10 May 2012

ဝ နေသူ အပြစ်

ဘဝနှင့်ချီကာ ပြောရလျှင် အရက်စက်ဆုံး ၊ ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံး၊ ကိုယ်ချင်းစာတရားအနည်းပါးဆုံး စကားမှာ ‘ဝနေတယ်နော်’ ဟူ ၍  ဖြစ်လေသတည်း။

............................................................................................................

ပြဿနာအစကတော့ ရုံးက နိုင်ငံခြားသူဖြစ်လေတာ။ နင်တို့ မြန်မာတွေက ပိန်တယ်နော်တဲ့။ အင်း ဒါပေမယ့် ငါက ဝ တယ်လေ လို့ ဆိုတော့ သူမက အစမှာ မဝပါဘူးလို့ အားနာပါးနာ ငြင်းပေးသေးတာ။ နောက်တော့ ကိုယ်အလေးချိန်ပြောလိုက်တဲ့အခါ သူမက မျက်လုံးပြူးပြီး မထင်ရဘူးနော်တဲ့။ ထိုအသံအဆုံးမှာ အသည်းက လှပ်ကနဲကွဲအက်သွားပြီ။ မျက်နှာက မှုန်သွားပြီ။ နှုတ်ခမ်းက စူလာပြီ။ ထိုမျှနာကျင်စကားဆိုသူကို ငြှိုးသူရန်ဘက်လို ကြည့်မိလေပြီ။

အား … မုန်းလိုက်တာ။ ဘယ်လိုကံဆိုးနဲ့ ဒီလောက် ဝတုတ်နေရတာလဲ။ ဒါပေမယ့် ပြောသူကိုတော့ အမျက်မာန်မရှရဲ။ ညိုမည်းသွားသောမျက်နှာကို တစ်ဖက်လွှဲကာ အင်းလို့ ဆိုရတာ။ သူမက ပိန်သွယ်လှသူမို့ သူမရဲ့ကိုယ့်အလေးချိန်ကို ပြန်မေးတော့ ‘naughty girl’ တဲ့။ အမျိုးသမီးရဲ့ အလေးချိန်ကို မမေးရဘူးလေတဲ့။ မှားမိပါတယ်။ ဝ နေတာကိုက အမှားဆုံး။

‘ပြေးပါလား’လို့ အကြံပေးသူကိုလည်း သိပ်မကြည်လင်ချင်။ အိမ်နဲ့ရုံးလမ်းလျှေက်သွားရတာပင် ပင်ပန်းတယ်လို့ ထင်တတ်သူ။ နောက်တော့ သူမက အကသင်တန်းတက်ပါလားလို့ လာဆွယ်တာ။ ငါ မအားဘူးလို့ ငြင်းလိုက်ပြီးမှ စိတ်ရောလူရောမနားရတော့။ ‘ဝနေပြီ’ ‘ဝနေပြီ’ ဆိုတဲ့ စိတ်ထဲက အသံကို I’m fat, so what? လို့လည်း တစ်ယောက်တည်းရန်ထောင်ကာ။ ဒါပေမယ့် ဝခြင်းကြောင့် ကြောင်တောင်တောင်မဖြစ်သေးခင် ထွက်ပေါက်တစ်ခုရခဲ့တာ။

Digital ပေါင်ချိန်စက်တဲ့။ လက်ဆောင်ပေးတဲ့ သူငယ်ချင်းကတော့ ငါ့ဒုက္ခငါရှာမိလေခြင်းဟု ရင်ထုမနာဖြစ်နိုင်တာ။ မနက်ဆိုပေါင်ချိန်လိုက် သူငယ်ချင်းဆီ ဖုန်းဆက်ပြီး ရစ်လိုက်နဲ့ စိတ်ဆင်းရဲမှုကို မျှဝေတော့တာ။ အဲဒီပေါင်ချိန်စက်ကြောင့် နှလုံးရောဂါရတော့မယ် ဆိုပြီးတော့လည်း လက်ဆောင်ပေးမိတာကို နောင်တရအောင် စေတနာကင်းမဲ့သွားလောက်အောင် ဂျီကျတတ်တာ။

