05 August 2012

လေလှိုင်းထက်က စော်ကားရန်ပြုမှု အနုပညာ


‘ဘာလို့ အနိုင်ကျင့်စော်ကားရတာလဲ’လို့ တန်ဂိုက မေးတယ်။ ‘ သမီးက မကြာခဏရင်ကျပ်ပန်းနာဒဏ်ခံရတယ်လေ ။ ဒါကြောင့် သမီးက တခြားကလေးတွေလို ကျောင်းလုပ်ငန်းတွေမှာ မပါဝင်နိုင်ဘူး။ ဒါပဲ ဖြစ်လိမ့်မယ် ထင်တယ်။ သမီးလေးက ချစ်စရာကောင်းတယ်။ကျောင်းစာလည်း မညံ့ပါဘူး’ လို့ သူမက ဖြေတယ်။ ဒီစကားများမှာ ဟာရုခိ မူရာကာမိရဲ့ 1Q84 စာအုပ်ထဲမှာ ဇာတ်ကောင် တန်ဂိုနဲ့ သူ့ရည်းစားအိမ်ထောင်သည် ( သူကြာခိုနေသော) အမျိုးသမီးတို့ရဲ့ ပြောစကားများပါ။

သူတို့က အနိုင်ကျင့်စော်ကားခံရသော သူမရဲ့ သမီးအကြောင်းပြောနေကြခြင်းဖြစ်ပါတယ်။ ‘နားမလည်ဘူး’ လို့ တန်ဂိုက ပြောတယ်။ ‘ သူတို့တွေက ဒီပန်းနာရင်ကျပ်ရှိတဲ့ကလေးကို အထူးစောင့်ရှောက်ရမှာ မဟုတ်လား။ အနိုင့်ကျင့်ရမှာ မဟုတ်ဘူးလေ’ တဲ့။ ‘ကလေးတွေရဲ့ ကမ္ဘာက အဲဒီလိုဘယ်တုန်းကမှ မရိုးစင်းဘူး’လို့ သူမက သက်ပြင်းချရင်း ပြောတယ်။ တခြားလူတွေနဲ့ ခြားနားတဲ့အတွက် ဝိုင်းကျဉ်ခံရတာပဲ။ ဒီလိုအခြေအနေတူက အရွယ်ရောက်သူတို့ ကမ္ဘာမှာလဲ ဖြစ်တယ်။ ဒါပေမယ့် ကလေးတွေလောက်တော့ ဒဲ့တိုးမကျဘူးပေါ့’ တဲ့။

လူတွေကို နားမလည်နိုင်အောင်ဖြစ်ရလေတာ။ မူရာကာမိရဲ့ ဖြေရှင်းမှုကို ဘဝင်မကျဘဲ ဘာကြောင့် ၊ အဘယ်ကြောင့် ဒီလို နိုင်ထက်စီးနင်းစော်ကားချင်ရပါသနည်း လို့အံ့သြဘနန်းဖြစ်နေမိဆဲ။ ခြားနားတယ်ဆိုရုံမျှနှင့် စော်ကားလိုခြင်းဟာ ဖြစ်တည်လာတယ်တဲ့လား။ ရန်စစော်ကားမှုကြုံရတိုင်း ကျွန်မမှာ ဒီအနိုင်ကျင့်ချင်သော သူများနှင့်ဘာများခြားနားမှုရှိလဲလို့ တွက်ဆဖြစ်ရဲ့။ မဖြစ်နိုင်ဘူး။ ကျွန်မမှာ သူတို့မြင်ကွင်းမှာ အင်အားနည်းသော၊ ခုခံနိုင်စွမ်းချို့တဲ့သော သတ္တဝါတစ်ကောင်အဖြစ် ရှုမြင်နေခြင်းဟာ အကျုံးဝင်ပေလိမ့်မယ်။


