07 February 2012

“ပန်းတစ်ပွင့်ရဲ့ အလျား”

ပန်းစကား (က)
ပန်းပွင့်ရာအရပ်မှာ မျှော်လင့်ချက်လည်း ဖူးဝေတယ်။ 
လေဒီ ဘာ့ဒ် ဂျွန်ဆင်န်

တစ်ချို့သောကံတွေဟာ တစ်ခုသောရေစက်ပေါ်မူတည်ပြီး ဖူးပွင့်တတ်တယ်လို့ တွေးထင်မိစေတာက ဒုတိယနှစ်ဝက်ရဲ့ အတွင်းခန်းပြင်ဆင်မှု သင်ခန်းစာနဲ့ ဆက်စပ်နေခဲ့တာ။ သင်ခန်းစာအလုပ်သဘောမှာ အိမ်ပုံစံတစ်ခု ပေးထားကာ ကျောင်းသားအားလုံးကို နှစ်ဦးစီအဖွဲ့ခွဲလိုက်ကာ အဲဒီနှစ်ဦးမှာ တစ်ဦးကပုံအပ်သူ တစ်ဦးကပုံစံထုတ်သူအဖြစ် အပြန်အလှန်ပုံစံထုတ်ပေးရတာ ဖြစ်ပါတယ်။ မဲနှိုက်ရွေးချယ်စနစ်ဖြစ်တာမို့ အမြဲကံဆိုးလေ့ရှိသူကျွန်မမှာ ထက်မြက်သလောက် ညစ်ပုတ်တယ်ဟု နာမည်ကျော်တဲ့ သူနဲ့ကျကာ သောကများခဲ့ရတာ။

မှတ်စုစာအုပ်ပင် မထုတ်ရသေးခင် သူက ပုံအပ်သူအဖြစ် စပြောပါတယ်။ “ငါက ဂီတပညာရှင်တီးဝိုင်းခေါင်းဆောင် …. ငါ့အိမ်မှာ တူရိယာပစ္စည်း အစုံထားမယ်။ စန္ဒာရားက အစ ဒရမ်အဆုံး” “အယ်… ” ၁၁၅ စတုန်ရန်းမီတာအကျယ် တိုက်ခန်းလေးထဲ ဒီပစ္စည်းတွေနဲ့လို့ တွေးကာ ကျွန်မ မျက်နှာရှုံ့မဲ့သွားတော့ သူ ကျေနပ်သွားပုံက ရိုက်ချင်စဖွယ်။

ဒါပေမယ့် စည်းမျဉ်းချက်များမှ တစ်ခုမှာ အလုပ်အကိုင်က သူ့ရွေးချယ်ခွင့်သာမို့ ကျွန်မ မပြောသာနိုင်အောင်ရှိဆဲ ကလေးရှိတဲ့ အိမ်ထောင်သည်အဖြစ်ပါ စဉ်းစားစိတ်ကူးပေးရမှာ ဖြစ်လို့ သူပြုံးကာ ထပ်ပြောသေးတာ။ “ပြီးတော့ ငါ့မိန်းမက မော်ဒန်ပန်းချီဆရာမ။ ဟင်းချက်ဝါသနာပါတယ်။ သူက ဖိနပ်တွေ အိတ်တွေလည်း သိပ်ကြိုက်တယ်” ဂီတနဲ့ ပန်းချီကို ဘယ်လို ပေါင်းစပ်ရမလဲလို့ပင် စဉ်းစားမရဖြစ်နေဆဲမှာပင် ဖိနပ်နဲ့အိတ်တွေပင် ပါလိုက်သေးတာမို့ “သတ်ပစ်မယ်… ” လို့ အံကြိတ်ကာ ကျွန်မကျိန်းတော့ သူ ခေါင်းလှန်ကာ အားပါးတရ ရယ်တော့တာ။ဒါပေမယ့် စိတ်ဖြူစင်ကြည်လင်သူလေး မဟုတ်သူ ကျွန်မအလှည့်လည်း ရှိသေးတာလေ။ 

