05 May 2012

အောင်မြေနင်းချိန်

'လူတစ်ယောက်က ရိုင်းစိုင်းထောင်လွှားနေတာ၊ နိမ့်သူကို စော်ကားနေတာ အဲ့ဒီလူရဲ့ ကိစ္စ။ သူ့ကို ရှောင်လိုက်ရင် ကိစ္စက ပြတ်သွားပြီ။ သူ့ကို တော်ရုံသဖြင့်ပဲ ကြည့်မရဖြစ်တာပါ။ ဒါပေမယ့် သူ့ကို လူရာသွင်းတဲ့လူတွေကို ညီမ မုန်းတယ်’ တဲ့။ ညီမလေးတစ်ယောက်က ဆိုလာတယ်။ ကုမ္ပဏီက မိတ်ဆွေတစ်ယောက်ရဲ့ အလုပ်ထွက်နှုတ်ဆက်ပွဲမှာ သူမနဲ့ ကျွန်တော်မျက်နှာချင်းဆိုင် ထိုင်မိတာကအစ နက္ခတ်သင့်တာပဲ။

သူမပြောတဲ့ အဲဒီလူဆိုတာ ရုံးမှာ အထက်လူကို ဖားလိုက်၊ အောက်လူကို ဆဲလိုက်၊ အဆင့်တူကို ချော့လိုက် လုပ်နေတဲ့သူပါ။ အခုလည်း စားပွဲရှည်ထိပ်မှာ ထိုင်ပြီး သူဘယ်လောက်တော်ကြောင်း၊ ရုံးအတွက် ဘယ်လိုကြိုးစားကြောင်း အာပေါင်းအာရင်းသန်သန် တရားဟောနေပါတယ်။ ခက်တာက ကျွန်တော်က ဘယ်သူ့ကိုမှ မမုန်းလိုတဲ့ မေတ္တာထားချင်သူပါ။  ‘ဘုရားဟောထားတယ်လေ ညီမလေးရ။ အကုသိုလ်လုပ်တဲ့သူကို မမုန်းရဘူး။ အကုသိုလ်ကိုပဲ မုန်းရမယ် ဆိုတာလေ။ လူဖြစ်လာမှာတော့ အားလုံးနဲ့ အဆင်ပြေအောင် နေရတော့မှာပေါ့’ လို့ ဆိုလိုက်ပေမယ့် သူမရဲ့ မျက်လုံးတောက်တောက်တွေက ကြောက်စရာကောင်းအောင် လက်နေတယ်။ ‘သူ့ကို အစ်ကိုက အစ လူတွေ မပတ်သက်ဘဲ မနေနိုင်ကြတာကိုလဲ ညီမ အံ့သြလို့ မဆုံးဘူး။’ လို့ ဆိုပြန်တယ်။

 လူလုပ်ရတာ ခက်ပါတယ်ဗျာ။ စိတ်ပုတီးမကိုင်ပေမယ့် ငြိမ်းငြိမ်းအေးအေးနေချင်တာကိုပဲ လာရောက်တိုက်ခိုက်သူတွေက ရှိသေးတယ်။ အခုလည်း ဘယ်မှာရှိနေမှန်းမသိတဲ့ ပြဿဒါးဟာ ရုတ်တရက်ဝင်တိုက်လိုက်သလိုပဲ။ ဒါပေမယ့် ကျွန်တော် နောက်ပြန်လဲမသွားပါဘူး။ 'အဲဒီလို ဝိုင်းကြဉ်လိုက်ရင် ပိုဆိုးသွားမှာပေါ့ ညီမလေးရ' လို့ ပြေရာပြေကြောင်းပြောတော့မှ သူမက လဲ့လဲ့လေးပြုံးတယ်။ လှောင်သလို ရီချင်သလိုလို။ ဒါပေမယ့် သူမ ဘယ်လိုပြုံးပြုံး ကျွန်တော်ရင်ခုန်တယ်။ တကယ်ပြူစားနိုင်တဲ့ ကောင်မလေးပါ။ အဲဒါကြောင့်လည်း သူမ ဂျီကျသမျှ ကျွန်တော်သည်းခံနေတာ။ ချစ်သူက သက်သက်၊ ညီမလေးက သက်သက်လေဗျာ မဟုတ်ဘူးလား။ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အကန့်တွေ အရမ်းများပါလား ဆိုလာရင်တော့ ပုခုံးတွန့်နေရမှာပေါ့။

