16 April 2012

ရာသီစာ စိတ်အဆာများ

မနေ့ကသင်္ကြန်အတက်နေ့က ကျောင်းမဏ္ဍပ်မှာ ကျွန်တော်နည်းနည်းမူးနေခဲ့။ ရီတီတီနဲ့ပဲ စတုဒီသာကျွေးတဲ့နေရာ ရောက်သွားတော့ ကျွန်တော်ကြိုက်နေတဲ့ကောင်မလေးက ခြံထောင့်မှာ အမှိုက်သိမ်းနေတာတွေ့တာနဲ့ သူ့ကို ကူလုပ်ပေးရင်း ဘယ်လိုစကားစရမှန်းမသိလို့ စင်ပေါ်ကအကြောင်းပဲ ပြောမိသွားတာပါ။ 

‘နင် နွယ်နီတို့အုပ်စု စင်ပေါ်မှာ မူးရူးဖြစ်ပျက်နေတာကို သိတယ်မဟုတ်လား’ လို့ စကားစလိုက်တော့ သူမက မျက်မှောင်ကျုံ့ကြည့်ပြီး ‘ဘာဖြစ်လို့လဲ’ လို့ ပြန်မေးတယ်။‘သူတို့က မလုံ့တလုံဝတ်ပြီးကဲနေတော့ သားရည်တမျှားမျှားနဲ့ကောင်တွေက ဆွဲလားရမ်းလားနဲ့ အဲဒါမနည်းလိုက်ထိန်းနေရတယ်။ ငါက အစက နွယ်နီ့ကို ကောင်းကောင်းမွန်မွန်လေး ထင်နေတာ။’ သူမက ‘ဘာ’ လို့ အော်လိုက်ရာ မျက်လုံးတောင် နည်းနည်းကျယ်သွားခဲ့တာ။

‘သူ မကောင်းဘူးလို့ နင့်ဘယ်သူပြောလဲ’ ‘ခုပဲ အောင်ကြီးတို့ဝိုင်းထဲကို တစ်ကောင်ရောက်လာပြီး သူက လွယ်လွယ်ရတယ်ဆိုပြီး… စကားပင် မဆုံသေး ‘တော်တော့’ လို့ ဟန့်လိုက်တဲ့ သူမအသံက မိုးခြိမ်းသံလိုပဲ။ ခပ်လှမ်းလှမ်းက ရေပိုက်ပြင်သူတွေပင် လှမ်းကြည့်ကြတော့ ကျွန်တော်စိတ်တိုသွားတာနဲ့အပြိုင် သူမကလည်း ဒေါသထွက်နေတာ။ ‘အဲဒီ ပေါက်လွှတ်ပဲစားလူတွေ မဟုတ်မတရားလေလုံးထွားနေတာကို ဘာလို့ နင်ကယုံပြီး အတင်းအဖျင်းလာပြောနေတာလဲ’ လို့ သူမပြောတော့ ကျွန်တော်လည်း အရမ်းဒေါသထွက်သွားတာ။ 

‘ဒီလောက်ဖော်ချွတ်နေတော့ ငါလည်း ထင်မိမှာပေါ့။ ဘာစိတ်တိုစရာ ရှိလဲ’ ဆိုတော့ သူမက ‘စိတ်တိုတယ်။ ဒီနေ့ဝတ်စားသောင်းကျန်းနေတဲ့ တစ်ချိန်ပဲ နင်မြင်တာကို စိတ်တိုတယ်။ နောက်နေ့ကျရင် သူတို့က ရင်ဖုံးအင်္ကျင်္ီဝတ်ပြီး ဘုန်းကြီးကျောင်းမသွားဘူးလို့ နင်ပြောနိုင်လို့လား’ တဲ့။ အသားလွတ်အအော်ခံနေရပေမယ့် ကိုယ်ကကြိုက်နေတာတကြောင်း၊ သူမဆီက ပိုက်ဆံချေးထားတာကရော ၊နောက်လည်း ချေးဖို့ရှိတာကြောင့်ရော ဒေါသကို ကြိတ်မှတ်မျိုချနေရ။