“ဘယ်လို” ။ သူ့စိတ်ပျက်လက်ပျက် မျက်နှာပုံပန်းကို ကြည့်ကာ ကလေးအတွေးနဲ့ ကျွန်မ အားတက်သွားရ။ “ ဂျပန်မင်းသားလေ ငါ့ အမျိုးသားက ၊ သီချင်းလည်း ဆိုတယ်” ကျွန်မ မရည်ရွယ်ဘဲ ပါးစပ်ထဲတွေ့ရာ ပြောလိုက်မိခြင်းကို သူပြုံးတုံ့တုံ့နဲ့ ခေါင်းငြိမ့်လေတော့ … ဒီလောက်နဲ့ ပြီးလို့ ဘယ်ကောင်းပါ့မလဲနော်။ “ ငါက စာရေးတယ်။ ” သူ ကျွန်မကို စောင်းငဲ့လို့ပင် မကြည့်ဘဲ “ အေးဆေးပါ” တဲ့။ ဟင့်အင်း မပြီးသေးဘူးလေကွယ့်။ “ ငါက အပင်တွေ သိပ်ကြိုက်တာ” ဆိုတော့ သူက ပခုံးတွန့်ပြီး “ ဆက် ပါဦး” တဲ့။ တွေ့မယ်။ “အိမ်ထဲ ဝင်လိုက်တာနဲ့ သစ်တောထဲ ရောက်သွားသလိုမျိုး ဖြစ်စေချင်တယ်။ အဲဒီလို နေချင်တယ်” လို့ ကျွန်မပြောတော့ သူ မျက်ခုံးတွန့်ချိုးကာ ကျွန်မကို ကြည့်လေပြီ။

အိပ်ခန်းသုံးခန်းပါသော တိုက်ခန်းမှာ အပင်တွေ ဘယ်လိုထည့်ရမလဲလို့ သူစဉ်းစားရကျပ်သွားပြီထင်။ ဒါပေမယ့် သစ္စာများသာ ကျွန်မဆိုခဲ့တာပါ။ စာအုပ်တွေ၊ပန်းတွေကြားမှာသာ ကျွန်မ ရှင်သန်ချင်တာ။ ညစ်တယ်လို့ သူထင်ရင်လည်း ရှိပါစေ။ “နောက်ပြီး အဲဒီအပင်တွေက ရာသီလိုက် ပန်းပွင့်တဲ့ အပင်တွေ ဖြစ်စေချင်တယ်” သူ စိတ်မဆိုးနိုင်တော့ဟန်ဖြင့် ခနိုးခနဲ့ ရယ်လေရာ ကျွန်မပါ လိုက်ရယ်မိပါတော့တယ်။ ပထမဆုံးသတိပြုမိတဲ့ သူနဲ့ ကျွန်မရဲ့ တူညီချက်များစွာထဲကတစ်ခုမှာ စိတ်ရှုပ်စရာတစ်ခု ကြုံလာရင် ရယ်ပစ်တတ်တာ ဖြစ်ပါတယ်။

အဲဒီနောက်သူနဲ့ ကျွန်မ ငြိမ်းချမ်းရေးယူလိုက်ပြီး ကလေးဏဏ္ဍမှာတော့ အကျယ်မချဲ့တော့ဘဲ လျှော့ထားလိုက်ကြပါတယ်။ ဒါပေမယ့် ပန်းချီနဲ့ ဂီတ ပေါင်းစပ်မှုမှာပင် ကျွန်မ မူးနောက်နောက်ဖြစ်သွားကာ စားစားသွားသွား ဒီစိတ်နဲ့သာ အိပ်မက်ထဲမှာပင် အရောင်တွေ အသံတွေ ရောယှက်နေခဲ့ကာ။ ဒီလောက်ညစ်ပတ်တဲ့သူ ရည်းစားနဲ့ မပြေလည်တာတောင် နည်းသေး… လို့ ရေရွတ်ခဲ့မိသည့်တိုင် သူ့ဇာတ်လမ်းအဆင်မချောတာ ကျွန်မလည်း မထောင်းသာပါ။ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ ကပ်ဖိုးကပ်မဲ့ ရစ်လေရာ။

“နေပါဦး။ နင်တို့ မိန်းကလေးတွေက ဘာလို့ ပန်း … ပန်းဆိုပြီး ဖြစ်နေရတာလဲ” အင်… သင်ခန်းစာ။ ဆွေးနွေးမှုနဲ့လည်း မဆိုင်ပါဘဲ။ ဒါပေမယ့် မိန်းမတွေဆိုတဲ့ ဝါးလုံးရှည်ကြီးအောက် ပါသွားပြီမို့ တုံ့ပြန်ရတော့တာပ။ ပန်း...ပန်းတွေတဲ့လား။ အာရုံမှာ ညွတ်နူးပေါ်လာရုံနဲ့တင် စိတ်ချမ်းသာလွန်းလှချည့်။ “ပန်းကို ချစ်ခြင်းမှာ လိင်အမျိုးအစား ခွဲခြားထားလို့လား... နွေဦးမှာပွင့်တဲ့ ပန်းတစ်ပွင့်ကြောင့် မင်းဝိညာဉ်ဟာ အလွန့်အလွန် အစွန်အဖျားတိုင်အောင် ဘယ်တုန်းကမှ ရင်ဖိုမပျော်မြူးခဲ့ဖူးဘူးဆိုရင် မင်းဝိညာဉ်ဟာ ဘယ်တုန်းကမှ မပွင့်ဝေခဲ့ဖူးဖြစ်လိမ့်မယ် … တဲ့ အာဒ်ရာ ဖိုဘီယို အယ်လ်ဘာက ပြောတယ် ” အရှည်ကြီးပြောလိုက်ရပေမယ့် သူ့အကြည့်က အရောင်ပြောင်းမလာပါ။

