18 February 2012

“တစ်ခုသော အရိပ်ဈေးကွက်"

ကျွန်မရဲ့အလုပ်ဟာ လစာနည်းသလို စိတ်ဖိစီးမှုလည်းမရှိသလောက်ရယ်။လူတွေကို ဓာတ်မှန်ရိုက်ပေးရတဲ့အလုပ်မှာ ပျော်ပါတယ် ။ အချိန်အများစုက အခန်းလေးထဲမှာ အေးအေးဆေးဆေး ထိုင်နေရပြီး လူနာမလာသေးရင် သက်တောင့်သက်သာနေနိုင်ကာ စာလည်း ဖတ်လို့ရသေးတယ်လေ။ ချစ်သူကတော့ နာတာရှည်လူနာတွေအနားမှာ၊ ကူးစက်ရောဂါပိုးရှိသူတွေကြားမှာ  ကျွန်မ အသက်ရှုနေထိုင်တာကို မကြိုက်ဘူး။ သူက ကျွန်မကို အဆုတ်နာကူးစက်ပိုးတွေ ကူးစက်ခံနေရပြီလားဆိုတဲ့ သံသယနဲ့ မကြည့်ပေမယ့် အတွေးမှာတော့ စဉ်းစားနေလိမ့်မယ်ဆိုတာ ကျွန်မသိတာပေါ့။ ချစ်သူရှေ့မှာ နေမကောင်းလို့ ချောင်းဆိုးမိတဲ့အခါ ကျွန်မကို “စာရေးမအလုပ်မျိုး လုပ်ကွာ” လို့ မရေမရာတိုက်တွန်းတတ်တာမို့ ချစ်သူမနှစ်လိုတဲ့အလုပ်ကို ကျွန်မ မလုပ်လိုပါဘူး။

ခက်တာက ဒီအလုပ်လို အေးဆေးသက်သာတဲ့ အလုပ်လည်း မရသေးဘူး ဖြစ်နေတာ။ တစ်နေ့တော့ လူတစ်ယောက် ဦးနှောက်ကို ဓာတ်မှန်လာရိုက်တယ်။ ဦးနှောက်ကို ဓာတ်မှန်ရိုက်တာက နည်းနည်းရှားပြီး ၊  အလေးထားပြီးလုပ်လို့ သူ့ကို မှတ်မိနေတာ မဟုတ်ပါဘူး။ သူ့ဓာတ်မှန်မှာ ဦးနှောက်က ပုံမှန်ထက်လျော့နည်းနေလို့ ဖြစ်ပါတယ်။ ဦးနှောက်က သေးနေ၊ငယ်နေ၊ကျုံ့နေတာမျိုးမဟုတ်ဘဲ ဖြတ်ထုတ်ထားသလို မူလပုံသဏ္ဍာန်မရှိတာရယ်။ ဆရာဝန်ကို ဓာတ်မှန်ပေးပြီး သူ့ကို ကျွန်မ အကဲခတ်ကြည့်နေမိတယ်။ သူ စိတ်ဓာတ်ပုံမှန်ရှိရဲ့လားလို့ စပ်စုမိသလောက်တော့ သူက သာမန်လူလိုပါပဲ။ 

တကယ်တော့ ကိုယ်လက်အင်္ဂါအတွင်းပိုင်းကလီစာတွေ လျော့နည်းနေတဲ့သူတွေ တွေ့ကြုံရတာ ကျွန်မအတွက် အစိမ်းသက်သက်မဟုတ်ပါဘူး။ ကွန်ပျူတာ ပစ္စည်းလိုချင်လို့ ကျောက်ကပ်တစ်ခြမ်းကို ရောင်းလိုက်သူတွေ၊ အရက်စားလို့ အသည်းတစ်ခြမ်းဘဲ ရှိတဲ့သူတွေ၊ သားအတွက် နှလုံးသားတစ်ဖက်လှုလိုက်တဲ့ အမေတွေ အများကြီးကြုံခဲ့ဖူးတာပါ။ ပိုပြီး စိတ်ထဲစွဲမိတာကတော့ သူက ကျွန်မတို့ ဆေးခန်းမှာပဲ ကုသနေလို့ ဖြစ်ပါတယ်။ နောက်ခြောက်လအကြာ သူထပ်မံပြီး ဓာတ်မှန်ရိုက်တဲ့အခါ သူ့ဦးနှောက်က ထပ်ပြီး လျော့နည်းနေပြန်တာ တွေ့ရတဲ့အခါ ကျွန်မ မသင်္ကာတော့ပါဘူး။ သူက ကျွန်မထက်အသက်အတော်ကြီးတဲ့ လူရွယ်တစ်ယောက်ပေမယ့် ကျွန်မ မနေနိုင်ဘဲ “ ဦးလေး ဦးနှောက်ဖောက်စားခံရပြီ ထင်တယ်။” လို့ သတိလက်လွတ်ပြောလိုက်မိတာ။

