ဝမ်းနည်းဖွယ်ရာကို ထိတွေ့ဖူးမှသာ ‘လူတွေဟာ သိပ်ဝမ်းနည်းတဲ့အခါ နေဝင်ဆည်းဆာကို သိပ်နှစ်သက်တယ်’ လို့ ဆိုခဲ့သော ဘီ ၆၁၂ ဂြိုဟ်ငယ်လေးပေါ်က မင်းသားလေးရဲ့စကားကို အသင် နားလည်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဆည်းဆာချိန်ကို ၄၃ ခါ တွေ့ဆုံခဲ့သော မင်းသားလေးကို နားလည်နိုင်တဲ့ အသင်ဟာ သစ်ရွက်ကလေးတစ်ခုရဲ့ ရင်ထဲမှာ ဆည်းဆာတစ်ခုချိတ်ဆွဲထားကြောင်း ပြောခဲ့ရင် လက်ခံလိမ့်မယ် မထင်ပါဘူး။
အသင်ကြုံတွေ့ဖူးတဲ့ လောကဓံကို ကမ္ဘာမီးလောင်သလို၊ကောင်းကင်ပြိုသလို၊တော်လည်းညံသလို ပြင်းထန်ဆိုးရွားလှချည့်လို့ မှတ်ယူထားတဲ့ အသင့်အတွက် သစ်ရွက်ကလေးတခုရဲ့ ဗျာပါဒကို ကိုယ်ချင်းစာလိမ့်မယ်လို့လည်း မျှော်လင့်မထားပါဘူး။ အမှန်ပင်။ အသည်းကွဲတယ်ဆိုသည်မှာ ခံစားရသူမှာ နင့်နဲသိပ်သည်းရှိလွန်းလှပေမယ့် တခြားသူများအတွက် ရယ်ရွှင်ဖွယ်ဖြစ်နေတတ်တာ။
ဒီလိုအဖြစ်ကို နှလုံးသားကြည်စင်ဖြူလွတဲ့ မင်းသားလေးတောင် နားလည်နိုင်မှာ မဟုတ်ပါဘူး။
‘အဲဒီဂြိုဟ်ထဲမှာ မျက်နှာနီမြန်းတဲ့ လူကြီးတစ်ယောက်ရှိတယ်။ သူဟာ ပန်းကို ဘယ်တော့မှ မကြည့်ခဲ့ဘူး။ ကြယ်ပွင့်လေးတွေကို ဘယ်တော့မှ မကြည့်ဖူးဘူး။ ဘယ်သူ့ကိုမှ မချစ်ဖူးဘူး။ သူ့ဘဝမှာ ဂဏန်းလဏ္ခဏာပေါင်းနေတာက လွဲလို့ ဘာမှ မလုပ်ဖူးဘူး။ သူကလည်း ခင်ဗျားလိုပဲ။ ‘ငါ အရေးကြီးတဲ့ ကိစ္စတွေနဲ့ သိပ်အလုပ်များနေတယ်လို့ ပြောတယ်။ အဲဒါဟာ သူ့ကို ဘဝင်မြင့်စေတယ်။ သူဟာ လူမဟုတ်ဘူး။ မှိုပွင့်ပဲ’ လို့ မင်းသားလေးက အပြစ်ကင်းစင်ပြီး နှစ်သက်စဖွယ် မှိုပွင့်လေးကို ကမ္ဘာမြေကို ကောင်းကျိုးမပေးတဲ့ လူနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ဖူးရဲ့။
ပြီးတော့ မင်းသားလေးက “လူတွေဟာ ပန်းတွေရဲ့ စကားကို ဘယ်တော့မှ နားထောင်ဖို့ မသင့်ဘူး။ လူတွေဟာ သူတို့ရဲ့ အလှကိုသာ ငေးမောကြည့်ရှုပြီး သူတို့ရဲ့ ရနံ့ကိုသာ ရှုရှိုက်နေဖို့ ကောင်းတယ်။” လို့လည်း ဆိုခဲ့ဖူးတာ။ ဒီလို ရနံ့မွှေးကြိုင်လှပတဲ့ ပန်းကလေးရဲ့ စကားတောင် အရေးတယူမထားတဲ့ လူတွေဟာ သစ်ရွက်ကလေးရဲ့ စကားကိုလည်း အမှုထားကြမှာ မဟုတ်ပါဘူး။
