15 April 2012

ကျော်ကြားမှုခရီး

သူက အေးအေးဆေးဆေးပဲ ကျွန်မရဲ့အင်္ကျီကို ချွတ်ဖို့ ပြောတဲ့အခါ သွေးကြောတွေ ပေါက်ထွက်သွားသလို တစ်ကိုယ်လုံး ပူထူရှိန်းသွားပေမယ့် ဒီလို အဖြစ်မျိုး မျှော်လင့်မထားဘူးဆိုရင် ညာတာပဲဖြစ်မှာ။ ‘Disgusting!’ စိတ်ထဲက ကျိန်ဆဲလိုက်ရင်း အင်္ကျင်္ီကြယ်သီးတွေ ဖြုတ်နေမိ။ ခက်တယ်။ အောင်မြင်ချင်တဲ့ ပိုးတွေ သွေးကြောတစ်လျှောက် စီးဆင်းနေပေမယ့် ဆိုးရွားတာက စာလေးဘာလေး နည်းနည်းပါးပါး ဖတ်ထားတော့ အရှက်သိက္ခာစိတ်ဟာ ခေါင်းပြူထွက်လာ။

ဒါပေမယ့် အခုမှတော့ ဘယ်လို လှည့်ထွက်နိုင်မှာလဲ။ အခန်းလွတ်ထဲမှာ နောက်ကျောမလုံစွာ မိတ်ကပ်များ တစ်ကိုယ်လုံး ဂရုတစိုက် မွမ်းမံ လိမ်းကျံနေမိခဲ့။ ငါ့ခန္ဓာကိုယ်က သူများအရသာခံဖို့ အသွေးအသားနဲ့ချည်း တည်ဆောက်ထားတာ မဟုတ်ဘူး။ ငါက ဥာဏ်ရည်မြင့်မားပြီး ဆင်ခြင်တုံတရားနဲ့ လူတစ်ယောက်... လို့ စိတ်ထဲက ကြုံးဝါးနေခဲ့လည်း ခြယ်သ အပြီးမှာတော့ အတွင်းခံကို အဝတ်ပါးစ လွှားကာ မီးရောင်အောက်ထဲ ဝင်ဖို့ ခြေလှမ်းစမိတာ။

မိန်းကလေးတွေရဲ့ အရှက်လုံရုံ ဖုံးထားတဲ့ ဝတ်စားဆင်ယင်မှုဟာ သူ့အတွက် သမာရိုးကျ ရှုခင်းလို့ ထင်စရာရှိပေမယ့် သူ့မျက်နှာက မသတီစရာ အရောင်ပြောင်းသွားခဲ့။ သူလည်း ပညာရှင်ပါလို့ ဘယ်လိုပဲ စွဲမှတ်ထားပေမယ့် သူ့လက်တွေက ကျွန်မရဲ့ အရေပြားကို ထိတွေ့တိုင်း ကိုယ်ဟန်ပြမှုကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးတာလို့ ခံယူလိုက်ဖို့ ခက်နေရဲ့။

ဒီလို ဒေါသ တစိမ့်စိမ့်ထွက်လာပေမယ့်လည်း အံကြိတ် မပြုံးရဲဘူး။ အသက်ရှုခြင်းကို ပင့်သက်ထုတ်လို့ အပြစ်ကင်းစင်ဟန်ကြိုးစားရယ်ပြနေရ။ သူ့ရဲ့ မနှစ်မြို့စရာ မျက်လုံးများကအစ မီးထိုး၊ မှန်ထိုးနေကြတဲ့ ယောက်ျားတွေရဲ့ ပြီတီတီ မျက်နှာများကို အမြင်ဝါးနေကာ ကင်မရာကိုပဲ ကြည့်နေရ။ ခံနိုင်ရည် ရှိရမယ်။ သည်းခံရမယ်။ ဒီနိမ့်ကျမှုတွေဟာ ခဏလေးပဲ။ ငါဟာ သိပ်မကြာခင် လျှမ်းလျှမ်းတောက် ကျော်ကြားတော့မှာ... လို့ စိတ်ထဲမှာ အဖန်ဖန်ရွတ်လို့။

