12 August 2012

ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမ

ငယ်ငယ်တုန်းက ကလေးသဘာဝမပျော်ရွှင်ခဲ့ဖူးသူတွေက ဒီလစ်ဟာမှုကို ပြန်လည်ဖြည့်ဖို့အတွက် ကလေးလို ချွဲနွဲ့နေလိုကြသတဲ့။ ထိုစိတ်ပညာ သုံးသပ်ချက်မှာ သူမအတွက် မှန်လေသလား။ သူမက မိတ်ဆွေဆိုလျှင် ရွယ်တူထက် ကိုယ့်ထက်အသက်ကြီးကိုသာ ဦးစားပေးရွေးချယ်မိသလို သူငယ်ချင်းအချစ်ကို အသက်ကြီးသူအစ်မလိုမျိုးသူတွေထံမှသာ ပိုလိုချင်ခဲ့မိတာ။ ထို့ကြောင့်သာ အတန်းတူသူငယ်ချင်းထက် အစ်မရဲ့သူငယ်ချင်းများကိုသာ ရွေးချယ်ပေါင်းသင်းခဲ့တာရယ်။

 မမ၊ မလို့ ခေါ်ပြီး ချွဲချင်သလို ကိုယ့်ကိုယ်ကိုယ် မီးလို့ သုံးနှုန်းပြီး ကလေးလုပ်ချင်နေမိခဲ့။ မပျော်ရွှင်ခဲ့ဖူးသော ကလေးဘဝကို အစားထိုးနိုင်မယ်ဆိုရင် သူမ ဘယ်တော့မှ မရင့်ကျက်ချင်ခဲ့။ ထိုအစ်မတွေက သူမကို ချစ်လား မချစ်လားလို့ မသိနားမလည်၊ မစဉ်းစားမိခဲ့ပါ။ ချစ်တယ်လို့ရယ်သာ မှတ်သားထားခဲ့မိရဲ့။ စိတ်ချမ်းသာသလိုသာ နေခဲ့မိရဲ့။

သူမရဲ့အမေက အမှန်စကားမပြောခင်အထိရယ်။ အစ်မတစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ကို အမေ့ကို မတိုင်ပင်ဘဲ သူမရဲ လုပ်အားခထဲက ပေးလိုက်သောအခါမှာ အမေပြောခဲ့တာက…‘သူတို့တွေက နင့်ကို ချစ်တယ် ထင်နေလား။ နင့်ကို နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ကိုယ့်အကြောင်း ကိုယ်သိ’ တဲ့။  ထိုစဉ်အခါကတော့ သူမ မငိုခဲ့ပေ။ ဟုတ်တယ် ။ သမီးကို ဘယ်သူမှ မချစ်ဘူးဆိုတာ သိတယ်လို့သာ ပြန်ပြောဖြစ်ရဲ့။ 

နိတိကျမ်းတွေအဆိုအရ အမေပြောသမျှ သစ္စာတရား၊ အမေဆိုတာ ကိုယ့်ကိုနားအလည်ဆုံးတဲ့လေ။ သူမကလည်း အမေ့ဆိုစကားကို ဘုရားစကားလို ယုံမှတ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် အမေသာအမြဲမှန်တယ်မဟုတ်လား။ သေချာတာက သူမကို ဘယ်သူမှ မချစ်သလို သူမကလည်း ဘယ်သူ့ကိုမှ မချစ်ချင်တော့။ သူငယ်ချင်းများကို အမြဲရွေးချယ်ပေါင်းသင်းခဲ့သလို လွယ်လွယ်ကူကူလည်း ကျောခိုင်းတတ်လာခဲ့။ ထို့အတူ ပျော်ရွှင်မှုဆိုတာလည်း မသိနားမလည်တော့။

တစ်ခါတစ်လေတော့ ကြေကွဲသလိုလိုမို့ မျက်ရည်ကျမိရဲ့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကို ပြန်ကြားယောင်မိတိုင်းရယ်။ လောကမှာ အချစ်မခံချင်တဲ့သူဆိုတာ ရှိလို့လား။ သူမကတော့ အလွန်ပင် အချစ်ခံချင်လှတာ ဝန်ခံနိုင်ပါတယ်။ ကလေးဘဝထဲက လျစ်လျူရှုခံရသူမို့လည်း အချစ်ကို ပိုလိုချင်မိရဲ့။ ဘဝမှာ ချို့ငဲ့လွန်းသော ချစ်ခြင်းကို တစ်ပါးသူတွေဆီက ရလိမ့်နိုးနဲ့ မျှော်လင့်မိတာ အပြစ်ရှိလားလို့ သိချင်နေမိခဲ့။ ဒါပေမယ့် ဘယ်သူ့ကိုမှ မမေးလိုတော့။ သူမအရွယ်မငယ်တော့ပြီလေ။ 