 ဒီလိုရင်ထဲငြိမ့်ငြိမ့်လှုပ်ခတ်နေတုန်းမှာပဲ သူမက နှုတ်ခမ်းလေး စုထော်လို့ ချစ်စဖွယ်ဆိုပြန်တယ်။ ‘အစ်ကို့ကို ညီမက လေးစားတယ်လေ။ အဲလိုလူကို အစ်ကိုက တလေးတစားပေါင်းသင်းနေတာတွေ့တော့ စိတ်ထဲခိုးလိုးခိုးလုဖြစ်နေလို့ပါ’ တဲ့။ ‘ညီမလေးကလည်း အဲဒါက ပေါင်းသင်းဆက်ဆံရေးပညာလေ။ လူမိုက်ကိုလည်း တည့်အောင်ပေါင်း၊ လူကောင်းကိုလည်း တည့်အောင်ပေါင်းနိုင်မှ လိမ္မာပါးနပ်တာ မဟုတ်လား’ လို့ ပြောလိုက်တယ်။ တစစ စိတ်ပျက်လာပြီ။ ဘာတွေ ပြောနေရမှန်းမသိဘူး။လေသင့်ရင် သင်းသင်းလေးမွှေးတဲ့ သူမရဲ့ ခေါင်းလျှော်ရည်နံ့ကသာ မမြူဆွယ်နေဘူးဆိုရင် ကျွန်တော်စကားစဖြတ်ပြီး ထထွက်သွားတာကြာပြီ။

တစ်ချို့လူတွေလည်း အိမ်က ကလေး နေမကောင်းလို့ ဘာညာဆိုကာ ပြန်ကုန်ကြပြီ ။ ဒါပေမယ့် သူမကတော့ မမူးဘဲနဲ့ ရစ်နေပါပြီ။ လူယုတ်မာနဲ့လည်း အဆင်ပြေအောင် နေတယ်ပေါ့ ဟုတ်လား အစ်ကို။ ညီမတော့ အစ်ကို့ဆီက အများကြီးသင်ရဦးမှာ တဲ့။ ကျွန်တော်လည်း ဒေါသထွက်စပြုလာပြီ။ ‘ညီမလေး ဘာဖြစ်နေတာလဲ၊ ဥပေက္ခာစိတ်ထားမှပေါ့။ လူ့ဘဝက တိုတိုလေး မဟုတ်လား’ လား ခပ်ဆတ်ဆတ်ပြောမိတယ်။ သူမ မပြုံးနိုင်တော့ဘူး။ စိတ်မရှိပါနဲ့ အစ်ကို။ ညီမက သူရိုင်းစိုင်းစော်ကားတာ ခံခဲ့ရသူဆိုတော့ လွယ်လွယ်နဲ့ မမေ့နိုင်သေးဘူးပေါ့ အစ်ကိုရယ် လို့ ခပ်တိုးတိုးခေါင်းငုံ့ပြောတယ်။ကျွန်တော့်ရင်ထဲတုန်လှုပ်သွားတာ သူမရဲ့ မျက်တောင်ကော့ကော့တွေကြောင့် မဟုတ်ဘူး။

