21 April 2012

ညှင်းပန်းခံရသော အပ်များ

ကျွန်မရေးခဲ့တဲ့ ဆောင်းပါး 'အမေ့သမီး၊အမေ့သားများသို့ မရည်ရွယ်သော…'စာကိုဖတ်ပြီး ချစ်ခင်လေးစားရသောမိတ်ဆွေ မမသန်းသန်းက Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကို ကျွန်မဆီ လက်ဆောင်ပို့ပေးခဲ့ပါတယ်။ မမသန်းသန်းပို့ပေးတဲ့ စာအုပ်က အကြောင်းကြောင်းကြောင့်၂၀၁၂ မတ်လကျော်မှ ကျွန်မလက်ထဲရောက်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်လို့ ပြောထားတဲ့ ဒီစာအုပ်မှာ ငြင်းခုန်ဖွယ်အကြောင်းခြင်းရာတွေ ပြည့်နှက်နေပါတယ်။ 
စာရေးသူကလေးမလေးဘဝက အိပ်ရာထဲမှာ အပေါ့သွားလို့ ပြစ်ဒဏ်ပေးတာကစပြီး အမေနဲ့ (တရားမဝင်) ပထွေးရဲ့ လျစ်လျူရှုနှိပ်စက်နည်း မျိုးစုံကို ခံရတာကို ရေးထားတဲ့ ဖြစ်ရပ်မှန်စာအုပ်ဖြစ်ပါတယ်။ တခြားသားသမီးတွေအပေါ် ကိုယ်ထိလက်ရောက်မရက်စက်တဲ့ အမေဟာ သူတစ်ဦးတည်းကိုပဲ မယုံနိုင်စရာနည်းများနဲ့ ဘာကြောင့်နှိပ်စက်ရပါသလဲ။ နားလည်ရန်ခက်ခဲတဲ့ ပုစ္ဆာပါ။ စာရေးသူအမေကလည်း စာရေးသူကို အသားရေဖျက်မှုနဲ့ တရားစွဲတဲ့အခါ စာရေးသူရဲ့ သက်သေထားစရာမောင်နှစ်မတွေ အားလုံးက စာရေးသူအမေအတွက် လိမ်လည်ထွက်ဆိုကြပေမယ့် နောက်ဆုံးတော့ စာရေးသူပဲ အမှုကို အနိုင်ရသွားပါတယ်။

မျှတမှန်ကန်တဲ့ တရားဥပဒေရှိတဲ့ နိုင်ငံမှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့အမှုလို့ အားလုံးက ကောက်ချက်ချကြပါတယ်။ စိတ်ဆင်းရဲစရာကောင်းလွန်းတဲ့ ဖြစ်ရပ်မှန်တွေ ဖြစ်တဲ့အတွက် စာအုပ်အမြည်းကို ကျွန်မရေးတော့မှာ မဟုတ်ပါဘူး။ အရာအားလုံးကို သိနားလည်ပါတယ်ဆိုတဲ့လူယဉ်ကျေးတွေက ဒီလိုကိစ္စတွေကို မဖြစ်နိုင်ဘူးဆိုကာ ငြင်းပယ်ကြဦးမှာမို့ ကျွန်မလည်း အထူးတလည် မရှင်းလင်းနိုင်တဲ့အတွက် ဖြစ်ပါတယ်။

တစ်ခုပဲ သတိရပါတယ်။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုပါ။ 

 "မသိန်းမေ သည် ဆိုခဲ့သည့်အတိုင်း သူစိမ်းတစ်ရံဆံများအပေါ်တွင် စေတနာဗလဝနှင့် ကျကျနန ကျွေး တတ်သလောက် အတာကလေးဆိုလျှင် သူတို့စားနေရာသို့ အနားပင်မသီရ။ အောက်ထပ်တွင် စားနေ ကြသည် ဖြစ်က အတာသည် အပေါ်ထပ်ခိုးတွင် ကုပ်၍ မလှုပ်ဝံ့အောင် ငြိမ်နေရ၏။ "အတာရေ လာဟေ့" စား၍ မျိုမကျနိုင်သော မခင်သက်တို့က လှမ်းခေါ်လိုက်သည်ကိုပင် "မခေါ်နဲ့ သူ့ဖို့ အပေါ် မှာ ခွဲပေးခဲ့ပြီးပြီ" မသိန်းမေ က ထိုစကားမျိုးဖြင့် ဟန့်တားတတ်၏။ 