ဟုတ်တယ်။ လူတွေက အရူးပဲ ။ အထူးသဖြင့် ကျွန်မပေါ့။ ဓာတ်ပုံရိုက်ပြီးသွားတဲ့အခါမှာတော့ သူ့ကင်မရာကို ခဏတောင်းယူပြီး ပုံတွေကို နှစ်လိုစွာ ကြည့်နေမိပြန်။ မျက်ခုံးပင့်ထားလို့ ပိုလို့ ကျယ်ဝန်းနေတဲ့ မျက်လုံးတွေက ရီတီတီ။ မပွင့်တစ်ပွင့် နှုတ်ခမ်းတွေက ကလူ၏သို့ မြူ၏သို့ ။ လှစ်ဟ ဖော်ပြထားတဲ့ ခန္ဓာကိုယ်က ရမ္မက်သွေး လျှံစေဖွယ်။ ဒါဟာ အောင်မြင်မှုအရင်းခံအကြောင်းလား။ ဟင့်အင်း။ ဘာမှ မတွေးနဲ့။ ချမ်းသာကြွယ်ဝပြီး နာမည်ကျော်ကြားရေးကိုပဲ စိတ်ထဲမှာထား။


သူက အနားရောက်လာတော့ ‘good job’ လို့ ပြုံးပြီး ချီးကျူးလိုက်မိပြန်။ ကျွန်မ ဒီလောက်တော့ အမူအရာကောင်းပါတယ်။ မင်းသမီးဖြစ်မယ့် သူပဲလေ။ သူက ပြုံးဖြဲဖြဲနဲ့ ‘ နောက်ဆို မင်းပုံတွေ အင်တာနက်မှာ ပလူပျံပြီး ချက်ခြင်း star ဖြစ်တော့မှာ၊ မဂ္ဂဇင်း ၊ ဂျာနယ်တွေမှာ ပါမှာနဲ့ အချိန်ကိုက်ပဲ ’ ဆိုတဲ့အခါ အမေက ဘာပြောမှာလဲလို့ ဖျက်ကနဲ အတွေးရောက်မိရဲ့။ အင်းလေ ပတ်ဝန်းကျင်က ဘယ်လိုပြောပြော နာမည်ကြီးလာရင်တော့ အမေလည်း ကျေနပ်သွားမှာပါ။

 ဒါပေမယ့် ဖြေဆည်ရာမဲ့သူကတော့ ကျွန်မရယ်သာ။ အဲဒီညမှာ သောက်နေကျ ဟင်းရွက်စုံ စွပ်ပြုတ်တစ်ဝက်တောင် မကုန်နိုင်ခဲ့ဘူး။ နောက်နေ့ မနက်မိုးမသောက်ခင်မှာတင် သူ့အိမ်ရှေ့ကို ဖုန်းမဆက်ဘဲ ရောက်သွားခဲ့တာ။ ကံကြီးသီစွာပဲ သူက အိမ်မှာရှိနေပါတယ်။ သူ့ဇနီးက ကျွန်မကို မုန်းတီးစူးစမ်းတဲ့ သဘောမျိုးကြည့်ပေမယ့် မရိုင်းပြဘဲ သူ့ရဲ့ အလုပ်ခန်းမှာ ကျွန်မကို စောင့်ခိုင်းထားခဲ့တာ။ အေးစက်ငြိမ်သက်နေတဲ့ အခန်းထဲမှာ ကျွန်မကတော့ အပူဟပ်နေသလို လောင်မြိုက်လှုပ်ခတ်။