ရှက်စိတ်ဟာ သွေးကြောအနှံ့စီးသွားတယ်။ ရှက်စိတ်ဟာ သွေးကြောအနှံ့စီးသွားတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ မုန်းသူမရှိ ချစ်သူသာရှိတယ် ဆိုတဲ့ အဆိုကို အာဂုံရွတ်ပြီး သူမကို ဟိုလူ အနိုင်ကျင့်စော်ကားနေတာ မြင်လျှက် ခပ်တည်တည်ပဲ လက်ပိုက်ကြည့်နေခဲ့မိတယ်။သိပ်ပြင်းထန်တဲ့ တိုက်ခိုက်မှုမဟုတ်လို့လည်း လွယ်လွယ်ပဲ မျက်ကွယ်ပြုကျောခိုင်းထားလိုက်တယ်။ စော်ကားမှုကို မြင်လျှက်နဲ့ မသိကျွိုးကျွံလက်ပိုက်ကြည့်နေတာ မှန်ကန်တဲ့ကြားနေမှုလား ဘာလားလို့ ကိုယ့်ကိုယ်ကိုယ်စစ်ဆေးချိန်လည်း မရပါဘူး။ ခဏလေးနေရတဲ့ ဒီဘဝမှာ စိတ်ရှုပ်စရာတွေထဲ ဝင်မနှောင့်ချင်ဘူး။ ပြီးတော့ သူမက အဲဒီအချိန်တွေတုန်းက ဒီလောက်ချစ်စရာမကောင်းသေးဘူး။ အဲဒီလူက လည်ပင်းဖက်ပေါင်းတာကိုပဲ ဒီလိုလူက ငါ့ကိုတော့ favour ပေးသားပဲ ဆိုပြီး ဂုဏ်ယူနေခဲ့တာ။ဒါဆို အခုရော ဆိုရင်တော့ … အင်း။ ကျွန်တော်က တွေဝေတတ်တာ အကျင့်ပါနေပြီ။ 

ဒီလိုနှုတ်ဆိတ်နေမိတုန်းမှာပဲ သူမက ‘ပြန်တော့မယ် အစ်ကို’ လို့ ပြောပြီး ကျန်တဲ့သူတွေကို လိုက်နှုတ်ဆက်တယ်။ ရုတ်တရက်ချည်းဆိုတော့ သူမနဲ့ အတူတူပြန်လိုက်မယ်လို့ မရည်ရွယ်ဘဲပြောမိသွားပြီး သူမကလည်း အေးအေးဆေးဆေးပဲ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် လမ်းမှာ စကားကို ဘယ်ကစရမှန်း မသိဘူး။ ခေါင်းရွက်ဗျက်ထိုးသည်တွေရဲ့ အော်သံများပဲ ကျွန်တော်တို့အနားကနေ ဖျတ်ပျံသွားကြတယ်။ သူမကပဲ စကားပြန်စပါတယ်။ ‘ညီမလေ အစ်ကိုပြောရင် ဘာပဲဖြစ်ဖြစ် လက်ခံပါတယ်။ စစ်ဖြစ်ပြီး အပြန်အလှန်သတ်နေကြတဲ့ နှစ်ဖက်စလုံးကို လက်နက်ရောင်းနေတဲ့သူက ကြားနေရေးဝါဒီပါ ။ အပြစ်ကင်းပါတယ်လို့ အစ်ကိုပြောရင်တောင် ညီမ မငြင်းချင်ပါဘူး။’ လို့ ခပ်တိုးတိုးပြောတယ်။

 ကျွန်တော် မီးရောင်တစ်ဝက်တစ်ပျက်မှာ သူမ မျက်နှာကို လှမ်းကြည့်မိပေမယ့် စဉ်းစားမရနိုင်ဘူး။ ‘ဘာဖြစ်နေတာလဲ ညီမလေး’ လို့ ပွင့်ပွင့်လင်းလင်းမေးလိုက်ပေမယ့်လည်း သူမက မပွင့်တပွင့်ပဲ ပြုံးပြန်တယ်။ ‘ညီမ စိတ်ဓာတ်ကျနေတယ်ထင်တယ် အစ်ကို။ လူတွေနဲ့ အဆင်ပြေအောင် နေလို့ မရတော့ဘူး ။ ညီမ ဒီညနေပဲ အလုပ်ထွက်စာ တင်လိုက်ပြီ…’ လို့ သူမပြောနေတုန်း စကားမဆုံးစဉ်မှာပဲ ဘတ်စ်ကားရောက်လာတော့ သွားတော့မယ်နော် အစ်ကိုလို့ နှုတ်ဆက်ပြီး ကသုတ်ကရုတ်နဲ့ ကားပေါ်တိုးတက်သွားတယ်။ အဲဒီတော့မှ သူမကို ပြောခွင့်မသာတဲ့ စကားတွေက ထိုးထိုးထောင်ထောင်နဲ့ ရင်ထဲက ကန့်လန့်ထွက်လာတော့တာ။ 

