08 July 2012

လူတကာမုန်းတဲ့ ဗီလိန်

ဝမ်းနည်းစရာမရှိပါဘူးလို့ စိတ်တင်းလည်း ကြေကွဲမှုက နှလုံးအိမ်တွင်းမှာ တဖျက်ဖျက်လက်နေဆဲ။ ငါ ဘာမှလည်း မမှားဘဲနဲ့ ဆိုကာ ဒေါသစိတ်က တနုံ့နုံ့နှိပ်စက်ကာ နာကျင်မှုမပြေနိုင်။ ဒါပေမယ့် တစ်ခုခုမှားနေတယ်။ ဘာကြောင့် ဒီအဖြစ်ကို ရေးကြီးခွင်ကျယ်လုပ်နေမိပါလိမ့်။ တခြားသူများလိုပင် လိမ္မာပါးနပ်စွာ လျစ်လျူရှုရှောင်ထွက်သင့်တာ။

ရှောင်တိမ်းခြင်း။ မဟုတ်သေးပါဘူး။ ဒီလိုစကားအသုံးအနှုန်းသုံးရအောင် ငါက ဘယ်တုန်းကမှ ပါဝင်ပက်သက်ခြင်းမရှိခဲ့ပါဘဲ။ ဒါပေမယ့် သူမရဲ့ ချစ်သူနဲ့ အပေါင်းအပါများက စကားတင်းဆိုကြတာက သူမတို့ ချစ်သူဖြစ်ခိုက်မှာ ဝင်ရောက်နှောင့်ယှက်တားဆီးကြသူများဆိုပဲ။အလိုလေး။ ကြောက်စရာကောင်းလှချည့်။ သူမက သူငယ်ချင်းတွေ ပြောသမျှနာခံတဲ့ ဆယ်ကျော်သက်မှ မဟုတ်ဘဲလေ။

အံ့သြလွန်းလို့ရယ်။ နောက်ဆုံးသိလိုက်ရသည်က ကျွန်မအပါဝင် သူမရဲ့မသူတော်သူငယ်ချင်းများရဲ့ ကြားဝင်ဖျက်ဆီးမှုကြောင့် သူမတို့ချစ်သူနှစ်ဦး ကွေကွင်းရပါသတဲ့။ ကျွန်မတို့သူငယ်ချင်းက မကောင်းမြစ်တာ ကောင်းရာညွှန်လတ် ဆရာလုပ်ရလုပ်အောင် သူမက အသိဥာဏ်တုံးကာ ဆင်ခြင်တရားမဲ့နေသူလည်း မဟုတ်ပါ။ မိန်းကလေးတွေဟာ ကိုယ်တကယ်ချစ်မိပြီဆို သူငယ်ချင်းတွေကသာမက မိဘမောင်ဘွားတွေကပါ သဘောမတူဘူးဆိုလည်း မစွန့်ပစ်နိုင်ကြဘူးမဟုတ်လား။

 ဒါပေမယ့် ကြားရတဲ့သတင်းများကတော့ သူမရဲ့သူငယ်ချင်းများတွေဟာ သူမနှင့်သူကို မဆက်သွယ်ရန် အကြောင်းအမျိုးမျိုးပြကာ တားမြစ်ကြတဲ့ ဗီလိန်တွေ၊ သူ့အကြောင်း မကောင်းသတင်းများကို သူမကို ပြောဆိုကာ သူများချစ်ခြင်းကို ကိုယ်ချင်းစာတရားမဲ့ ခွဲရက်ကြသူတွေ၊ သူတို့ အတူတူ တွဲသွား တွဲလာကို မနာလို မရှုစိမ့်နဲ့ အများအမြင် မတင့်တယ်လို့ မနေသင့်ဆိုကာ ပြောဆိုကြတဲ့ သနားကြင်နာခြင်းမဲ့ ရက်စက်ယုတ်မာကြသူတွေ။ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလွန်းချည့်။ ထိုသို့ ကိုယ်ချင်းစာတရားခေါင်းပါး သူတပါးချစ်ခြင်းကို တဲ့အကြံနဲ့ ခွဲရက်ကြတဲ့ သူငယ်ချင်းများခေါင်းစဉ်အောက်မှာ ကျွန်မရောက်သွားတဲ့အခါ။

