15 February 2012

ဝင်ကစွပ်ရဲ့ ပျော်ရွှင်မှု

 အကြောင်းမကြားဘဲ သူမ ရုတ်တရက်ရောက်လာတာကို အလိုမကျပေမယ့် စိတ်ထဲမှာတော့ သက်တောင့်သက်သာဖြစ်သွားပါတယ်။ ကျွန်မရဲ့ ဧည့်ခန်းက အနည်းငယ်ရှုပ်ပွနေပေမယ့် ခမ်းနားတုန်း၊ ကျွန်မက အလှပြင်ဆင်မထားပေမယ့် သပ်သပ်ရပ်ရပ် ကျော့ကျော့မော့မော့ရှိနေတုန်းရယ်။ ဒါဟာ ပိုကောင်းတယ်လို့ တွေးလိုက်မိရဲ့။ သူမကတော့ ကျွန်မအိမ်က ဘယ်လိုလှကြောင်း၊ ကျွန်မက ဘယ်လိုချောကြောင်း ချီးကျူးနေတာပေါ့။ ဒါကတော့ သူမရဲ့ စိတ်ကျေနပ်အောင်လုပ်တတ်တဲ့ အကျင့်မှန်းသိလည်း နှစ်လိုမိတာပါပဲ။ ကျွန်မကလည်း သူမ အရင်လို လှဆဲလို့ ပြန်ပြီး ပြောဖြစ်ပါတယ်။ တကယ်ပဲ သူမဟာ လွန်ခဲ့တဲ့လေးငါးနှစ်ကလို နုပျိုဆဲ ကြည့်ကောင်းဆဲပါ။ ဒါပေမယ့် ကျွန်မပြောချင်တဲ့ အကြောင်းကို သူမ လမ်းဖွင့်မပေးတာကြောင့် ခိုးလိုးခုလုဖြစ်မိတာ။

အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး သူမ မမေးသေးဘူး။ ဒါကြောင့် ကျွန်မက “ အပျိုကြီးတော့ အားအားရှိ ဝေလေလေ လုပ်နေတာပဲလား” လို့ သာသာလေးနှက်လိုက်ပါတယ်။ သူမက ရယ်ပြီး “ဟုတ်တယ် ငါက ရိုလာကိုစတာ စီးရတာ အခုထိကြိုက်တုန်း ။ ရိုးရှင်းငြီးငွေ့ရတာ သိပ်မုန်းတယ်။ ငါက တစ်ချိန်လုံး အသည်းတထိတ်ထိတ်နဲ့ ရင်ဖို စိတ်လှုပ်ရှားချင်တာ။ အဲဒီလို ဘာမှမတွေးဘဲ အကြောက်နဲ့ရဲရတာ ပျော်စရာကြီး သီတာ။ အဆောင်မှာ ငါတို့တွေ သရဲကားကြည့်ကြတာတွေ မှတ်မိတယ် ။ နင်က မျက်စိမှိတ်ထားတယ်။ ငါက ကြောက်ကြောက်နဲ့ ကြည့်တယ်။ ပြီးတော့ ငါက တစ်လလုံး အိပ်မရဘူး …” လို့ ဆိုပြီး တဟားဟားနဲ့ ဆက်ရယ်နေတယ်။ဒီလိုပဲ သူမရဲ့ စကားတိုင်းဟာ ဝေ့လည်ကြောင်ပတ်နဲ့ အနက်ကို စဉ်းစားယူရတာတွေကို ကျွန်မ မကြိုက်ဘူး။ အဲဒါကြောင့်ပဲ သူမနဲ့ ကျွန်မဟာ တစ်ဆောင်ထဲနေခဲ့ပြီး၊ အခင်ဆုံးသူငယ်ချင်း မဖြစ်ခဲ့ကြတာ။

