18 July 2012

စကားလုံးကျောက်တုံးများနှင့် ပစ်သတ်ခံရသောအခါ

ပုံရိပ်တွေက ဝေဝါးသွားပေမယ့် အသံတွေက ပုံမှန်မကျမပီသတော့ပေမယ့် အိုဟိုင်းယိုးသူလေးပြောခဲ့တဲ့ စကားလုံးတွေဟာ စွဲထင်ခြောက်လှန့်နေဆဲပါ။ သူမက သူမရဲ့ အဝတ်အစားမဲ့ဓာတ်ပုံလွှာကို ရည်းစားဆီပို့ပေးခဲ့မိပါတယ်။ သူတို့နှစ်ယောက်ပြတ်စဲသွားကြတဲ့အခါ သူက သူမရဲ့ပုံတွေကို အထက်တန်းကျောင်းက တခြားကောင်မလေးတွေဆီ ပို့လိုက်ပါတယ်။ ဒီမိန်းကလေးတွေဟာ သူမကို နှောင့်ယှက်ကြတယ်။ သူမကို လွယ်လွယ်ရတဲ့မိန်းကလေး၊ မိန်းမပျက်လေးလို့ ခေါ်ကြတယ်။ သူမက စိတ်ဆင်းရဲကာ စိတ်ဓာတ်ကျနေခဲ့ပြီး ကျောင်းသွားရမှာတောင် ကြောက်နေခဲ့ရတာ။

အဲဒီနောက်မှာ ဂျက်စီကာလိုဂင်န်က Cincinaati ရုပ်မြင်သံကြားသတင်းဌာနကိုသွားပြီး သူမရဲ့ ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်က ရိုးရိုးလေးပါ။ ‘ဒီလိုအဖြစ်မျိုး ဘယ်သူမှ မဖြတ်သန်းဖြစ်အောင် ကျွန်မပြုလုပ်ချင်တာပါ’ တဲ့။ ဒီတွေ့ဆုံမေးမြန်းခန်းက မေလ၂၀၀၈ မှာဖြစ်ပါတယ်။ နှစ်လအကြာမှာ သူမဟာ သူမရဲ့အိပ်ခန်းမှာ ဆွဲကြိုးချသတ်သေသွားခဲ့ပါတယ်။ သူမရဲ့ အသက်က ၁၈နှစ်ရယ်ပါ။


‘သမီးလေးက သွက်လက်ချက်ချာတယ်။ပျော်တတ်တယ်။အနုပညာအရည်အသွေးရှိတယ်။ ကရုဏာတရားပြည့်တယ်။ သမီးလေးက တော်တဲ့ကလေးပါ’ လို့ သူမရဲ့ မိခင် စင်သီယာလိုဂင်န်က နယူးယောက်က Matt Lauer ရဲ့ သောကြာနေ့ Today ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောခဲ့ပါတယ်။ သူမက သူမရဲ့သမီးကို ဆုံးရှုံးမှုမှာ ကြေကွဲနေဆဲဖြစ်ပြီး သူမရဲ့ဇာတ်လမ်းကို လူသိရှင်ကြားဖြစ်စေကာ လိင်ဆွဲဆောင်တဲ့ပုံတွေ ၊ စာတိုလေးတွေကို သူတို့ရဲ့ ရည်းစားကောင်လေး၊ ကောင်မလေးဆွေဆီပို့ခြင်းကြောင့် ဖြစ်လာတဲ့အန္တရာယ်အကြောင်း ကလေးတွေကို သတိပေးချင်တာပါ။

 ‘ဒါက သိပ်ခက်ပါတယ်။ သူက ကျွန်မရဲ့ တစ်ဦးတည်းသော သမီးလေးပါ’လို့ သူမက ပြောပါတယ်။ ‘ကျွန်မက ဒီအမှာစကားကို ပေါက်ကြားဖို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်’ တဲ့။ ဒါက ကြီးထွားနေတဲ့ ပြသနာပါ။ ဒါပေမယ့်လည်း သူမအတွက် ‘sexting’ (လိင်ဆွဲဆောင်ဖို့ မိမိဓာတ်ပုံကို ပို့ပေးမှု) ထက်ပိုတဲ့ ပြစ်မှုရေးရာပဲဖြစ်ပါတယ်။ ဒါဟာ သေခြင်းနဲ့ ရှင်ခြင်းပဲဖြစ်ပါတယ်။ 
................................................................................................................