ဘယ်လိုဖြေသိမ့်ပြီး မျက်နှာလွှဲနေရမလဲ ။ တစ်ကျောင်းတည်းတက်၊ တစ်ရုံးတည်း အလုပ်ဆင်းကာ သူမအနားမှာ သူငယ်ချင်းဖြစ်နေတဲ့အတွက် ထိုမတရားစွဲချက်ကို ကျွန်မ ခံသင့်ပါရဲ့လား။ ကြားသုံးကြားမှာ ဘယ်ကြားမှာ မဝင်ခဲ့သူပါ ။ ဒီလို မဝင်လို့လည်း နင်က ငါ ဘာလုပ်လုပ်စိတ်မဝင်စားဘူး မဟုတ်လားလို့ သူမကိုယ်တိုင်ပဲ ပြောဆိုခဲ့တာ။ ဒီလိုလျစ်လျူရှုလွန်းလို့ပင် မရှုနိုင်မကယ်နိုင် သတင်းကြားမှ မယုံနိုင်ဖြစ်ရလေတာ။ အရှက်သည်းကာ နာကျင်။

ကိစ္စများမြောင်တဲ့ ကိုယ့်ဘောင်လေးအတွင်းမှာ တစ်ကိုယ်တည်းချာလည်ဆဲ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲနေခဲ့သမျှ သတင်းဆိုးကို ကြားရချိန်မှာတော့ စဉ်းငယ်မျှ နားမလည်နိုင်ခဲ့။ ပြီးတော့ ဆိုးရွားယုတ်မာသောသူငယ်ချင်းများရဲ့ အလွန်တရာရက်စက်ကြမ်းကြုတ်မှုသတင်းကလည်း ထိုမျှမကသေးပါ။ အဲဒီသူငယ်ချင်းတွေက ကောင်လေးကိုများ ကြိတ်ကြိုက်နေကြလို့ မနာလိုစိတ်နဲ့ ဝင်ဖျက်ကြတာလို့ လှောင်ဆိုသူကဆို ။ သူ့အကြောင်း မဟုတ်မမှန်တွေ ဇတ်လမ်းဆင်ပြီး ခွဲကြတာလို့ သတ်မှတ်သူက သတ်မှတ်။စိတ်မကောင်းစရာကောင်းလွန်းလှချည့်။

 တော်ကြပါတော့ ။ နာကျင်လွန်းလို့ အသက်ရှုပင်ရပ်သွား။ မူလကတည်းက မြေနိမ့်ရာဖက်မှာ ရပ်မိသူမို့လည်း ကြားရတဲ့သတင်း၊မြင်ရတဲ့ စကားလုံးလှံတံများအောက်မှာ အသဲနှလုံး အစိတ်စိတ်အမွှာမွှာကြေသွား။ ဘုရား ။ ဘုရား။ သူငယ်ချင်းဖြစ်တယ်ဆိုတဲ့ ပြစ်မှုနဲ့ အခုတော့ ချစ်သူနှစ်ယောက်ဝေးခန်းမှာ လူယုတ်မာဆိုထုံးနဲ့ ဗီလိန်လုံးလုံးဖြစ်လို့နေလေတာ။ ဒါကြောင့် သူငယ်ချင်းကိုတော့ နောက်ပြောင်စိတ်တစ်ဝက်နဲ့ ပွင့်အံပေါက်ကွဲမိလေတာ။ ‘ ငါလည်း ဘာမှ မပက်သက်ဘဲနဲ့ နင့်သူငယ်ချင်းဖြစ်ရုံနဲ့ ဗီလိန်ဖြစ်ရရောလား။ နောက် နင် ငါ့အနားလာမနေနဲ့တော့’ လို့ မရည်ရွယ်ဘဲ ပြောမိတာ။ မာနကြီးသော သူမက ထိခိုက်နာကျင်သွားလေသလား။ ကျွန်မ ပြန်လည်ချော့သည့်တိုင် သူမက ခေါင်းခါ။ ဝေးနေကြတာပဲ ကောင်းပါတယ်တဲ့။


