော့မှာ။ကျေးဇူးပြုပြီး မပြောနဲ့တော့နော်။ ဝ တယ်လို့။ လူမျိုးရေး ခွဲခြားခံရ၊ အသားအရောင် ခွဲခြားခံရ၊ လိင်အမျိုးအစား ခွဲခြားခံရ၊  ပြီးတော့ အဆီအသားထုထည်အချိုးအစား ခွဲခြားခံရ။ ဘဝတဲ့။ အရှည်ပြောရရင် ဇာတ်နာစရာတွေ မဆုံးတမ်းဖြစ်တော့မှာ။

ဝသောသူကို ကြင်နာပါ ဘာညာတွေလည်း လေပြေမထိုးချင်။ ရက်စက်စကားဆိုသူတွေကို ဒီကမ္ဘာမှာ ငါပျောက်ကွယ်သွားရင် အားလုံး တရားခံဖြစ်သွားလိမ့်မယ်နော်လို့ မျက်နှာတည်နှင့် ခြိမ်းခြောက်ချင်ပါသော်လည်း ရယ်ကျဲကျဲနဲ့ ပြုံးကြည့်ကြဦးမှာ ထင်ရဲ့။

ဝ မိတဲ့အဖြစ် ရင်နာစရာကောင်းလှချည့်။ ။

မယ့်ကိုး

05 May 2012

အောင်မြေနင်းချိန်

'လူတစ်ယောက်က ရိုင်းစိုင်းထောင်လွှားနေတာ၊ နိမ့်သူကို စော်ကားနေတာ အဲ့ဒီလူရဲ့ ကိစ္စ။ သူ့ကို ရှောင်လိုက်ရင် ကိစ္စက ပြတ်သွားပြီ။ သူ့ကို တော်ရုံသဖြင့်ပဲ ကြည့်မရဖြစ်တာပါ။ ဒါပေမယ့် သူ့ကို လူရာသွင်းတဲ့လူတွေကို ညီမ မုန်းတယ်’ တဲ့။ ညီမလေးတစ်ယောက်က ဆိုလာတယ်။ ကုမ္ပဏီက မိတ်ဆွေတစ်ယောက်ရဲ့ အလုပ်ထွက်နှုတ်ဆက်ပွဲမှာ သူမနဲ့ ကျွန်တော်မျက်နှာချင်းဆိုင် ထိုင်မိတာကအစ နက္ခတ်သင့်တာပဲ။

သူမပြောတဲ့ အဲဒီလူဆိုတာ ရုံးမှာ အထက်လူကို ဖားလိုက်၊ အောက်လူကို ဆဲလိုက်၊ အဆင့်တူကို ချော့လိုက် လုပ်နေတဲ့သူပါ။ အခုလည်း စားပွဲရှည်ထိပ်မှာ ထိုင်ပြီး သူဘယ်လောက်တော်ကြောင်း၊ ရုံးအတွက် ဘယ်လိုကြိုးစားကြောင်း အာပေါင်းအာရင်းသန်သန် တရားဟောနေပါတယ်။ ခက်တာက ကျွန်တော်က ဘယ်သူ့ကိုမှ မမုန်းလိုတဲ့ မေတ္တာထားချင်သူပါ။  ‘ဘုရားဟောထားတယ်လေ ညီမလေးရ။ အကုသိုလ်လုပ်တဲ့သူကို မမုန်းရဘူး။ အကုသိုလ်ကိုပဲ မုန်းရမယ် ဆိုတာလေ။ လူဖြစ်လာမှာတော့ အားလုံးနဲ့ အဆင်ပြေအောင် နေရတော့မှာပေါ့’ လို့ ဆိုလိုက်ပေမယ့် သူမရဲ့ မျက်လုံးတောက်တောက်တွေက ကြောက်စရာကောင်းအောင် လက်နေတယ်။ ‘သူ့ကို အစ်ကိုက အစ လူတွေ မပတ်သက်ဘဲ မနေနိုင်ကြတာကိုလဲ ညီမ အံ့သြလို့ မဆုံးဘူး။’ လို့ ဆိုပြန်တယ်။