တကယ်ပါ။ ဒုက္ခသစ္စာဖြစ်ရာအကြောင်းဟာ သမုဒယသစ္စာတည်းလို့ ရေရွတ်ရုံဖြင့် ဒဏ်ရာများလျော့နည်းသွားဖို့ မျှော်လင့်နေမြဲသော သူရူးတစ်ယောက်လိုပဲ သစ်ရွက်ကလေးရဲ့ စိတ်ဝေဒနာကြီးကျယ်တယ်ဆိုတာ ယုံစေချင်လိုက်တာ။
သစ်ရွက်ကလေးမှာ ခံစားနာကျင်တတ်တဲ့ အာရုံမရှိဘူးလို့ မငြင်းစေချင်ပါဘူး။ငြိမ့်ငြောင်းသော ဂီတသံစဉ်ကြောင့် ပိုလို့ရှင်သန်ကြီးထွားသော သစ်ပင်တွေအကြောင်း အသင်တို့ လူသားတွေ သုတေသနပြုစမ်းစစ်ကာ အတည်ပြုကြတယ် မဟုတ်ပါလား။ ဟုတ်ကဲ့။ အသက်ရှင်သန်တတ်သော၊ သေဆုံးတတ်သော၊ အသက်ရှုတတ်သော ၊ ပျော်ရွှင်ဝမ်းနည်းတတ်သော သစ်ရွက်ကလေးပါလေ။
ဒီဝမ်းနည်းခြင်းတွေရဲ့ လက်သည် ပျော်ရွှင်ခြင်းအစကတော့ တစ်ခုသော နွေဦးမှာ ဝဲလွင့်မျောလာတဲ့ ဖဲကြိုးဝါလေးဟာ သစ်ရွက်လေးရဲ့ သစ်ကိုင်းမှာ လာရောက်ငြိတွယ်ရာက စတင်ခဲ့တာရယ်။ ဝါလွင်လှပတဲ့ ဖဲကြိုးလေးဟာ အစိမ်းရောင်နောက်ခံမှာ အလွန်တင့်တယ်ဝင်းပနေကာ မာနဂုဏ်ဝံ့နေခဲ့တာပေါ့။ မင်းသားလေးရဲ့ မူယာကြွယ်တဲ့ ပန်းကလေးလိုရယ်လေ။ ပြီးတော့ ပန်းကလေးလိုပဲ မမှန်စကားတွေနဲ့ ကြွားဝါတတ်သေးတာ။
ဖဲကြိုးလေးဟာ သူသာ ကမ္ဘာမြေအနှံ့ခရီးဆန့်ခဲ့ကြောင်း၊ လေဟုန်စီးကာ တိမ်တွေအကြား ပျော်ခဲ့ကြောင်း၊ ဒီလောကမှာ သူသာ အလှပအတင့်တယ်ဆုံးဖြစ်ကြောင်း ပြောတာပေါ့။
မင်းသားလေးက ပန်းကလေးရဲ့ သိက္ခာမရှိပုံ၊ မရိုးသားပုံကို လွယ်ကူစွာ အကဲခတ်နိုင်သလိုပဲ သစ်ရွက်ကလေးကလည်း ဖဲကြိုးလေးရဲ့ ယုတ္တိမတန်တဲ့ လိမ်ညာဆင်တွေကိုချက်ချင်းသိမြင်ခဲ့တာပါ။
ဒါပေမယ့် သစ်ရွက်လေးဟာ ဖဲကြိုးလေးရဲ့မုသားမှန်သမျှကို သာယာချမ်းမြေ့ဖွယ် အတိဿယဝုတ္တိ အလင်္ကာလို့ မှတ်သားပျော်ရွှင်နေသတဲ့။ ပန်းပွင့်ကလေးရဲ့ မာနထောင်မှုနဲ့ မဆက်ဆံချင်တော့တဲ့ မင်းသားလေးဟာ ပန်းကလေးကို ထားရစ်ပြီး ငှက်ရိုင်းတစ်အုပ်နဲ့ သူ့ဂြိုဟ်လေးကို စွန့်သွားပေမယ့် သစ်ရွက်ကလေးကတော့ မောက်မာမော်ကြွားတဲ့ ဖဲကြိုးဝါလေး လွင့်စင်ပျောက်ကွယ်သွားမှာကိုပဲ စိုးရိမ်နေသတဲ့။