အင်း... ကောင်းပါတယ်။ သူတော်ကောင်းများရဲ့ စွပ်စွဲပြောဆိုခြင်းရန်က ဝေးသွားတာပေါ့လို့ တွေးလည်း ဝမ်းနည်းသိမ်ငယ်ဆဲ။ စော်ကားမှုတွေကို တစိမ့်စိမ့်ရေးမှတ်ကာ လမ်းခွဲတာ ကံကောင်းတာလို့  ဒေါသနဲ့တွေးလည်း   နာကျင်ခြင်းဟာ စိမ့်ထွက်မပြေ။ မဟုတ်ဘူး။ ငါဟာ စွန့်ပစ်ခံရတာ မဟုတ်ဘူးလို့ မာနနဲ့ တင်းခံလည်း ကြေကွဲမကုန်နိုင်။ ယောက်ျားတစ်ယောက်ကြောင့် သူငယ်ချင်းနှစ်ယောက်ဝေးကြတာပေါ့ ဟုတ်လားလို့ တစိမ်းသူတွေက မေးတဲ့အခါ ဆွံ့အတုန်လှုပ်။

တကယ်တော့ ပျော်စရာကြီးဖြစ်သင့်တာရယ်။ ဟုတ်တယ်မဟုတ်လား။ နောက်နောင် ကိုယ်မလုပ်တဲ့ အရာအတွက် သူတပါးတွေ စွပ်စွဲပြစ်တင်ခြင်းဘေးက ကင်းလွတ်တော့မှာ။ တစ်ယောက်သည်းညည်း တစ်ယောက်မခံနိုင်တဲ့ သူငယ်ချင်းတွေ မဟုတ်လား။ ကြားလေသွေးလို့ ဝေးကြတယ်ဆိုတည်းက ကျွမ်းဝင်မှုမခိုင်မြဲလို့ပဲ မဟုတ်လား။ ဒါကြောင့် လမ်းခွဲလိုက်ခြင်းအတွက် ဘာမှ ဝမ်းနည်းစရာမလို ။ တစ်ခုလေးပါပဲ။ ဒီလိုအေးခဲနာကျည်းစွာလမ်းခွဲရလိမ့်လို့ ဘယ်တုန်းကမှ မထင်မိခဲ့။ ဘာပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ်လေ။ အဆုံးမှာတော့ လူတွေဟာ တနည်းနည်းနဲ့ လမ်းခွဲကြတာပဲ ဟုတ်တယ်မဟုတ်လား။

 ဒါပေမယ့် ဘယ်လိုဖြစ်ပါလိမ့်။ ငါ နင့်အနားမှာနေရင် ဘယ်လိုတွေထပ်ဖြစ်လာမယ်ဆိုတာ မသိဘူး။ အဲဒါကြောင့် အခြေအနေတွေ အနည်ကျသွားတဲ့အထိ ငါတို့က သာမန်သူငယ်ချင်းတွေလိုပဲ ဝေးဝေးနေကြတာပေါ့ ဆိုတဲ့ သူမရဲ့ ဖုန်းစာတိုလေးကို ပြန်ဖတ်တိုင်း မျက်ရည်တဖျက်ဖျက်လည်လာ။ ငါ မမှားဘူး။ ငါ မငိုဘူးလို့ အားတင်းရင်းမှာပင် မျက်ဝန်းစိမ့်စိုလာ။


 မယ်ကိုး

9 comments:

အခါးမိုး said...

ကြားသုံးကြားမှာ ဘယ်ကြားမှာ မဝင်ခဲ့သူပါ ။...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကိုယ်က စေတနာနဲ့ကောင်းကျိုးတွက် လွှဲမှားပြောမိပါစေအုံး မယ်ကိုး လူမသိတဲ့အဖြစ်မှမဟုတ်တာ ကိုယ့်စိတ်စေတနာ ကို ကိုယ်သိနေတာပဲ
း)

ဗီလိန်ဘကြိုင်း)း)

မိုးမြင့်တိမ် said...

ဗီလိန်ကို ဖတ်သွားပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။

မိုးမြင့်တိမ်

mirror said...