အမေပြောသလို ကိုယ့်အကြောင်း ကိုယ်သိရတော့မှာ။ ခက်တာက အသိတရားက ဒဏ်ရာကို မသက်သာစေဘူး။ ကိုယ်ကောင်းမှ သူကောင်းမယ်။ ကိုယ်ချစ်မှ သူချစ်မှာ ဖြစ်ပေမယ့် တပါးသူကို မေတ္တာပေးဖို့ စွမ်းစွမ်းတမံမကြိုးစားနိုင်တော့ဘူး။ လွယ်လင့်တကူ လက်လွှတ်အရှုံးပေးချင်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဆိုတာ ရဖူးမှ နားလည်ပြီး ပြန်လည်ပေးနိုင်သည့် အရာလို့ ဆိုကြတယ်မဟုတ်လား။ ဒါပေမယ့် ဘယ်လိုရနိုင်မှာလဲ။ ယူချင်တိုင်းရသည့်အရာမှ မဟုတ်ဘဲ။ ပေးမယ့်သူ ရှိရဦးမယ် မဟုတ်ပါလား။

အချစ်ကို ပေးပါ။ပေးပါလို့ တစာစာအော်တောင်းခံတိုင်းလည်း ရသည့်အရာလည်း မဟုတ်ပါဘဲ။ 'နင့်ကို ဘယ်သူကမှ မချစ်ဘူး'ဆိုတဲ့ အမေ့စကားကိုသာ ဗျာဒိတ်လိုစွဲနေကာ သင်းကွဲနေတတ်ခဲ့ပြီ။ တစ်ခါတစ်လေတော့လည်း အမေစိတ်ဆိုးလို့ ပြောတာနေမှာပါ။ ငါ့မိတ်ဆွေအစ်မတွေက ငါ့ကိုချစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ်လှည့်စားပေမယ့် အယုံအကြည်မဲ့ခဲ့လေပြီ။ အမေစိတ်ဆိုးလို့ ပြောတယ်ဆိုလည်း ဒေါသထွက်မှာသာ ရင်ထဲမှာရှိတဲ့အမှန်တရားက လွင့်စင်ပေါ်ပေါက်လာတာ မဟုတ်လား။ ဘာကြောင့်ပဲဆိုဆို နောက်ဆုံးတော့ အမေ့စကားကိုပင် ခြေစုံပစ်ယုံကြည်လိုက်ချင်ပြီလေ။

ချစ်ခြင်းမေတ္တာတစ်ဖဲ့တစ်မှုန်ရဖို့ သူမဘယ်သောအခါမှ ကြိုးပမ်းအားထုတ်မှာ မဟုတ်လေတော့။ မိတ်ဆွေများက တသီးတသန့်နဲ့ ကြီးကျယ်တဲ့မိန်းမလို့ သူမကို စွပ်စွဲကြလည်း မမှုချင်တော့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကိုသာ ဦးထိပ်ထားကာ နေတတ်ခဲ့ပြိလေ။

မယ့်ကိုး



20 comments:

Angelhlaing(May everybody be happy and healthy! said...

ပုံဒီဇိုင်းလေးက တစ်မျိုးလေးနဲ့ စွဲဆောင်နေသလိုပဲ ...ချစ်စရာလေး...
ငယ်ဘဝတစ်ချို့ကို စာနာမိတယ်မမရေ...

mae said...

မယ်ကိုးလေး.. ဒီလိုစကားမျိုးက ရင်ထဲက ဖျောက်ရခက်တယ်ဆိုတာ သိပေမယ့် ဖျောက်ကြည့်ပါ.. ခုဆို မယ်ကိုးစာတွေကို ဖတ်ပြီး မယ်ကိုးကို ချစ်တဲ့ blogger တွေလဲ အများကြီးနေမှာပါ..

အဲ့ဒီ မိတ်ဆွေ အမတွေကလဲ ချစ်လား မချစ်လားဆိုတာ မယ်ကိုး ကိုယ်တိုင် အသိဆုံးနေမှာပါ.. အမေက မယ်ကိုး ပိုက်ဆံ အရမ်းကုန်တာ မမြင်ရက်လို့ ပြောတာလဲ ဖြစ်ချင်ဖြစ်မှာပါပဲ..