သူက ပန်းတရားကို နာချင်တာ မဟုတ်ဘဲ သူ့ကောင်မလေးအစား ကျွန်မကိုသာ ရန်ရှာချင်တာမို့ မဲ့ပြုံးနဲ့ “ဒီနိုင်ငံမှာ နွေဦးမှ မရှိတာ” လို့ ကတ်သတ်ပြောပါတယ်။ တော်သင့်ပြီ။ အိပ်ချင်ယောင် ဆောင်နေသူကို နှိုးဖို့ အချိန်လည်း မရှိတာကြောင့် လေပြေလမ်းကိုပဲ လိုက်သင့်ရဲ့။ “နင်မကြိုက်လည်း ငါ့အိမ်လေးမှာ သရက်ထည်ပန်းလေး ထည့်ပေးနော်။ သူ့အဓိပ္ပါယ်က သဘောတူညီမှု၊ ပေါင်းစည်းထားတဲ့ နှလုံးသားများ။ ဝိညာဉ်များတဲ့။သာယာတဲ့ အိမ်ထောင်ရေးလေးပေါ့ ” လို့ ပြောရင်း ရယ်ချင်ရိပ်ကို မမြိုသိပ်နိုင်ဖြစ်လာတဲ့အခါ သူလည်း မပွင့်တပွင့်ရယ်ကာ “အဲဒါ ဥယျာဉ်ထဲမှာ စိုက်တဲ့ပန်းပင်မဟုတ်လား။ င့ါကို ဒုက္ခပေးတာ များနေပြီ” တဲ့။ 

“ပန်းအဓိပ္ပါယ်ကတော့ တကယ်ပါ။ပြီးတော့ အရောင်စုံပွင့်တဲ့ ပန်းတွေနဲ့ အိမ်လေးကလည်း ငါ အတည်ကြံတာပါ ။ ငါ နေချင်လွန်းတဲ့ ရပ်ဝန်းလေးကို နင် ဖန်တီးပေးနိုင်မယ်ဆိုတာလည်း တကယ်ယုံတာပါ ” လို့ ကျွန်မ အမှန်ဆိုမိလေရာ သူ့မျက်နှာထား တည်ငြိမ်သွားပါတယ်။ “အသေအချာပေါ့” လို့ သူရေရွတ်ရင်း ကျွန်မမျက်ဝန်းထဲ တည့်တည့်စိုက်ကြည့်ကာ “ ငါနေချင်တဲ့အိမ်ခန်းကို နင်ဖန်တီးပေးနိုင်မယ်လို့ ငါလည်းယုံပါတယ် ” တဲ့။ ရင်ခုန်နှုန်း လှုတ်ခတ်သွားခဲ့တာ သူပေးတဲ့ နားလည်မှုကြောင့်လား။ ကျွန်မ မသိပါ။ သူရဲ့ ယုံကြည်မှုက ကျွန်မရဲ့ နှလုံးသွေးကြောမျှင်တွေကို ပူးချည်လိုက်တာလား။ ကျွန်မ နားမလည်ပါ။ သေချာခံစားမိတာက အာရုံမှာ နှင်းဆီရနံ့တွေ သင်းပျံဝေ။

အဲဒီနေ့ကစလို့ ကျွန်မရဲ့ အိပ်မက်အိမ်လေး လင်းဖြာခဲ့တာ။ သူဆီက “ကောင်းတယ်။ နင့်ဆွဲတဲ့အိမ်လေးကို ငါကြိုက်တယ်” လို့ ကြားရတိုင်း ပီတိအဟုန်နဲ့ ဘယ်လိုပင်ပန်းမှုမှ အရိပ်မထင်နိုင်အောင် ဖြစ်ကာ သူ့အိမ်လေးကို ရသလှလှ အချိုးမျှမျှဖြစ်အောင် ဖန်းတီပေးနိုင်ခဲ့ပေမယ့် သူကတော့ ကောင်မလေးပြဿနာတွေ ရှုပ်ပွေကာ ကျောင်းစာကို မျက်နှာလွှဲနေတာမို့ ကျွန်မရဲ့ အိမ်လေးမှာ ပီပြင်မလာခဲ့ပါ။ ကျွန်မ မနေသာတော့ဘူးလေ။ “ နင် plan ဆွဲပြီးရင် ငါ့ကို ပေးလေ။ ငါ 3D ဆွဲပေးမယ်။ အချိန်ရရင် render လည်း လုပ်ပေးမယ် ” လို့ ဆိုကာ ကူညီပါရစေလို့ ကမ်းလှမ်းရလေပြီ။ သူ အရမ်းပျော်သွားပုံနဲ့ ထိုင်နေရာက ဝုန်းကနဲထကာ ကျွန်မကို လှမ်းဖက်တော့မယ်ဟန်ပြင်တာမို့ ကျွန်မ ကြောက်ရွံတကြားရှောင်လိုက်ရာ သူရယ်လို့မဆုံးနိုင်ပဲ ကျွန်မ ဦးထိပ်ကို လက်သီးဆုပ်နဲ့ ဖွဖွထုကာ “နင် အရမ်းလိမ္မာတယ်။ ရေခဲမုန့်ဝယ်ကျွေးမယ်”တဲ့။ 