‘တော်ပြီဟာ။ ငါတို့က အလကားကြည့်ရတာ သဘောတောင်ကျသေးတယ်။ ဘာမှ မကြိုက်စရာမရှိဘူး ။ နင်က ဘာတွေဒေါကန်နေတာလဲ’
‘တစ်နေ့လုံး ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြေရှင်းနေရတာ သည်းမခံနိုင်တော့ဘူး။ သူတို့အဖွဲ့ကြောင့် ငါအလုပ်ပိုရှုပ်လို့ စိတ်တိုတာထက် နှမချင်းမစာနာ ဆဲဆိုသံတွေကို ပိုစိတ်ဆိုးတယ်။’ 
‘ဒါကတော့ အမြင်မတော်လို့နေမှာပေါ့’ လို့ ကျွန်တော် ပြေရာပြေကြောင်းပြောမိကာမှ အခြေအနေ ပိုဆိုးသွားခဲ့။ သူမက ဟက်ကနဲ သရော်လှောင်ရယ်တော့တာ။


‘ငါလည်း သူတို့ကို အမြင်တော်တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူတို့ကို အာသာငမ်းငမ်းကြည့်နေရင်းက ချိုးချိုးဖဲ့ဖဲ့ဆဲပြီး ထင်ရာမြင်ရာသိမ်းကျုံးစော်ကားနေတဲ့သူတွေကိုကျ အပြစ်မမြင်နိုင်တဲ့ နင့်ကို တော်တော်အံ့သြတယ်။ဝမ်းနည်းစရာပဲ။ မိန်းကလေးတွေလည်း လူပါပဲ။ယောက်ျားမိန်းမအတူတူ သာတူညီမျှထားတဲ့အမြင်ရှိဖို့ သိပ်ခက်တယ်ဆိုရင်လည်း လူလူချင်းလေးစားတဲ့စိတ်လေးတော့ နင့်မှာရှိမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့်လေ ဒီစကားတွေကို နင်မူးလို့ ပြောတယ်ပဲ သဘောထားပါတယ်။’ အေးအေးဆေးဆေးနှက်လိုက်တဲ့ သူမစကားတွေက မူးနေတဲ့ခေါင်းကို ပြေးရိုက်လိုက်သလို။

ဆက်ပြောရင် ရန်ဖြစ်နေမိမှာစိုးလို့ ကျွန်တော်ချက်ချင်းပဲ ထထွက်လာခဲ့ကာ စင်ပေါ်တက်ပြီး မြင်မြင်သမျှမိန်းမအပေါင်းရဲ့ ရင်သားမို့မို့ ပေါင်တံဖွေးဖွေးတွေကို ရေပိုက်နဲ့ အတင်းထိုးပက်နေမိခဲ့။ ဒီလို ဒေါသမပြေဆဲဖြစ်နေခိုက်မှာပဲ အနားကလူက ‘ဟေ့ကောင်၊ စော်တွေကို သွားကိုင်လို့မရတိုင်း ပွဲကြမ်းနေတာလား’ ဆိုတာနဲ့ ချက်ချင်းပဲ လက်ကမြောက်တက်သွားပြီး သူမျက်နှာတည့်တည့်ထိုးဖြစ်သွားခဲ့။ 

အခုနှစ်ဆန်းတစ်ရက်နေ့မှာ တစ်မျက်နှာလုံးဖူးယောင်ပြီး အိပ်ရာထဲကနေ သူမကို ကျိန်ဆဲနေမိပေါ့။

မယ်ကိုး

6 comments:

Anonymous said...

ဒီစာကိုဖတ်ရတာ အီလည်လည်ကြီးး
ဘယ်လိုပဲဖြစ်ဖြစ် ဒီလို သင်္ကြန်မှာ မိန်းကလေးတွေ ဖော်တာချွတ်တာကို ဘယ်လိုမှ လက်ခံလို့မရပါခင်ဗျာ ဘယ်အမျိုးကောင်းသမီးမှ ဒီလောက် ဆိုးဝါးအောင်လုပ်မှာမဟုတ်ပါဘူး

ခင်လျှက်
တောင်ကြီး

လွင်ပြင်လှိုင်းငယ် said...

ဒီနှစ် သင်္ကြန်ကို အင်တာနက်ကနေကြည့်ရတာတောင်
တော်တော်စိတ်ပျက်မိတယ် ဖော်ချွတ်တွေအရမ်းများလွန်းတယ်...ခဏတာပျော်ပြီး လုပ်ချင်လုပ်ကြပေမယ့် သူတို့လေးတွေရဲ့ ပုံတွေက အင်တာနက်စာမျက်နှာမှာ ပြန့်နေပြီး ရှေ့ဆက်လျှောက်ရမဲ့
ဘ၀ခရီက အရှည်ကြီးကျန်သေးတယ်လေ ။

လင်းဒီပ said...

ဒီစာလေးကတော့ တကယ်ရန်တွေ့နေသလို နည်းနည်းသွက်နေတယ် ။ ဖတ်ရင်း ရီမိတယ် ။ :D

Anonymous said...