သို့သော် ခွဲပေးခဲ့ပြီးပြီဆိုသော စကားမှာ မုသာဝါဒမျှ သာဖြစ်၏။ သူတို့တစ်တွေ ပျော်တပြုံးပြုံးနှင့် မြိုးမြိုးမြက်မြက် စားနေကြခိုက် အတာမှ လျှာတပြင်ပြင် နှင့် အပေါ်ထပ်တွင် ကုပ်နေရ၏။ သူတို့ မစားနိုင်၍ ပိုလျှံမှ အတာစားရ၏။ တစ်ခါတစ်ရံ မနပ်၍ဖယ် ထားသော ပလာတာအလယ်သား နှင့် အရိုးအရင်း ဟင်းကပ်ကလေးသာစားရလျက် များသောအားဖြင့် မူ ဝယ် လာသမျှ တက်တက်စင် ပြောင်သွားတတ်သောကြောင့် အတာတွင် အာခေါင်အခြောက်သားနှင့် ပင် စားကြွင်း စားကျန် ပန်းကန်ခွက်ယောက်များဆေးရင်း"ငါ့ကိုတော့ ဘာလို့မကျွေးပါလိမ့်"ဟူသော အတွေး ဖြင့်သာ နိဂုံးချုပ်ခဲ့ရ၏။ ဤသည်ကို အတာ တွေးမိ လာ၏။

နားရင်းတွင် ထူပူသွားသည်အထိ ဘယ်ပြန်ညာပြန် အရိုက်အနှက်ခံရဖူးသည်ကို အတာ မမေ့နိုင်။ ထို့ ကြောင့် စနေနေ့ဆိုလျှင် အထူး သတိထားရ၏။ မသိန်းမေသည် လူတစ်မျိုးလိုဖြစ်နေသည့်အတိုင်း တစ်ခါ တစ်ရံ သောကြာနေ့၌ပင်ဖြစ်စေ ပင်းမင်းဆိုင်က အကြွေးတောင်းခြင်း ပြောမိလျှင်ပင် "နက်ဖြန် မြင်းပွဲသွားမဲ့နေ့ဆိုတာ နင် မသိဘူးလား ဟင်၊ အမျိုးယုတ်ကလေး" ဤသို့လည်း မေးမေးပြောပြောနှင့် အတာ့ ကျောနုနုကို တအုန်းအုန်းထုတတ်သေး၏။
....
အတာ့အဖို့တွင်သော်ကား မသိန်းမေ၏စီးပွားရေးတိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် ပတ်သက်၍ အကျိုးခံစား ခွင့်သည် ဘာမျှမရှိ။ မသိန်းမေ၌ဝင်ငွေကလေးဖြောင့်လာလျှင် အဆူအရိုက်ခံရမှုသက်သာ၍ မသိန်းမေ မြင်းရှုံးလာက အကြောင်းမဲ့ အကန်ကျောက် အကြိမ်းအမောင်း ခံရသည်သာ ခြားနား၏။  

ဒီလို နှိပ်စက်ခံရမှုအမျိုးမျိုးကြောင့် ဆရာကြီးဦးသာဓုနားလေးခဲ့ရပြီး ဒီထက်ဆိုးသောအကြောင်းအရာများကို ပရိသတ်လက်မခံမှာစိုးလို့ ထည့်မရေးခဲ့ဟု ဆရာသုမောင်က တရားဝင်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဆရာကြီးကို တစ်ခွန်းတစ်စ မဝေဖန်ဘဲ ဖြစ်ရပ်မှန်လို့ ကျွန်မ ဝန်မခံထားတဲ့ ‘အမေ့သမီး’ ဇာတ်လမ်းရှည်ကြောင့် ကျွန်မကို ပုဂ္ဂိုလ်ရေးသက်သက်စော်ကားနှိမ့်ချမှုတွေ ပြုကြတိုင်း ဘာကြောင့်လဲလို့ အဖြေရှာနေမိဆဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အမေတွေရဲ့ ညှင်းပန်းခံရတဲ့ ကလေးတွေ ရှိနေတယ်လို့ ထပ်မံဆိုနေဦးမှာဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကြုံတွေနေရတဲ့ ကလေးတွေကို ‘မဖြစ်နိုင်ဘူး’ လို့ ရက်စက်စကားဆိုကြသူများက အနည်းငယ်နားလည်နိုင်ပါစေလို့လည်း မဝံ့မရဲဆုတောင်းနေဦးမှာ ဖြစ်ပါတယ်။