ထိုနေ့ကစလို့ သူငယ်ချင်းတွေဖြစ်ခဲ့တာမို့ ဝတ္တရားကျေအောင် ကျွန်မဖက်က ကြိုးစားထားလည်း သူကတော့ ညှာတာမှုလေး ကျိုးတို့ကျဲတဲသာ ပြန်ပေးခဲ့တာရယ်။ ကျွန်မမှာ တခြားဘာသာရပ်က အလုပ်သင်ခန်းစာတွေကို ပစ်ကာ သူနဲ့အတူ စာကြည့်တိုက်၊Mac Donald ဆိုင်တွေကို ကိုယ့်ကွန်ပျူတာကိုယ်ဆွဲသွားလို့ ပုံဆွဲကူပေးပေမယ့် သူ့အပြုံးတွေက ခေါင်းပါးလွန်းနေတာ။ ဆိုးရွားလှချည့်လို့ ကျွန်မ မတွက်ဆခဲ့ပါ။ အဆိုးဆုံးတစ်နေ့က သူ့ရက်စက်မှုကိုပင် ကျွန်မတို့နှစ်ယောက်ရဲ့ ချည်နှောင်မှုခိုင်မြဲရဲ့လားလို့ ကံကြမ္မာက မိုးကြိုးလျှပ်ပြက်ကာ စမ်းသပ်ခံလိုက်တာလို့သာ မှတ်ယူထားခဲ့ပါတယ်။

ကောင်းကင်မည်းမည်းအောက်ရောက်ခဲ့တဲ့ ထိုတစ်နေ့ကပေါ့ သူ့ကောင်မလေးနဲ့ ပေါက်ကွဲလာမှန်းသိပေမယ့် ရင်ဖွင့်ခွင့်ပေးရအောင် အချိန်လည်း မရှိတာမို့ မသိချင်ယောင်ဆောင်ကာ သူပြောသမျှကိုသာ ကျွန်မအာရုံစိုက် ပုံဆွဲနေခဲ့ပါတယ်။ ဒါပေမယ့် ဒေါသတွေဖွင့်ထုတ်ရာ ရှာနေတဲ့ သူက ကျွန်မအပေါ် ရက်စက်ခဲ့လေတာ။ ကျွန်မ ဆွဲပေးတဲ့ပုံမှာ သူလိုချင်တဲ့အရောင်နဲ့ အလင်းမရတဲ့အခါ ကျွန်မကို မညှာမတာအော်ခဲ့လေရဲ့။

အမြင်အကြားအာရုံ ပျောက်ရှသွားလောက်အောင် ဝန်းနည်းထုံကျင်သွားတာ။ ထိုစဉ်ခဏ စက္ကန့်ပိုင်းလေး ကျွန်မ သေဆုံးသွားခဲ့လေသလား။ ကျွန်မ မသိတော့။ သူ ချက်ချင်း အနူးအညွတ် ပြန်လည်တောင်းပန်ပေမယ့် ရင်ထဲစူးနင့် ဆွံ့အကာ စကားမပြန်နိုင်တော့။ ရှက်စိတ်နဲ့ ဝမ်းနည်းနာကျင်။ ဒါပေမယ့် မာနတွေကျိုးကျေနေလည်း သူ့အပေါ် နာကျည်းမှု တမျှင်ပင် မသက်ရောက်နိုင်သူမို့ အမှတ်သည်းခြေနည်းစွာ မျက်လည်စက်လက်နဲ့ သူလိုချင်တဲ့ပုံရဖို့ ညမအိပ်ဘဲ ဖြစ်အောင်လုပ်ပေးခဲ့တာ သူဘယ်တော့မှ မသိနိုင်တော့ဘူး ထင်ခဲ့ပေမယ့် သူဖော်ထုတ်နိုင်ဖို့ အကြောင်းဖြစ်လာရဲ့။
..................
ပန်းစကား (ခ) 
ပွင့်ချပ်တစ်လွှာရဲ့ အစွန်ဖျားမှာ အချစ်စောင့်နေတယ်။ 
ဝီလျံ ကာလို့စ် ဝီလျံစ် 