မမလဲ ခုထိ ဂျီကျတုန်း နွဲ့ဆိုးဆိုးတုန်းပဲ.. ငယ်ငယ်က အချစ်မခံခဲ့ရလို့လဲ မဟုတ်ပါဘူး.. (မမလဲ အမေနဲ့ တကျက်ကျက်ပဲ :P)..တကယ်တော့ လူတွေက အချစ်ခံရ အလိုလိုက်ခံရလေလေ ပိုဆိုးလေလေဖြစ်တယ် ထင်တာပဲ..

ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ညစ်ရတာတွေ အမြန်ဆုံး ပြေပျောက်ပါစေ

ချစ်တဲ့
မမေ

သိင်္ဂါကျော် said...

ရသ မြောက်အောင် ရေးသည်ဖြစ်စေ.. တကယ့် ခံစားချက် အစစ်အမှန် ဖြစ်စေ..
အဲသလို သဘောမထားပါနဲ့ ညီမရေ..
ကိုယ့်ဘက်က မေတ္တာနဲ့သာ ဆက်ဆံပါ..
သူငယ်ချင်းတွေကလည်း ကိုယ့်ကို ချစ်မှာပါ..
လူတကာ အပေါ်လည်း သံသယတွေ မထားပါနဲ့.. ပင်ပန်းလှပါတယ်..။

Anonymous said...

ညီမ MaeCoe,
it is our limiting belief that set us up.
But we can re-program it.
It takes 15 mins a day and 4 simple steps for 2 weeks only.
===================================
1. write down what we want to achieve like
"every1 loves me so much" Then

2. write down the possible 30 reasons of ;it will be lessen and lessen day after day;"why people can't love me so much and sincerely" in a separate sheet within 10 mins. For example;
2.1 I am too intelligent to be jealous
2.2 I am too pretty to be loved and so on..

3. Read and reason every single sentence whether it is valid,
it means, for 2.1, My intelligence can help others problem so it is not valid to believe that it causes me not to be loved.
Then cross that sentence.
By doing so, there will be left few sentences finally.
After that crush and throw away the invalid reasons paper into the bin. It is like we are throwing away our limiting belief that was programmed by some1 harsh comments in the past whole life.

4. Then we grant ourselves for our new wish by writing down using the word "I" and in "present tense", for example,
I allow myself to be" I am loved sincerely so much by everyone surrounding me".
Keep doing for 2 weeks and we will find amazingly that there would be no reason left not to fulfil our wish.
It means that I believe and deserve to all my wish..
Please do try,it take us less than 15 mins a day for 2 weeks only.
And we will find how powerful the burning desire is to realize our dream in life.

ညီမ MaeCoe,
အမြဲ ပျော်ရွှင် ငြိမ်းချမ်း အောင်မြင် ပါစေ

(Nyein Chan Thu)

တိမ်ပြာ(မနောမြေ) said...

ဟုတ်တယ် အမရေ ခုတလော အဲဒီလိုမျိုး ခံစားနေမိတာ၊၊ ကိုယ့်ကိုချစ်တဲ့လူတွေကို အယုံအကြည်နည်းလာမိသလိုပဲ

mstint said...

စိတ်အစွဲဆိုတာ ဖျောက်ရခက်တာပေါ့ မယ်ကိုးရယ်။ ဒါပေမယ့်လဲ့ မေတ္တာရောင်ပြန်ဆိုတာ ဟပ်စမြဲပါကွယ်။
သံသယဆိုတာသူငယ်ချင်း အချင်းချင်းကြားမှာရှိတဲ့ ရင်းနှီးမှုကို အဟန့်အတားဖြစ်စေတဲ့ တံတိုင်းပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မြတ်နိုးသူ(MUFL) said...

အားပေးခံစားသွားပါတယ်နော်အမ

mabaydar said...

အစ်မရေ... ဒီလိုမထင်ပါနဲ့... အစ်မက ပကတိရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုမရှိလို့ မဗေဒါ အစ်မလတ်နဲ့ ဖေဖေမေမေတို့က အစ်မကို ခင်ကြချစ်ကြပါတယ်...

လောကမှာ ကိုယ့်ကို တကယ်ခင်တဲ့ ချစ်တဲ့သူဆိုတာရှာရခက်ပါတယ်... ဒါပေမဲ့ ငါ့ကို ဘယ်သူမှ မခင်ကြ မချစ်ကြပါဘူးလို့တော့ စိတ်ထဲစွဲမနေသင့်ဘူး... ခင်တယ်ချစ်တယ် ဒါပေမဲ့ ကိုယ့်လောက်ပြန်မခင် ပြန်မချစ်တာလဲဖြစ်မယ်... ခင်မင်မှု အတိုင်းအတာတွေကွာတာလဲရှိမယ်... ကိုယ်လောကမှာ အားအကိုးဆုံး အရင်းနှီးဆုံးသူက ခုလိုပြောလိုက်တော့ အစ်မက စိတ်ထဲစွဲသွားတာပါ...

