လူတွေက ပြောကြတယ်။ မိတ်ဆွေရင်းဖြစ်ဖို့ အချိန်ယူရသတဲ့။ ဒီလိုအကဲဖြတ်နေရင်း သူတို့ဟာ မိတ်ဆွေတွေ ဖြစ်မလာခဲ့ကြပါဘူး။ သစ်ရွက်လေးကတော့ အရောင်လွင်တောက်ပတဲ့ ဖဲကြိုးဝါလေးကို မြင်စခဏမှာပင် သူငယ်ချင်းအဖြစ် အထူးချစ်ခင်မိပါသတဲ့။
တကယ်ပါ။ သစ်ရွက်ကလေးမှာ ခင်မင်ကြင်နာတတ်တဲ့ အာရုံမရှိဘူးလို့ မငြင်းစေချင်ပါဘူး။ ငြိမ့်ငြောင်းသော ဂီတသံစဉ်ကြောင့် ပိုလို့ရှင်သန်ကြီးထွားသော သစ်ပင်တွေအကြောင်း အသင်တို့လူသားတွေ သုတေသနပြုစမ်းစစ်ကာ အတည်ပြုကြတယ် မဟုတ်ပါလား။ ဟုတ်ကဲ့။ ရှင်သန်နေသော၊ သေဆုံးတတ်သော၊ အသက်ရှုတတ်သော ၊ ပျော်ရွှင်ဝမ်းနည်းတတ်သော သစ်ရွက်ကလေးပါလေ။
ဒီ ပျော်ရွှင်ခြင်းရဲ့လက်သည် ကျွမ်းဝင်ခြင်းအစကတော့ တစ်ခုသော နွေဦးမှာ နုသစ်စသစ်ရွက်လေးဟာ ခေါင်းလေးဝံ့လို့ လောကကိုကြည့်ခိုက် ဝဲလွင့်မျောလာတဲ့ ဖဲကြိုးဝါလေးဟာ သစ်ရွက်လေးရဲ့ နားနေကိုင်းမှာ လာရောက်ငြိတွယ်ရာက စတင်ခဲ့တာရယ်။ ဝါလွင်လှပတဲ့ ဖဲကြိုးလေးဟာ အစိမ်းရောင်နောက်ခံမှာ အလွန်တင့်တယ်ဝင်းပနေကာ မာနဂုဏ်ဝံ့နေခဲ့တာပေါ့။
ပြီးတော့ မမှန်စကားတွေနဲ့ ကြွားဝါတတ်သေးတာ။ ဖဲကြိုးလေးဟာ သူဟာ ကမ္ဘာမြေအနှံ့ ခရီးဆန့်ခဲ့ကြောင်း၊ လေဟုန်စီးကာ တိမ်တွေအကြား ပျော်ခဲ့ကြောင်း၊ ဒီလောကမှာ သူသာ အလှပအတင့်တယ်ဆုံးဖြစ်ကြောင်း ပြောတာပေါ့။ သစ်ရွက်လေးဟာ လူတွေလိုမျိုး မိတ်ဆွေကို အဆင့်ဆင့်လေ့လာပြီး ရွေးချယ်ယူခဲ့တာလည်း မဟုတ်ပါဘူး။
မိတ်ဆွေဖွဲ့မှုကလည်း တက်ကျမ်းတွေထဲအတိုင်း အတိအကျလိုက်နာခဲ့တာ မဟုတ်ပါဘူး။ သဘောရိုးနဲ့သာ ကံကပေးတဲ့ မိတ်ဆွေကို နှစ်လိုပျော်ရွှင်စွာ ကြိုဆိုခဲ့တာပါ။