ဒီသတင်းကို ဖတ်နေခိုက်မှာ တစ်ချို့သောနိုင်ငံများမှာ သတ်မှတ်ထားတဲ့ဥပဒေအရ ကိုယ်ကျင့်တရားပျက်ယွင်းတယ်ဆိုတဲ့ အမျိုးသမီးများကို ကျောက်တုံးနဲ့ပစ်ပေါက်ကာ အသေသတ်စီရင်ကြတဲ့ သတင်းများကို သတိရမိပါတယ်။ ဂျက်စီကာလိုဂင်န်လေးကတော့ စကားလုံးကျောက်တုံးတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ကျွန်မထင်မြင်မိပါတယ်။ သူမလို ကြေကွဲဖွယ်ဖြစ်ရပ်ကို ဟုပ်ဝတ်ဆဲလ်ဆိုတဲ့ ၁၃ နှစ် အရွယ်မိန်းကလေးတစ်ယောက်လည်း အလားတူဖြစ်ခဲ့ပါတယ်။

 သူမဟာ စာထူးချွန်သူဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ ရည်မှန်းထားသူလေးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ချစ်စဖွယ်ထက်မြက်တဲ့ ကလေးမလေးဟာ သူမရဲ့ အပေါ်ပိုင်းဗလာဓာတ်ပုံကို သူမချစ်နေသူဆီ ပို့ပေးပြီး ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။အကျိုးဆက်ကတော့ သူမရဲ့ သူမရဲ့ဓာတ်ပုံဟာ သူမရဲ့ကျောင်းမှာသာမက အနီးအနားကျောင်းတွေကိုပါ ပြန့်သွားပြီး အဆုံးမသတ်တဲ့ ကဲ့ရဲ့ရှုတ်ချအနိုင်ကျင့်မှုတွေသာ ဖြစ်လာခဲ့ပြီး ၂၀၀၉ စက်တင်ဘာ ၁၂ ရက်မှာတော့ သူမဟာ ဆွဲကြိုးချသတ်သေခဲ့ပါတယ်။


ဒီကြေကွဲစရာတွေဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကလေးသူငယ်တွေ သာမက စိတ်ဓာတ်ရင့်ကျက်လှပါတယ်ဆိုတဲ့ လူကြီးသူမများကပါ စကားမြားကျောက်တုံးတွေသုံးကာ လူသတ်နေကြတာကို မြင်ရတဲ့အခါ လူဖြစ်နေခြင်းကို အပြစ်ရှိသလိုပင် ခံစားမိလာပါတယ်။အပြစ်မဲ့တယ်လို့ ဟန်ဆောင်ထားတဲ့ လူသားတွေသာ နေထိုင်ခွင့်ရှိတဲ့ ကမ္ဘာကြီးတဲ့လား။ အပြစ်မြင်သူကို ပကတိကျောက်တုံး၊ စကားမြားကျောက်တုံးတွေနဲ့ အုပ်စုဖွဲ့ ဝိုင်းပေါက်ကာ သတ်ဖြတ်ခွင့်ရှိတဲ့ မဟာလူသားတွေတဲ့လား။

