15 September 2012

စောင့်ကြည့်နေသော မျက်ဝန်းများ


မိုးလေဥတုသာယာတဲ့တစ်ညနေမှာ ကျွန်းသေးသေးလေးရဲ့ စွန်လွှတ်ပွဲတော်ကို မိတ်ဆွေတစ်စုနဲ့အတူ သွားဖြစ်ခဲ့ပါတယ်။ နေရာပေးထားတဲ့ မြေအဝန်းကျဉ်းကျဉ်း၊ ပျားပန်းခပ်မျှကျပ်ညပ်နေတဲ့ လူထူထူအကြား ကလေးလူကြီးမကျန် စွန်တွေကို ကြိုးစားပန်းစားလွှတ်နေကြသလို ကလေးတစ်ချို့ကလည်း စွန်ကိုကိုင်ပြီး ပြေးလွှားနေကြပါတယ်။ကျွန်မလည်း ကလေးတွေလို စွန်ကိုင်ပြီး ရှေ့မကြည့်နောက်မကြည့်ပြေးရင်း စွန်က ကောင်းကင်ထဲရောက်သွားမှ ရပ်တန်းက ရပ်သွားတော့တာ။

အလားကားဝေပေးခဲ့တဲ့စွန်ကို ကြိုးကုန်အောင်လွှတ်နိုင်တာ ပျော်စရာဖြစ်ပေမယ့် ကြိုးလေးကတိုတို စွန်ဘီးမှမရှိတာမို့ အချိန်တန်လေငြိမ်တော့ စွန်ကနိမ့်ဆင်းသွားရာ စွန်ကိုပြန်သိမ်းရတဲ့အခါမှာတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။ တစ်ဆက်တည်းမှာပဲ အာဖဂန်နစ္စတန်မှာ ဇာတ်အိမ်တည်ထားတဲ့ kite runner စာအုပ်ထဲက ဇာတ်ကောင်အာမာ (Amir) ကိုသတိရမိတာ။



သူက သူ့အဖေ ဘာဘာ လို စွန်လွှတ်ပွဲမှာ အနိုင်ရသူဖြစ်ကြောင်း ပြသကာ အဖေရဲ့ အသိအမှတ်ပြုမှုချီးကျူးမှုကိုရချင်ခဲ့သူရယ်လေ။ သူအိပ်မက်မက်ခဲ့သလိုပဲ စွန်ပြိုင်ပွဲမှာ သူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဓလေ့အရ နိုင်သူက ရှုံးတဲ့စွန်ကို ယူရမှာဖြစ်တာမို့ မိခင်မဲ့ဘဝတူ နို့ငှားနဲ့အတူကြီးပြင်းဖက် သူ့သူငယ်ချင်းအိမ်အကူကောင်လေး ဟတ်ဆန်က (Hassan) စွန်ကောက်ယူဖို့ ပြေးသွားခဲ့ပါတယ်။ 

ဒီအခိုက်အတန့်အပြီးမှာ အာမာ့ဘဝဟာ ပြောင်းသွားခဲ့တာရယ်။ ဟတ်ဆန်ရဲ့လက်ထဲ စွန်ရောက်လာတဲ့အခါ အိမ်နီးချင်းကြေးရတတ် အဆပ်ဖ် (Assaf) ဦးဆောင်တဲ့ လူဆိုးကလေးများအဖွဲ့က သူတို့နှစ်ယောက်ကို ဗိုလ်ကျပြီလေ။ ဒီအခါ အာမာဟာ ရှုံးတဲ့စွန်ကို ရချင်ဇောနဲ့ အဆပ်ဖ်က ဟတ်ဆန်ကို မုဒိမ်းကျင့်တာ မြင်လျှက် မတားဆီးမငြင်းပယ်ခဲ့သူ ဖြစ်သွားလေရဲ့။ သူငယ်ချင်းနှင့် စွန်ကို လဲလှယ်ရလောက်အောင် သူ့အဖေကို စွန်မပြနိုင်မှာ ၊ သူအနိုင်ရတယ်လို့ မဝံ့ကြွားနိုင်မှာ၊ သူထိခိုက်နာကျင်မှာ   စတဲ့ သူ့အတ္တမြင့်မားရေးကိုသာ ဖက်တွက်ကာ အရာရာကိုစိုးကြောက်နေခဲ့တဲ့ ကလေးငယ်ဟာ အာမာပေါ့။

အဲဒီဇာတ်ကောင်ကို ကျွန်မ မနှစ်သက်သလို လက်မခံနိုင်ပါဘူး။ ဟုတ်ကဲ့။ ဖခင်မေတ္တာကို တစ်ခါမှ မရဖူးတာမို့လည်း သူ့မေတ္တာငတ်စိတ်ကို နားမလည်နိုင်ပါဘူး။ မေတ္တာအပြည့်အဝမရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ်ကျင့်တရားကိုချွတ်ယွင်းပျက်ပြားနိုင်စေပါလား ဆိုတာလည်း ကျွန်မ သဘောမပေါက်ပါဘူး။ သည်းခံပေးပါ။ စပျစ်သီးချဉ်တယ်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ကျွန်မဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆို ဒီလောက်နာကျင်ကြေကွဲရမယ့်စာလို့ ကြိုသိခဲ့ရင် ဖတ်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။