 လူလုပ်ရတာ ခက်ပါတယ်ဗျာ။ စိတ်ပုတီးမကိုင်ပေမယ့် ငြိမ်းငြိမ်းအေးအေးနေချင်တာကိုပဲ လာရောက်တိုက်ခိုက်သူတွေက ရှိသေးတယ်။ အခုလည်း ဘယ်မှာရှိနေမှန်းမသိတဲ့ ပြဿဒါးဟာ ရုတ်တရက်ဝင်တိုက်လိုက်သလိုပဲ။ ဒါပေမယ့် ကျွန်တော် နောက်ပြန်လဲမသွားပါဘူး။ 'အဲဒီလို ဝိုင်းကြဉ်လိုက်ရင် ပိုဆိုးသွားမှာပေါ့ ညီမလေးရ' လို့ ပြေရာပြေကြောင်းပြောတော့မှ သူမက လဲ့လဲ့လေးပြုံးတယ်။ လှောင်သလို ရီချင်သလိုလို။ ဒါပေမယ့် သူမ ဘယ်လိုပြုံးပြုံး ကျွန်တော်ရင်ခုန်တယ်။ တကယ်ပြူစားနိုင်တဲ့ ကောင်မလေးပါ။ အဲဒါကြောင့်လည်း သူမ ဂျီကျသမျှ ကျွန်တော်သည်းခံနေတာ။ ချစ်သူက သက်သက်၊ ညီမလေးက သက်သက်လေဗျာ မဟုတ်ဘူးလား။ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အကန့်တွေ အရမ်းများပါလား ဆိုလာရင်တော့ ပုခုံးတွန့်နေရမှာပေါ့။

 ဒီလိုရင်ထဲငြိမ့်ငြိမ့်လှုပ်ခတ်နေတုန်းမှာပဲ သူမက နှုတ်ခမ်းလေး စုထော်လို့ ချစ်စဖွယ်ဆိုပြန်တယ်။ ‘အစ်ကို့ကို ညီမက လေးစားတယ်လေ။ အဲလိုလူကို အစ်ကိုက တလေးတစားပေါင်းသင်းနေတာတွေ့တော့ စိတ်ထဲခိုးလိုးခိုးလုဖြစ်နေလို့ပါ’ တဲ့။ ‘ညီမလေးကလည်း အဲဒါက ပေါင်းသင်းဆက်ဆံရေးပညာလေ။ လူမိုက်ကိုလည်း တည့်အောင်ပေါင်း၊ လူကောင်းကိုလည်း တည့်အောင်ပေါင်းနိုင်မှ လိမ္မာပါးနပ်တာ မဟုတ်လား’ လို့ ပြောလိုက်တယ်။ တစစ စိတ်ပျက်လာပြီ။ ဘာတွေ ပြောနေရမှန်းမသိဘူး။လေသင့်ရင် သင်းသင်းလေးမွှေးတဲ့ သူမရဲ့ ခေါင်းလျှော်ရည်နံ့ကသာ မမြူဆွယ်နေဘူးဆိုရင် ကျွန်တော်စကားစဖြတ်ပြီး ထထွက်သွားတာကြာပြီ။

တစ်ချို့လူတွေလည်း အိမ်က ကလေး နေမကောင်းလို့ ဘာညာဆိုကာ ပြန်ကုန်ကြပြီ ။ ဒါပေမယ့် သူမကတော့ မမူးဘဲနဲ့ ရစ်နေပါပြီ။ လူယုတ်မာနဲ့လည်း အဆင်ပြေအောင် နေတယ်ပေါ့ ဟုတ်လား အစ်ကို။ ညီမတော့ အစ်ကို့ဆီက အများကြီးသင်ရဦးမှာ တဲ့။ ကျွန်တော်လည်း ဒေါသထွက်စပြုလာပြီ။ ‘ညီမလေး ဘာဖြစ်နေတာလဲ၊ ဥပေက္ခာစိတ်ထားမှပေါ့။ လူ့ဘဝက တိုတိုလေး မဟုတ်လား’ လား ခပ်ဆတ်ဆတ်ပြောမိတယ်။ သူမ မပြုံးနိုင်တော့ဘူး။ စိတ်မရှိပါနဲ့ အစ်ကို။ ညီမက သူရိုင်းစိုင်းစော်ကားတာ ခံခဲ့ရသူဆိုတော့ လွယ်လွယ်နဲ့ မမေ့နိုင်သေးဘူးပေါ့ အစ်ကိုရယ် လို့ ခပ်တိုးတိုးခေါင်းငုံ့ပြောတယ်။ကျွန်တော့်ရင်ထဲတုန်လှုပ်သွားတာ သူမရဲ့ မျက်တောင်ကော့ကော့တွေကြောင့် မဟုတ်ဘူး။