တစ်ဖက်သားကို အရှက်ခွဲအနိုင်ကျင့်ချင်သူတွေအတွက် ဒီနေ့ခေတ်မှာ ဖုန်း၊အင်တာနက်ကစပြီး မီဒီယာပစ္စည်အမျိုးမျိုးဟာ အကောင်းဆုံးလက်နက်တွေ ဖြစ်နေလေတာ။ ဒါပေမယ့် အရှက်ကို အသက်နဲ့လဲပြီး သေကြောင်းကြံသွားတဲ့သူတွေရှိသလို အကျိုးကျေးဇူးရအောင် ယူနိုင်တဲ့သူတွေလည်းရှိပါတယ်။ လုပ်ကြံခံရပေမယ့် အောင်ပွဲခံသွားသူတွေထဲမှာ ပဲရစ်ဟီတန် (Paris Hilton) က လိင်ဆက်ဆံမှုမှတ်တမ်းတင်အခွေ (sex tape)ဆိုင်ရာအမှုကို နိုင်ပြီး ပရဟိတလှူတယ်။ ခင်မ် ခါဒါရှိရန်း (Kim Kardashian) ကလည်း sex tape ကိုရောင်းပြီးနောက်မှာ ကျော်ကြားအောင်မြင်သူဖြစ်လာပါတယ်။ ကြံ့ကြံ့ခိုင်မျက်နှာပြောင်တိုက်နိုင်တာဟာ လုပ်ကြံသူတွေကို အနိုင်ရစေတဲ့ နည်းလမ်းတစ်ခုပဲ ထင်ရဲ့။ အဖြစ်ဆိုးရှာတဲ့ သူမလေးတွေကတော့ ဒီလိုမျိုးကြံ့ခိုင်စိတ်မထားနိုင်အောင် နုငယ်လွန်းလို့ အကြွေစောခဲ့ရတာ။

................................................................................................................

ခရစ်ယာန်မဟုတ်ပေမယ့် ဘုရားသားတော် ယေရှုခရစ်ကို ကျွန်မလေးစားကြည်ညိုရတဲ့ ဖြစ်ရပ်တစ်ခုရှိပါတယ်။  အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးက ကျောက်တုံးဖြင့် ပစ်သစ်ခံရပြီး အပြစ်ယူဖို့ဖြစ်လာတဲ့အခါ  ‘If an one of u is without sin, let him be the first to throw a stone to her.’ မင်းတို့ထဲက အပြစ်မဲ့သူတစ်ယောက်ရှိမယ်ဆိုရင် သူမကို အရင်ဆုံး ကျောက်ခဲနဲ့ ပစ်နိုင်တယ် လို့ ယေရှုခရစ်က အမိန့်ရှိတော်မူခဲ့ပါတယ်။ သူမက ကျောက်ခံနဲ့ ပစ်ခတ်သတ်ပြီး ဒဏ်ပေးခြင်း မခံခဲ့ရပါဘူး။ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ အပြစ်ကို (လူသိရှင်ကြား) ပြုမိသူတွေဟာ ယနေ့ထက်တိုင် ကျောက်ခဲလိုစကားလုံးများနဲ့ သတ်ဖြတ်ညှင်းပန်းခံနေရဆဲ ဖြစ်ပါတယ်။
  
အမှန်ဆိုရရင်ဖြင့် သက်ရှိတွေဆိုတာ ဒါဝင် (Charles Darwin)ရဲ့ Survival of Fittest or Adaptability Theory , Evolution Theory တွေအတိုင်း တစစ အဆင့်ဆင့်ပြောင်းလဲဖြစ်တည်လာတာလို့ လက်ခံထားသော ကျွန်မအတွက် မျောက်တွေ ဘာလို့ လူအဖြစ်ကူပြောင်းလာတာလဲ ဆိုကာသာ အပြစ်တင်နေချင်မိပါတော့တာ။ အရိုင်းဘဝကိုသာ တောင့်တတယ်ဆိုလည်း ရှိပါစေတော့။ အသိဥာဏ်ရှိလှပါတယ်။စိတ်ထားမြင့်မြတ်လှပါတယ်။ ကိုယ်ကျင့်သီလ လုံခြုံလှပါတယ်။ ကိုယ်ချင်းစာတရားကြီးမားလှပါတယ်လို့ အသံကောင်းဟစ်လွန်းတဲ့ လူ့မျက်နှာဖုံးအထွေထွေရဲ့ ကျောက်တုံးများကို ကြောက်ရွံ့တုန်လှုပ်ခဲ့ပါပြီ။ ။  

