03 March 2012

သူမရဲ့ 'လူဖြစ်ကြောင်း'ဖြောင့်ချက်


မှန်သောစကားဆိုရရင် အခုတလော သူမ ပျော်ရွှင်နေကာ မဲပြာပုဆိုးဟာသတွေတောင် သဘောတကျရယ်မိရဲ့။ နောက်ဆုံးတော့ တစ်ခုခုဆို ဖုံးကွယ်မထားတတ်တဲ့ အကျင့်အတိုင်း သူမရဲ့ ယောက်ျားကို လူတစ်ယောက်ကို သူမချစ်နေမိပြီလို့ ပြောမိခဲ့။ သူမ မျှော်လင့်ထားသလို သူက ဒေါသတကြီးမတုန့်ပြန်ဘဲ မျက်လုံးဘဲ ပြုးကြည့်ရင်း နှာခေါင်းကို လက်နဲ့ပွတ်ကာ ဘာတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားပါတယ်။

စိတ်ကုန်စရာကောင်းလိုက်တာ။ အင်းလေ။ အိမ်ထောင်သက် ၁၀နှစ်ကျော်တောင် ရှိပြီမို့ သဝန်တိုရိပ်၊ အချစ်အကြွင်းအစလေးပင် ဘယ်သူ့ရင်မှာမှ မရှိတော့ပြီရယ်။ သမီးနဲ့သားကို ချစ်သူရဲ့ပုံယူပြလိုက်ပါတယ်။ နှစ်ယောက်စလုံးက နှာခေါင်းရှုံ့ကြကာ ရုပ်ဆိုးလိုက်တာ တဲ့။ သူမကတော့ သဘောတကျရယ်ပဲနေမိတယ်။ ဒီလောက် ချစ်စရာကောင်းတဲ့သူကို ။ သူမကတော့ ချစ်သူရဲ့ အရာရာတိုင်းကို သဘောကျနေမိသူပါ။ 

သူ အင်္ဂလိပ်သဒ္ဒါကို မှားပြောတာက အစ ချစ်စရာကောင်းတယ်လို့ ထင်နေတာ မခက်ပေဘူးလား။ အရင်စိတ်နဲ့ဆို သူမရဲ့ ပင်ကိုသဘောအရ ဥာဏ်ရည်နိမ့်တဲ့ ယောက်ျားတွေကို အထင်ကြီးနှစ်သက်ခြင်း စိုးစဉ်းမျှ မရှိတတ်ခဲ့တာ အမှန်ရယ်။ အခုတော့ သူက wormhole ကို မသိလောက်အောာင် ဗဟုသုတမဲ့တာ၊ minimalism ဆို ပြောလိုက်တာနဲ့ ပစ္စည်းသေးသေးလေးတွေလို့ ထင်နေတာ ၊ Virginia Woolf လို့ ပြောရင် မင်းသမီးလားလို့ မေးတတ်တာတွေကြောင့် စိတ်ပျက်စိတ်လှိမ့်ဝင်လိုက်တိုင်း ‘OK, OK, calm down’ ဆိုပြီး သူမကိုယ်သူမ ဖျောင်းဖျယူနေရလည်း ချစ်ဆဲပဲရယ်။

အိမ်ကယောက်ျားလို သူမရဲ့ပြောစကားမှန်သမျှကို အရေးတယူနားမထောင်တာနဲ့စာရင် သူက နားမလည်ပေမယ့် ပြောလို့ရနေသေးတာ တော်သေးတာရယ်။ ဒါကြောင့် သူမက ခံစားချက်နရီအတိုင်း  ပွင့်ပွင့်လင်းလင်းပဲ နေထိုင်ချင်ကာ ပကတိရင်ခုန်သံကို ဖုံးကွယ်မနေချင်တော့ဘူး။ အေးခဲနေတဲ့ အိမ်ထောင်ရေးအမှန်တရားကို ချမ်းမြေ့သောမိသားစုပါဆိုတဲ့ စကားလုံးလှလှလေးတွေနဲ့ လှည့်စားမနေနိုင်တော့တာ အမှန်ရယ်။ လူပြောများတဲ့ နားလည်မှုဆိုတာကလည်း တကယ်တော့ မကြားဝံ့မနာသာ ကျိတ်မှိတ်သည်းခံမျိုသိပ်ရခြင်းတွေပါလို့ သူမက ဆိုဦးမှာ။