လူတွေပြောတာ ကြားဖူးပါရဲ့။ သူငယ်ချင်းဆိုတာ တစ်ယောက်အကြောင်းတစ်ယောက်အလုံးစုံသိလည်း ချစ်ခင်နှစ်သက်နေခြင်းတဲ့။ ဟုတ်ကဲ့။ ဒီလိုပါပဲ ။ သစ်ရွက်ဖြစ်ခါစ အတွေ့အကြုံမကြွယ်သေးတဲ့အရွယ်ပေမယ့် သစ်ရွက်လေးက အသိတော့ မငယ်ခဲ့ပါဘူး။ သစ်ရွက်ကလေးဟာ ဖဲကြိုးဝါလေးရဲ့ ယုတ္တိမတန်တဲ့ လိမ်ညာဆင်တွေကိုချက်ချင်းမြင်ခဲ့ပေမယ့် မုသားမှန်သမျှကို သာယာချမ်းမြေ့ဖွယ် အတိဿယဝုတ္တိ အလင်္ကာလို့ မှတ်သားပျော်ရွှင်နေတယ်တဲ့လေ။
လူတွေဟာ အသွင်မတူသူအချင်းချင်း မိတ်ဆွေဖြစ်ဖို့ ခက်လှပေမယ့် သစ်ရွက်လေးကတော့ ဖဲကြိုးဝါလေးပြောသမျှ နာကြားလို့မဝနိုင်ပါဘူး။ နေခြည်ထွန်းတိုင်း ဖဲကြိုးဝါလေး လင်းလက်နေတာ မြင်ရတိုင်း ရှုမဝနိုင်ဘူးတဲ့ရယ်။
လူတွေဟာ တကိုယ်ကောင်းဆန်အတ္တကြီးတဲ့ သူငယ်ချင်းကို စွန့်သွားတတ်ကြပေမယ့် သစ်ရွက်ကလေးကတော့ မောက်မာမော်ကြွားတဲ့ ဖဲကြိုးဝါလေး လွင့်စင်ပျောက်ကွယ်သွားမှာကိုပဲ စိုးရိမ်နေသတဲ့။
ဒါပေမယ့် ဖဲကြိုးလေးက သစ်ရွက်ကလေးကို သူ့မိတ်ဆွေအဖြစ် အလေးမထားခဲ့ပါဘူး။ ဖဲကြိုးလေးဟာ သစ်ရွက်ကလေးရဲ့ ဖြစ်တည်မှုကို စိတ်ဝင်စားသူမဟုတ်ဘူး။ သစ်ရွက်လေးရဲ့ ဘာသာဗေဒကို နားလည်သူ မဟုတ်ပါဘူး။ အမှန်ဆိုရရင် သစ်ရွက်ကလေးရဲ့ ဖြစ်တည်မှုဟာ ဖဲကြိုးလေးနားမှာ ဝန်းရံပြီး သူ့ပုံပြင်ကို နားထောင်ကြတဲ့ သစ်ရွက်တွေကြားက တစ်ခုမျှသာရယ်။ သူတို့ အကြားမှာ နှောင်ဖွဲ့ခြင်းခြင်းဟာ တစ်ဖက်သက်ဖြစ်တာမို့ အကျွမ်းတဝင်မိတ်ဆွေတွေလည်း မဖြစ်ခဲ့ကြပါဘူး။
ဒါပေမယ့် သစ်ရွက်ကလေးဟာ ဖဲကြိုးဝါလေးနဲ့ မကျွမ်းဝင်တဲ့အတွက် ကြေကွဲမနေခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် ... ဖဲကြိုးဝါလေးက ဘယ်လိုပင် မသိကျိုးကျွံပြုထားလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေစစ်လို့ ခံယူထားတဲ့ သစ်ရွက်လေးက ဖဲကြိုးဝါလေးပြောသမျှ ပျော်ပျော်ရွှင်ရွှင်ပဲ နားထောင်နေဆဲပဲ။ တကယ်ပေါ့။ မိတ်ဆွေဆိုတဲ့ လူတွေဟာ သူတို့အချင်းချင်းဆုံတိုင်း ကိုယ်ပြောခွင့်ရဖို့ပဲ ကြိုးစားကြပေမယ့် သစ်ရွက်လေးကတော့ ဖဲကြိုးဝါလေးစကားသံကိုပဲ ဂရုထားနားထောင်နေမြဲ။ သစ်ရွက်လေးအတွက်တော့ သူငယ်ချင်းဖြစ်တဲ့ ဖဲကြိုးဝါလေးက သူ့ဘဝမှာ အရေးအကြီးဆုံးပဲတဲ့ရယ်။