 ဆရာဝန်မဟုတ်ဘဲ ဆရာလုပ်မိတဲ့ကျွန်မကို သူ စိတ်ဆိုးသွားပြီလို့ ထင်လိုက်ပေမယ့် သူက မျက်နှာပျက်ပျက်နဲ့ပဲ ကြိုးစားပြုံးပြပါတယ်။ ကျွန်မ အားနာသွားပြီး “ စိတ်မရှိပါနဲ့ ဦးလေး” လို့ ချက်ချင်းတောင်းပန်လိုက်ပါတယ်။ သူက သဘောကောင်းတဲ့အပြုံးနဲ့ “ တူမပတ်ဝန်းကျင်မှာ ဦးလေးလိုမျိုး ဦးနှောက်ဖောက်စားခံရသူ ရှိလို့လား” လို့ ပြန်မေးတဲ့အခါ ကျွန်မ မဖြေနိုင်ခဲ့ဘူး။ မျက်လုံးကြောင်တောင်နဲ့ သူ့ကို ပြန်ကြည့်မိရဲ့။ သူက “အဲဒီလူကို ဂရုစိုက်ကွာ” လို့ ပြုံးပြောပြီး နှုတ်ဆက်ထွက်သွားပါတယ်။ အဲဒီနောက်ပိုင်း သူ ဆေးခန်းကို မလာတော့ဘူး။ ဒီလိုနဲ့ တစ်ခုခုဆို ချစ်သူဆို ရင်ဖွင့်နေကျ ကျွန်မက သူ့အကြောင်းကို ပြောမိပြန်တယ်။ 

“လူတွေက ဦးနှောက်ရဲ့ ရှစ်ပုံတစ်ပုံကိုပဲ အသုံးချတာတဲ့။ အဲဒါကြောင့် သူက ဦးနှောက်ဖောက်စားခံရလည်း သူက သာမန်လူပဲ ဖြစ်နေသေးတာ ဖြစ်မယ်” လို့ သူ့အကြောင်းကို အဆုံးသတ်တဲ့အခါ ချစ်သူက သဘောမကျဘူး။ သဝန်တိုတာတော့ မဟုတ်ပါဘူး။ ချစ်သူက သူ့အကြောင်းကလွဲလို့ ကျွန်မအကြောင်း ကျွန်မစဉ်းစားရင်တောင် သိပ်ဘဝင်ကျတတ်တာ မဟုတ်ဘူးလေ။ ဒီတစ်ခါတော့ “နောက် အဲဒီလူအကြောင်း မပြောပါနဲ့လား” လို့ ပွင့်ပွင့်လင်းလင်းပဲ ပိတ်ပင်ပါတယ်။ နှုတ်ကသာ သူ့အကြောင်းမပြောပေမယ့် အတွေးကိုတော့ ချစ်သူလည်း တားမြစ်လို့မရဘူး မဟုတ်လား။ ကျွန်မရဲ့ အလုပ်မှာ အားလပ်ချိန်တိုင်း သူပြန်လာမှာလားလို့ မျှော်နေတတ်တယ်။ ဒါပေမယ့် ကြာတော့လည်း ကျွန်မ သူ့ကို မေ့လာခဲ့တာ။ အမှန်ဆိုရရင် အလုပ်သစ်ရပြီး အလုပ်ထွက်စာတောင် တင်ပြီးပြီမို့ ဒီအလုပ်မှာ စိတ်ဝင်စားမှုလည်း လျော့လာပြီလေ။

 တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအလုပ်ထွက်မယ့် နေ့မှာပဲ သူရောက်လာပါတယ်။ ဦးနှောက် ဓာတ်မှန်ရိုက်ဦးမယ်ဆိုပဲ။ ဦးနှောက်ကို ခဏခဏဓာတ်ရိုက်ဖို့ မသင့်ဘူးဆိုတာ ကျွန်မသိသလို သူလည်း ကြားဖူးမှာပါ။ ကျွန်မထက် ပညာပိုတတ်တဲ့ ဆရာဝန်ရဲ့ လက်မှတ်နဲ့ ဆိုတော့ ဘာဖြစ်လို့လဲလို့ မမေးသာတော့ဘူး။ အံ့သြတုန်လှုပ်စရာ ။ သူ့ရဲ့ ဦးနှောက်က တဝက်သာသာလျော့နည်းနေပြီ။ ကျွန်မ တုန်လှုပ်ပြီး “ဦးလေး …ဦးလေး ဦးနှောက်က ဖောက်စားခံရတာ ဟုတ်လို့လား။ ရောင်းစားနေတာလား” လို့ မေးဖြစ်သွားခဲ့တာ။ သူက ကျွန်မဆီက မမျှော်လင့်တဲ့ အမေးကို အံ့အားသင့်သွားပုံရပေမယ့် အေးဆေးသက်သာပဲ ဖြေပါတယ်။ “ဦးလေးဦးနှောက်က ဖောက်စားခံရတာလည်း မဟုတ်၊ ရောင်းစားတာလည်း မဟုတ်ပါဘူး။ ဦးလေးသဘောတူညီမှုနဲ့ပဲ သွေးသားနဲ့လဲတာပါ” လို့ သူပြောတာကို ကျွန်မ နားမလည်ဘူး။ သူက ရှက်သလိုပြုံးပြီး “ သွေးသားဆိုတာ လိင်ကိစ္စကိုပြောတာပါ” လို့ ထပ်ရှင်းပြတဲ့အခါ ကျွန်မ ပူထူပြီး ဆက်မမေးတော့ဘဲ နှုတ်ပိတ်နေလိုက်ရတော့တာ။ 

ညနေ ချစ်သူ လာကြိုတော့ သူ့လက်မောင်းကို မှီတွယ်ပြီး လမ်းလျှောက်လာပေမယ့် အရင်လို တီတီတာတာပြောလိုစိတ်မရှိတော့ဘူး။ “ညည်းအဖေက ငါ့ကို ဦးနှောက်ပျက်အောင်လုပ်နေတာ၊ တစ်ခုခုဆို ခင်စဉ်းစား၊ခင်လုပ်လိုက်ပဲ ပြောတော့ သေးသေးမွှားမွှားတွေ ငါ့ခေါင်းထဲပြည့်ပြီး ကြာတော့ ငါ့ဦးနှောက်တုံးတုံးလာပြီ” လို့ အမေပြောတာကို ကြားယောင်နေမိတယ်။ အမေ့အချိန်တွေကို ဘာနဲ့ လဲလှယ်လိုက်သလဲဆိုတာကို အိမ်ပြန်ရောက်ရင် အမေ့ကို မေးမယ်လို့ ဆုံးဖြတ်မိရဲ့။အဖေကရော။ အဖေရဲ့ လူရာဝင်လက်မှတ်ကရော ဘာနဲ့ လဲလှယ်ထားတာလဲ။ ချစ်သူက ကျွန်မငြိမ်နေတာ သတိထားမိပြီး “အလုပ်ဟောင်းကို လွမ်းပြီး စိတ်မကောင်းဖြစ်နေတာလား” တဲ့။ ချစ်သူစကားဆိုတော့မှ ကျွန်မ သွေးဆိုးလာကာ သူ့ကို ကျွန်မဖက်ကို ဆွဲလှည့်လိုက်ပြီး “ကျော်…ဟို မိန်းမနဲ့ အိပ်တုန်းက ဘာပေးခဲ့ရလဲ ပြော…” လို့ ရန်စကားဆိုမိတာ။

ရုတ်တရက်ကြီးဆိုတော့ ချစ်သူလည်း ပြင်ဆင်ထားပုံမရဘူး။ “ အာ… အဲဒါ မပေးရပါဘူး။ သွေးသားအပေးအယူပဲလေ။ အပြန်အလှန် ကျေပါတယ်” တဲ့။ ဒါပေမယ့် ကျွန်မ စိတ်အကျိတ်အခဲကတော့ မကျေပျက်နိုင်တော့ဘူး။ ရုတ်တရက် ချစ်သူ့လက်ကို လွှတ်ချလိုက်ပြီး ““ကျော့်  ကို ချစ်ပါတယ်။ ဒါပေမယ့် မကြိုက်တော့ဘူး” လို့ ပြောပြီး ထွက်ပြေးလာခဲ့မိတယ်။ ချစ်သူက ဘယ်လိုလှမ်းခေါ်ခေါ် ကျွန်မ မကြားတော့ဘူး။ လမ်းက လူတွေက ကျွန်မကို ကြည့်နေကြတယ်။