ရိုးတိုးရိပ်တိတ်စကားလုံးတွေနဲ့ ကျွန်တော့်ကို ဘယ်သူသေသ ငတေမာ ပြီးရောလိုလို သူမစွပ်စွဲချင်တာတော့ သိပ်လွန်လွန်းတယ်။ သူမ ငယ်ပါသေးတယ်။ လူ့ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ကို သူအသုံးချ၊ သူ့ကိုကိုယ်အသုံးချပြီး ဒီလိုပဲ တစ်ယောက်လည်ပင်း တစ်ယောက်နင်းပြီး ရှင်သန်လည်ပတ်နေတာ မဟုတ်လားဗျာ။ သူမ လူလုပ်ဖို့ အချိန် အများကြီးလိုသေးတယ်။ တစ်နေ့တော့လည်း သူမလည်း နေတတ်သွားမှာပါ။ ဟုတ်တယ်။ လူဆိုတာ ဘယ်သူမဆို ကိုယ့်ကို ဦးကျိုးလာရင် ဘဝင်ခိုက်တာချည်းပဲ မဟုတ်လား။



ချစ်ခင်သူကို နှိမ့်ချစော်ကားထားတဲ့ ပါးစပ်နဲ့ ကိုယ့်ကိုလာချီးမြှောက်နေသူကို ကြည်ဖြူသင့်ရဲ့လား။ ငါ့အလှည့်ဘယ်တော့လဲလို့ မတွေးချင်ဘူး။ အသက်ရှုကျပ်လာတယ်။ ဘဝမှာ သာယာပျော်ရွှင်စွာပဲနေချင်တယ်။ အဆုံးစွန်ပြောရမယ်ဆို ပမွှားတွေကြောက်ရတဲ့ လူယုတ်မာတွေက ကိုယ့်ကို တလေးတစားပေါင်းသင်းနေတာ ပိုတောင်ဂုဏ်ယူရဦးမယ်။ ဒါကို သူမ မနာလိုနေတာလည်း ဖြစ်နိုင်တယ်။လို့ ကောက်ချက်ချလိုက်မှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။ ပြီးတော့ ဒါဟာ အောင်မြင်ရေးနည်းတစ်ခုလို့ တက်ကျမ်းတွေက ညွှန်းလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေးအနုပညာ မဟုတ်ဘူးလားဗျာ။


မယ်ကိုး

(ညီမလေး မကြေးမုံ  နဲ့ စကားတွေ ပြောဖြစ်ရာက ခေါင်းမငုံ့ချင်တော့ဘဲ စတင်ရေးဖြစ်သော စာလေးမို့ ညီမလေးကို ကျေးဇူးတင်ကြောင်းလေး အထူးရည်ညွှန်းပြောပါရစေ ။း)

3 comments:

Anonymous said...

အိမ်မက်မမ က လူတွေ စိတ်များထိုးဖောက်မြင်နိုင်တဲ့ တန်ခိုးရှိလားမသိဘူးနော်..
ပမွှားတွေကြောက်ရတဲ့ လူယုတ်မာတွေက ကိုယ့်ကို တလေးတစားပေါင်းသင်းနေတာ ပိုတောင်ဂုဏ်ယူရဦးမယ်။ ဆိုတာမျိုးလေ..ကိုယ့်စိတ်ထဲ မှာ ရှိပေမယ့် ထုတ်ဖော်ပြဖို့ ဝန်လေးကြတယ်လေ...
အာပေးလျှက်..
အိမ်မက်

Ree Noe Mann said...