ဒါပေမယ့် ဆင်ခြင်ဥာဏ်မြင့်ပါတယ်ဆိုတဲ့လူတွေတောင် သူတို့ရဲ့ အရေးအပါဆုံးသူတွေကို လျစ်လျူရှိုတတ်ကြသေးတာလေ။ တဖြည်းဖြည်း အချိန်ကြာလာတော့ သစ်ရွက်ကလေးဟာ အပ်ကြောင်းထပ်လာတဲ့ ဖဲကြိုးလေးရဲ့ ဝါကြွားစကားတွေကို မကြားယောင်ပြုတတ်လာတယ်။ အဆုံးမှာတော့ နှလုံးသားမဲ့ကာ ထောင်လွှားလွန်းတဲ့ ဖဲကြိုးလေးကို သစ်ရွက်လေး ဥပေက္ခာပြုဖို့ တဖြည်ဖြည်းတိုးလို့ ကြိုးစားပြီလေ။
လူသတ္တဝါမဟုတ်တဲ့ သစ်ရွက်လေးမို့ ခဏတော့ မှားတတ်ပါတယ်။ ပုထုဇဉ်ပါလို့လည်း ဆင်ခြေပေး ချေပလို့ မရဘူးဘဲနော်။ တကယ်တော့ သစ်ရွက်လေးဟာ ဖဲကြိုးဝါလေးရဲ့ အပြစ်သေးသေးကို မျက်ကွယ်ပြုလို့ ဘာဆိုဆို လက်ခုပ်တီးနေသင့်ခဲ့တာ။ သူစိမ်းတွေကြားမှာ အသွင်ကွဲအဖော်မဲ့နေတဲ့၊ ခရီးကြမ်းကြောင့် ပင်ပန်းနေမယ့် ဖဲကြိုးဝါလေးရဲ့ လက်ရှိအဖြစ်ကိုသာ စာနာဖို့ကောင်းခဲ့တာရယ်။ ဒါပေမယ့် မောက်မာမှုကို ကာလာရှည်ကြာသည်းခံနိုင်ဖို့ဆိုတာ သစ်ရွက်လေးအတွက်ပင် ခက်နေတယ်တဲ့လေ။
မကြာခင်ပဲ အကြည့်တောက်တောက်နဲ့ သူပြောသမျှ စူးစူးစိုက်စိုက်နားထောင်တတ်တဲ့ သစ်ရွက်ကလေးမျက်နှာလွှဲနေတတ်တာကို ဖဲကြိုလေးက သတိထားမိလာတယ်။ မာနကြီးတဲ့ ဖဲကြိုးလေးဟာ ဘာမှမဖြစ်သလိုဟန်နဲ့ ‘ဒီတစ်ခါ လေအလာမှာ စိတ်လွတ်ကိုယ်လွတ် ငါပျံသန်းသွားတော့မှာ။' လို့ နှုတ်ဆက်တယ် ။ သစ်ရွက်လေးက မကြားယောင်ပြုလို့ သီချင်းတိုးတိုးဆိုတယ်။
အမှန်က သစ်ရွက်ကလေးက ဖဲကြိုးဝါလေးကို တကယ်ခွဲခွာသွားလိမ့်မယ်လို့ မယုံခဲ့ဘူးတဲ့လေ။ ပြီးတော့ သစ်ရွက်လေးက ပြန်လည်နှုတ်ဆက်လည်း ဖဲကြိုးဝါလေးမှာ သူ့အသံကို နားထောင်ဖမ်းယူနိုင်တဲ့ ရင်ခွင်မရှိပါဘူးလို့ ယူဆခဲ့သတဲ့။ ဒီလိုနဲ့ သစ်ရွက်လေးက မျက်နှာခဏလွှဲလို့ ခဏပုန်းနေခိုက်မှာပဲ လေရူးတသိုက်ရောက်ခိုက် ဖဲကြိုးလေး ပျံသန်းသွားပြီလေ။