စာကြွင်း ။ ။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုကို အစ်မရွှေစင်ဦးရဲ့ စာမျက်နှာ  ဖတ်နိုင်ပါတယ်။ Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကိုဖတ်ချင်တယ်ဆိုရင်လည်း ကျွန်မ scan ဖတ်ပြီး တင်ပေးပါ့မယ်။

ချစ်ခင်လေးစားစွာဖြင့်

မယ်ကိုး

12 comments:

Anonymous said...

မဖြစ်နိုင်ဖူးလို့ မပြောချင်ပါဖူး မယ်ကိုးရေ
ဖြစ်နိုင်ပါတယ် ရှိနိုင်ပါတယ်
အမေတိုင်း အထူးသဖြင့် မိဘတိုင်းဟာ သားသမီးတိုင်းကို ညီတူညီမျှချစ်စိတ်ရှိတယ်ဆိုတာ မိဘတိုင်းအတွက်ဆိုတဲ့
ဆိုတဲ့ စကားမဟုတ်ပါဖူး

Anonymous said...

ညီမ ရဲ့ စာတွေကို ပြန်ဖတ်ကြည့်မှ ခံစားချက် တွေ ရှိနေကြောင်း သိလာရတယ်

ဒီလိုဘဲ ညီမ .. မချစ်တတ်တဲ့ ဒါမှမဟုတ် အချစ်ကို မဖွင့်ဟ တတ်တဲ့ မိဘ တွေရှိတယ် ... နောက်ပြီး သူတို့ ရဲ့ ရင်ကျက်မှု့ မရှိခြင်း တွေ မှာ ကိုယ် တရားခံဖြစ်လာ တတ်တယ် ..

အမ မှာလည်း ခံစားချက်တွေ ရှိပါတယ်.. အသက်ကြီးလာတော့ ဒါတွေဟာ အရေးမကြီးတော့ဘူး .. ငယ်ငယ်တုန်း ကတော့ အချစ် ခံချင်တယ်.. ဂရုစိုက် မှု့ တွေကိုမျှော်လင့် တယ်... အသိအမှတ် သိပ်ပြုစေ ချင်တယ်.. ကိုယ်လိုချင်တာတွေ မရတဲ့ အခါ ထိခိုက်နာကြင်ရတယ်

အခုတော့ ဒါတွေကိုလိုချင်တာ ကိုယ်တိုင် လည်း မရင့်ကျက် သေးလို့ ဘဲလို့ ယူဆမိတယ်

ချစ်တဲ့
အမရွှေစင်

mstint said...

ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို ဖြစ်ပျက်မှုအရာရာမှာလဲ သူ့အကြောင်းနဲ့သူတော့ ရှိမယ်ထင်ပါတယ် မယ်ကိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သိင်္ဂါကျော် said...

မိခင်စိတ် ပြည့်ဝတဲ့ အမေတွေ၊ ဖခင်စိတ် ပြည့်ဝတဲ့ အဖေတွေ ရှိသလို.. မိခင်စိတ် ဖခင်စိတ် ခေါင်းပါးတဲ့ အဖေ အမေ တွေလည်း ရှိကြပါတယ်.. မရှိဘူး ပြောလို့ ဘယ်ရမလဲ နော်..
သူတို့လည်း ပုထုဇဉ် လူသားတွေပဲ သူတို့ အတ္တ၊ သူတို့ စိတ်ထား ဆိုတာလည်း အမျိုးမျိုး ရှိနိုင်ပါတယ်..။
ရှိလို့သာ လမ်းဘေးက ကလေး အရေအတွက်လည်း များပြား လာနေတာပဲလေ။

Christine said...

Hi A ma yay,

if there is a chance , I'd like to read the book.

