23 June 2012

သတ်ဖြတ်ခြင်းနှင့် လက်တကမ်း

ရေထဲတွန်းချခံရတာလား၊ခုန်ချလိုက်တာလား၊ပြုတ်ကျသွားတာလားလို့ပင်မမှတ်မိနိုင်လောက်အောင်။ အေးစက်ထုံကျင်နေတဲ့ ရေထဲရောက်မှ ဒီလိုစဉ်းစားဖို့သတိရလာတာ။ ငြိုးသူရန်ဘက်တွေရဲ့ ညာသံတွေကြားမှာ အသက်ကိုလုပြီး ကြောက်ရွံတကြီးပြေးလွှားနေသူတွေရဲ့လမ်းမှာ ကန့်လန့်ရပ်နေမိလို့ ငါ့ကို တွန်းချလိုက်တာလား။သေနတ်ကျည်ဆန်များ၊ ပျံသန်းလာတဲ့ ဓား၊တုတ်များရန်က လွတ်အောင်ပြေးရင်း ခြေချော်ကာ ပြုတ်ကျသွားတာလား။ မီးတောက်တွေအကြား ပူလွန်းလို့ သေတော့မယ်ထင်မှတ်ကာ လွတ်မြောက်ရာရလိမ့်နိုးနဲ့ ငါကိုယ်တိုင်ပဲ ခုန်ချလိုက်တာလား ။ အတိတ်ဥာဏ်ဟာ မသဲကွဲတော့။



ဘာပဲဖြစ်ဖြစ် သေရတော့မှာ။ ကိုယ်ရောစိတ်ပါ ဒဏ်ရာအနာတရများနဲ့ ခြေကုန်လက်ပန်းကျကာ မကူးခတ်နိုင်အောင်။ မှောင်မိုက်အေးခဲနေသော ရေထဲမှာပင် ဆူဆူပွက်နေတဲ့ အော်သံများကြားမှာ အသက်ရှင်လိုစိတ်လည်း ကုန်ခမ်း။အင်း...ငါဟာ သေသင့်ပြီ။ လွတ်မြောက်ရာကမ်းတစ်စလည်း မမြင်တော့။ ချစ်တဲ့သူမရှိတဲ့ ဘဝလေ။ မုန်းသူနဲ့ရန်သူတွေကတော့ စစ်ဖြစ်နေကြ၊ သတ်ဖြစ်နေကြ၊ ရိုက်ပုတ်ညှင်းပန်းနေကြ၊ အော်ဟစ်ဆဲဆိုနေကြတဲ့လောက။

ဟုတ်တယ်။ သေမှပဲ။ ရေမကူးတော့ဘဲ စိတ်လျှော့လိုက်တဲ့အခါ မကြာခင်ပဲ ရေအောက်ကို လွယ်လင့်တကူနစ်မြုပ်သွားတာ။ ဒါပေမယ့် ဘယ်လိုပဲသေမယ်လို့ ဆုံးဖြတ်ထားပါစေ… ရှင်သန်လိုသေးတဲ့စိတ်တစ်ခုက နှောင့်ယှက်ဝင်ရောက်လာကာ အသက်ကိုအောင့်ထားမိပြန်။ ဒီလိုနဲ့ ရေမျက်နှာပြင်မှာ မျက်နှာ ခဏဖော်မိပြန်။

ဒါပေမယ့် မသေသေးပါလားဆိုတဲ့ အသိက စိတ်နှလုံးမသက်သာစေတဲ့အပြင် မီးဟုန်းဟုန်းလောင်ကာ လူတွေသေဆုံးနေကြတဲ့ မြင်ကွင်းဟာ အသည်းကွဲကြေကာ သေစေနိုင်တာ။ တကယ်ပဲ။ ဒီကမ္ဘာမှာ ငါဟာ မနေသင့်တော့ဘူး။ ဒုက္ခကို မနှစ်လိုမဖက်တွယ်သင့်တော့ဘူး။ ပျော်စရာအမှုန်တစမှာ မရှိတဲ့ဘဝလေ။ ငြိမ်းချမ်းခိုလှုံရာ ဘယ်လိုရှာရမလဲ။အရပ်ရှစ်မျက်နှာတစ်ခွင်မှာ စစ်မက်ဘေး၊ရောဂါဘေး၊ အငတ်ဘေး၊ ဘေးအန္တရာယ်အသွယ်သွယ်တွေ။ ပြီးတော့ အနားကလက်တစ်ကမ်းမှာ ရေကူးနေရင်းမှာပင် ဆဲဆိုသတ်ဖြတ်နေကြသူတွေ။