နောက်တစ်နေ့နံနက်စောစောမှာ သူဖုန်းဆက်ကာ လာတွေ့မယ်လို့ ဆိုတဲ့အခါ ညနေကျမှ ကျောင်းမှာ တွေ့မယ် ပြောလည်း လက်မခံဘဲ တိုက်ခန်းရှေ့ကို သူရောက်လာခဲ့ပါတယ်။ကျွန်မကပဲ ပျော့ညံ့လွန်းတာလား။ သူကပဲ တော်လွန်းတာလား။ ငိုလည်းငိုထား ညလည်း အိပ်မထားရလို့ ခေါင်းကိုက်နေသူ ကျွန်မရဲ့ စိတ်ရောကိုယ်သာမက အနာဂါတ်ပါ လန်းဆန်းကြည်လင်စေအောင် သူစွမ်းဆောင်နိုင်ခဲ့တာ။ အိမ်ထဲ အလည်ခေါ်ပေမယ့် မလာဘဲ အိမ်ရှေ့ လူသွားလမ်းမှာပဲ ရပ်ကာ လက်တစ်ဖက်ကို နောက်ပစ်လျက် အရှက်သည်းနေဟန် မျက်နှာရဲရဲနဲ့ နှင်းဆီပန်းတစ်စည်း ကျွန်မကို လှမ်းပေးပါတယ်။

ကျွန်မ မယူဘဲ အင်တင်တင်ကြည့်နေမိတော့ သူက “ပန်းက ဆယ့်ငါးပွင့် ။ ဘာသာဗေဒက ငါအရမ်းကို ဝမ်းနည်းပါတယ်တဲ့ ” လို့ အသံလေး တိုးရှရှနဲ့ ဆိုတာမို့ အားနာနာနဲ့ လှမ်းယူခိုက် သူက “ တောင်းပန်ပါတယ် ငါ့ကို ခွင့်လွှတ်ပါ” တဲ့ ။ မလိုပါဘူး။စေတနာဆိုတာ အလျော်အစားမလိုဘူးပဲ။သူ့ကို အပြစ်လို မူလကပင် မမြင်ခဲ့သူမို့ “ကိစ္စမရှိပါဘူး” လို့သာ ပြေရာပြေကြောင်းပြောခဲ့တာကို သူ့ဖက်က ကျွန်မ မကျေအေးနိုင်ဘူးလို့ ယူဆသွားခဲ့လေသလား။အလုပ်ထဲရောက်ပြီး သိပ်မကြာခင် ဧည့်ကြိုကောင်တာက လာခဲ့ပါလို့ ခေါ်တော့ ဘာပါလိမ့် ဆိုပြီး ရောက်သွားတော့ ပန်းတစ်စည်းက စောင့်ကြိုနေခဲ့တယ်လေ။ ဆယ့်တစ်ပွင့်ရှိတဲ့ နှင်းဆီစည်းလေးမှာ အတူယှဉ်တွဲထားတဲ့ ကဒ်ပြားလေးမှာ သူ့လက်ရေးလေးနဲ့ “ ဒီပန်းစည်းရဲ့ ဘာသာစကားကတော့ မင်းဟာ ငါတန်ဖိုးထားရသူပါ” တဲ့။ 

ဝမ်းသာလိုက်တာ။ ကြည်နူးအဟုန်နဲ့ ညနေမှာ သူနဲ့ဆုံတော့ ပြုံးလို့မဆုံးနိုင်အောင်ရှိဆဲ သူက မျက်နှာတည်တည်နဲ့ “ ဒီလောက် ပျော်မနေသင့်ဘူး”ဆိုတော့ ရှက်စိတ်နဲ့ ကြေကွဲသွားခိုက် သူက ဖွက်ယူလာတဲ့ နှင်းဆီကိုးပွင့်ပါ ပန်းစည်းလေး ပေးကာ ပန်းစည်းရဲ့ ဆိုလိုရင်းဖြစ်တဲ့ “ ငါတို့ အသက်ရှင်သရွေ့ အတူတကွရှင်သန်မယ်”လို့ ပြောလေတာ။ စကားတစ်ခွန်းဟာ လူတစ်ယောက်ကို သေစေနိုင်သလို ရှင်သန်ထမြောက်အောင်လည်း လုပ်စွမ်းနိုင်တယ်ဆိုတာ ကျွန်မ လက်ခံလိုက်ရပြီ။ နားလည်ပေးပါလေ။ ပန်းကလေးတွေကျေးဇူးနဲ့ သေရာပါပျော်ရွှင်မှုကို ပွေ့ပိုက်ဖူးတယ်လို့ ဆိုရင် ကျွန်မ မလွန်နိုင်ပါဘူးနော်။ တကိုယ်လုံး ပူနွေးသွားတာ တိမ်တွေပေါ် လမ်းလျှောက်နေရသလိုလို။ တစ်နေ့တည်းမှာ သူ့ဆီက ပန်းပန်းသုံးစည်းရတာမို့ ကြည်နူးလွန်းလို့ ကျွန်မ ဟက်ဟက်ပက်ပက်ရယ်မိလေပြီ။ သူ့ကလည်း စိတ်ပျော်ရွှင်ချမ်းသာပုံနဲ့ ပြုံးကြည်လို့။ 