ရှက်စိတ်ဟာ သွေးကြောအနှံ့စီးသွားတယ်။ ရှက်စိတ်ဟာ သွေးကြောအနှံ့စီးသွားတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ မုန်းသူမရှိ ချစ်သူသာရှိတယ် ဆိုတဲ့ အဆိုကို အာဂုံရွတ်ပြီး သူမကို ဟိုလူ အနိုင်ကျင့်စော်ကားနေတာ မြင်လျှက် ခပ်တည်တည်ပဲ လက်ပိုက်ကြည့်နေခဲ့မိတယ်။သိပ်ပြင်းထန်တဲ့ တိုက်ခိုက်မှုမဟုတ်လို့လည်း လွယ်လွယ်ပဲ မျက်ကွယ်ပြုကျောခိုင်းထားလိုက်တယ်။ စော်ကားမှုကို မြင်လျှက်နဲ့ မသိကျွိုးကျွံလက်ပိုက်ကြည့်နေတာ မှန်ကန်တဲ့ကြားနေမှုလား ဘာလားလို့ ကိုယ့်ကိုယ်ကိုယ်စစ်ဆေးချိန်လည်း မရပါဘူး။ ခဏလေးနေရတဲ့ ဒီဘဝမှာ စိတ်ရှုပ်စရာတွေထဲ ဝင်မနှောင့်ချင်ဘူး။ ပြီးတော့ သူမက အဲဒီအချိန်တွေတုန်းက ဒီလောက်ချစ်စရာမကောင်းသေးဘူး။ အဲဒီလူက လည်ပင်းဖက်ပေါင်းတာကိုပဲ ဒီလိုလူက ငါ့ကိုတော့ favour ပေးသားပဲ ဆိုပြီး ဂုဏ်ယူနေခဲ့တာ။ဒါဆို အခုရော ဆိုရင်တော့ … အင်း။ ကျွန်တော်က တွေဝေတတ်တာ အကျင့်ပါနေပြီ။ 

ဒီလိုနှုတ်ဆိတ်နေမိတုန်းမှာပဲ သူမက ‘ပြန်တော့မယ် အစ်ကို’ လို့ ပြောပြီး ကျန်တဲ့သူတွေကို လိုက်နှုတ်ဆက်တယ်။ ရုတ်တရက်ချည်းဆိုတော့ သူမနဲ့ အတူတူပြန်လိုက်မယ်လို့ မရည်ရွယ်ဘဲပြောမိသွားပြီး သူမကလည်း အေးအေးဆေးဆေးပဲ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် လမ်းမှာ စကားကို ဘယ်ကစရမှန်း မသိဘူး။ ခေါင်းရွက်ဗျက်ထိုးသည်တွေရဲ့ အော်သံများပဲ ကျွန်တော်တို့အနားကနေ ဖျတ်ပျံသွားကြတယ်။ သူမကပဲ စကားပြန်စပါတယ်။ ‘ညီမလေ အစ်ကိုပြောရင် ဘာပဲဖြစ်ဖြစ် လက်ခံပါတယ်။ စစ်ဖြစ်ပြီး အပြန်အလှန်သတ်နေကြတဲ့ နှစ်ဖက်စလုံးကို လက်နက်ရောင်းနေတဲ့သူက ကြားနေရေးဝါဒီပါ ။ အပြစ်ကင်းပါတယ်လို့ အစ်ကိုပြောရင်တောင် ညီမ မငြင်းချင်ပါဘူး။’ လို့ ခပ်တိုးတိုးပြောတယ်။