ညီမဆိုလဲ ကိုယ့်က တစ်ကယ်ခင်ပြီး ကိုယ့်အပေါ်ကို လုံးဝပြန်မကောင်းတဲ့အပြင် နောက်ကျောဓားနဲ့ထိုးသွားတဲ့ သူငယ်ချင်းတွေ ကြုံခဲ့တာပဲ... စိတ်မကောင်းဖြစ်ပင်မဲ့ "သူတို့ငါ့လို ကောင်းတဲ့ သူငယ်ချင်းဆုံးသွားတာ သူတို့တောင်နစ်နာသေးတယ်" လို့တွေးလိုက်တာပဲ...

မဗေဒါ အရမ်းခင်တဲ့ ငယ်သူငယ်ချင်းဆိုလဲ ကိုယ်ကအရမ်းခင်တယ်... သူလဲကိုယ့်ကိုခင်တယ်.. ဒါပေမဲ့ သူခင်တာက ကိုယ့်လောက်တော့မဟုတ်ဘူးဆိုတာ သိပေမဲ့... ကိုယ်ခင်နေရင်ပြီးတာပဲလေ... ကိုယ်က သူနဲ့ ပေါင်းရတာစိတ်ချမ်းသာနေတာပဲ... ဒီတော့ သူဘယ်သူ့ကို ကိုယ့်ထက်ပိုခင်ခင် အကြောင်းမဟုတ်တော့ဘူး... (ငယ်ငယ်ကတော့ ငါခင်သလောက် သူကမခင်ဘူး... တခြားသူကိုပိုခင်တယ်ဆိုပြီး စိတ်မကောင်းတွေဖြစ်ရတယ်... ခုကျတော့အဲလိုမရှိပဲ ကိုယ့်စိတ်ရင်းနဲ့ ကိုယ့်ဘက်ကနေ သူ့ဘက်က ဘာမှ မမျှော်တော့ အားလုံးအဆင်ပြေသွားတယ်)..

ဘာပဲပြောပြော မမယ်ကိုးကို ချစ်တဲ့ ခင်တဲ့သူတွေ အများကြီးရှိပါတယ်... လူတွေကို စိတ်ရင်းအတိုင်း ဆက်ဆံလို့ကိုး ညီမတို့ မိသားစုက ခင်တာ... :D

Anonymous said...

တကယ်တော့ အဲ့ဒီစကားလေးဟာ သာမန်ကာလျှံကာ ပြောလိုက်တဲ့ စကားလေးလို့ ထင်မိတယ်။
ဒါပေမယ့် အစွဲကြီးစွဲသွားရင် မောင်းထုတ်ပစ်ဖို့ခက်တာလည်း အမှန်ပါပဲဗျာ။
သူငယ်ချင်းအချင်းချင်းတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် တကယ်နားလည်ချစ်ခင်ကြတဲ့ ချစ်ခြင်းတွေ ကျနော်တွေ့ဖူးသလို၊ ကိုယ်တိုင်လည်းပေးရင်း၊ ပြန်လည်းရခဲ့ဖူးပါတယ်။
(ဒီနေရာလေးကို မရောက်တာ နှစ်နဲ့ချီသွားပြီထင်တယ်ဗျ.....း))

ခင်မင်ခြင်းအားဖြင့်...

ဏီလင်းညို

pN for pannwe said...

****~~~LIKE~~~~****

Anonymous said...

May be she dun want you to love other but her!! Possibility 50% - 50% ? I am quite optimistic =)

Anonymous said...

Dear Mae Coe,

whenever I read your assay in your blog, I feel that I am not alone and you are also not. Thank you for the sharing.

I had also very sad childhood and am still fighting to forget it.

Dear Mae Coe, your beautiful writting is sadly come from your tear.Although I love it, I wish you to be peaeful.

Whenever I remember about my chilhood, I said to myself these words " Remember not to Remember". This help me alot. Maybe it will help you too.

with best wishes,
Ni Ni

Anonymous said...

စိတ်မကောင်းပါဘူးး
တို့လည်း အဲလိုခံစားရတာမို့ စိတ်ထဲမှာဘယ်လောက်နာကျင်နေမယ်ဆိုတာ နားလည်ပါတယ်
ဒါပေမယ့် တို့လည်းဘယ်လိုဖျောက်ရမယ်ဆိုတာမသိလို့ ပိုပြီးစိတ်မကောင်းပါဘူးးး

မီးး

Vista said...