မယ်ကိုး 

Ref: Her teen committed suicide over ‘sexting’ By Mike Celizic 
Sexting bullying cited in teen’s suicide By Michael Inbar

6 comments:

သိ င်္ဂါ ရ said...

အယုံလွယ်တဲ့ အမိုက်အမဲမို့သာ ...

လွယ်ဆမ်ဆစ်ရေ ... ခွင့်လွှတ်ပါ ... စိုင်းထီးဆိုင်

သီချင်းစာသားတချို့ ကို ပြန်ကြားယောင်မိတယ် ...။

mirror said...

နည်းပညာမြင့် အရုပ်ဖမ်းတဲ့စက်တွေရယ်၊ အင်တာနက်ဆက်သွယ်ဖြန့်ချီရေး စနစ်တွေရယ်၊ ယုတ်ညံ့တဲ့စိတ်နေသဘောထားတွေရယ် ..
ပေါင်းလိုက်တဲ့အခါ .. လောကကြီးဟာ မလှပတော့ဘူး။ အော်ဂလီဆန်စရာဖြစ်လာတာပဲ။ :{

လူသားတွေထက် တဆင့်နိမ့်အဖြစ် သတ်မှတ်ထားကြတဲ့ တိရိစ္ဆာန်တွေမှာတောင် .. အရှက်ရလို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဖြစ်မျိုး မရှိဘူးနော်။ :-D ဘယ်ကိစ္စမဆို ဖြစ်ချင်တဲ့နေရာမှာ ဖြစ်ချင်သလို ဖြစ်တယ်၊ ပြချင်သလို ပြတယ်။ အထူးအဆန်းအဖြစ် မှတ်တမ်းတင်ထားစရာလဲ မလိုဘူး။ အဲ့ဒါကို တခုတ်တရနဲ့ ပြန့်ပွားအောင်လည်း မလုပ်ကြဘူး။ သူတို့လောကကမှ သာယာဦးမယ်။ :-)

Anonymous said...

မျောက်တွေ ဘာလို့ လူအဖြစ်ကူပြောင်းလာတာလဲ ဆိုကာသာ အပြစ်တင်နေချင်မိပါတော့တာ ဆိုတာဖတ်မိပြီး ကပ်သီးကပ်သပ်ပြောရရင် အခုထိ ခုန်ဟယ် ပေါက်ဟယ် ကိုင်းကူးဟယ်နဲ့ ကျန်နေဆဲမျောက်တွေတော့ ဘယ်တော့မှလူဖြစ်မလဲလို့ပါ...
အတွေးတွေ လေးလေးပင်ပင်ရှိလွန်းတယ်နော်။

Anonymous said...

I appreciate your writing.
I feels so cruel to click on " Like " button for them... :(

mabaydar said...

ဟုတ်တယ်အစ်မရေ... ဟိုတစ်လောက ကျောင်းမှာ Cyber bullying နဲ့ ပတ်သတ်ပြီး Presentation လုပ်ဖို့ ရှာတော့လဲ Case တွေမှ နည်းတာမဟုတ်ဘူး... Victims ကတော့ မိန်းကလေးပိုများတာပေါ့... ခုလို ကိစ္စတွေလဲ များတယ်... အစ်မတင်ပြပုံလေးက အမြဲကောင်းတယ်...

Thila said...

စကားလုံးကျောက်တုံးတွေလာရင်နာကျင်မှုမရှိလေအောင် ... ကျောက်တုံးလိုဘဲ နေလိုက်တယ် ...