 ကျွန်တော် မီးရောင်တစ်ဝက်တစ်ပျက်မှာ သူမ မျက်နှာကို လှမ်းကြည့်မိပေမယ့် စဉ်းစားမရနိုင်ဘူး။ ‘ဘာဖြစ်နေတာလဲ ညီမလေး’ လို့ ပွင့်ပွင့်လင်းလင်းမေးလိုက်ပေမယ့်လည်း သူမက မပွင့်တပွင့်ပဲ ပြုံးပြန်တယ်။ ‘ညီမ စိတ်ဓာတ်ကျနေတယ်ထင်တယ် အစ်ကို။ လူတွေနဲ့ အဆင်ပြေအောင် နေလို့ မရတော့ဘူး ။ ညီမ ဒီညနေပဲ အလုပ်ထွက်စာ တင်လိုက်ပြီ…’ လို့ သူမပြောနေတုန်း စကားမဆုံးစဉ်မှာပဲ ဘတ်စ်ကားရောက်လာတော့ သွားတော့မယ်နော် အစ်ကိုလို့ နှုတ်ဆက်ပြီး ကသုတ်ကရုတ်နဲ့ ကားပေါ်တိုးတက်သွားတယ်။ အဲဒီတော့မှ သူမကို ပြောခွင့်မသာတဲ့ စကားတွေက ထိုးထိုးထောင်ထောင်နဲ့ ရင်ထဲက ကန့်လန့်ထွက်လာတော့တာ။ 

ရိုးတိုးရိပ်တိတ်စကားလုံးတွေနဲ့ ကျွန်တော့်ကို ဘယ်သူသေသ ငတေမာ ပြီးရောလိုလို သူမစွပ်စွဲချင်တာတော့ သိပ်လွန်လွန်းတယ်။ သူမ ငယ်ပါသေးတယ်။ လူ့ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ကို သူအသုံးချ၊ သူ့ကိုကိုယ်အသုံးချပြီး ဒီလိုပဲ တစ်ယောက်လည်ပင်း တစ်ယောက်နင်းပြီး ရှင်သန်လည်ပတ်နေတာ မဟုတ်လားဗျာ။ သူမ လူလုပ်ဖို့ အချိန် အများကြီးလိုသေးတယ်။ တစ်နေ့တော့လည်း သူမလည်း နေတတ်သွားမှာပါ။ ဟုတ်တယ်။ လူဆိုတာ ဘယ်သူမဆို ကိုယ့်ကို ဦးကျိုးလာရင် ဘဝင်ခိုက်တာချည်းပဲ မဟုတ်လား။



ချစ်ခင်သူကို နှိမ့်ချစော်ကားထားတဲ့ ပါးစပ်နဲ့ ကိုယ့်ကိုလာချီးမြှောက်နေသူကို ကြည်ဖြူသင့်ရဲ့လား။ ငါ့အလှည့်ဘယ်တော့လဲလို့ မတွေးချင်ဘူး။ အသက်ရှုကျပ်လာတယ်။ ဘဝမှာ သာယာပျော်ရွှင်စွာပဲနေချင်တယ်။ အဆုံးစွန်ပြောရမယ်ဆို ပမွှားတွေကြောက်ရတဲ့ လူယုတ်မာတွေက ကိုယ့်ကို တလေးတစားပေါင်းသင်းနေတာ ပိုတောင်ဂုဏ်ယူရဦးမယ်။ ဒါကို သူမ မနာလိုနေတာလည်း ဖြစ်နိုင်တယ်။လို့ ကောက်ချက်ချလိုက်မှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။ ပြီးတော့ ဒါဟာ အောင်မြင်ရေးနည်းတစ်ခုလို့ တက်ကျမ်းတွေက ညွှန်းလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေးအနုပညာ မဟုတ်ဘူးလားဗျာ။


မယ်ကိုး

(ညီမလေး မကြေးမုံ  နဲ့ စကားတွေ ပြောဖြစ်ရာက ခေါင်းမငုံ့ချင်တော့ဘဲ စတင်ရေးဖြစ်သော စာလေးမို့ ညီမလေးကို ကျေးဇူးတင်ကြောင်းလေး အထူးရည်ညွှန်းပြောပါရစေ ။း)