ဒါပေမယ့် ခုလို နေခြည်ဖြာရွှန်းလဲ့ကာ စိတ်ချင်းညီနေကြတာကို ကြည့်လို့ ကျွန်မတို့ နှစ်ဦးအသွင်တူခဲ့ကြပြီ မထင်စေချင်ပါဘူး။ “စိတ်ပုတ်လိုက်တာ။ အဆိုးမြင်လိုက်တာ။ တစ်ကိုယ်ကောင်းဆန်လိုက်တာ။ ဘဝင်မြင့်လိုက်တာ” လို့ ကျွန်မက သူ့အပေါ် နှုတ်ထွက်ပွင့်လင်းသလို သူကလည်း “ စိတ်ကူးသိပ်ယဉ်တယ်။ မရင့်ကျက်ဘူး။အရှုံးပေးလွယ်တယ်။သိပ်စိတ်ပျော့တယ် ” လို့ ကျွန်မကို အားမနာတမ်းဆိုနေဆဲ။ ဒါပေမယ့် တစ်ယောက်အရိပ်ပျောက်ရင် တစ်ယောက်က အသက်ရှုမဝသလို ခံစားရပုံမျိုးနဲ့ ခြေလှမ်းတွေထပ်တူကျအောင် ကြိုးစားနေမိဆဲမှာပင် မျက်ဝန်းချင်းဆုံမိရင် နှစ်ဦးလုံး ခြေလှမ်းရုပ်မိမြဲ။ ဘာဖြစ်လို့ပါလိမ့်။ သူ့ဇာတ်လမ်းလေးလည်း ရှင်းသွားပြီမို့ ကျွန်မတို့နှစ်ဦးကြားဘာတံခါးမှ မရှိသလို မမြင်ရတဲ့ စည်းတွေလည်း ခြားမနေပေမယ့် ဆက်လက်ဝေးနေကြဆဲဖြစ်ပါတယ်။ 

...................
ပန်းစကား (ဂ) 
အချစ်ဆိုတာ ကျွန်မ မထိတွေ့ဖြစ်လိမ့်မယ့် ပန်းလှလှလေးနဲ့ တူပါတယ်။ ဒါပေမယ့် သူ့ရဲ့မွေးကြိုင်သင်းပျံ့မှုက သာယာကြည်နူးဖွယ်ရာ ပန်းဥယျာဉ်နေရာလေးတစ်ခုလို ဖြစ်စေပါတယ်။ 
ဟယ်လ်လင် ကဲလား 

“နင်တို့ ချစ်နေကြတာ သေချာတယ် ဘာလို့ ရှေ့မတိုးကြတာလဲ ” မေးလာတိုင်း သူပေးခဲ့ပန်းတွေပြန်မြင်ကာ ကျွန်မ ပြုံးလို့သာနေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မ မဖွင့်ဆိုတတ်ပါ။ ပတ်ဝန်းကျင်ကလည်း ကျွန်မတို့ကို နားမလည်ကြပါ။ သူကကော။ သူက… “ မင်းက ငါ့ရဲ့ soulmate ” လို့ တရားဝင်ဆိုလေရဲ့။ ကျွန်မတို့ အကြိုက်တွေ ဘယ်လိုပင်ကွဲပြားပါစေ အတွေးတွေ ထပ်တူညီကြတာ။ ညှိစရာမလိုအောင် နှစ်ဦးစလုံး နားလည်ပြီးသား ဖြစ်နေတာတွေကြောင့်လား။ စိတ်တူညီအဖော်ဆိုတာ ဖြူစင်တဲ့သူငယ်ချင်းကြားတွင်လဲ ရှိတယ်ဆိုတာ သူရော ကျွန်မပါ နားလည်ထားကြတယ်လို့ တစိမ်းသူတွေကိုဖွင့်ဟမိရင်တော့ အဟားခံရလေပြန်တာ။