အော်ဗျာ .. ကိုယ့်ဘ၀ကိုယ်ထူထောင်၊ ကိုယ့်ထမင်းကိုယ်ရှာစား၊ ကိုယ့်ဟာကိုယ်တွေးခေါ်ဆင်ခြင်ပြီးနေရတဲ့ဘ၀ထဲ မူးချင်တဲ့ခါမူး ရူးချင်တဲ့ခါလေးရူး ကောင်းချင်တဲ့ခါကောင်းပေါ့၊ ..( Littlebrook)

ဟီးဟီး ကိုလင်းဒီပမန့်ထားတာ မှန်ပါ့ :P

Anonymous said...

ငါလည်း သူတို့ကို အမြင်တော်တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူတို့ကို အာသာငမ်းငမ်းကြည့်နေရင်းက ချိုးချိုးဖဲ့ဖဲ့ဆဲပြီး ထင်ရာမြင်ရာသိမ်းကျုံးစော်ကားနေတဲ့သူတွေကိုကျ အပြစ်မမြင်နိုင်တဲ့ နင့်ကို တော်တော်အံ့သြတယ်။ဝမ်းနည်းစရာပဲ။ မိန်းကလေးတွေလည်း လူပါပဲ။ယောက်ျားမိန်းမအတူတူ သာတူညီမျှထားတဲ့အမြင်ရှိဖို့ သိပ်ခက်တယ်ဆိုရင်လည်း လူလူချင်းလေးစားတဲ့စိတ်လေးတော့ နင့်မှာရှိမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့်လေ ဒီစကားတွေကို နင်မူးလို့ ပြောတယ်ပဲ သဘောထားပါတယ်။’ ဒီစာပိုဒ်လေး က သဘောကျစ၇ာလေးပါ။ ယောကျာ်း လေးတွေ လဲမူး၇ူး ၇မ်းကားနေတာပဲ မိန်းကလေးတွေ လဲ မူ၇ူး ကခုန်နေကြတာပဲ။ အားလုံး အတူတူ ပဲ ကို ဘာလို့ ဘာလို့ အ၇ူးက တမူးသာတဲ့ ပုံနဲ့ လာပြောနေတာလဲ လို့ နားလည်မိလိုက်တယ်။ ဒါပေမယ့် ယောကျာ်း မိန်းမ မတူ တဲ့ အချက်တွေ က ခုထိကွဲပြားနေတုန်းပဲ။ ယော်ကျာ်းလေး မိန်းကလေး ယှဉ်ပြိုင်သင့်တဲ့ နေ၇ာတွေ မှာ ယှဉ်ပြိုင် သင့်ပေမယ့် မယှဉ်သင့်တဲ့နေ၇ာတွေ အတွက် မယှဉ်တာ အကောင်းဆုံးပဲ ။ မိန်းကလေး တွေ က ယောက်ျားလေးတွေ ထက် ပိုပြီး အနေအထိုင် အကျင့်စာ၇ိတ္တပိုင်းကို ဆင်ခြင်သင့်တယ်။ ဘု၇ား ၃ ၄ ခေါက်သွားတာ လူမမြင်ပေမယ့်။ သင်္ကြန်မှာ ဖော်ချွတ်ကတာ လူမြင်တာ သဘာဝ ပါ။ အပြစ်တင်တာ ကေ၇ာ သဘာဝ တ၇ားကြီး ပဲ။

ရိုးမြေကျ said...

အိုး မယ့်ရေ ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မယ်။ မြန်မာ့ယဉ်ကျေးမှုကို ပျက်ပြားစေတဲ့ အပြုအမူတွေက ခုနောက်ပိုင်း သင်္ကြန်တွေမှာ ပိုလို့တွေ့လာရတယ်။ စိတ်ကြွဆေးပြားအရက်သေစာစတာတွေကလဲ လူကို ထိန်းမနိုင် သိမ်းမရ ရမ်းကားစေတဲ့ အကြောင်းအရင်းတွေပါပဲ။ ဖေ့ဘုတ်မှာလဲ မြန်မာမလေးတွေ မူးပြီး ဖြစ်ချင်တိုင်းဖြစ်နေကြတာကို မမြင်ချင်အဆုံး မြင်ကြရဦးမှာပဲ။ ကျနော်ကတော့ မိန်းကလေးတွေ မလုံတလုံဝတ်စားဆင်ယင်တာတွေမြင်ရရင် စိတ်ထဲမကောင်းဘူး။