အရှင်းဆုံးပြောရင် ကျွန်မ သူမကို နားမလည်ဘူး။ သူမရဲ့ တွေးခေါ်ပုံတွေ၊ လုပ်ဆောင်ပုံတွေ၊ အခု သူမ ပြင်သစ်သွားမယ်ဆိုတာက အစ နားမလည်နိုင်ပါဘူး။ ဒါကြောင့် “နင်က ဘာလို့ သွားမှာလဲ” လို့ ရှင်းရှင်းပဲ စပ်စုလိုက်တာ။ “ ပြင်သစ်ဆိုတာ အရင်တုန်းက အမေရိကန်တွေ အပန်းဖြေထွက်တဲ့နေရာ၊ နောက် ဂျပန်တွေ ၊ ဟော အခု တရုတ်တွေ။ ပြင်သစ်မှ မရောက်ဖူးဘဲ။ ငါမသေချင်ဘူး။ စိန့်ဂျာမိန်းဆိုတဲ့လမ်းမှာ လမ်းလျှောက်မယ်။ အဲဒီလမ်းမကြီးဘေး လဟာပြင်မှာရှိတဲ့ ကော်ဖီဆိုင်တွေမှာလာထိုင်တဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ပန်းချီဆရာတွေအကြားမှာ ကော်ဖီသောက်မယ် ။ လုဖ်ပြတိုက်ကစပြီး စုံအောင်သွားမယ်” လို့ သူမက ပြုံးစစဖြေတယ်။ သူမပြောတဲ့ နေရာတွေကို ကျွန်မတစ်ခါမှ စိတ်ကူးမယဉ်ကြည့်ဖူးဘူး။ စဉ်းစားကြည့်ပါဦး။ လမ်းပေါ်ကလူတွေက ဘယ်သူများ ဗင်းဆန့်ဗင်ဂိုးတို့ လီယိုနာဒိုဒါဗင်ချီတို့ကို အရေးတယူလုပ်နေလို့လဲ ။ ကျွန်မရဲ့လက်ကိုင်အိတ်ကိုပဲ တမက်တမောကြည့်ကြတာမဟုတ်လား။


“ခုခေတ်စားနေတဲ့ နယူးဇီလန်ပဲ သွားတာမဟုတ်ဘူး။ ရှုခင်းတွေလှမှလှ။ ဓာတ်ပုံရိုက်လို့ကောင်းမှကောင်း။ ငါတို့ သွားတုန်းက facebook မှာ ပုံ ၁၀၀ကျော် တင်လိုက်ရတယ်” လို့ ပြောပြီး ကျွန်မရယ်တော့ သူမကလည်း လိုက်ရယ်တယ်။ စိတ်ထဲလည်း ပေါ့ပါးသွားသလိုပဲ။“အေးလေ…ဘာပဲဖြစ်ဖြစ် နင်သွားတော့လည်း ငါမှာလို့ ရတာပေါ့” လို့ ဆိုပြီး ကျွန်မရေးထားတဲ့ အမှာပစ္စည်းစာရင်းနဲ့ သူမအတွက်လက်ဆောင်ကို ပေးလိုက်တယ်။ သူမက စာရင်းကို ကြည့်ပြီး “နင်က brand ရဲ့ code number တွေ ရေးမထားပါလား။ ငါ ကြိုက်တာ ဝယ်လိုက်ရမှာလား” လို့ မေးတော့ “အေး၊ဟုတ်တယ်၊ နင်က အမြင်ရှိတယ်လေ” လို့ မြှောက်ပြောလိုက်တယ်။ တကယ်ပဲ သူမက ဟန်ပန်နဲ့ပြင်ပြင်ဆင်ဆင်မရှိ ဝတ်ချင်သလိုဝတ်တတ်ပေမယ့် ဖက်ရှင်ရေစီးကိုတော့ တော်တော်နားလည်တာ။