အနိုင်ကျင့်လိုခြင်းရဲ့ ပဓာနအရင်းခံမှာ အနိုင်ရလိုခြင်းပဲ မဟုတ်လား။ အရိုးခံသာ ခပ်စင်းစင်းတွေးကြည့်ပေမယ့် လူတွေရဲ့စိတ်ဟာ ထင်ထားတာထက် ရှုပ်ပွေတယ်။ သုတေသနရှင်တွေကတော့ စော်ကားရန်ပြုခြင်းရဲ့ အကြောင်းရင်းခံများထဲက တစ်ခုမှာ အကြောက်တရားလို့ ဆိုလေတာ။ ထိုဗိုလ်ကျသူများရဲ့ အတိတ်မှာ ဆိုးရွားသောအတွေ့အကြုံများရှိခဲ့ပြီး တခြားလူများကို မယုံကြည်ရန်မှတ်သားခဲ့ကြတယ်တဲ့။ မကြာခဏဆိုသလိုရယ် တခြားသူတွေ အထူးသဖြင့် သူတို့နဲ့ ခြားနားတယ်လို့ ထင်ရတဲ့လူတွေရဲ့ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် တခြားလူတွေ ကြောက်လန့်အောင် အနိုင်ကျင့်ပြီး သူတို့က အခွင့်အာဏာနဲ့ ထိန်းချုပ်ထားနိုင်တယ်လို့ ခံစားတာ ဖြစ်တယ်တဲ့။
 
ဟုတ်လိမ့်မယ်ထင်ရဲ့။ သူတို့အတွက် တပါးသူကို အနိုင်ကျင့်တာ စွမ်းအင်တစ်မျိုးဖြစ်လို့ အာဏာတစ်မျိုးရလို့ ပြုလုပ်ကြခြင်းရယ်လား။ ဆိုးရွားတဲ့ဘုံဘဝတွေပဲ။ တိရစ္ဆာန်များလိုပင် အားနည်းသူကို သတ်ဖြတ်ညှင်းပန်းသလို လူ့လောကမှာလည်း ကြီးနိုင်ငယ်ညှင်းလုပ်ကြလေတာ။ စိတ်မကောင်းစရာက ထိုသို့ အနိုင်ကျင့်ခြင်းမှာ လူ့ဗီဇလည်း ဖြစ်တယ်တဲ့ရယ်။ ခက်တာက ကိုယ်ထိလက်ရောက်စော်ကားမှုဆိုတာ ခေတ်နောက်ကျသွားပြီလေ။ အခုအခါက လေလှိုင်းကြားက စကားလုံးများဖြင့် ပုတ်ခတ်အနိုင်ယူမှုသာ။



ရှိစေတော့ … အင်အားကြီးသူက အင်အားနည်းသူကို ဖိနှိပ်ချင်တာ သဘာဝပဲမဟုတ်လား။ ဒါပေမယ့် အင်အားချို့တဲ့သူဟာ ဒီဆိုးရွားဒဏ်ကို ဘယ်လိုရှောင်လွှဲမလဲ။ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုမရှိသူမို့လို့လည်း ပိုမိုဆိုးရွားနာကျင်ရတာ။ ဘယ်လိုတွန်းလှန်ရမလဲ။ ဘယ်မှာ ပုန်းခိုရမလဲ။

MTV တွဲဖက်ပုံနှိပ်လုပ်ငန်းက ဆယ်ကျော်သက်နဲ့ အသက်၂၀ အရွယ်လူငယ်တွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ ၅၆ % ဟာ အွန်လိုင်းမှ ထေ့ငေါ့ခံရခြင်း၊ ဆဲရေးစော်ကားခြင်း၊ လှောင်ပြောင်ခြင်း၊ ပျက်ရယ်ပြုခြင်း၊ ထပ်တလဲလဲဒုက္ခပေး နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ရန်လုပ်ခံရခြင်း၊ နှိပ်ကွပ်ခံရခြင်း၊ တို့ ခံရပြီး နှစ်စဉ်နှစ်တိုင်းလည်း သိသိသာသာတိုးတက်လာတာ တွေ့ရပါတယ်။ လူတွေရဲ့ ပုပ်သိုးနေတဲ့စိတ်ထားမှာ တစ်ဖက်လှည့်နဲ့ အထင်းသားပေါ်လာကြပြီး တစ်ယောက်ယောက်ကို ရက်စက်ယုတ်မာစွာ ပြုမူနေတာကို မြင်ရတဲ့အရေအတွက်ဟာ နှစ်စဉ်တိုးတက်နေလေတာ။ ဥပမာ ၂၀၀၉မှာ ၄၅ %ရှိပြီး ၂၀၁၁ မှာ ၅၅%ထိ တက်သွားခြင်း ဖြစ်ပါတယ်။