ကျွန်မ ရှင်းလင်းဖို့မကြိုးစားတော့ပါ။ ကျွန်မ အငိုခက်လောက်အောင် စကားတတ်တဲ့သူကတော့ “ တစ်ချို့ပန်းတွေဟာ ပင်မြင့်မှာ ထားမှသာ လောကအလယ် တင့်တယ်ပြီး သက်တန်းရှည်ကြတယ်” တဲ့လေ။ ရူးလိုက်တာလို့ စကားတင်းဆိုကြလည်း လျစ်လျူရှုနေချင်တော့။ သူဘယ်သူလဲဆိုတာ ကျွန်မကလွဲပြီး ဘယ်သူမှ မပြောနိုင်။ ပန်းချစ်သူတွေကို ကြည့်မရဟု ပြောဖူးခဲ့တဲ့သူက “မင်းဟာ ငါ့ရဲ့တစ်ဦးတည်းသာ” လို့ ဆိုလို့တဲ့ နှင်းဆီ ၁၀၁ ပွင့်ကို လူဘုံအလယ် ဆောင်ကြဉ်းလာခဲ့စဉ်တည်းက ကျွန်မရဲ့အမြင်တွေ ချိုမြခဲ့ပြီလေ။ လူတွေက ကျွန်မကို အမှန်ကို မမြင်နိုင်တော့ဘူးလို့  ဆိုကြလည်း တကယ်တော့ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ ရှိခဲ့တာ ဖြစ်ရဲ့။ ကျွန်မရဲ့ ထိုမွေးနေ့လေးက စလို့ပေါ့။ ပန်းပွင့်ချပ်တွေကို တစ်လွှာချင်း ထိတွေ့ကာ ကျွန်မ အသစ်မွေးဖွားလာခဲ့လေပြီ။ ရင်နဲ့ရင်းပြီး ပထမဆုံး နားလည်ခဲ့တာက ကျွန်မ ရှင်သန်တတ်ခဲ့လေပြီ ။ 

ထိုစဉ်ကစလို့ ဘေးဘီငဲ့ကြည့် နောက်ဆုတ်စဉ်းစားစရာမလိုတဲ့ ယုံကြည်မှုတွေ ပွေ့ပိုက်ကာ အချစ်တစ်ခုကို သိမြင်ခဲ့တာ။ အနီးဝန်းကျင်က လူသူတွေထင်ကြသလို ကျွန်မ အမိုက်မဲဆုံးဆိုတာလည်း ဖြစ်ချင် ဖြစ်လိမ့်။ ကျွန်မ ဘယ်သူလဲဆိုတာလည်း သူက လွဲပြီး ဘယ်သူမှ နားမလည်နိုင်။ “တစ်ချို့ပန်းတွေကို တန်ဖိုးထားမြတ်နိုးလွန်းလို့ ထိနမ်းမဝံ့အောင် ဖြစ်တတ်ပါတယ်” လို့ သူဆိုတဲ့အခါ သူနဲ့ သဘောညီဖို့ ကြိုးစားပါဦးမယ်။ သူ အပ်နှံထားတဲ့ ချည်နှောင်မှုကို သိမ်းဆည်းထားပါဦးမယ်။ သူဖွင့်ပြခဲ့တဲ့ ကြယ်ကြွေကောင်းကင်ရဲ့ အလှကို ကျွန်မ မြင်အောင်ကြည့်ပါဦးမယ်။ မလဲပြိုမကျိုးပဲ့နိုင်တဲ့ ချစ်ခြင်းနဲ့ သူပေးတဲ့ အဖြူရောင်ပန်းလေးတွေကို ကျွန်မ မြတ်နိုးပူဇော်ပါဦးမယ်။

သူစိတ်ချမ်းသာတယ် မဟုတ်လားကွယ်။ ချစ်သူများနေ့မှာ သူ့ဆီက နှင်းဆီနီနီမရတဲ့အခါမှာ ကျွန်မ မျက်နှာမညိုပါဘူး တကယ်။ ချစ်သူကြင်ဖက်ချင်းသာ မဆိုလို နှလုံးသားနဲ့ တွေ့ထိမိတဲ့ မိဘဆွေမျိုးသူငယ်ချင်းတွေကိုလည်း ဘယ်လောက် တန်ဖိုးထားကြောင်း ရင်ဖွင့်ပြနိုင်တဲ့ ချစ်သူများနေ့မှာ သူ့ဆီက အဖြူရောင်ပန်းလေး တစ်ပွင့်တစ်လေကို ကျွန်မ ကြိုလင့်ပါဦးမယ်။.........။ 

မယ်ကိုး
idea magazine ; February, 2010

 
(valentine's day အမှတ်တရ စာမူလေးရေးဖြစ်အောင် flower theme ပေးခဲ့တဲ့၊ခေါင်းစဉ်ရွေးပေးခဲ့တဲ့ မမ မနော်ဟရီအား အထူးကျေးဇူးတင်လျက် ...)  

13 comments:

Anonymous said...

မမမယ်ကိုးရေ..
romatic ဖြစ်လိုက်တာ ရေးထားတဲ့ ပုံစံလေးက..
အဓိပ္ပါယ်ကို နားလည်ပေမယ့် ဖွင့်ဆိုရ ခက်တဲ့ ချစ်သူမျိုးပေါ့..
ပန်းချစ်သူမမ ပျော်ရွှင်ပါစေ..
ချစ်တဲ့
အိမ်မက်

saw thin mya hlaing said...