သူမက “ပြီးရောလေ” လို့ ပြောပြီး “နင် သိပ်ချမ်းသာပါလား သီတာ၊ နင်ယောက်ျားအရတော်တယ်” လို ဆိုတော့မှ ကျွန်မ စိတ်ချမ်းသာသွားပြီး တဟင်းဟင်းရယ်မိတယ်။ ဒီစကားကို ကျွန်မအကြားချင်ဆုံးပဲလေ။ ဒါပေမယ့် သိပ်မဏ္ဍပ်တိုင် တက်လို့ မဖြစ်သေးပါဘူး။ “ဒီလိုပေါ့ဟာ သိတယ်မဟုတ်လား။ ကိုယ့်ကို ခုထိချစ်အောင်လည်း နေရတာပေါ့။ အခုခေတ်ကောင်မလေးတွေက မလွယ်ဘူးဟ” လို့ သူ ကျွန်မကို ချစ်နေတုန်းပဲ ဆိုတာလေးပါ ထည့်ပြောရင်း ကြားကောင်းအောင် ဆိုရသေးတာ။ ကျွန်မ မမျှော်လင့်ထားတာက သူမ မျက်နှာပျက်သွားတာပဲ။ “ အင်းနော်။ လူတစ်ယောက်ရဲ့ အချစ်ကို ထာဝစဉ်မြဲအောင်လုပ်ထားရတာ မလွယ်ဘူးနော်” လို့ ကျွန်မကို မကြည့်ဘဲ တိုးတိုးပြောတာ။

ကျွန်မ မရည်ရွယ်ဘဲ စားပွဲပေါ်က ဗိုက်အဆီကျတယ်ဆိုတဲ့ ထောပတ်သီးဖျော်ရည်ကို ရုတ်ချည်းယူသောက်လိုက်မိပါတယ်။ ပြီးတော့ “နင် ထမင်းစားသွားလေ။ ငါ ပြင်လိုက်မယ်” လို့ ပြောပြီး စကားလမ်းကြောင်းပြောင်းလိုက်ရတာ။သူမက “ ငါ နွယ်နီတို့နဲ့ ချိန်းထားတယ်ဟ ။သွားတော့မယ် ။ နင့်ဆီတောင် လမ်းကြုံလို့ မနည်းဝင်လာတာ။ အခုရက်ပိုင်း အလုပ်ရှုပ်နေလို့လေ” လို့ ပြောပြီး ပြန်ဖို့ပြင်တယ်။ ကျွန်မသက်သာရာ ရသွားပြီး “အေး …နင် ဟိုမှာ ယူရင်လည်း ငါ့ဆီ ဖိတ်စာပို့လိုက်ဦးနော်”လို့ နှုတ်ဆက်လိုက်တယ်။ သူမက ထုံးစံအတိုင်း တဟားဟားရယ်ပြီး “အပျော်ကြံတာပါဟာ သိတယ်မဟုတ်လား” လို့ ပြောပြီး ပြုံးနေတယ်။ “ဘယ်သူလဲ သူကလား၊ နင်ကလား” လို့ သူမရဲ့ရည်စား အနောက်တိုင်းသားကို ရည်စူးပြီးမေးတော့ သူမက “နှစ်ယောက်စလုံး” လို့ ပြောပြီးရယ်ပြန်တယ်။ 

ကျွန်မက “ဒီအသက်အရွယ်ရောက်နေပြီ ။ နင်က အခြေမချသေးဘူးလား” လို့ အကြံပေးသလို မာန်လိုက်တော့ သူမက ကျွန်မကို ခပ်စူးစူးလှမ်းကြည့်ပြီး “ ငါက ဒီလည်း ပြန်လာချင်မှ လာတော့မှာ၊ ဟိုမှာ နေရင်းလည်း မတော်တဆသေချင်သေသွားနိုင်တယ်။ အဲဒါကြောင့် ငါနင့်ကို လာတွေ့တာပဲ” တည်တည်တံ့တံ့ပြောလေတာ။ ကျွန်မက အံ့သြပြီး “ နင် ဘာပြောတာလဲ” လို့ မေးလိုက်တော့ သူမက ဘာမှဆက်မပြောဘဲ ဖိနပ်ကို ဂရုတစိုက်စီးနေပါတယ်။ “ ဒီလိုလေ။ နင် မြတ်သော်ကို စိတ်ချမ်းသာအောင်ထားနိုင်တာ ငါဝမ်းသာပါတယ်။ ငါသာဆို သူ့ကို အလိုလိုက်အကြိုက်ဆောင်ပြီး နေနိုင်မှာမဟုတ်ဘူး။ သူရော ငါရော အခုနင်တို့လောက် ပျော်ရွှင်နေမှာ မဟုတ်ဘူး။ အဲဒါကြောင့် နင့်ကို ကျေးဇူးတင်ပါတယ်။”