သူမက မဒီဒေဝီလို ကလေးတွေကိုလည်း စောင့်ရှောက်၊ယောက်ျားကိုလည်း ပြုစုလုပ်ကျွေးရအောင် သူမယောက်ျားက ဘုရားလောင်းအရင့်အမာ မဟုတ်ဘူးလေလို့ ပြောဦးမှာ။ ဟုတ်ကဲ့။ သူမက ပါရမီဖြည့်ဖက် မဟုတ်လို့ ခန္တီပါရမီရှိသူလည်း မဟုတ်ပါဘူး။ ဒီလိုဆိုလို့ သူမက စည်းအပြင်ဖက်က ဂွတီးဂွတအဆိုးမြင်ဝါဒီလို့ ဆိုလည်း ရှိပါစေတော့။ ဒါပေမယ့် သူမက ကြုံရာလူကို ခေါင်းငြိမ့်လိုက်တာတော့လည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနွံတာခံနိုင်မယ်လို့ ထင်ရတဲ့ ခပ်အေးအေးယောက်ျားကို ရွေးချယ်ခဲ့တာပါ။

ခင်ပွန်းသည်ကလည်း အပြင်ပန်းအေးတိအေးစက်မို့ အားလုံးက အိမ်ထောင်ကျကံကောင်းတယ်လို့ ပြောကြပေမယ့် နှစ်ဦးစလုံးရင်ထဲမှာ ဘယ်တုန်းကမှ နွေးထွေးမှုမရှိတော့ဘူးဆိုတာ သိတဲ့ သူမကပဲ အောင့်သက်သက်ပဲ နှုတ်ဆိတ်နေရတော့တာ။ တကယ်က ပျော်ရွှင်စွာအသက်ထက်ဆုံး နေထိုင်ကြလေသတည်းဆိုတာကိုတော့ သူမက မူလကတည်းက မယုံခဲ့သူပါ။ ဒါဆို ဘာလို့ယောက်ျားယူလိုက်သလဲလို့ မေးရင် တစ်ခွန်းတည်းပဲ ပြောစရာရှိတာ။

ယောက်ျားမရှိလို့ မတင့်တယ်တဲ့ အပျိုကြီးဘာညာနဲ့ နှိမ်ချင်ကြတဲ့လူတွေကြောင့်ပေါ့။ လက်မခံဘူးတဲ့လား။ အဲဒီတုန်းက သူမ တကယ်ပဲ ပတ်ဝန်းကျင်ကို အရွဲ့တိုက်ခဲ့တာပါ။ အားလုံးကို အနိုင်ယူနိုင်ခဲ့တယ် ထင်ခဲ့ပေမယ့် အိမ်ထောင်ရေးအကျဉ်းထောင်ကျကာ ပြင်ပကမ္ဘာမှာ အောင်မြင်ထင်ပေါ်ချင်တဲ့ သူမရဲ့အိပ်မက်တွေဟာ လက်နှီးစုပ်လိုပဲ မီးဖိုချောင်ထဲမှာ ၊ မိသားစုတာဝန်တွေကြားမှာ အဆင့်မမှီ နိမ့်ကျသွားခဲ့ပါပြီ။

အခုတော့ သူမ ပွင့်ပွင့်လင်းလင်း ပြုံးနိုင်တော့မယ်လေ။ လူတွေ ပြောကြသလို အသက်လေးဆယ်မှ ဘဝ စတာ မဟုတ်လား။ ပြီးတော့လည်း သူက အလွန်ချစ်စရာကောင်းသူရယ်လေ။ သူငယ်ချင်းကိုတော့ အားပါးတရရင်ဖွင့်ဖြစ်တာပေါ့။ မြင်မြင်ချင်း သဘောကျမိတာ ဆရာ။ ဘယ်သူနဲ့မှ ဒီလို မခံစားဖူးဘူး။ မြင်လိုက်တာနဲ့ ရင်ခုန်ပြီး တုန်တုန်ရီရီတောင် ဖြစ်သွားတယ်။လို့ ဆိုတော့ သူငယ်ချင်းက ရယ်မောနောက်ပြောင်တာပေါ့။ အရင်ဘဝက အတူတူးခဲ့ဖူးတဲ့ ရေတွင်း တို့ ဘာတို့။