မတရားထိုးနှက်ခံရခြင်းကြောင့် တည်ဆောက်ထားတဲ့ပုံရိပ်၊ ကိုယ့်ကိုယ်ကိုယ်မြတ်နိုးတန်ဖိုးထားမှုကို ယိုင်ထွက်သွားစေနိုင်သလား။ cyber bullyingကြောင့် ကမ္ဘာအနှံ့မှာ ဆယ်ကျော်သက်တွေက သေကြောင်းကြံစည်မှုနည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြီး အဆုံးသတ်ကြရတာ။ ဒီဖြစ်ရပ်နာကျင်စရာတွေဟာ လူတစ်ချို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အဓွန့်ရှည်ခိုင်မြဲနေတော့မှာ။ ရယ်စရာပြောတာပါဆိုတဲ့ စကားမှာ အမှန်တရားငါးဆယ်ရာခိုင်နှုန်းပါဝင်သတဲ့။ တိုက်ရိုက်ဆဲဆိုမှုကို တုံ့ပြန်နိုင်ပေမယ့် သွယ်ဝိုက်ချိုးနှိမ်သော၊ စကားအရာလိမ်မာကျွမ်းကျင်သော၊ ပရိယာယ်ပြည့် လှပပြောင်မြောက်သောသူတို့ရဲ့ စကားအရာမှာ စော်ကားရန်စမှု မည်ရွေ့မည်မျှပါဝင်သည်ဆိုတာ မစဉ်းစားချင်တော့။

တော်သင့်ပြီမဟုတ်လား။ မဆုံးနိုင်တဲ့ နှိပ်စက်ညှင်းပန်းမှုများထဲမှာ ရှင်သန်မယ်ဆို အရေခွံထူသင့်ပြီ မဟုတ်လား။ သည်းခံခြင်းသည် အောင်မြင်ရာလို့ ဆိုကြတယ်မဟုတ်လား။ ထိုသို့စိတ်တင်းလည်း စော်ကားမှုများကို လက်သင့်ခံနေခြင်းအကျိုးဆက်မှာ ကြွင်းကျန်ခဲ့သော သိမ်ငယ်စိတ်များ။ အင်္ဂါဂြိုလ်ကို ထွက်ပြေးလွတ်မြောက်သွားလည်း အရိုးများတိုင် ထိခိုက်ခဲ့ပြီဖြစ်တဲ့ နာကျင်မှုများ။ ပျောက်ကင်းအောင် ကုသဖို့ခက်ခဲ့လေပြီ။ ဘယ်လိုလွတ်မြောက်ပျော်ရွှင်နိုင်မလဲ မသိနိုင်တော့။ နိဂုံးမှာတော့ သူတို့ စော်ကားပြောဆိုသမျှဟာ ထိုက်တန်မှုတစ်ခုလားလို့ပင် ထင်ယောင်ထင်မှားဖြစ်လာရ ။ သူတို့ မြင်ကွင်းမှာ ဆူးဖြစ်နေခြင်းဟာ ကိုယ်တိုင်ရဲ့ ချို့ယွင်းမှားယွင်းနေသလားလို့ မလုံမလဲဖြစ်ရ။

..................................................................
 
မနေဝံ့တောပြီ။ ကြောက်လွန်းမကဖြစ်လာတဲ့အခါ အရိုးကိုချိုးလို့ ခန္ဓာကိုယ်ကို မီးရှို့ပြချကာ ဘဝသစ်ပြောင်းချင်လှ။ ပင်ပန်းလွန်းလှပြီ။သံသရာလည်နေပြီ။ ငြိမ်းအေးချင်လေပြီ။ စော်ကားပုတ်ခတ်မှုမှန်သမျှကို သိမ်မွေ့သောဖန်တီးမှု၊ ထူးချွန်ပြောင်မြောက်သော အနုပညာလို့သာ ချီးမွမ်းထောပနာ ပြုလိုက်ချင်ပြီရယ်။ ။

10 comments:

Sweety Snow said...

အစ်မရဲ့ အရေးအသားတွေကို တိတ်တိတ်လေးအားပေးနေခဲ့တာကြာပြီ..။ ဘာကြောင့်လဲမသိ..တခြားသူတွေနဲ့မတူတဲ့ထူးခြားတဲ့အတွေးအခေါ်အရေးအသားတွေကို တကယ်ကြိုက်နေခဲ့မိတာ

မယ်ကိုး said...