ကြည့်စမ်း။ ဒီမိန်းမ။ ကျွန်မ ယောက်ျားကို ခုထိမမေ့သေးပါလား။ ကျွန်မ သံပန်းတံခါးကို တင်းတင်းဆုပ်ကိုင်ထားမိတယ်။ သူမက အေးဆေးသက်သာပဲ ဆက်ပြောတယ်။ “ငါ သူ့ကို လမ်းခွဲတုန်းက အသည်းကွဲပေမယ့် နင့်အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူက ငါ့ကို သစ္စာဖောက်ခဲ့သလို ၊ နင့်ကိုလည်း သစ္စာဖောက်မှာပဲလို့ ထင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တတ်တဲ့ သစ္စာမစောင့်သိတဲ့ ယောက်ျားတစ်ယောက်ဟာ တစ်သက်လုံးဒီလိုပဲ သွားမှာပဲလို့ ထင်ခဲ့တယ်။ နင်တို့ ပျော်ရွှင်နေတာ တကယ်ပဲဝမ်းသာပါတယ်။” လို့ သူမက တစ်လုံးချင်းပြောတာ။ “ကျေးဇူးတင်ပါတယ်” လို့တောင် ကျွန်မ ဟန်ဆောင်မပြောနိုင်ဘူး။ အပြုံးမျက်နှာဖုံးဟာ ချက်ချင်းပဲ ကွာကျသွားတယ်။ သူမကတော့ ကြည်ကြည်လင်လင်ပဲ ။ “ငါနင့်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ငါ သူ့ကို ဘယ်တုန်းကမှ လပ်မထပ်နိုင်ခဲ့ဘူး။ နင်သာ သူ့ကို မယူခဲ့ရင် သူနဲ့ငါဟာ ငါတို့ တကိုယ်ကောင်းဆန်လို့ ကွဲရတော့မှာ။ အဲဒါကြောင့် အမြဲကျေးဇူးတင်တယ်” လို့ ခပ်ပြုံးပြုံးပြောပြီး “ နင်မှာတဲ့ ပစ္စည်းတွေကို ငါဆက်ဆက်ပို့လိုက်ပါ့မယ် စိတ်ချ” ဆိုပြီး အေးအေးဆေးဆေး ထွက်ခွာသွားလေရဲ့။

အိမ်တံခါးဝမှာ ကျွန်မ အတန်ကြာထိုင်နေမိတာ။ ငိုနေမိသလား ။ မဟုတ်ပါဘူး။ ဒေါသထွက်လွန်းလို့ ကျလာတဲ့ မျက်ရည်တွေပါ။ ကျွန်မက သူမကို တစ်သက်လုံးနိုင်တယ်လို့ ထင်ထားခဲ့တာ။ အဲဒါကြောင့် သူမကို သနားသလိုနဲ့ လူမြင်ကောင်းအောင် သူတော်ကောင်းယောင်ဆောင်ပြီး အတင်းလုံးလို့ ပေါင်းသင်းခဲ့တာ။ အခု ကျွန်မ မနိုင်တော့ဘူးလား။ ဟင့်အင်း ။ကျွန်မ နိုင်တယ်။ ဟုတ်တယ် ။ သူမကိုယ်တိုင် ကျွန်မကို အောင်မြင်သူပါလို့ လက်ခံသွားရတာပဲ မဟုတ်လား။ မျက်ရည်သုတ်လို့ ချက်ချင်းပဲ ပြုံးလိုက်တယ်။ ပြောပါဦး။ လောကမှာ ဘာအရေးကြီးဆုံးလဲ။ လူတိုင်းက ကိုယ့်ကို မော့ကြည့်ဖို့ပဲ မဟုတ်လား။ ကျွန်မယောက်ျားက ဘယ်သူလေလို့ ပြောတဲ့အခါ လူတွေက အားကျတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ ကျွန်မ သမီးနဲ့သားအတွက် ချီးကျူးစကားနဲ့ ကျေနပ်ပျော်ရွှင်ရတယ်။ ကျွန်မ လုပ်တဲ့လူမှုရေးလုပ်ငန်းတွေက ကြည်ညိုလေးစားတဲ့အကြည့်တွေ ရတယ် ။ ဘာလိုဦးမှာလဲ။