မိတ်ဆွေဖွဲ့တယ်ဆိုတာ
အကျွမ်းတဝင်ဖြစ်အောင် နှောင်ဖွဲ့ခြင်းလို့ မင်းသားလေးရဲ့ မိတ်ဆွေ
မြေခွေးကပြောခဲ့တာ။ သစ်ရွက်ကလေးနဲ့ ဖဲကြိုးဝါတို့ဟာ မိတ်ဆွေတွေ
မဟုတ်ကြပါဘူး။ သူတို့ အကြားမှာ နှောင်ဖွဲ့ခြင်းမရှိလို့
အကျွမ်းတဝင်မိတ်ဆွေတွေလည်း မဖြစ်ခဲ့ကြပါဘူး။ ဖဲကြိုးလေးဟာ သစ်ရွက်ကလေးရဲ့
ဖြစ်တည်မှုကို စိတ်ဝင်စားသူမဟုတ်ဘူး။ သစ်ရွက်လေးရဲ့ ဘာသာဗေဒကို နားလည်သူ
မဟုတ်ပါဘူး။ အမှန်ဆိုရရင် သစ်ရွက်ကလေးရဲ့ ဖြစ်တည်မှုဟာ ဖဲကြိုးလေးနားမှာ
ဝန်းရံပြီး သူ့ပုံပြင်ကို နားထောင်ကြတဲ့ သစ်ရွက်တွေကြားက တစ်ခုမျှသာရယ်။
ဒါပေမယ့်
သစ်ရွက်ကလေးဟာ ဖဲကြိုးဝါလေးနဲ့ မကျွမ်းဝင်တဲ့အတွက် ကြေကွဲမနေခဲ့ပါဘူး။
မင်းသားလေးရဲ့ အသိမြွေကတောင် လူတွေဟာ ‘လူတွေ အများကြားမှာလည်း
အထီးကျန်ဘဝနဲ့ နေရတာပဲ မဟုတ်လား’ လို့ ပြောခဲ့ဖူးတာရယ်။
မိတ်ဆွေစစ်၊သူငယ်ချင်းအရင်းတွေ ဆိုတာ တစ်ယောက်ကျောကို တစ်ယောက်က
ဓားနဲ့ထိုးရင်း မေ့ပျောက်ပျော်ရွှင်နေကြတဲ့ သူတွေ မဟုတ်လား။ ဟုတ်တယ်နော်။
လူဆိုတာ နားမလည်နိုင်ဆုံး သတ္တဝါတွေရယ်။ ပန်းကလေးကို ချစ်တဲ့
မင်းသားလေးတောင် လေယာဉ်မှုးကို သိုးပုံလေး ဆွဲခိုင်းခဲ့မိသေးတာလေ။
ဒါပေမယ့်
သိုးလေးရပြန်တော့ မင်းသားလေးက ကြောင့်ကြဗျာပါဒရှိရပြန်ရော “
နှစ်ပေါင်းသန်းပေါင်းများစွာထဲက ပန်းတွေမှာ ဆူးရှိခဲ့ပါတယ်။ သိုးတွေကလည်း
သူတို့ကို နှစ်ပေါင်းသန်းပေါင်းများစွာ စားခဲ့ကြတယ်။ ပန်းတွေအတွက်
ဘာမှအသုံးမဝင်တဲ့ ဆူးခက်တွေကို ဒုက္ခခံပြီးပေါက်ခဲ့တာ ဘာကြောင့်လဲဆိုတာ
နားလည်ဖို့လိုတယ် မဟုတ်လား။ ပန်းတွေနဲ့ သိုးတွေရဲ့ စစ်ပွဲဟာ
အရေးမကြီးဘူးလား။ နီရဲတဲ့ မျက်နှာရှိတဲ့ လူကြီးရဲ့ ဂဏန်းသင်္ချာများထက်
ဒီကိစ္စက ပိုအရေးမကြီးဘူးလား။ ကျွန်တော့်အတွက် ကျွန်တော်သိတာက ကမ္ဘာပေါ်မှာ
ကျွန်တော်ရဲ့ တစ်ဦးတည်းသော ပန်းလေးအကြောင်းပဲ။ ဒီပန်းကလေးဟာ တခြားမှာ
ပေါက်တဲ့ပန်းမဟုတ်ဘူး။ ကျွန်တော်ရဲ့ ဂြိုလ်ထဲမှာ ပေါက်တဲ့ ပန်းကလေးပါ။