ဘယ်သူ့ အချစ်ကို မှ မလိုချင်တော့ဘဲ ကိုယ့်ဘဝနဲ
ကိုယ်ပြည့်စုံနေနိုင်တဲ့ တနေ့ ဟာ ကောင်းကောင်းအရွယ်ရောက်တဲ့တနေ့ ပဲ ဒါမှမဟုတ် စိတ်ချမ်းသာချင်းအစစ်အမှန်ကို ရတဲ့တနေ့ ပဲလို့ ယုံကြည်ပါတယ်
မမယ်လည်း စိတ်ချမ်းသာပါစေဗျာ

စံပယ်ပန်း said...

ကျွန်တော်နဲ့မမယ်ကိုးနဲ့တူတယ်ဗျ..။ သူငယ်ချင်းဆို အသက်ကြီးတဲ့အစ်မကြီးတွေမှပေါင်းချင်တာ..။ ပြီးတော့ မမ မမနဲ့နေတာလေ..။ မီးက မီးကလို့ပြောတာလည်း တူတယ်..။ကလေးလုပ်ချင်တာလေ..။ ဒါပေမယ့်အနော်က အိမ်မှာအငယ်ဆုံးမို့ဖြစ်နေတာထင်တယ်ဗျ..။ အမေကတော့ အနေအေးတယ်..။ ချစ်တာကိုလည်းစကားလုံးနဲ့ပြတာ မရှိလောက်အောင်နည်းတယ်..။ သူ့အပြုအမူတွေကတစ်ဆင့် ခံစားရနိုင်တယ်..။ အစ်မနဲ့ကတော့ တစ်ချိန်းချိန်းပေါ့..။

yee lin said...

တချို့ တလေမှာတိုက်ဆိုင်သွားတယ်

ရိုးမြေကျ said...

ဟူး သူမက မယ့်သာဆို မယ့်က အမြဲကိုယ့်ထက် အသက်ကြီးတဲ့သူတဲ့သူတွေပဲ ရွေးပေါင်းတာလား။ ဒါဆို ကျနော်အခွင့်အရေး မရှိတော့ဘူးပေါ့နော်။ အင်း ကျနော်လဲ အသက်ကြီးတဲ့မမတွေကို ရွယ်တူတွေ ကိုယ့်ထက်ငယ်တဲ့သူတွေထက်ပိုခင်တွယ်မိတယ်။ ဘာလို့လဲဆိုတော့ ကျနော်က တစ်ကောင်ကြွက်ဆိုတော့ အစ်မတစ်ယောက်လောက် သိပ်လိုချင်တာလေ။ ဆိုးနွဲ့လို့ရမယ့် ရင်ဖွင့်ဖော်အစ်မတစ်ယောက်လောက် အရမ်းလိုချင်ခဲ့တာ မယ့်ရဲ့။

honey cho said...

မမ စာလေးတွေကိုခုမှဖတ်ဖူးပေမယ့် အရမ်းကြိုက် ပါတယ်။မမ ကိုချစ်တဲ့သူတွေ
အများကြီး ရှိတယ်ဆိုတာ ယုံကြည်လိုက်ပါနော်။
မမ ကိုအမြဲအားပေးနေမယ်နော်။

Unknown said...

I agree with Ma Mae and Ma Thein Gar Kyaw.
Please do not think such bad feeling.

ဆွေလေးမွန် said...

မယ့် စာကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ဆွေလေးရဲ့ ငယ်ဘ၀လဲ မယ့် လိုနီးပါးပဲ.. ဆွေလေးမှာဆို အချစ်ရဆုံးဆိုလို့ သူငယ်ချင်းမ တစ်ယောက်ပဲ ရှိတယ်။ နောက်ဆုံးလက်ရှိဘေးနားကျန်နေခဲ့တာ။ သူဘာလုပ်လုပ် သူဘယ်လိုပြောပြော ဆွေလေးကစိတ်ဆိုးတယ်လို့ရယ်မရှိဘူး။ သူကလည်း ဆွေလေးကို နားလည်လိုက်တာမှ တစ်ဖက်ကမ်းကိုခတ်လို့ ။ သူမက ဆွေလေးဘ၀ထဲက ကံအကောင်းဆုံး လက်ဆောင်တစ်ခုပဲ.။ အရမ်းတန်ဖိုးထားတယ်။ မယ့် လဲ အဲလို ကံကောင်းမှုလက်ဆောင်လေးတစ်ခု ရပါစေနော်.