ခုလိုအားပေးစကားအတွက် ကျေးဇူးအများကြီးပါနော် :)

ချော (အစိမ်းရောင်လင်ပြင်) said...

လူတစ်ယောက်ဘဝပျက်ဖို့ ကိုယ်ထိလက်ရောက်မှ မဟုတ်တော့ဘူး ခုခေတ်မှာတော့ လေလှိုင်းပေါ်ကနေလည်း ဘဝပျက်အောင် လုပ်လို့ရနေပြီ မယ်ရေ...
ကိုယ်ချင်းစာစိတ်လေးတွေ များများရှိလာပါစေလို့ဘဲ ဆုတောင်းမိပါတယ်။

mstint said...

အနိုင်ကျင့်သူတွေဟာ တကယ်တော့ သိမ်ငယ်နေတဲ့ ကိုယ့်ကိုယ်ကို အကာအကွယ် ပြုတဲ့အနေနဲ့ 'ဟန်ကိုယ့်ဘို့' လုပ်တာလို့ မြင်မိတယ် မယ်ကိုးရေ။ ကြီးနိုင်ငယ်ညှင်းအချင်းချင်းကင်းရှင်းကြပါစေ။ အရေးအသားလေးတွေကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thila said...

လူ့ ဘုံဘဝရဲ့ ဖြစ် ဖြစ်နိုင်လှတဲ့အဖြစ်သနစ်တွေကို ထိရှမြင်သာအောင်ဖွဲ့ တတ်လိုက်တဲ့ မမယ် …
ကိုယ့်မှာစကားလုံးတွေတောင်ပျောက်ရတယ် …
ကြိုက်တယ် ... စကားလုံးတိုင်းကို ...

အလွမ်းမြို့ said...

မယ်ကိုးရေ..

စာသားကောင်းကောင်း အနှစ်သာရ ရှိရှိပိုစ့်လေး
လာရောက် ချီးမြှောက် အားပေးတွားတယ်။
ပျော်ရွှင်အောင်မြင်ပါစေ


ခင်တဲ့
အလွမ်း

Angelhlaing(May everybody be happy and healthy! said...

ပေးတိုင်းမယူရင် မရပါဘူးလို့ ဘယ်လိုပဲဆိုဆို လူတစ်ယောက်ရဲ့ နှုတ်ကြောင့် အခြားသူတစ်ယောက် ဘဝပျက်သွားနိုင်တယ်ဆိုတာ ဆင်ခြင်တရားနည်းတဲ့သူတွေ မသိရော့လေသလားလို့...

meemee said...

ဒီနေ့ ကျွန်မနဲ့ အတွေးအခေါ် အရမ်းတူတဲ့ Blogger အမျိုးသမီး တစ်ယောက် မယ့်ကိုးကို တွေ့မိတယ်........စာဖတ်အား အရမ်းကောင်းတဲ့သူ ဖြစ်မယ် ဆိုတာ အမ ရေးတဲ့ စာတွေက တဆင့် မြင်နေရတယ်.....စကားလုံးအသုံးအနှုန်း၊ အဖွဲ့အနွဲ့တွေ တကယ် ကောင်းတယ်..........တကယ် လေးစားမိပါတယ်........မယ့်ကိုးရဲ့ Facebook address လေးများ ပြောပေးလို့ ရမလားရှင်........ :)

မယ့်ကိုး said...

ဟုတ်ကဲ့။ စာဖတ်သူအားလုံးနဲ့ မမီးမီးကို ကျေးဇူးတင်ပါတယ်။
မမီးမီးရှင်
ကျွန်မရဲ့ fb address က ဒီမှာပါ။
https://www.facebook.com/maecoe
အားပေးမှုအတွက် ထပ်မံကျေးဇူးပါ။ :)

Anonymous said...

စော်ကားရန်ပြုမှုအကြမ်းပညာပါ။ငါသိငါတတ်ငါတော်ဆိုတဲ့အတ္တတွေနဲ့အစွဲတွေနဲ့တဖက်သားကိုနစ်နာစေအောင်လူမမြင်ရတဲ့လေလှိုင်းကြားကသတ္တိကောင်းပြကြတဲ့လူကြောက်ကြီးတွေပေါ့။