မကြာခင်ပဲ သူ အိမ်ပြန်လာတော့မယ်။ အဲဒီအခါ “မောလာလား ကို။ ကို့မျက်နှာလေးမပြုံးရင် စိတ်မကောင်းလွန်းလို့” လို့ ပြောပြီး သူမရှိရင် အသက်မရှင်ချင်တော့သယောင် ချွဲနွဲ့လိုက်ဦးမယ်။ ဒီနည်းနဲ့သာ သူ့ကို ကျွန်မ ချုပ်ကိုင်ထားခဲ့တာ။ နောက်လည်း အသုံးတည့်မဲ့ စနစ်ပါပဲ ။ တွေးရင်းနဲ့ ပြုံးလိုက်မိတယ်။ အတွေးထဲက သူမရဲ့ သရော်တော်တော်အကြည့်ကို ဖျောက်လိုက်ရင်း ကျွန်မ အသက်ရှင်နေတာ မိသားစုကြောင့်ပါပဲလို့ အများယုံအောင်ပြောပြီး ကျွန်မကိုယ် ကျွန်မလည်း အယုံသွင်းဦးမယ်။ 

လွတ်လပ်ခြင်းဆိုတာ အထီးကျန်သူတွေ သုံးနေကျဆင်ခြေပါ။ လောကမှာ ကိုယ်မရှိရင် မဖြစ်ဘူးလို့ ပြောတဲ့၊ ကိုယ့်ကို လိုအပ်တယ်ဆိုတဲ့ ကြိုးတွေကသာ အသက်ရှင်ခြင်းကို အဓိပ္ပါယ်ရှိစေတာ မဟုတ်လား။ သူမဆီက ပစ္စည်းတွေ ပို့လာတဲ့အခါ ကျေးဇူးတင်ကြောင်းပြောရင်း ဒီအကြောင်းတွေကို မသိမသာလေးထည့်ရေးရဦးမယ်။ ကျွန်မက အားနာတတ်သူ မဟုတ်ဘူး။ ကျွန်မက ပျော်ရွှင်လိုသူ၊ ပျော်ရွှင်မှုကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အရယူမယ့်သူ ဖြစ်တယ်။အသေအချာပေါ့။ ကျွန်မ အနိုင်ရ ပျော်ရွှင်နေတယ်ဆိုတာ တစ်လောကလုံးသိပြီး လက်ခံစေရမယ်။ စိတ်ကူးယဉ်တတ်တဲ့ သူမကတော့ “ဘဝအဓိပ္ပါယ်” ဆိုတဲ့ စကားလုံးနဲ့ အခုထိရူးနေတာ သနားစရာပဲ။ တကယ်တော့ ရင်ခုန်မြန်လာတာကို ထိန်းချုပ်ထားနိုင်ပြီး “ကျွန်မ ယောက်ျားက ကျွန်မကို သိပ်ချစ်တာလေ” ဆိုတဲ့စကားကို အသံတစ်ချက်မပျက်ဘဲ အပြစ်ကင်းစင်ဟန် ပြုံးပြောနိုင်ဖို့သာ ဘဝမှာ အဓိကမဟုတ်လား။…။ 


မယ့်ကိုး
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း၊ ၂၀၁၁၊ ဒီဇင်ဘာ
Idea မဂ္ဂဇင်း ၊ ၂၀၁၂ နိုဝင်ဘာ

8 comments:

နေ၀သန် said...