သေခါနီးမှာတောင် သူတို့ဘာလို့ မငြိမ်းချမ်းကြတာလဲ။ ဟင့်အင်း ။မတွေးနဲ့ ။ မစိုးရိမ်နဲ့။ မပူပန်နဲ့။ သူတို့ကို ဘာမှ မကူညီနိုင်ဘူး။ ငါလည်း မကြာခင်သေရတော့မှာ။ မှားတယ်။ အခုပဲ သေရတော့မှာ။ ဟုတ်တယ်။ သေချိန်ကျပြီ။ဒီတစ်ခါ အသက်ရှုမအောင့်ထားတော့ဘဲ နေမယ်။ လည်ပြွန်တစ်လျှောက် ရေတွေဝင်ကာ အဆုတ်ထဲရေပြည့်လို့ သေပါရစေတော့။ ဒီလိုစိတ်ကိုဒုံးဒုံးနှစ်လိုက်တော့ ကိုယ်ခန္ဓာပါ ရေထဲမှာ ငြိမ့်ငြိမ့်လေးနစ်ဝင်သွား။ ဒါပေမယ့် ရေထဲမှာ မွန်းကျပ်နေရင်းမှာပင် သံယောဇဉ်မပြတ်ဘဲ မျက်လုံးက တောင်ကြည့်မြောက်ကြည့် ကြည့်မိပြန်။

အလိုလေး။ လူတွေ။ ဆိုးရွားလိုက်တဲ့လူတွေ။ ရေအောက်ထဲမှာပင် သူသေကိုယ်သေ သတ်ဖြတ်နေကြတာ။ တွန်းတိုက်နှိပ်စက်နေကြတာ။ ကိုယ်တစ်ယောက်တည်းသေရမှာ မကျေနပ်လို့ ရန်သူကို အတင်းဆုပ်တွယ်ပြီး သေကြောင်းကြံနေကြတာ။ ကြောက်စရာကောင်းလိုက်တာ။ မကြည့်တော့ဘူး။ မျက်လုံးကိုမှိတ် စိတ်ကလေးကိုငြိမ်အောင်ထားပြီး သေတော့မယ်။ ဒါပေမယ့် မမြင်ရတဲ့အာရုံမှာလာထင်နေတဲ့ အရိပ်များ။ 

ဘာလို့ မချစ်တာလဲလို့ ငါ့ကို မုန်းတီးရန်တွေ့တဲ့သူတွေ။ ဘာလို့ မချစ်တာလဲလို့ ငါက နာကျည်းခါးသီးတဲ့သူတွေ။ ဟင့်အင်း။ မေ့လိုက်တော့။နောက်နောင်ဘဝမှာ ငါဟာ နှလုံးသားမရှိတဲ့သူဖြစ်မယ်။ ကောင်းကင်ဘုံဖြစ်ဖြစ်၊ ငရဲဘုံဖြစ်ဖြစ်၊ လူ၊တိရစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်... ဘာဖြစ်ဖြစ်ကြေကွဲနာကျင်တတ်တဲ့ စိတ်ထားမရှိသူဖြစ်ချင်တယ်။ 

အဲဒါကို ဘယ်လိုဆုတောင်းရမလဲ။ ကျောက်ခဲတစ်စပဲ ဖြစ်ချင်တယ်။ ပျက်ချိန်တန်တဲ့အခါ တစစီကြေမွသွားရော... လွင့်စင်ပျယ်လွင့်သွားရော ။ မကောင်းပေဘူးလား။ ဒီလိုနဲ့ ဒီင်္ဂြုံဟ်ကနေ ပျောက်ကွယ်သွားရော။ ငါ ဆိုတာ မရှိချင်တော့ပါဘူး။ သံသရာဆိုတဲ့ စကားကို ကြောက်လွန်းလှပေါ့။ ဒီတစ်ခါသေတာ နောက်ဆုံးဖြစ်ချင်တော့။ စိတ်ပျက်စရာပဲ။ သေခါနီးတောင် စိတ်ကူးယဉ်နေတယ်။

ဘာထူးသေးလဲ။ ဘေးအသွယ်သွယ်နဲ့ အနှေးအမြန်သေမယ့်အရေးမှာ မြန်မြန်လက်စတုံးသေချင်နေတဲ့ သူတွေအကြား ငါလည်းတစ်ယောက်အပါ။ မခက်ပေဘူးလား။ ဟင့်အင်း။ ပျော်ရွှင်မှုဆိုတဲ့စကားလုံးကို မသိတဲ့ သူတွေက  ငါ၊သူ၊တပါးကို သတ်ဖြတ်ချင်ကြတာ ဘာဆန်းလို့လဲ။ ဟုတ်တယ်။ အရူးပါ။ အကြောင်းပြချက်ဆင်ခြေတွေအကြား လူသတ်ရတာလည်း လွယ်လွယ်လေးပါပဲ။ ။ 

မယ့်ကိုး

 

7 comments:

mirror said...