စာ ဖတ်ရတာ အရမ်းကောင်းပါတယ်။
မကောင်းတာ တစ်ခုတော့ ရှိတယ်။
စာလုံးလေးတွေ အရမ်းသေးတယ်လို့ ထင်တယ်။
ကျနော့် မျက်လုံး မကောင်းတော့ ကြာကြာဖတ်ရင်း
မျက်ရည်ကျလာတယ်။ စာဖတ်သူ စိတ်ချမ်းသာအောင်လို့
စာလုံး နည်းနည်းကြီးပေးပါ။ ခုလို ပြောလို့ စိတ်မဆိုးလောက်ဖူးလို့ ထင်မြင်မိပါတယ်။

ရိုးမြေကျ said...

အင်း ဒီဝတ္ထုထဲက သူမကတော့ ကျနော်နဲ့ ခပ်ဆင်ဆင်တူတယ် မယ့်ရေ။ အခုဆို ကျနော်ဟာလဲ ရုံးမှာ နေတတ်သလို နေတဲ့ လူငယ်တစ်ယောက်ဖြစ်နေတယ်။ ဒီလူ့ကို ရှေ့မှာ ဖလူးဖလူးလုပ် နောက်ကွယ်ကျ မကောင်းအတင်းဆို။ အဲဒီလိုအပြုအမူတွေကို သိပ်မုန်းတဲ့ ကျနော်က ရုံးမှာ အများနဲ့ လိုက်လျောညီထွေ ဖြစ်မနေတာ မဆန်းပါဘူးလေ။ ပေါင်းသင်းဆက်ဆံရေးညံ့တယ်လို့ အပြောခံရအောင် ဒီရုံးမှာ ကျနော် အပြောခံရတယ်။ လူချစ်လူခင်များတဲ့ ကျနော့်အတွက်တော့ အထူးအဆန်းစကား ပထမဆုံးကြားရခြင်းပါပဲ။ လူတစ်ယောက်ကို ပေါင်းပြီဆို ဘယ်တော့မှ ဟန်ဆောင်မပေါင်းတတ်သလို ကျောခိုင်းပြီဆိုလဲ ကျနော်က ဘယ်တော့မှ ပြန်လှည့်မကြည့်တတ်ဘူး။ အမှန်တရားဆိုတာကို အခုကျနော့်ရဲ့ လက်ရှိအလုပ်မှာ ရှာမရဘူး ဖြစ်နေတယ်။ ဒါ့ကြောင့် ကျနော် ဘုရားရှေ့မှာ သစ္စာဆိုခဲ့တယ်။ အဲဒီသစ္စာကြောင့် ခုတော့လဲ ကျနော့်အပေါ် အနိုင်ယူလို့ရတဲ့သူ မရှိတော့ပါဘူး။ ဒါပေမယ့် ကျနော် စကားတင်းဆိုတတ်တဲ့သူတွေ နောက်ကျောဓားနဲ့ထိုးတတ်တဲ့သူတွေကို ကြောက်လို့ ရုံးမှာ စကားအနည်းဆုံးလူတစ်ယောက် ဖြစ်သွားတယ်။ တကယ်တော့ ကျနော်ဟာ သင်းကွဲတစ်ယောက်ပါ။ အမှားတွေကြားမှာ အမှန်တရားဟာ နလန်မထူနိုင်အောင် လဲကျနေခဲ့ရတယ်။ ဒါပေမယ့် မယ့် အမှန်တရားကို နတ်စောင့်တယ်မလား။ အို ကျနော် မယ့်ကို ရင်ဖွင့်မိသွားပြီ။ စိတ်မရှိနဲ့နော်။ ၀တ္ထုထဲက အကြောင်းအခြင်းအရာလေးတစ်ခုနဲ့ တိုက်ဆိုင်သွားလို့ပါ။