21 April 2012

ညှင်းပန်းခံရသော အပ်များ

ကျွန်မရေးခဲ့တဲ့ ဆောင်းပါး 'အမေ့သမီး၊အမေ့သားများသို့ မရည်ရွယ်သော…'စာကိုဖတ်ပြီး ချစ်ခင်လေးစားရသောမိတ်ဆွေ မမသန်းသန်းက Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကို ကျွန်မဆီ လက်ဆောင်ပို့ပေးခဲ့ပါတယ်။ မမသန်းသန်းပို့ပေးတဲ့ စာအုပ်က အကြောင်းကြောင်းကြောင့်၂၀၁၂ မတ်လကျော်မှ ကျွန်မလက်ထဲရောက်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်လို့ ပြောထားတဲ့ ဒီစာအုပ်မှာ ငြင်းခုန်ဖွယ်အကြောင်းခြင်းရာတွေ ပြည့်နှက်နေပါတယ်။ 
စာရေးသူကလေးမလေးဘဝက အိပ်ရာထဲမှာ အပေါ့သွားလို့ ပြစ်ဒဏ်ပေးတာကစပြီး အမေနဲ့ (တရားမဝင်) ပထွေးရဲ့ လျစ်လျူရှုနှိပ်စက်နည်း မျိုးစုံကို ခံရတာကို ရေးထားတဲ့ ဖြစ်ရပ်မှန်စာအုပ်ဖြစ်ပါတယ်။ တခြားသားသမီးတွေအပေါ် ကိုယ်ထိလက်ရောက်မရက်စက်တဲ့ အမေဟာ သူတစ်ဦးတည်းကိုပဲ မယုံနိုင်စရာနည်းများနဲ့ ဘာကြောင့်နှိပ်စက်ရပါသလဲ။ နားလည်ရန်ခက်ခဲတဲ့ ပုစ္ဆာပါ။ စာရေးသူအမေကလည်း စာရေးသူကို အသားရေဖျက်မှုနဲ့ တရားစွဲတဲ့အခါ စာရေးသူရဲ့ သက်သေထားစရာမောင်နှစ်မတွေ အားလုံးက စာရေးသူအမေအတွက် လိမ်လည်ထွက်ဆိုကြပေမယ့် နောက်ဆုံးတော့ စာရေးသူပဲ အမှုကို အနိုင်ရသွားပါတယ်။

မျှတမှန်ကန်တဲ့ တရားဥပဒေရှိတဲ့ နိုင်ငံမှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့အမှုလို့ အားလုံးက ကောက်ချက်ချကြပါတယ်။ စိတ်ဆင်းရဲစရာကောင်းလွန်းတဲ့ ဖြစ်ရပ်မှန်တွေ ဖြစ်တဲ့အတွက် စာအုပ်အမြည်းကို ကျွန်မရေးတော့မှာ မဟုတ်ပါဘူး။ အရာအားလုံးကို သိနားလည်ပါတယ်ဆိုတဲ့လူယဉ်ကျေးတွေက ဒီလိုကိစ္စတွေကို မဖြစ်နိုင်ဘူးဆိုကာ ငြင်းပယ်ကြဦးမှာမို့ ကျွန်မလည်း အထူးတလည် မရှင်းလင်းနိုင်တဲ့အတွက် ဖြစ်ပါတယ်။

တစ်ခုပဲ သတိရပါတယ်။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုပါ။ 

 "မသိန်းမေ သည် ဆိုခဲ့သည့်အတိုင်း သူစိမ်းတစ်ရံဆံများအပေါ်တွင် စေတနာဗလဝနှင့် ကျကျနန ကျွေး တတ်သလောက် အတာကလေးဆိုလျှင် သူတို့စားနေရာသို့ အနားပင်မသီရ။ အောက်ထပ်တွင် စားနေ ကြသည် ဖြစ်က အတာသည် အပေါ်ထပ်ခိုးတွင် ကုပ်၍ မလှုပ်ဝံ့အောင် ငြိမ်နေရ၏။ "အတာရေ လာဟေ့" စား၍ မျိုမကျနိုင်သော မခင်သက်တို့က လှမ်းခေါ်လိုက်သည်ကိုပင် "မခေါ်နဲ့ သူ့ဖို့ အပေါ် မှာ ခွဲပေးခဲ့ပြီးပြီ" မသိန်းမေ က ထိုစကားမျိုးဖြင့် ဟန့်တားတတ်၏။ 