စကားလုံးတွေနဲ့ ကြပ်သိပ်နေပြီး .. ဖတ်အပြီးကျတော့ အမှတ်တမဲ့ တစ်ချက်လောက်ကလေးတော့ ပြုံးမိတဲ့စာ .. လို့ ရိုးရိုးသားသားပဲ ၀န်ခံခဲ့ပါတယ်။

သိင်္ဂါကျော် said...

အင်း.. မလွတ်နိုင်မှတော့ အေးအေးဆေးဆေး သေတာ အကြောင်းဆုံးပဲ.. :D

Angelhlaing(May everybody be happy and healthy! said...

ဒါမှ မမ...:):)

လသာည said...

သေဆုံးဖို့ စိတ်ခွန်အားပေးသနားပါ.. မယ်။

အခုရက် တိုက်ဆိုင်မှုတစ်ခုရှိနေတာနဲ့ ခါတိုင်းထက် မယ့်ကို တအားသတိရတယ် .။

Anonymous said...

ဘာထူးသေးလဲ။ ဘေးအသွယ်သွယ်နဲ့ အနှေးအမြန်သေမယ့်အရေးမှာ မြန်မြန်လက်စတုံးသေချင်နေတဲ့ သူတွေအကြား ငါလည်းတစ်ယောက်အပါ။ လူတွေ အားလုံး ကတော့ တနေ့ သေ၇မှာ ချည်းပါပဲ။ လူတွေ အချင်းချင်း တိုက်ခိုက်လို့ ဖြစ်စေ အနာဘေးေ၇ာဂါ တွေ က တိုက်ခိုက်လို့ ဖြစ်စေ ကံကြမ္မာ က တိုက်ခိုက်လို့ ဖြစ်စေပေါ့ ။ ဒါပေမယ့် အမြန်လက်စတုံးသေချင် နေသူတွေ ကိုတော့ အားမကျမိဖူး။ တမိနစ် ရ ရ တစက္ကန့် ရ ရ အသက်ဆက်၇ှင် ချင် သူပဲ ဖြစ်ချင်တယ်။ ဘေးအန္တ၇ာယ်တွေ ကြားမှာ အသက်ဆက်၇ှင်ချင်၇ဲ တဲ့ စိတ် က လဲ နည်းတဲ့ သတ္တိ တော့မဟုတ်ဖူး။ သေချင်လောက် တဲ့ အကြောင်းတွေ ထဲ ကိုယ့်ကို ချစ်မယ့်သူမ၇ှိတာ ဟာ လဲ သေ၇ဲ ဖို့ အကောင်းဆုံး ခွန်အားပဲ။ ဒါပေမယ့် ကိုယ့်၇ဲ့ အချစ် မေတ္တာ တွေ ဖြန့်ဝေဖို့ အသက်ဆက်၇ှင်ချင်တဲ့ စိတ်က လိုအပ်သလို ကိုယ့်မှာ အဲဒီ သန့်စင်တဲ့အချစ် နဲ့ မေတ္တာ တွေ ပြည့်နေဖို့ လဲ ဘာသာ တ၇ား က အကောင်းဆုံး ကုထုံးပဲ။ ကိုယ့်၇ဲ့ မေတ္တာတွေ အချစ်တွေ ကို လိုအပ်နေတဲ့ နေ၇ာ တွေ လဲ တကယ် ၇ှိနေတယ်။ အဲဒီနေ၇ာေ၇ာက်အောင် ကူးခက်သွားဖို့ သွားချင်စိတ်ကလေး ပဲ လိုတာပါ။ ( ‘မသေခင်စကား’
ထဲမှာေ၇းထား တဲ့ သေချင်နေတဲ့ ဇာတ်ကောင် ကို စိုး၇ိမ်လျက် )

သဒ္ဓါလှိုင်း said...

သတိတရနဲ့ စာလာဖတ်ပါတယ်အမ..။
သေမယ်ဆိုတာ သိနေပြီး မသေခင်လေး. ဘယ်လိုများ စိတ်ထားမိမလဲတွေးကြည့်တယ်..

ခင်မင်လေးစားလျက်
သဒ္ဓါ

စိတ်ကူး said...

မယ်ရေ လူ့စိတ်ခံစားချက်ကို မယ်ရေးဖွဲ့တာ အသေးစိတ်အနုစိတ် လှလှပပ ခြယ်မှုန်းနိုင်လွန်းလို့ စာဖတ်သူက ဒီအရေးအဖွဲ့ က ကိုယ်တိုင်လား စာရေးသူလားနဲ့ အစိုးရိမ်ကြီး စိုးရိမ်နေမိတယ် မယ်ရေ တကယ်တော့ စာရေးသူဆိုတာ ပြုစားတတ်သူကြီးများလား မသိဘူး