သူတို့ ကျွန်မဘဝကို အထင်းသားမြင်နိုင်ပေမယ့် ကျွန်မအတွေးတွေကို ဓာတ်မှန်ရိုက်ကြည့်လို့ မရဘူး။ ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကိုသာ မှတ်ကျောက်တင်နိုင်ပေမယ့် ကျွန်မ စိတ်ဓာတ်ကို လေလံမတင်နိုင်ဘူး။ ကျွန်မရဲ့ ဘဝဟာ ဈေးကွက်ဝင်စရာ မလိုဘူး။ ကျွန်မရဲ့ အပြုံးဟာ ရောင်းပန်းလှစရာ မလိုဘူး။ ကျွန်မပဲ ပိုင်တယ်။လို့ တစ်ယောက်တည်းရေရွတ်ပြီး မကျေမချမ်းဖြစ်နေခဲ့တာ။ 

ဒီလိုနဲ့ ကျွန်မဟာ အရာရာကို ရန်လိုသူဖြစ်လာတယ်။ လိုတရသူမဟုတ်ပေမယ့်လည်း သူနဲ့ ထပ်တွေ့ရဖို့ တိတ်တိတ်လေးဆုတောင်းနေမိရဲ့။မျက်နှာချင်းဆိုင် ဆုံတဲ့အခါ ကျွန်မ ဘာမေးရမှာလဲ ။ သူ့ဦးနှောက်က ဘယ်လောက်လျော့နည်းနေပြီလဲလို့ သတင်းမေးလို့ ကောင်းပါ့မလား။ သူ တန်ရာတန်ကြေးရရဲ့လား လို့ စပ်စုဖို့ တော်ပါ့မလား။ သေချာတာက သူဘာဖြေဖြေ ကျွန်မ စိတ်ကျေနပ်ငြိမ်းချမ်းနိုင်မှာမဟုတ်တော့ဘူး။ သူနဲ့ ကျွန်မက အမြင်မှ မတူနိုင်ဘဲ။ ဒီလိုနဲ့ ရှင်သန်ရာအကြောင်းဗဟိုချက် မတူညီသူတွေကြောင့် ဝမ်းနည်းပက်လက် မိုက်မိုက်မဲမဲ ကျွန်မ ငိုနေမိဦးမယ်။…။ 

မယ်ကိုး

14 comments:

Vista said...

အတွေးတွေ အများကြီးရသွားတယ် မမယ်။
ကောင်းလိုက်တာလို့ တောင်မပြောချင်ဘူး ပေါ့သွားမှာစိုးလို့ ။

နေ၀သန် said...

ပွင့်ပွင့်လင်းလင်းပြောရရင် မယ်ကိုးရဲ့စာလေးတွေကို သိပ်သဘောကျပါတယ်.. ဒါပေမယ့် ဒီတစ်ပုဒ်မှာ ကျွန်တော်ဥာဏ်မမီတာ၊ နားမလည်တာတွေ များနေတယ်.. တုံးတယ်ပဲပြောပြော.. ပြန်ပြန်ဖတ်နေပေမယ့် နားမလည်ဘူး.. `သွေးသားနဲ့ လဲတာပါ` ဆိုတာမှာ သဘောပေါက်သလောက် သွေးသားကိစ္စအတွက် ဦးနှောက်နဲ့လဲတာပေါ့.. ဦးနှောက်ဆိုတာ အဲလိုဖြတ်ထုတ်ရောင်းစားလဲလှယ်လို့ရသလား... (ကျွန်တော်ဗဟုသုတလုံးဝမရှိတာလည်းဖြစ်နိုင်ပါတယ်)... နောက်စကားလုံးတစ်လုံး..`အဖေ့ရဲ့ လူရာဝင်လက်မှတ်` ဆိုတာ????

ခင်မင်လျက်
နေ၀သန်

မယ်ကိုး said...

စာလာဖတ်ပေးတဲ့ ဗစ်ဗစ်နဲ့ ကိုနေဝသန်ကို အထူးကျေးဇူးတင်ပါတယ်။
စာကို နားမလည်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပေးတဲ့ ကိုနေဝသန်ကို ကျွန်မ မရှင်းပြနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။
စာတစ်ပုဒ်ကို ရှင်းပြလိုက်ရင် တစိမ့်စိမ့်တိုးဝင်သွားမယ့် အရသာလျော့သွားမှာ စိုးတဲ့အတွက် မရှင်းပြနိုင်တာကို ခွင့်လွှတ်သည်းခံပေးလိမ့်မယ်လို့လည်း ယုံကြည်ပါတယ် :)

rose of sharon said...

အပေးအယူသဘောဆိုရင်တော့ သူ့သွေးသားအတွက် သူ့ဦးနှောက်နဲ့အလဲခံနိုင်သူလို့ မြင်မိတယ်... မတန်ဘူးလားလို့နော်း((

မောနေယျ said...