ဒီကိစ္စက ဒီလောက်ထိ ဇာတ်နာသွားရမယ့် ကိစ္စမျိုးမဟုတ်ဘူးလို့ ယူဆပါတယ်။
ကိုယ်လိုချင်တာ မရတိုင်းသာ ပတ်ဝန်းကျင်ကို အပြစ်တွေ ပုံချနေမယ်၊ ကိုယ့်အပေါင်းအပါတွေကလည်း ညာသံပေးပြီး ငါ့ဘော်ဒါလိုချင်တာမရရင် ငါတို့လည်း တာဝန်မကင်းဘူးဟဲ့ဆိုပြီး မိန်းကလေးဘေးနားက ရှိရှိသမျှလူတွေကို အပြစ်ပြောနေမယ်ဆိုရင် ချစ်ခြင်းမေတ္တာရဲ့ အခန်းကဏ္ဍက ဘယ်နားရောက်သွားမလဲ။

ဒီပြဿနာမှာ တကယ်လိုအပ်နေတာက မိန်းကလေးက အမျိုးသားရဲ့အချစ်အပေါ် ယုံကြည်မှုရှိဖို့ တစ်ခုထဲရယ်။
( တခြားတစ်ဘက်ကလည်း ကိုယ့်ချစ်ခြင်းမေတ္တာကို ကိုယ်ယုံကြည်မှုအပြည့်ရှိဖို့ပဲ လိုပါတယ်။ ဘေးပတ်ဝန်းကျင်ကို လက်ညှိုးတွေလိုက်ထိုးနေတာက ဒီခေတ်မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရသေးတဲ့ ၁၈နှစ်အောက် ကလေးတွေတောင် မလုပ်တော့ပါဘူး )

နောက်ပြီး အစ်မစာရေးတဲ့ဟန် မဆိုသလောက်လေး ပြောင်းသွားတယ်။ သူငယ်ချင်းအကြောင်းမို့ တူပါရဲ့ ... စကားလုံးတွေရဲ့ အရောင်တွေလည်း ခါတိုင်းစာတွေလို အရောင်တွေ တဖျတ်ဖျတ်လတ်နေတာမျိုး မဟုတ်ဘဲ တစ်ရောင်ထဲနဲ့ တည်တည်ငြိမ်ငြိမ်။း)
လို့ ခံစားမိပါတယ်။

သိ င်္ဂါ ရ said...

အဲလို နားလည်မှု လွဲမှားတတ်တဲ့ သူငယ်ချင်းတွေ ရှိသေးတယ်နော် ...။ တချို့ကျတော့လည်း ... ပြောင်းပြန် ... သူငယ်ချင်းစကားဆို ... ချစ်သူက ပြောတာထက်တောင် ပိုယုံချင်ကြသေးရဲ့ ...။ သံယောဇဉ်တွေရှိကြပြီးကာမှ ... အဲလို တစ်ယောက် နဲ့ တစ်ယောက် အမြင်လွဲမှားမှုကြောင့် ခွဲခွဲခွာခွာ ၊ သီးသီးသန့်သန့် ဖြစ်ကုန်ကြတာ ဆိုးပါတယ်ဗျာ ... ။

လသာည said...

ကြားသုံးကြားက မ၀င်လည်း ညှိတတ်တယ် မယ်ရယ်း(

mstint said...

လူအများစုမှာမသင်ပဲတတ်လာတဲ့ပညာတွေကတော့ သံသယ အထင်လွဲမှုနဲ့ အကောင်းမမြင်တဲ့ စိတ်လေးတွေပဲပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

M☆ŋM☆ŋ H♪ε♪ said...

လေါ က ဓံ ။။။။။။။။။။။။။။

ရိုးမြေကျ said...

ဟူး ကြားလေသွေးလို့ ဝေးခဲ့ရတဲ့ သူငယ်ချင်းတွေ ကျနော့်မှာ အများကြီးပဲ။ ကိုယ့်ဘက်က တကယ်ကို ဖမ်းဆုပ်ထားချင်ပေမယ့် သူတို့ကိုယ်တိုင်က လက်ကို လွှတ်ချသွားမှတော့ဘာတတ်နိုင်မှာလဲနော် မယ့်။ တကယ်တော့ ဝေးရပြီဆိုကတည်းက ကံကြမ္မာကို ရိုးမယ်ဖွဲ့မနေဘဲ ကျွမ်းဝင်မှုတွေ မခိုင်ကြည်ခဲ့ကြလို့သာပါ။