 ဒါပေမယ့် သူမရဲ့ သူငယ်ချင်းလိုမျိုး နားလည်မှုမရှိတဲ့ မဟာပုရိသဝါဒီတွေများ သူမကို သိပ်အနိုင်ကျင့်ကြတာပဲ။ သူမကို ဖောက်ပြန်သလေး ဘာလေးနဲ့ မှိုချိုး မျှစ်ချိုးပုတ်ခတ်စော်ကား အနိုင်ယူချင်လိုက်ကြတာ။ ရယ်ချင်တယ်။ သူတို့ ကိုးကွယ်နေတဲ့ ယောက်ျားတွေထဲမှာ ဘယ်သူကများ မဖောက်မပြန် ဇနီးသည်ကို သစ္စာစောင့်သိလို့လဲ။ ရှိရင် ဥပမာလေးနဲ့ပင် ပုံဖော်ပြပါဦး။ သူမ တကယ်ပင် ကလပ်ပေါ်တင် ကိုးကွယ်ထားနိုင်ပါတယ်။ ကိုယ်ထိလက်ရောက် မဖောက်ပြန်ရင်တောင် စိတ်နဲ့ ဖောက်ပြန်ခဲ့/ နေ/ တော့မယ့်သူတွေချည်းရယ်။


ဒါကြောင့် သူမကို သစ္စာဖောက်သူလို့ မသမုတ်သင့်ပါဘူး။ သူမရဲ့ခံစားမှုကို သူမ သစ္စာရှိတာပါ။ သူမကို အိမ်ထောင်ရေးဖောက်ပြန်သူလို့ မသတ်မှတ်သင့်ပါဘူး။ သူမရဲ့ အချစ်အပေါ် သူမ စောင့်သိ ရိုသေစောင့်ရှောက်တာပါ။ သူမကို သားသမီးတောင် မငဲ့ဘဲ တကိုယ်ကောင်းကြံသူလို့ မစွပ်စွဲသင့်ပါဘူး။ ရခဲလှတဲ့ ဘဝလေးမှာ သူမရဲ့ ပျော်ရွှင်မှုကို သူမရယူရုံလေးပါ။ သူမက ချစ်သူကိုမြင်တွေ့နေရဲ့သားနဲ့ ရှေ့မတိုးရဲ၊ မရယူဘဲနဲ့ ဘာကြောင့် တစ်သက်လုံး ဝမ်းနည်းကြေကွဲနေရမှာလဲ။

သူမကို လူ့ကျင့်ဝတ်မသိဘူးဆိုလည်း တစ်ခုတော့ မေးပါရစေဦး။ လူဆိုတဲ့ သတ္တဝါလောက် ကျင့်ဝတ်စည်းကမ်းကို မျက်ကွယ်ရောက်တိုင်း ချိုးဖျက်တတ်တဲ့ သတ္တဝါရောရှိသေးရဲ့လား။ အသေအချာပေါ့ ။ လူဆိုတာ ကိုယ့်ကိုယ်ကျိုးပဲ အရိပ်ကြည့်စောင့်ရှောက်တတ်တဲ့ သတ္တဝါမဟုတ်လား။ သူမရဲ့ အိမ်ဦးနတ်လို လူစင်စစ်က နတ်တပါးလို အခွင့်ထူးမရနိုင်ဘူးတဲ့လား။

ရှိပါစေတော့။ စိတ်ထဲက အကြိမ်တရာလောက် ဖောက်ပြန်နေသူနဲ့ တကြိမ်တခါမှားယွင်းမိသူက အပြစ်ပိုကြီးတယ် ဆိုကာ စကားလုံးစည်းမျဉ်းတွေနဲ့ နှိပ်စက်နိုင်ပါတယ်။ ဒါပေမယ့် သူမကမှ သူတစ်ယောက်တည်း ချစ်မိတာပါ တကယ်။ သူမရဲ့အေးဆေးလှချည့်ဆိုတဲ့ ယောက်ျားလို ပေါင်တံသွယ်လျလှပတဲ့ မိန်းကလေးတွေနဲ့ အိပ်စက်ပျော်ပါးပြီး ဘာမှမဖြစ်ခဲ့သလို မျက်နှာထားနဲ့ အိမ်ပြန်လာတတ်တဲ့သူမျိုးလည်း မဟုတ်ပါဘူး။

ဒါဆို သူ့ကိုရော သူမက ယုံကြည်တယ်ပေါ့ဟုတ်လား မေးလာရင်တော့ သူမ အိုးတိုးအမ်းတမ်းနဲ့ အဖြေခက်နိုင်တာ။ အသက်အရွယ်အိုမင်းလို့ ပါးရေ၊နားရေတွန့်လိပ်လာတဲ့အခါ ချစ်လှပါတယ်ဆိုတဲ့ သူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် တမက်မောမောကြည့်နေနိုင်မယ်ဆိုတာ သူမအတွက်တော့ ယုံရခက်ခက်ရယ်။ စွဲဆောင်မှုတွေ လျော့သွားခြင်းကို ဘယ်သူ့အပြစ်ပါလို့လည်း မဆိုနိုင်တာမို့ သူ့ကိုလည်း ရာသက်လုံးချစ်နေမယ်လို့ ကတိမပေးနိုင်ပါဘူး။ အင်း ။ အချစ်ဆိုတာလည်း ဖွင့်ဆိုဖို့ ခက်သားကလားနော်။