ဟုတ်ပါတယ်။ ဝ တဲ့သူ အပြစ်ချည်းပါပဲ။ ဒါပေမယ့် မုန်းလိုလည်း မုန်းစေတော့။ ဝတယ်လို့ ပြောခြင်းသည်းခံပါ လို့ပဲ ဆိုရတော့မှာ။ကျေးဇူးပြုပြီး မပြောနဲ့တော့နော်။ ဝ တယ်လို့။ လူမျိုးရေး ခွဲခြားခံရ၊ အသားအရောင် ခွဲခြားခံရ၊ လိင်အမျိုးအစား ခွဲခြားခံရ၊  ပြီးတော့ အဆီအသားထုထည်အချိုးအစား ခွဲခြားခံရ။ ဘဝတဲ့။ အရှည်ပြောရရင် ဇာတ်နာစရာတွေ မဆုံးတမ်းဖြစ်တော့မှာ။

ဝသောသူကို ကြင်နာပါ ဘာညာတွေလည်း လေပြေမထိုးချင်။ ရက်စက်စကားဆိုသူတွေကို ဒီကမ္ဘာမှာ ငါပျောက်ကွယ်သွားရင် အားလုံး တရားခံဖြစ်သွားလိမ့်မယ်နော်လို့ မျက်နှာတည်နှင့် ခြိမ်းခြောက်ချင်ပါသော်လည်း ရယ်ကျဲကျဲနဲ့ ပြုံးကြည့်ကြဦးမှာ ထင်ရဲ့။

ဝ မိတဲ့အဖြစ် ရင်နာစရာကောင်းလှချည့်။ ။

မယ့်ကိုး

23 comments:

khin oo may said...

အို.........ဝလဲ ချစ်မှာဘဲ။

tayza said...

ကျေးဇူးပါ

tayza said...

:p

သိင်္ဂါကျော် said...

အို ဝပါစေ.. ဘာဖြစ်တုန်း.. ကိုယ်က မော်ဒယ် လုပ်နေတဲ့ လူမှ မဟုတ်တာ.. ဦးနှောက်နဲ့ အလုပ်လုပ်နေတဲ့ သူတွေ အရည်အချင်း ရှိဖို့ပဲ လိုတာ..
ကိုယ့်ကို ဝတယ် ပြောရင် ပြောနေကျ စကားပဲ.. :D

ချစ်ကြည်အေး said...

အစ်မလည်း မေးစေ့ ၂ထပ်ထွက်လာနေတာ။ အိပ်လိုက် စားလိုက်နဲ့ ကျေနပ်နေတာပဲ။ ကိုယ့်ဖာသာ ကျန်းမာဖို့ နေပျော်ဖို့ပဲ အရေးကြီးပါတယ် မယ်လေးရယ်။ သိတ်မခံစားပါနဲ့ ညီမလေးရာ နော်....း)

Anonymous said...

Please don't care, you are not anorexic and just being healthy. Cheers!!!
Mon Petit Avatar

မယ်ကိုး said...

Dear all, thanks so much for all your kind comments :)

Vista said...

ဝပါ ဘူး ဘယ်နားဝ သလဲ ..

မယ်ကိုး said...

The whole body, my dear vis :P

SHWE ZIN U said...

ညီမ မမယ်ကိုး ကိုး

မတွေ့တာကြာတော့ ဝလို့ လှလို့ ဘဲ ဟဲ..ဟဲ
ဝရင်လှတာပေါ့ ညီမရဲ့.. အမ လည်း ဝ

ချစ်တဲ့
အမရွှေစင်

Anonymous said...

ဝ နေတာက ကောင်းပါတယ်။
ဝ သောသူကို ကြင်နာပါတယ်။
ကိုယ်တိုင်လည်း ဝ နေပါတယ်။

စင်ဝဝ

မယ်ကိုး said...

Dear Sisters , thanks so much for all your kind comments :)

မျှစ် said...

Pls take medicine called Xenical . Two times per day , after meals.

Well , i am taking that pills and it works on me.

အိမ်သာသွားရင် အဆီတွေကျလာတာကိုတွေ့ရမယ်..

ကျနော်လဲ ဝတဲံသူမို့ အကြံပေးတာပါ.. လမ်းနဲနဲလျှောက်ပေးပါ ညနေတိုင်း.. ကျနော်ကတော့ ပြေးတယ်လေ..

အဆင်ပြေပါစေ
ခင်မင်စွာဖြင့်
မျှစ်

Anonymous said...

တို့များလည်း ဝချင်လွန်းလို့ပါ မယ်ကိုးရယ်


မောင်ဘကြိုင်

မယ်ကိုး said...