ဒါပေမယ့် သိုးကလေးက တစ်မနက်မှာ သူဘာလုပ်လို့ လုပ်မှန်းမသိဘဲ တစ်ငုံတည်းနဲ့
ဖျက်ဆီးပစ်နိုင်တယ်။ ဒါဟာ အရေးမကြီးဘူးလို့ ထင်သလား” တဲ့။
မင်းသားလေးဘဝမှာ
ပန်းကလေးက အရေးအကြီးဆုံးဖြစ်သလို သစ်ရွက်ကလေးအတွက်လည်း ဖဲကြိုးဝါလေးဟာ
အရေးအပါဆုံးပါပဲ။ ဒါပေမယ့် မင်းသားလေးရော ၊ သစ်ရွက်ကလေးပါ သူတို့ရဲ့
အရေးအပါဆုံးသူတွေဆိုတာ သူတို့ကိုယ်တိုင် မသိခဲ့ကြဘူး။ သူတို့ရဲ့
အရေးအကြီးဆုံးသူတွေကိုလည်း နားမလည်နိုင်ကြပါဘူး။ မင်းသားလေးက ပန်းကလေးနဲ့
ပက်သက်ပြီး ‘ ကျွန်တော် အကြောင်းအရာတွေကို ဘယ်လိုနားလည်ရမယ်ဆိုတာ မသိဘူး။
ကျွန်တော်သူပြောတာတွေကို နားထောင်ပြီး ဝေဖန်သုံးသပ်ခြင်း မပြုလုပ်ဘဲ
အမူအရာ၊အပြုအမူတွေနဲ့သာ အကဲခတ်ဖို့ကောင်းပါတယ်။’ လို့ မင်းသားလေးက
ပြောခဲ့တယ်လေ။
ဒီလိုပဲ
သစ်ရွက်လေးဟာ သူစိမ်းတွေကြားမှာ အသွင်ကွဲအဖော်မဲ့နေတဲ့၊ ခရီးကြမ်းကြောင့်
ပင်ပန်းနေမယ့် ဖဲကြိုးဝါလေးရဲ့ လက်ရှိအဖြစ်ကိုသာ စာနာဖို့ကောင်းခဲ့တာရယ်။
ဒါပေမယ့် မောက်မာမှုကို ကာလာရှည်ကြာသည်းခံနိုင်ဖို့ဆိုတာ ခက်သားကလားနော်။
သစ်ရွက်ကလေးဟာ အပ်ကြောင်းထပ်လာတဲ့ ဖဲကြိုးလေးရဲ့ ဝါကြွားစကားတွေကို
မကြားယောင်ပြုတတ်လာပြီ။ နှလုံးသားမဲ့ကာ ထောင်လွှားလွန်းတဲ့ ဖဲကြိုးလေးကို
သစ်ရွက်လေး ဥပေက္ခာပြုဖို့ တဖြည်ဖြည်းတိုးလို့ ကြိုးစားပြီလေ။
ဒါဟာ လူတွေ လက်ညှိုးထိုးနေကျ
ဆင်းရဲဖြစ်ရာအကြောင်းပေါ့။ ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊ ချစ်သောသူနှင့်
ကွေကွင်းရသော ဆင်းရဲ။ မင်းသားလေးက ပန်းကလေးကို နောက်ဆုံးအနေဖြင့်
ရေလောင်းတယ်။ ၄င်းပန်းကလေးအား မှန်ပေါင်းချောင်ကလေးထဲ ထည့်မယ်အပြုတွင်
သူ့ကိုယ်သူ မျက်ရည်ကျလုလု အခြေသို့ ရောက်နေပြီကို သိရှိခံစားမိတာ။
‘သွားတော့မယ်နော်’ လို့ သူက ပန်းကလေးကို ပြောလိုက်ပေမယ့် ပန်းကလေးက
မည်သို့မှ အဖြေမပေးပါဘူး။ ‘ သွားတော့မယ်’ လို့ မင်းသားလေးက နောက်တစ်ကြိမ်
နှုတ်ဆက်ပြန်တယ်။
သစ်ရွက်ကလေးကတော့
ဖဲကြိုးဝါလေးကို မနှုတ်ဆက်ပါဘူး။ နှုတ်ဆက်လည်း ဖဲကြိုးဝါလေးမှာ