နောက်ဆုံးတော့ လူတွေ လက်ညှိုးထိုးနေကျ ဆင်းရဲဖြစ်ရာအကြောင်းကို သစ်ရွက်လေးနားလည်ခဲ့ပြီလေ။ ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊ ချစ်သောသူနှင့် ကွေကွင်းရသော ဆင်းရဲ။ အသင်ကြုံတွေ့ဖူးတဲ့ လောကဓံကို ကမ္ဘာမီးလောင်သလို၊ကောင်းကင်ပြိုသလို၊တော်လည်းညံသလို ပြင်းထန်ဆိုးရွားလှချည့်လို့ မှတ်ယူထားတဲ့ အသင့်အတွက် သစ်ရွက်ကလေးတခုရဲ့ ဗျာပါဒကို ကိုယ်ချင်းစာလိမ့်မယ်လို့လည်း မျှော်လင့်မထားပါဘူး။
အမှန်က သစ်ရွက်ကလေးက ဖဲကြိုးဝါလေးကို တကယ်ခွဲခွာသွားလိမ့်မယ်လို့ မယုံခဲ့ဘူးတဲ့လေ။ ပြီးတော့ သစ်ရွက်လေးက ပြန်လည်နှုတ်ဆက်လည်း ဖဲကြိုးဝါလေးမှာ သူ့အသံကို နားထောင်ဖမ်းယူနိုင်တဲ့ ရင်ခွင်မရှိပါဘူးလို့ ယူဆခဲ့သတဲ့။ ဒီလိုနဲ့ သစ်ရွက်လေးက မျက်နှာခဏလွှဲလို့ ခဏပုန်းနေခိုက်မှာပဲ လေရူးတသိုက်ရောက်ခိုက် ဖဲကြိုးလေး ပျံသန်းသွားပြီလေ။
နောက်ဆုံးတော့ လူတွေ လက်ညှိုးထိုးနေကျ ဆင်းရဲဖြစ်ရာအကြောင်းကို သစ်ရွက်လေးနားလည်ခဲ့ပြီလေ။ ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊ ချစ်သောသူနှင့် ကွေကွင်းရသော ဆင်းရဲ။ အသင်ကြုံတွေ့ဖူးတဲ့ လောကဓံကို ကမ္ဘာမီးလောင်သလို၊ကောင်းကင်ပြိုသလို၊တော်လည်းညံသလို ပြင်းထန်ဆိုးရွားလှချည့်လို့ မှတ်ယူထားတဲ့ အသင့်အတွက် သစ်ရွက်ကလေးတခုရဲ့ ဗျာပါဒကို ကိုယ်ချင်းစာလိမ့်မယ်လို့လည်း မျှော်လင့်မထားပါဘူး။
ဒီလိုအဖြစ်ကို နှလုံးသားကြည်စင်ဖြူလွတဲ့ သူတောင် နားလည်နိုင်မှာ မဟုတ်ပါဘူး။ သဘာဝဖြစ်စဉ်တွေရဲ့ စကားကို အရေးတယူမထားတဲ့ လူတွေဟာ သစ်ရွက်ကလေးရဲ့ စကားကိုလည်း အမှုထားကြမှာ မဟုတ်ပါဘူး။ တကယ်ပါ။ ဒုက္ခသစ္စာဖြစ်ရာအကြောင်းဟာ သမုဒယသစ္စာတည်းလို့ ရေရွတ်ရုံဖြင့် ဒဏ်ရာများလျော့နည်းသွားဖို့ မျှော်လင့်နေမြဲသော သူရူးတစ်ယောက်လိုပဲ သစ်ရွက်ကလေးရဲ့ စိတ်ဝေဒနာကြီးကျယ်တယ်ဆိုတာ ယုံစေချင်လိုက်တာ။