အဲဒါကြောင့် သူ့ကိုတွေ့တော့ စကားတွေ နိဒါန်းမပျိုးတော့ဘဲ ‘ ဇင့်ဓာတ်ပုံတွေကို public ကို မပြချင်တော့ဘူး။ ရိုးရိုးသားသားပဲ ကြိုးစားချင် တော့တယ် ’ လို့ ပြောမိတဲ့အခါ သူ့မျက်လုံးတွေထဲက မီးလျှံတွေ ထွက်လုမတတ် သည်းမခံနိုင်ဖြစ်သွားကာ ‘ နင်က ဟိုကောင်နဲ့ ချိတ်မိပြီဆိုပြီး ငါ့ကို ကန်ပြီပေါ့ ဟုတ်လား ’ လို့ ဒါရိုက်တာ့ နာမည်ပါ ထည့်ပြီး အသံအုပ်အုပ်နဲ့ ကျိတ်မနိုင် ခဲမရ အော်ဟစ်တော့တာ။

ကျွန်မ အမှုမထားတော့ဘူး။ ‘ မဟုတ်ဘူး။ sexual attention မလုပ်ဘဲ ပင်ကိုယ်အရည်အသွေးနဲ့ပဲ အောင်မြင်ချင်လို့ ’ လို့ ရှင်းပြပေမယ့် သူက အယုတ္တ၊အနတ္တတွေ ရေရွတ်လေတာ။ ပြီးတော့ ‘ေ-ာက်ပိုတွေ လာပြောမနေနဲ့။ ဟိုကောင်နဲ့ အိပ်ရုံနဲ့ ခွင်တည့်ပြီ ထင်နေတာ မဟုတ်လား။ သေတဲ့အထိစောင့်။ နင့်လို ကောင်မတွေ သူ့ဆီမှာ အပုံလိုက် ’ လို့ အစချီကာ မပြီးဆုံးနိုင်အောင် ဆဲဆိုနေတာမို့ ဒေါသနဲ့ တကိုယ်လုံး တဆတ်ဆတ်တုန်ရီကာ စကားမဆက်နိုင်တော့ဘဲ လှည့်ပြန်လာခဲ့ရဲ့။

ကျွန်မရဲ့ ဓာတ်ပုံတွေကို သူဘယ်မှာပဲ သုံးစွဲပါစေ အရေးမထားတော့ဘူးလို့ ခေါင်းမာမာ တွေးပေမယ့် သူငယ်ချင်းရှေ့ရောက်တော့ မတ်တပ်ပင် မရပ်တည်နိုင်တော့ပါဘူး။ ကျွန်မတစ်ယောက်တည်းကို ဗဟိုပြုပြီး မြေငလျှင် လှုပ်ခံရသလို ယိမ်းယိုင်ပြိုလဲသွား။ သူမက ကျွန်မကို ကြင်နာပေမယ့် သနားဂရုဏာစကား မဆို။ ‘ နင် ရူးနေလား။ ဒီအထိ ရင်းပြီးမှ ဘာတွေ လျှောက်လုပ်နေတာလဲ။ နင် ခုထိ နားမလည်သေးဘူးလား။ ငါတို့မှာ သူများထက်သာတဲ့ ဘာပါရမီ၊ရုပ်ရည်များ ရှိလို့လဲ။ အားလုံး သူလိုငါလိုတွေကြားမှာ ဖောက်ထွက်ဖို့ ဘာပဲဖြစ်ဖြစ်လုပ်ရဲရမှာပဲ။’

ကျွန်မ ငြင်းမလို့ ဟန်ပြင်နေဆဲမှာပင် တက်သစ်စ နာမည်ရ မင်းသမီးဖြစ်နေတဲ့ သူငယ်ချင်းက ကျွန်မကို ဦးနှောက်ချွတ်ယွင်းနေသူလို စိတ်ပျက်လက်ပျက်ကြည့်ကာ ဆက်ပြောတာက ‘မက်ဒေါနားတို့ လေဒီဂါဂါတို့ ဘာကြောင့် အောင်မြင်တယ်ဆိုတာ စဉ်းစားကြည့်ပါဦး။ သီချင်းဆိုတဲ့ အနုပညာ တစ်ခုတည်းနဲ့ သူတို့ ဒီလောက်အောင်မြင်မယ်လို့ နင်ထင်နေလား။ စိတ်ကူးမယဉ်စမ်းပါနဲ့ဟာ။ ခဏသည်းခံလိုက်စမ်းပါ။ ငပိန်းတွေကြိုက်ဖို့ တစ်ခုခုတော့ ချကျွေးရမှာပေါ့။’