ဖတ်လို့ကောင်းတယ်ဗျာ... ဖတ်ပြီးတော့ ဘယ်လိုပြောရမယ်တောာင်မသိတော့ဘူး.... ကျွန်တော်ကတော့ အနိုင်အရှုံးထက် ပျော်ရွှင်နေတဲ့ဘ၀လေးထဲမှာ ပျော်ပျော်ပဲ နေစေချင်တယ်.... ဘ၀ဆိုတာ တိုတိုလေးလေ...

ခင်မင်လျက်
နေ၀သန်

Anonymous said...

မမ...စာရေးကောင်းလိုက်တာ။ 2 ယောက်လုံးရဲ့ စိတ်ကိုဖမ်းမိဖို့ သေချာဖတ်သွားပါတယ်။

ဒါနဲ့ ထောပတ်သီးဖျော်ရည် က တကယ် ဗိုက်အဆီကျလားဟင်း)။


နောင့်

မယ်ကိုး said...

Ko Nay Wathan and nyimalay Naunt ....Thanks so much for ur kind comments .
Nyimalay Naunt.... Yes , dear . The avocado juice can reduce belly fat :)

သက်ဝေ said...

မယ့်လက်ရာလေးကို သိပ်ကြိုက်တာပဲ...
ဒီဝတ္ထုလေးကို ရွှေဒေါင်းတောင်မှာ ဖတ်ရထဲက သဘောကျမိတာ...း)

Anonymous said...

ယောကျာင်္းတွေကိုက ဒုတိယ မိန်းမ မျိုးကိုသဘောကျတာ
သူတို့ မရှိ ရင် သေနိုင်တယ်ဆိုတဲ့ မိန်းမ မျိုးကို သဘောကျတာ မ ရေ

ှSaw Thin Mya Hlaing said...

လွတ်လပ်ခြင်းဆိုတာ အထီးကျန်သူတွေ သုံးနေကျဆင်ခြေပါ။ လောကမှာ ကိုယ်မရှိရင် မဖြစ်ဘူးလို့ ပြောတဲ့၊ ကိုယ့်ကို လိုအပ်တယ်ဆိုတဲ့ ကြိုးတွေကသာ အသက်ရှင်ခြင်းကို အဓိပ္ပါယ်ရှိစေတာ မဟုတ်လား။

မယ်ရေ အဖြေတစ်ခု ရလိုက်သလိုပဲ ........
လူတွေလောကကို ဘာလို့ငြီးငွေ့တတ်သလဲဆိုတာကိုလေ

အတွင်းစိတ်လေးတွေကို ဖွဲ့တတ်လွန်းရဲ့

Anonymous said...

သူရခဲ့တယ်ထင်တဲ့ အနိုင်က တကယ်တော့ အရှုံးပဲ။
စကားလုံးတွေ သုံးနှုန်းပြီး သူ့ကိုယ်သူလှည့်ဖျားလား လှည့်ဖျားရဲ့။
သူရခဲ့တယ်ထင်တဲ့ အရာတစ်ခုကို ဆုပ်ကိုင်ထားတာတောင် အဲ့အမျိုးသမီးမှာ ပူလောင်နေရတယ်။ စာထဲကနေတောင် အပြင်ကို လာဟပ်အောင် ရေးထားတာ သိပ်ကောင်းတယ်။ :)

ခင်မင်လျှက်
ဂျူ

ရိုးမြေကျ said...

သဘောအကျမိဆုံးကတော့ အပျော်ကြံတာပါဟာ လို့ပြောတဲ့စကားလေးပဲ။ လွတ်လပ်ခြင်းဆိုတာ အထီးကျန်သူတွေ သုံးနေကျဆင်ခြေတဲ့လား မယ့်။ ဒါဆို ကျနော်လဲ အဲဒီဆင်ခြေဆင်လက်ကတော့ အမြဲသုံးနေကျပဲ။ အချုပ်အနှောင်တွေကို သိပ်မုန်းပါတယ် မယ့်ရေ။