သစ်ရွက်လေးရဲ့ အသံကို နားထောင်ဖမ်းယူနိုင်တဲ့ ရင်ခွင်မရှိပါဘူး။ ဒါပေမယ့်
အကြည့်တောက်တောက်နဲ့ စူးစူးစိုက်စိုက်နားထောင်တတ်တဲ့
သစ်ရွက်ကလေးမျက်နှာလွှဲနေတတ်တာကို ဖဲကြိုလေးက မကြာခင်ပဲ သတိထားမိလာတယ်။
‘ဒီတစ်ခါ လေအလာမှာ စိတ်လွတ်ကိုယ်လွတ် ငါပျံသန်းသွားတော့မှာ။ နှုတ်ဆက်ပါတယ်။’
တဲ့။ သစ်ရွက်လေးက မကြားယောင်ပြုလို့ သီချင်းတိုးတိုးဆိုတယ်။
ဒီလိုနဲ့
လေရူးတသိုက်ရောက်ခိုက် ဖဲကြိုးလေး ပျံသန်းသွားပြီလေ။ လေအရှိန်နဲ့
လွင့်သွားပေမယ့် ခဏမကြာမှပဲ မိုးရွာလာတော့ ဖဲကြိုးလေးဟာ ရွှဲရွှဲစိုကာ
မြေပေါ်ပြုတ်ကျသွားတာ။ မြေနီလမ်းလေးရဲ့ ဘေးမှာ လဲလျောင်းညစ်ပတ်နေတဲ့
ဖဲကြိုးလေးရယ်။
သစ်ရွက်ကလေးဟာ စိတ်မကောင်းလွန်းလို့ ငိုရှာတယ်။ သူက မိခင်သစ်ပင်ကြီးကို
ပြောတယ်။ ဖဲကြိုးဝါလေးကို သူကူညီရလိမ့်တဲ့။ ဟုတ်တယ် မဟုတ်လား။ ‘ ခင်ဗျား
အကျွမ်းတဝင်နှောင်ကြိုးဖွဲ့ထားတဲ့ အရာဝတ္တုအားလုံးအပေါ်မှာ
ခင်ဗျားတာဝန်ရှိတယ်’ လို့ မြေခွေးက မင်းသားလေးကို ပြောခဲ့တယ်လေ။
မဖြစ်နိုင်ဘူးလို့
မိခင်သစ်ပင်ကြီးက ပြောတယ်။ ‘မင်းက ငယ်ငယ်လေးရှိသေးတယ်။ မင်းက
စိမ်းလမ်းရဦးမယ်။ ရှင်သန်ရဦးမယ်။ မင်းရဲ့ သက်တမ်းတစ်လျှောက်
ဒီသစ်ပင်မှာနေရုံအပြင် ဘာမှစွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။’ လို့
ဖျောင်းဖျတယ်။ သစ်ရွက်ကလေးက အရောင်တွေညစ်နေတဲ့ ဖဲကြိုးဝါလေးကို သနားလို့
မဆုံးနိုင်အောင် ဖြစ်နေတာပေါ့။ ဒါပေမယ့် သူ့ရဲ့ ကြေကွဲမှုကို
ဖဲကြိုးလေးမမြင်အောင်လည်း ဟန်ဆောင်နေရတယ်။ ဖဲကြိုးလေးဟာ ပန်းကလေးလိုပဲ
အလွန်မာနကြီးသူရယ်လေ။
သစ်ရွက်ကလေးက
ဖြတ်သွားဖြတ်သွားလူတွေကို အကူအညီတောင်းတယ်။ သူဟာ ဖဲကြိုးလေးမကြားအောင်လည်း
တိုးတိုးသာသာပြောရသေးတာ။ ဒါပေမယ့် လူတွေဟာ မင်းသားလေးပြောသလို
သူတို့အမြန်ရထားနဲ့သာ ခရီးသွားနေကြတယ်။ နောက်ပြီး သူတို့
အဆောတလျင်ဟိုပြေးဒီပြေးနဲ့ သူတို့စိတ်လှုပ်ရှားနေကြတယ်။ သူတို့
ချာလည်လည်နေကြတယ်။ သူတို့ဟာ သစ်ရွက်လေးရဲ့ စကားကို
အလေးမထားမကြားနိုင်ကြပါဘူး။