စာပေဆိုရင် သတင်းဆောင်းပါးလောက်သာ ဖတ်လို့ ဥာဏ်တုံးတယ်လို့ ကျွန်မထင်ခဲ့တဲ့ သူငယ်ချင်းရဲ့ ဒဿနတွေဟာ ရင်သပ်ရှုမောဖွယ်။ ငုတ်တုတ်ကလေး ထိုင်နေရာက ကျွန်မ ပြန်မထနိုင်တော့ဘူး။ စကားစပျောက်ရှကာ မျက်ရည်အဝိုင်းသားနဲ့ သူမကို မော့ကြည့်နေမိခဲ့။


မယ့်ကိုး

7 comments:

ရင်ဆူး said...

ဒီလိုကောင်မလေးတွေလည်း ရှိနေမှာဘဲနော်......စိတ်မကောင်းပါဘူး......

အိမ့်ချမ်းမြေ့ said...

ကြိုက်လို့ ဖဘမှာ ရှဲတာ..

Like

Be the first of your friends to like this. · Error


အဲလိုပြနေတယ် မယ်ကိုးရေ..

ချစ်ခင်လျှက်..
မလေး

တီချမ်း said...

ဖဘမှာ မမပန်ပန်ဆီကနေ ဒီစာကိုတွေ့တာ
ဒီအချိန်ထိ မအိပ်သေးဘူးလား

လင်းဒီပ said...

သျှီ့သီချင်းထဲမှာတော့ ...ဘာတွေကိုရင်းမလဲ ...
ရက်စက်တဲ့ စိတ်လိုတယ် အသည်းမာနိုင်ရင် မင်းလိုတဲ့အရာရမှာပဲ... တဲ့ ။

Yan Aung said...

ဇာတ်ကွက်တွေက သွက်သွက်လက်လက်နဲ့ ရှေ့မှာ တဖျတ်ဖျတ် ကခုန်သွားကြ..
ပင့်သက်ကို လိုက်ဖမ်းဖို့တောင် သတိမေ့သွားခဲ့ရ.
အသိတရားပြန်ဝင်လာချိန်မှာ လက်ချောင်းတွေက ကော်မန့်ကိုရေးပြီးလို့ Publish တောင် လုပ်ပြီးနေပြီ...

ကိုယ့်လုပ်ရပ်ကို ထူးဆန်းစွာနဲ့ ကိုယ်တိုင်ပြန်ကြည့်ပြီး နှုတ်ခမ်းထောင့်တစ်ချက်ကွေးလို့ ပြုံးရင်း ခပ်တိုးတိုး ရေရွတ်မိခဲ့တယ်..

ကျွန်တော်မျောသွားလို့ပါ မမယ်ကိုး... ;)))

Y.

ရိုးမြေကျ said...

ဖတ်ရင်းနဲ့ မော်ဒယ်မင်းသမီးလေးတွေကိုတောင် ပြေးမြင်ယောင်မိသေး။ ကြော်ကြားခြင်းကို ရဖို့ သွေးသားစတေးရတဲ့အဖြစ်တွေနော် မယ့်။

ဒီနေ ရိုင်းသစ် said...

ကောင်းတယ် မမယ်ကိုး ...
ဒါပေမယ့် ဒီလို အတွေးအခေါ်ရှိတဲ့ ...
သူကလဲ ဒီ Field ထဲမှာ
နဲနဲတော့ ရှားလာပြီထင်တယ်နော် ...

တခါတလေကျရင် လူတင်ပါလို့
ကျားကိုက်တာလို့ပြောလို့ရတဲ့
အနေအထားလေးတွေ တွေ့ရတတ်လို့ပါ ..

Anwy, good Essay with nice perspective.