Thanks in advance,
Christine

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မဖြစ်နိုင်ဖူးလို့ မပြောချင်ပါဖူး မယ်ကိုးရေ
ဖြစ်နိုင်ပါတယ် ရှိနိုင်ပါတယ်
အမေတိုင်း အထူးသဖြင့် မိဘတိုင်းဟာ သားသမီးတိုင်းကို ညီတူညီမျှချစ်စိတ်ရှိတယ်ဆိုတာ မိဘတိုင်းအတွက်ဆိုတဲ့
ဆိုတဲ့ စကားမဟုတ်ပါဖူး

သတိုး said...

ဖြစ်နိုင်ခဲ၊ ကြုံနိုင်ခဲသော်လည်း မရှိဘူး၊ မဖြစ်နိုင်ဘူးလို့တော့ ပြောမရပါ။ တစ်ထောင်မှာ တစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက်မို့ စာတစ်စောင်၊ ပေတစ်ဖွဲ့ မရေးအပ်ဟုလည်း မဆိုစေချင်ပါ။ စာရေးသူတိုင်းသည် ရင်ထဲ ထိခိုက်ရိုက်ခတ်လာသမျှကို တုန့်ပြန်ခံစားရေးဖွဲ့ချင်းသူချည်း။ ပြီး အားနည်းသူကို စာနာဖေးမချင်သောစိတ်လည်း စာရေးသူတိုင်းမှာ ရှိတတ်လေ့မြဲ မဟုတ်မလား။
လေးစားလျှက်...
သတိုး

Anonymous said...

ပြင်သစ်ကားတစ်ကားကြည့်ဖူးတယ်.... အမေက ကလေး ၂ ယောက်ရပြီးတော့ အလုပ်ထွက်လုပ်ဖို့မျှော်လင့်ထားတာ.... တတိယကလေးကို (မထင်ဘဲ) ကိုယ်ဝန်ရှိသွားတော့ သူ့မျှော်လင့်ချက်တွေ ဖြစ်မလာတော့ဘူး.... အဲဒီမှာ မိခင်အရင်းက ကလေးအငယ်ဆုံးကို (ကလေးလို့မမြင်တော့ဘဲ) စိတ်ဒဏ်ရာပေးတော့တာပဲ.... အဲဒီကားကြည့်ရင်း အံ့သြတာရော စိတ်မကောင်းတာရော ဖြစ်မိတယ်.... ဒီလိုမျိုးတကယ်ရှိနိုင်တာပဲလို့လည်း သဘောပေါက်မိတယ်.... အစ်မရေးထားတာ ကောင်းပါတယ်....

I am Traveller said...

Constance Briscoe ရဲ့ Ugly ကိုဖတ်ချင်ပါတယ်.. ကျေးဇူးပြုပြီး တင်ပေးလို့ ရမလား မသိဘူး..

မယ်ကိုး said...

ဟုတ်ကဲ့ မ Christine နှင့် I am Traveler ရှင်...
စာအုပ်ကို scan ဖတ်ပြီးသွားပါပြီ။ ပြန်ပြင်ဖို့ Photoshop က ရုတ်တရက်ပျက်သွားလို့ပါ။
သိပ်မကြာခင်စာအုပ်ချုပြီး တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အားနာကျေးဇူးတင်လျှက်...

ရိုးမြေကျ said...