အချိန်ဟာ
ဝမ်းနည်းမှုတွေကို ကုစားနှစ်သိမ့်စေတယ်တဲ့။ ဒါပေမယ့် သစ်ရွက်ကလေးက
သူဘဝနောက်ဆုံးချိန်ရွက်ဝါကြွေချိန်တိုင် မစောင့်နိုင်တော့ဘူး။ သူ့ကို
သွားခွင့်ပြုပါတော့လို့ မိခင်သစ်ပင်ကြီးကို တောင်းပန်တယ်။
‘သေရမယ်ဆိုရင်တောင်မှ သူ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုတဲ့ အသိနဲ့
သေရခြင်းဟာ ကောင်းသောလက္ခဏာတစ်ရပ်’လို့ ဆိုကြတယ်မဟုတ်လား။
ဒီလိုအဖန်ဖန်အသနားခံရင်း သစ်ရွက်လေးက မိခင်သစ်ပင်ကြီးဆီက
ခွဲခွာလိုက်ပြီလေ။
အခုဆို
လေနှင်ရာ လွင့်လာတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်တစ်လေ
အသင့်မြင်ကွင်းရှေ့ရောက်လာရင် ရှောင်ဖယ်ကာ မသိကျွိုးကျွံမပြုစေချင်ပါ။ သူက
ဖဲကြိုးဝါလေးကို ကူညီပေးဖို့ တောင်းပန်နေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်
မျက်လုံးဟာ အရေးကြီးတဲ့အကြောင်းအချက်တွေကို မမြင်နိုင်ဘူးလို့
မင်းသားလေးရဲ့ မြေခွေးက ပြောခဲ့သလိုပဲ သစ်ရွက်ကလေးရဲ့ စကားကို
နားဆင်နိုင်ဖို့ အသင့်နားတွေသန့်စင်ဖို့ လိုပါတယ်။
အသည်းနှလုံးနဲ့
ခံစားပြီးမှသာလျှင် အသည်းနှလုံးမှ မှန်ကန်စွာ မြင်နိုင်ပေလိမ့်မယ်လို့
မင်းသားလေးရဲ့ မိတ်ဆွေမြေခွေးက ပြောခဲ့ပါတယ်။ သစ်ရွက်ကလေးရဲ့ စကားသံကို
အသင်မကြားခဲ့ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ သိလိုက်ပါ။ ခဏလေး၊ တဖြုတ်လေး
ပြေးနေရာက တဆိတ်လေး နားပါဦး။ ဆောက်တည်ရာမရ လွင့်ပျံနေတဲ့ သစ်ရွက်ကလေးရဲ့
စကားကို အသင်ကြားနိုင်ဖို့ မျှော်လင့်မိပါတယ်။
ရှုဒေါင့်များစွာ၊လေးနက်မှုများစွာ ဖြာထွက်နေတဲ့ မင်းသားလေးစာအုပ်ကို ကျွန်မ
ပြင်ရေးဖို့ ခက်ခဲလွန်းလှပါတယ်။ ဒါပေမယ့် ချစ်ရပါသော မစောသင်းမြလှိုင်အတွက်
ကြိုးစားရေးမိခြင်း ဖြစ်ပါတယ်။
မေတ္တာများဖြင့်
မေတ္တာများဖြင့်
မယ်ကိုး





2 comments:
အဲဒီ မင်းသားလေး ဆိုတဲ့ ပုံပြင်ကို သေချာ မဖတ်ဖူးဘူး.. ခုမှပဲ ဖတ်ရတယ်..
စိတ်ဝင်တစားဆက်စောင့်ဖတ်ဖြစ်မယ် မယ်ကိုးရေ
မောင်ဘကြိုင်
Post a Comment