စာလာဖတ်သူ ကိုဘကြိုင်နဲ့ ဆေးညွှန်းသူ ကိုမျှစ်ကို အထူးကျေးဇူးတင်ပါတယ်။
ဆေးပေးသူ ကိုမျှစ်ရှင့်

ဒီထက် ဝ လာရင်တော့ ကျွန်မ သောက်ဖို့ စဉ်းစားပါ့မယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ် သိပ်မဝသေးဘူး ထင်တာမို့ ... :P ...
အားကစားလုပ်ဖို့ ကြိုးစားပါ့မယ်။ ကျေးဇူးအထူးပါရှင်း)

အိမ်မက်စေရာ said...

အိမ်မက်ကိုလဲ ဝ တယ်ပြောနေတဲ့သူရှိတယ်..
ဝ တယ်ဆိုတာထက်..ဗိုက်ကြီးက ပူနေတာပဲတဲ့..
ဒါပေမယ့် ဘာဖြစ်လဲ ကျန်းမာရေးကောင်းတယ်ဆို ဝ ပါစေပေါ့..နော်..
အဝလွန်တာ မဟုတ်ရင် ဝိတ်ချရတာ လွယ်ပါတယ်..ကျန်းမာရေးတော့ မထိစေနဲ့ပေါ့နော်း)
ညီမလေး
အိမ်မက်

Anonymous said...

မွန့်ကိုလဲ ၀တယ်ပြောလာကြလို့မို့ share ပါရစေအမရေ :)

မြသွေးနီ said...

မနေ့ကပဲ ညီမအိမ်ရောက်လို့ ဧည့်ခန်းထောင့်မှာ ချထားတဲ့ ပေါင်ချိန်စက်ပေါ် ယောင်ပြီး တက်လိုက်မိတယ်။ ငုံ့ကြည့်လိုက်တော့ “ သေပြီဆရာ” လို့ အကျယ်ကြီးကို အေိာမိသွားတယ်။ အခန်းထဲရှိ လူကုန် “ဘယ်နှပေါင်လဲ” လို့ ၀ိုင်းမေးလိုက်တဲ့ အသံတွေအောက်မှာ လူက ချက်ချင်း အရှင်လတ်လတ် ပျောက်ချင်မိသွားတယ်။
သြော်... ဘ၀...ဘ၀..ဘ၀...
သြော်...၀....၀...၀...

Anonymous said...

:D အစ်မလည်း အခု ၀နေတယ်

လသာည

LB said...

ဟီးဟီး ၀သောသူကို ကြင်နာပါ :P

oflightray said...

လောကမှာ နေတတ်ရင် ကျေနပ်စရာချည်းပါဘဲ

စံပယ်ပန်း said...

ဝတာကစိတ်ဆင်းရဲစရာမဟုတ်ဘူးဆိုတာ တွေ့ဖူးတယ်..။ ဆရာမတစ်ယောက် လေးဘက်နာရောဂါသည်..။ လေးဘက်နာရောဂါခံစားနေရတုံးမှာ ပိန်ပိန်လေး..။ ဆေးမှန်မှန်ထိုးလို့ ရောဂါလက္ခဏာသက်သာလာတော့ ၀လာတယ်..။ ဆရာမကပြောတယ်..။ စားတာသောက်တာနေတာထိုင်တာ ပုံမှန်ပဲတဲ့..။ ရောဂါရှိတုံးက ရောဂါအရှိန်ကြောင့်လူကမ၀တာတဲ့..။ ရောဂါမရှိတော့မှ လူကအဆီတွေအသားတွေ ဖြစ်လာတာတဲ့..။ အဲဒီတော့မှာ ငါတို့ဝတယ်ဆိုတာ စားသမျှအဆီတွေအသားတွေဖြစ်လို့ကိုးလို့..။ စားသမျှအဆီအသားမဖြစ်ဘဲ ရောဂါကကြားထဲကခံနေတာမျိုးလည်း ရှိတယ်လို့ အဲဒီမှသဘောပေါက်သွားတာ..။

ဘာပဲပြောပြော စလုံးလိုနိုင်ငံမျိုးမှာ ၀နေသေးတယ်ဆိုရင် stress တွေ ပင်ပန်းတာတွေကို ခံနိုင်ရည်ရှိတယ်ဆိုတဲ့သဘောပေါ့..။ ၀မ်းသာဖို့တောင်ကောင်းသေး..။

M☆ŋM☆ŋ H♪ε♪ said...

ဝလည်း မ ၀ ပဲ နဲ့ .........
ဒါပေမယ့် တစ်ကယ်ပဲ အဲ့လို ၀ တယ်လို့ယူဆရင် အဲ့ ၀ နေတါတွေ ဒီဘက်ကို ပို့လိုက် ...... ၀ ချင်လွန်းလို့ပါ ဟါးဟါးးးးးး :P