တစ်ချိန်က စာအဟောင်းလေးတွေလောက်
မလွမ်းမိဘူးဆိုရင် မှန်သော စကားပဲ ဖြစ်ပါစေ

မယ်ကိုး said...

စာလာဖတ်ပေးတဲ့ မမနော်ဖောနဲ့ ကိုမောနေယျတို့ကို အထူးကျေးဇူးတင်ပါတယ်။
ကိုမောနေယျရှင်...
ကျွန်မလည်း စာရေးသက်ကြာလာတာနဲ့အမျှ space တစ်ခုကို ကူးပြောင်းလာချင်မိပါတယ်။
writing in transition period :)
ရင့်ကျက်သွားမှာလား။ မာကျောအေးခဲသွားမှာလားဆိုတာတော့ ကျွန်မကိုယ်တိုင်လည်း မသိသေးပါဘူး။ ဝေဖန်ပေးတဲ့အတွက် ကျေးဇူးအထူးပါနော် :)

လင်းဒီပ said...

တအံတသြပါပဲ...
ချစ်သူကို အလိုမကျဖြစ်ရတိုင်း တွေးတတ်တဲ့အတွေးမျိုး ဖြစ်ဟန်တူပါရဲ့ ။ ဘဝကို ဈေးတွက်မတွက်ဘဲ ပေးဖြစ်လိုက်ရတာဖြစ်လို့ (တချို့ကိစ္စတွေက ယောင်ယမ်းလို့ မတွက်မိအောင် ဖွက်/မေ့ထားရတာဖြစ်လို့ပါပဲ ။ )

မတွေးမိတဲ့ မတွေးဖြစ်တဲ့ ထောင့်ကနေ ဦးနှောက်အလဲအလှယ်နဲ့ ပြောသွားတော့ ပြုံးဖတ်မိပေတော့တယ် ။
လှိုက်ကနဲပဲ...။

သက်ဝေ said...

သိပ်လှတဲ့စာတပုဒ်ပါ မယ်...
တွေးစရာတွေကလည်း မဆုံးနိုင်...
တသီတတန်းကြီး...

သိင်္ဂါကျော် said...

ထူးဆန်းတဲ့ အတွေးလေးပဲ...

mirror said...

မိုက်တယ်ဗျိုး.... အင့် အင့်.. အင့် နဲ့ နှလုံးသားထဲကို စီးဝင်သွားလိုက်တာ.. တနင့်တပိုးရှိလှတယ်။

ဒီစာမှာ အမှတ်တရဖြစ်သွားစေတဲ့နေရာတွေ အများကြီးပါ။ ၂ ခုတော့ မှတ်မှတ်ရရရှိတယ်။ ၁ ခုက ဓာတ်မှန်ရိုက်တဲ့အလုပ်လုပ်တဲ့ အမျိုးသမီးရယ်၊ နောက် ၁ ခုက အောက်ဆုံးက ပြန်ရေရင် ဒုတိယအပိုဒ်လေးလေ။ :)

tinzawoo said...

ကျွန်တော်က တော့ခပ်ကြမ်းကြမ်းလေးပဲတွေးလိုက်တယ် အဲဒီဓါတ်မှန်ရိုက်တဲ့တစ်ယောက် ဦးနှောက်ကိုလာလာပြိးတော့ဓါတ်မှန် အရိုက်ခံတဲ့လူကို ကြိုက်သွားတာလို့ တွေးမိတယ် ကျွန်တော် တွေးတာ ဟုတ်တယ်မို့ လား မမယ်

မယ်ကိုး said...

ကိုတင်ဇော်ဦးရှင့်...

ကျွန်မ အထက်က ပြောခဲ့ပြီးဖြစ်သလို စာရဲ့ အရသာလျော့သွားမှာစိုးလို့ အဖြေပေးဖို့ ခက်ပါတယ်။
ဒါပေမယ့် ကျွန်မက အချစ်အကြာင်းတွေ အရေးများလို့ ဒီလိုတွေးမိသလားလို့ စဉ်းစားမိပါတယ်။
ကျွန်မလည်း နောက်စာတွေကစပြီး သိသိသာသာ လိုင်းပြောင်းရေးဖို့ ကြိုးစားပါဦးမယ်။ စာလာဖတ်ပေးတဲ့အတွက် အထူးကျေးဇူးပါရှင်။

Mogok Thar said...

Simply love it မယ့်

ရိုးမြေကျ said...

အတွေးတွေကို ဓာတ်မှန်ရိုက်ကြည့်လို့ရရင်ကောင်းမှာပဲ။