သို့သော် ခွဲပေးခဲ့ပြီးပြီဆိုသော စကားမှာ မုသာဝါဒမျှ သာဖြစ်၏။ သူတို့တစ်တွေ ပျော်တပြုံးပြုံးနှင့် မြိုးမြိုးမြက်မြက် စားနေကြခိုက် အတာမှ လျှာတပြင်ပြင် နှင့် အပေါ်ထပ်တွင် ကုပ်နေရ၏။ သူတို့ မစားနိုင်၍ ပိုလျှံမှ အတာစားရ၏။ တစ်ခါတစ်ရံ မနပ်၍ဖယ် ထားသော ပလာတာအလယ်သား နှင့် အရိုးအရင်း ဟင်းကပ်ကလေးသာစားရလျက် များသောအားဖြင့် မူ ဝယ် လာသမျှ တက်တက်စင် ပြောင်သွားတတ်သောကြောင့် အတာတွင် အာခေါင်အခြောက်သားနှင့် ပင် စားကြွင်း စားကျန် ပန်းကန်ခွက်ယောက်များဆေးရင်း"ငါ့ကိုတော့ ဘာလို့မကျွေးပါလိမ့်"ဟူသော အတွေး ဖြင့်သာ နိဂုံးချုပ်ခဲ့ရ၏။ ဤသည်ကို အတာ တွေးမိ လာ၏။

နားရင်းတွင် ထူပူသွားသည်အထိ ဘယ်ပြန်ညာပြန် အရိုက်အနှက်ခံရဖူးသည်ကို အတာ မမေ့နိုင်။ ထို့ ကြောင့် စနေနေ့ဆိုလျှင် အထူး သတိထားရ၏။ မသိန်းမေသည် လူတစ်မျိုးလိုဖြစ်နေသည့်အတိုင်း တစ်ခါ တစ်ရံ သောကြာနေ့၌ပင်ဖြစ်စေ ပင်းမင်းဆိုင်က အကြွေးတောင်းခြင်း ပြောမိလျှင်ပင် "နက်ဖြန် မြင်းပွဲသွားမဲ့နေ့ဆိုတာ နင် မသိဘူးလား ဟင်၊ အမျိုးယုတ်ကလေး" ဤသို့လည်း မေးမေးပြောပြောနှင့် အတာ့ ကျောနုနုကို တအုန်းအုန်းထုတတ်သေး၏။
....
အတာ့အဖို့တွင်သော်ကား မသိန်းမေ၏စီးပွားရေးတိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် ပတ်သက်၍ အကျိုးခံစား ခွင့်သည် ဘာမျှမရှိ။ မသိန်းမေ၌ဝင်ငွေကလေးဖြောင့်လာလျှင် အဆူအရိုက်ခံရမှုသက်သာ၍ မသိန်းမေ မြင်းရှုံးလာက အကြောင်းမဲ့ အကန်ကျောက် အကြိမ်းအမောင်း ခံရသည်သာ ခြားနား၏။  

ဒီလို နှိပ်စက်ခံရမှုအမျိုးမျိုးကြောင့် ဆရာကြီးဦးသာဓုနားလေးခဲ့ရပြီး ဒီထက်ဆိုးသောအကြောင်းအရာများကို ပရိသတ်လက်မခံမှာစိုးလို့ ထည့်မရေးခဲ့ဟု ဆရာသုမောင်က တရားဝင်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဆရာကြီးကို တစ်ခွန်းတစ်စ မဝေဖန်ဘဲ ဖြစ်ရပ်မှန်လို့ ကျွန်မ ဝန်မခံထားတဲ့ ‘အမေ့သမီး’ ဇာတ်လမ်းရှည်ကြောင့် ကျွန်မကို ပုဂ္ဂိုလ်ရေးသက်သက်စော်ကားနှိမ့်ချမှုတွေ ပြုကြတိုင်း ဘာကြောင့်လဲလို့ အဖြေရှာနေမိဆဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အမေတွေရဲ့ ညှင်းပန်းခံရတဲ့ ကလေးတွေ ရှိနေတယ်လို့ ထပ်မံဆိုနေဦးမှာဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကြုံတွေနေရတဲ့ ကလေးတွေကို ‘မဖြစ်နိုင်ဘူး’ လို့ ရက်စက်စကားဆိုကြသူများက အနည်းငယ်နားလည်နိုင်ပါစေလို့လည်း မဝံ့မရဲဆုတောင်းနေဦးမှာ ဖြစ်ပါတယ်။


စာကြွင်း ။ ။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုကို အစ်မရွှေစင်ဦးရဲ့ စာမျက်နှာ  ဖတ်နိုင်ပါတယ်။ Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကိုဖတ်ချင်တယ်ဆိုရင်လည်း ကျွန်မ scan ဖတ်ပြီး တင်ပေးပါ့မယ်။

ချစ်ခင်လေးစားစွာဖြင့်

မယ်ကိုး