သစ်ရွက်လေးက ရူးမတတ်ကြေကွဲရင်း သစ္စာဆိုမထားပေမယ့် မိတ်ဆွေလို့ ယုံကြည်မြဲမို့ နှောင်ကြိုးမပြတ်ဘဲ ဖဲကြိုလေးလွင့်ရာနောက် အားစိုက်လို့ကြည့်နေသတဲ့။ အဲဒီအချိန်မှာပဲ ကြမ္မာဆိုးဟာ သစ်ရွက်လေးမိတ်ဆွေ စစ်မစစ်စမ်းသပ်ဖို့ နွေခေါင်ခေါင်မှာ ချက်ခြင်းတိမ်မည်းဖွဲ့လို့ မိုးအဖြစ်ရွာချလိုက်သတဲ့။ သနားစရာ ဖဲကြိုးလေးဟာ ရွှဲရွှဲစိုကာ မြေပေါ်ပြုတ်ကျသွားတာ။ မြေနီလမ်းလေးရဲ့ ဘေးမှာ လဲလျောင်းညစ်ပတ်နေတဲ့ ဖဲကြိုးလေးရယ်။
သစ်ရွက်ကလေးဟာ စိတ်မကောင်းလွန်းလို့ ငိုရှာတယ်။ သူက မိခင်သစ်ပင်ကြီးကို ပြောတယ်။ ဖဲကြိုးဝါလေးကို သူကူညီရလိမ့်တဲ့။ မိတ်ဆွေတွေဆိုတာ အရေးကြုံရင် အကျိုးကိုမမျှော်လင့်ဘဲ ကူညီရမယ်လို့ မိခင်သစ်ပင်ကြီးပဲ သွန်သင်ခဲ့တာလေ။ ဟုတ်တယ် မဟုတ်လား။ လို့ ပြောပေမယ့် ခွင့်မြ့ပုနိုင်ဘူးလို့ မိခင်သစ်ပင်ကြီးက အဖြေပေးတယ်။ ပြီးတော့ ‘မင်းက ငယ်ငယ်လေးရှိသေးတယ်။ မင်းက စိမ်းလမ်းရဦးမယ်။ ရှင်သန်ရဦးမယ်။ မင်းရဲ့ သက်တမ်းတစ်လျှောက် ဒီသစ်ပင်မှာနေရုံအပြင် ဘာမှစွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။’ လို့ ဖျောင်းဖျတယ်။
ကူညီခွင့်မရရှာတဲ့ သစ်ရွက်ကလေးက အရောင်တွေညစ်နေတဲ့ ဖဲကြိုးဝါလေးကို သနားလို့ မဆုံးနိုင်အောင် ဖြစ်နေတာပေါ့။ အမှန်ပင်။ အသည်းကွဲတယ်ဆိုသည်မှာ ခံစားရသူမှာ နင့်နဲသိပ်သည်းရှိလွန်းလှပေမယ့် တခြားသူများအတွက် ရယ်ရွှင်ဖွယ်ဖြစ်နေတတ်တာ။အသည်းကွဲတယ်ဆိုတာ ချစ်ခင်သူနဲ့ ဝေးကွာသွားလို့ ၊ ချစ်ခင်သူကို ဆုံရှုံးလိုက်ရလို့ မဟုတ်ပါဘူး။ သူလဲကျသွားချိန်မှာ ထူမပေးနိုင်လို့ပဲဖြစ်ပါတယ်။