သားနဲ့သမီး အရွယ်ရောက်လာရင် ဘယ်လိုရှင်းပြရပါ့။ ဒါပေမယ့် သူမ မှားမှားမှန်မှန် သူတို့အမေ့ကို ဝေဖန်ငြင်းပယ်ပိုင်ခွင့် မရှိပါဘူး။ သူမက အမေ မဟုတ်လား။ လူတွေ စာဖွဲ့နေကျ အမေ့မေတ္တာအနန္တ၊ မြင်းမိုရ်တောင်ထက် မြင့်တဲ့ အမေ့ကျေးဇူးတွေကို သူမက ပေးခဲ့တာရယ်လေ။ ။ 

မယ်ကိုး

8 comments:

Anonymous said...

သစ္စာတရားရှိဖို့ အရမ်းရေးကြီးတယ်ဆိုတာ ထက် အချစ်ဆိုတာခံစားတတ်ဖို့လိုတယ် ဆိုရမလား

လောကမှာ လူတစ်ယောက်ရှင်သန်နေရတာကို က လောင်းကစားဆန်တယ် အလျှော်အစားနဲ့ အချစ်ကို ကိုးကွယ်ရလည်းခက်တယ်
စည်းစိမ်ကို ရွေးချယ်ဖို့လည်း ခက်တယ်
ဘာကိုပဲရွေးရွေး
အဓိက က ကိုယ်စိတ်ချမ်းသာဖို့ ကိုယ့်စိတ်ကြည်လင်ဖို့ပဲ လိုတယ်ထင်မိတယ်


မောင်ဘကြိုင်

လင်းဒီပ said...

ခက်တော့ ခက်သား
(၁)ချစ်ခြင်းနဲ့ လူ့ကျင့်ဝတ်...
(၂)မိန်းမနဲ့ ယောက်ျားခွဲခြားသတ်မှတ်ထားတဲ့ မတူညီတဲ့အခွင့်အရေး...

ရင်ဆူး said...

လူလွတ်ဘ၀မှာ ကိုယ့်ဆုံးဖြတ်ချက်က ကိုယ်နဲ့ဘဲဆိုင်တယ်လို့ပြောလို့ရပါတယ်...တစ်ခြားမိဘဆွေမျိုးတွေကိုထည့်မတွက်ရင်တောင်ပေါ့....အိမ်ထောင်သည်ဘ၀မှာတော့ ကိုယ့်ဆုံးဖြတ်ချက်က ကိုယ်တစ်ယောက်တည်းနဲ့ မဆိုင်တော့ဘူးလေ....ခက်တော့ခက်သားလားဗျာ....သူများနဲ့မတူတဲ့အရေးအသားကိုတော့ လေးစားချီးကျူးပါတယ်ဗျာ...

Anonymous said...

ကိုယ်ထင်ရာကိုယ်လုပ်...အဟုတ်ဆိုတော့လည်းညောင်ညိုပင်စခန်းကိုမြန်မြန်ရောက်တော့တာပေါ့...........

အမရာ said...

:)

Anonymous said...

အရေးအသားက ဆွဲဆောင်လွန်းအားကောင်းတယ်။
အရင်တုန်းကလိုပဲ ကျွန်တော်တို့ဟာ အဲဒီလိုမဟုတ်ပါဘူးဆိုပြီး
အမရဲ့ ဇာတ်ကောင်တွေကို ငြင်းဆိုသွားခဲ့တယ်။

ထရီဆာ said...

အသုံးအနှုန်းလေးတွေ ပြတ်သားတာကို သဘောကျမိ တယ် ညီမလေးရေ ..

လောကလူသားတွေမို့ အတွေးအမျိုးမျိုး၊ ခံယူချက် အမျိုးမျိုးပေါ့ကွယ် ....

Anonymous said...

အရင်စိတ်နဲ့ဆို သူမရဲ့ ပင်ကိုသဘောအရ ဥာဏ်ရည်နိမ့်တဲ့ ယောက်ျားတွေကို အထင်ကြီးနှစ်သက်ခြင်း စိုးစဉ်းမျှ မရှိတတ်ခဲ့တာ အမှန်ရယ်။

ကြိုက်တယ်ဗျာ...