ပျော်ရွှင်ဘွယ်စာလေးတစ်ပုဒ် မို့ ကြည်ကြည်နူးနူးလေး ခံစားသွားရတယ်

မင်းနေဝေး said...

တွေးတော့ တွေးနေတယ် ...
အချစ်ကို ထိတွေ့မိပြီးမှ နောက်တစ်ခါ ကိုင်တွယ်ဖို့ မ၀ံ့မရဲဖြစ်နေသလိုခံစားမိတယ် ... သံပုရာသီးကို စားမိသလိုပေါ့ ... ရုတ်တရက်မထင်မှတ်ပဲစားလိုက်မိတယ် ... ချဉ်သွားတယ် ...

သိင်္ဂါကျော် said...

ချစ်စရာ ကောင်းတဲ့ စာလေး..
သဘောကျတယ်.. :)

အမရာ said...

နောက်တခေါက် ထပ်ဖတ်သွားတယ်..
ကြိုက်လွန်းလို့....

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

14 ရက်နီးပြီး မိကိုးရေ....
ပို့စ်လေးက အသက်ဝင်လွန်းတယ်

ကိုယ်လည်း ကောင်မလေးတစ်ယောက်ကို လက်ဆောင်ပေးဖို့ကြိုးစားအုံးမယ်းP

Junemoe said...

သိပ်ချစ်စရာကောင်းတဲ့ ချစ်သူများနေ့ အမှတ်တရ ပို့စ်လေးပါပဲ အမရေ။
ဖတ်ရင်းနဲ့ ကြည်နူးရသလေး ခံစားမိတယ်။
အရမ်းနှစ်သက်တယ်။

ခင်မင်လျက်
Junemoe

Anonymous said...

ချစ်ခြင်းမေတ္တာကို ပေါ်လွင်စေတဲ့ အရေးအသားကောင်းတဲ့ စာလေးမို့ ၃ခေါက်ရှိပြီ လာဖတ်တာ။း)

ဂျူ

သတိုး said...

ကျွန်တော် တစ်ယောက်တည်း အနေနဲ့တော့ ဇာတ်သိမ်းကို သိပ် သဘောမကျဘူး။ သို့သော်လည်း တော်ထူးထက်မြက်လွန်းတဲ့သူတွေ၊ စိတ်ကူးဆန်းဆန်းရှိတဲ့ ဇာတ်ကောင်တွေဆိုတော့ ကိုယ်က ထပ်တူ နားလည် မပေးနိုင်တာလည်း ဖြစ်မှာပေါ့။
ဆရာမရဲ့ စကားပြေကိုတော့ လုံးဝ နှစ်သက်တယ်ဆိုတာ ထက် ပိုတယ်ဗျ။
ဆရာမရဲ့ တချို့ စာတွေ ကူးယူ သိမ်းဆည်းခွင့် ပြုပါ ဆရာမ ခင်ဗျာ။
လေးစားသော...
သတိုး

မယ်ကိုး said...

စာလာဖတ်ပေးတဲ့ ညီမလေး အိပ်မက်၊Ma saw thin mya hlaing၊ ကိုမင်းနေဝေး၊မသိင်္ဂါကျော် ၊ချစ်မလေး အမရာ၊ Ma Junemoe ၊ကိုဘကြိုင်(ချဉ်ပေါင်ခြံ) ၊ ဂျူ၊ ကို သတိုး တို့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။

ကျွန်မကို ဆရာမလို့ နာမ်စားသုံးသွားတဲ့ ၊ စာတွေကူးယူခွင့်တောင်းတဲ့ ကိုသတိုးကိုလည်း စာများကို ကူးယူနိုင်ပါကြောင်း၊ နာမ်စားအတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောပါရစေရှင်။
မေတ္တာများဖြင့်...
မယ်ကိုး

လသာည said...

ဖတ်ပြီးတော့ ကြည်နှုးကျန်ခဲ့တယ်။

လွမ်းလျှက်..
မမ

nyein said...

အရမ်းကောင်းပါတယ်

ရိုးမြေကျ said...

ဒီဝတ္ထုလေးကို print အနေနဲ့ ဖတ်ခဲ့ဖူးတယ်။ ဒါပေမယ့် မယ့်ရေးတာမှန်း သတိမထားခဲ့မိတာ။ ခုပြန်ဖတ်တော့လဲ အဆုံးထိ ရင်ကို လှုပ်ခတ်အောင် ဆွဲခေါ်သွားပါတယ်။
အော် ဒါနဲ့ မယ့်လုံးချင်းစာအုပ်လေး လူကြုံနဲ့ မှာထားတာ ရပြီ။ ဒါပေမယ့် စာအုပ်က လက်ထဲတော့ မရောက်သေးပါဘူး။