ဒါပေမယ့် သစ်ရွက်ကလေးက သူ့ရဲ့ ကြေကွဲမှုကို ဖဲကြိုးလေးမမြင်အောင်လည်း ဟန်ဆောင်နေရတယ်။ ဖဲကြိုးလေးဟာ ထူးထူးကဲကဲ မာနကြီးသူမဟုတ်လား။ သစ်ရွက်ကလေးဟာ ဖြတ်သွားဖြတ်သွားလူတွေကို အကူအညီတောင်းပေမယ့် ဖဲကြိုးလေးမကြားအောင်လည်း တိုးတိုးသာသာပြောရသေးတာ။ ဒါပေမယ့် သောက၊ဗျာပါဒ၊မောဟ၊ ဝိစ္ဆိကိစ္စတွေကို ခြုံလွှမ်းသယ်ပိုးထားတဲ့လူတွေဟာ သစ်ရွက်လေးရဲ့ စကားကို အလေးမထားမကြားနိုင်ကြပါဘူး။
အချိန်ဟာ ဝမ်းနည်းမှုကို ကုစားပေးလိမ့်မယ်လို့ အနားက မောင်နှမသစ်ရွက်လေးတွေကလည်း နှစ်သိမ့်ပေးကြပါရဲ့။ ဒါပေမယ့် သစ်ရွက်ကလေးက သူဘဝနေဝင်ရွက်ဝါကြွေချိန်တိုင် မစောင့်နိုင်တော့ဘူး။ နောက်ဆုံးတစ်နေ့တော့ သူ့ကို သွားခွင့်ပြုပါတော့လို့ မိခင်သစ်ပင်ကြီးကို တောင်းပန်တယ်။ သူဟာ သူ့မိတ်ဆွေကို ကူညီရင်းကြွေပါရစေတော့လို့ တောင်းဆိုတယ်။ ဒီလိုအဖန်ဖန် အသနားခံရင်း သစ်ရွက်လေးက မိခင်သစ်ပင်ကြီးဆီက ခွဲခွာလိုက်ပြီလေ။
အခုဆို လေနှင်ရာ လွင့်လာတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်တစ်လေ အသင့်မြင်ကွင်းရှေ့ရောက်လာရင် ရှောင်ဖယ်ကာ မသိကျွိုးကျွံမပြုလိုက်ပါနဲ့လေ။ သူဟာ ဖဲကြိုးဝါလေးကို ကူညီပေးဖို့ တောင်းပန်နေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သစ်ရွက်ကလေးရဲ့ စကားကို နားဆင်နိုင်ဖို့ အသင့်နားတွေ သန့်စင်ဖို့ လိုအပ်ပါတယ်။ နှလုံးသားဟာ ဖွင့်ထားပြီးသား ဖြစ်ရပါမယ်။ သွေးတွေ ကြည်လင်ဖို့ လိုပါလိမ့်မယ်။
သစ်ရွက်ကလေးရဲ့ စကားသံကို အသင်မကြားခဲ့ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ သိလိုက်ပါလေ။ ပြီးတော့ ခဏလေး၊ တဖြုတ်လေး ပြေးနေရာက တဆိတ်လေး နားပါဦး။ လေအဝေ့မှာ ဆောက်တည်ရာမရ လွင့်ပျံနေတဲ့ သစ်ရွက်ကလေးရဲ့ စကားသံတိုးတိုးလေးကို ကျေးဇူးပြုပြီး နားစိုက်ထောင်လိုက်ပါနော်။ ။
( မင်းသားလေးနဲ့ မသက်ဆိုင်တော့သော ကျွန်မရဲ့ သစ်ရွက်စင်စစ်လေး ဖြစ်ပါတယ်း)
မယ်ကိုး
29 February 2012
Labels:
ပုံပြင်


မျောပါလာခဲ့တယ်ပဲပြောရမလားပဲ