ဟင် မယ့်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကြတယ်လား။ အားပေးဖို့ကလဲ နောက်ကျနေပြီ။ ကျနော်ကတော့ မဖြစ်နိုင်ဘူးလို့ မထင်ပါဘူး။ မယ့်ကို ပြောပြမယ်နော်။ မယ့် ကြည့်ပြီးသားလဲ ဖြစ်ချင်ဖြစ်မှာပေါ့နော်။ MRTV 4 က လာဖူးတဲ့ လောက၀င်္ကာပါ ကိုရီးယားဇာတ်ကားမှာ နမ်ဂျူဆိုတဲ့ မင်းသမီးရဲ့ ဇာတ်ကောင်စရိုက်ကို လူကြီးသူမတွေလုံးဝ သဘောမကျပေမယ့် ကျနော်နဲ့ ကျနော့်ညီမလေးကတော့ ဇာတ်ကားပြီးသည်အထိ မင်းသမီးဘက်ကပါပဲ။ အဲဒီမင်းသမီးက အဲဒီဇာတ်ကားမှာ ဗီလိန်သရုပ်ဆောင်အနေနဲ့ပေါ့။ သူ့ကို လက်ရှိအမေက (တကယ်တော့ နမ်ဂျူက အမေအရင်းလို့ပဲထင်နေတာ)လက်စားချေချင်လို့ ကလေးချင်းလဲခဲ့တာ။ သူ့ကလေးကို တခြားကလေးနဲ့လဲပစ်ပြီး အဲဒီအဒေါ်ကြီးက သေကြောင်းကြံဖို့ တိုက်ပေါ်က ခုန်ချမယ်လုပ်တုန်း ဆေးရုံအုပ်က ၀င်ကယ်လိုက်တာ။ နမ်ဂျူ့ကံကကောင်းချင်တော့ အဲဒီအဒေါ်ကြီးကို ဆေးရုံအုပ်က လက်ထပ်လိုက်တာ။ ဆေးရုံအုပ်ကလဲ သူ့အမေကို နမ်ဂျူဟာ သူနဲ့ ရတဲ့ကလေးပါလို့လိမ်ပြီး ဟိုအမျိုးသမီးကြီးကို လက်ထပ်ခဲ့တယ်။ ချက်ချင်းပဲ နမ်ဂျူဟာ ဆေးရုံအုပ်သမီးဖြစ်သွားတော့တာပေါ့။ အဲဒီမှာ အမျိုးသမီးကြီးက သူ့ကလေးအရင်းကို လိုက်ရှာတာမတွေ့တော့ဘူးလေ။ လက်စားချေချင်လို့ ကလေးချင်းလဲခဲ့တာဆိုတော့ နမ့်ဂျူ့ကို ဘယ်လိုမှ မချစ်ဂရုမစိုက်ခဲ့ဖူး။ တနေ့ သမီးအရင်းနဲ့တွေ့တဲ့အခါ အမျိုးသမီးကြီးက သူ့သမီးအရင်းကိုပဲ ဂရုစိုက်တော့ နမ်ဂျူအရမ်းခံစားရတယ်။ အဲဒီကတည်းက နမ်ဂျူဟာ ဗီလိန်ဇာတ်ရုပ်ဖြစ်သွားတော့တာ။ တချိန်လုံးအမေအရင်းလို့ပဲ ထင်နေတဲ့သူဆီကလဲ မေတ္တာမရတော့ သမီးအရင်းအပေါ်မှာ အကောက်ကြံတာတွေလုပ်တယ်။ မိဘနဲ့ အဖွားကိုလဲ ဂျစ်ကန်ကန်လုပ်တယ်။ ဒီလိုဇာတ်ရုပ်မျိုးကို လူကြီးတွေက လက်မခံကြပေမယ့် ကျနော်တို့လူငယ်တွေက တကယ်ခံစားရပြီးလက်ခံနိုင်ကြတယ်။ ဇာတ်သိမ်းခါနီးမှာ နမ်ဂျူက ရူးကိုသွားတာ အမေ့မေတ္တာတောင့်တလွန်းလို့။ ရူးရာကနေပြန်ကောင်းလာပြီး အိမ်ထောင်တွေဘာတွေကျတယ်။ သူ့ကို လက်စားချေဖို့မွေးခဲ့တဲ့ မိခင်ကတော့ ကားတိုက်သေသွားရှာတယ်။ ဒီဇာတ်ကားလေးတော်တော်ကောင်းတာ မယ့်။ အဲဒီဇာတ်ကားကြည့်ပြီဆိုရင် မေမေနဲ့ ဖေဖေနဲ့က တစ်ဖက် ကျနော်က တစ်ဖက်ငြင်းကြခုန်ကြတာ။ ဒါ့ကြောင့် ကျနော်က အမေ့မေတ္တာအပြည့်အ၀ရထားသူဖြစ်ပေမယ့် အမေတွေရဲ့ နှိပ်စက်တာ ခံရတဲ့ကလေးတွေ မရှိဘူးဆိုတာတော့ လုံးဝလက်မခံပါဘူးလို့ မယ့်ကို ပြောချင်တာပါပဲ။

မယ့်ကိုး said...

အခုလို အချိန်ကုန်လူပန်းခံပြီး စေတနာထားရှင်းပြပေးတာ ကျေးဇူးအထူးပါ ညီမလေး :)