ထပ်မံလေ့လာခဲ့ရတဲ့အကြောင်းကတော့ အာဖဂန်နစ္စတန်ရဲ့ လူနည်းစုဖြစ်တဲ့ ဟဇာရာ ( Hazara) လူမျိုးများ အကြောင်းဖြစ်ပါတယ်။ သူတို့ကို သစ္စာရှိသော၊ ရိုးသားဖြောင့်မတ်သော၊ အနစ်နာခံစွန့်လွှတ်သော၊ ခွင့်လွှတ်တတ်သော၊ စိတ်ဓာတ်မြင့်မြတ်သော လူမျိုးအဖြစ် ပုံဖော်ခဲ့သလို လူများစု ပတ်စ်ရှတို (Pashtun) လူမျိုးများရဲ့ နှာခေါင်းပြားသူ၊ ကြွက်တွေစားသူစတဲ့ ခေါ်ဝေါ်နှိမ့်ချမှုများမှအစ လူသတ်ညှင်းပန်းမှုအထိ နိုင်ထက်စီးနင်းစော်ကားမှုအမျိုးမျိုးကို ရင်စည်းခံရတဲ့ သနားကြင်နာစရာလူမျိုးများအဖြစ် စာဖွဲ့ထားလေတာ။ 


စာရေးဆရာဟာ ဒီနှိပ်စက်မှုအမျိုးမျိုးရဲ့ အမြင့်ဆုံးနမိတ်ပုံအဖြစ် မုဒိမ်းကျင့်မှုကို စံထားခဲ့သလားလို့လည်း ထင်မှတ်မိပါရဲ့။ ပတ်စ်ရှတိုလူမျိုး အဆပ်ဖ်က ဟဇာရာလူမျိုး ကလေးငယ် ဟတ်ဆန်ကို မုဒိမ်းကျင့်ခဲ့သလို ကြီးပြင်းလာတဲ့အခါမှာလည်း ဟတ်ဆန်တို့ မိသားစုကိုသတ်ပြီး သူ့ရဲ့သားငယ် Sohrab ကို လိင်ဖျော်ဖြေမှုသားကောင်အဖြစ် ဖမ်းဆီးနှိပ်စက် အသုံးချခဲ့တယ်လေ။ 

မုဒိမ်းမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုသာ မဟုတ်ပါဘူး။ ဒါဟာ အားနည်းသူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာကို ချိုးဖဲ့လိုက်ခြင်းပဲ မဟုတ်ပါလား။ တကယ်တော့ အင်အားကြီးသူက အင်အားနည်းသူကို ဘယ်လောက်ချုပ်ကိုင်နိုင်ကြောင်း ဖော်ထုတ်ပြသလိုက်ခြင်းပါပဲ။ ဒါ့အပြင်အာဖဂန်စစ်သားများရဲ့ အတိတ်က အနိုင်ကျင့်မှုကို အသက်သွင်းလိုက်တဲ့ ပြယုဂ်တစ်ခုလားလို့လည်း စဉ်းစားမိပြန်ပါတယ်။ 

ဝီကီပီဒိယအရ ဟဇာရာလူမျိုးများရဲ့ ဒုတိယအုံကြွမှုကို ဖြစ်စေတဲ့အကြောင်းက ဟဇာရာအကြီးအကဲအကြီးအကဲကိုချည်နှောင်ထားပြီး ဇနီးကို သူ့မျက်စိရှေ့အောက်မှာတင် အာဖဂန်စစ်သားသုံးဆယ့်သုံးယောက်က မုဒိမ်းကျင့်ခဲ့မှုကြောင့်လို့ ဆိုထားပါတယ်။ (ဒီအုံကြွမှုရဲ့ နောက်ဆက်တွဲရလာဒ်မှာ ဟာဇာရာကလေးငယ်များ၊မိန်းမများ၊ယောက်ျားများအာလုံး ကဘူးနဲ့ တခြားမြို့များမှာ ကျွန်အဖြစ်ရောင်းစားခံရခြင်းဖြစ်ပြီး တခြားသူများကိုလည်း အုပ်ချုပ်မှုကိုစိန်ခေါ်လာသူမှန်သမျှ ကြောက်လန့်သွားစေရန် လူ့ခေါင်းပြတ်များကိုလည်း ထောင်ပုံရာပုံ ပြသထားခြင်းဖြစ်ပါတယ်။)

ဟဇာရာလူမျိုးများမှာ တာလီဘန်များ အုပ်ချုပ်တဲ့လက်ထက်တိုင်အောင် သမိုင်းစဉ်တစ်လျှောက် နှိပ်စက်ညှင်းပန်းခံခဲ့ရသော ၊ ထိုဖိနှိပ်မှုကို တွန်းလှန်ရင်း အစုလိုက်အပြုံလိုက် အသတ်ခံရသော ကျွန်အဖြစ်ရောင်းစားခံရသော လူမျိုးများ ဖြစ်ခဲ့ပါတယ်။ စာရေးဆရာကတော့ ဟာဇရာလူမျိုးတွေ အနိုင်ကျင့်ခံရခြင်းအကြောင်းမှာ ဟာဇရာလူမျိုးများက ရှီးရိတ်မွတ်စလင်များ (Shia Muslims ) ဖြစ်ပြီး ပတ်စ်ရှတိုလူမျိုးများက ဆွန်နီမွတ်စလင်များ ( Sunni Muslims) ဖြစ်သောကြောင့် ညွှန်းဆိုထားပါတယ်။ 

ဘာသာအယူဝါဒကွဲရုံနဲ့ နှိပ်စက်ကြလေခြင်းရယ်လို့ ကျွန်မ လက်မခံချင်ပါဘူး။ ဘာသာတရားက လူတွေကို မကောင်းညွှန်ကြားလိမ့်မယ်လို့လည်း မယုံကြည်ပါဘူး။ နှိပ်စက်ညှင်းပန်းချင်သူတွေသာ အရိပ်တစ်ခုခိုကာ ပြုလုပ်ကြခြင်းလို့သာ ကျွန်မ စွဲထင်ထားပါတယ်။ ဘာသာလူမျိုးမကွဲပြားလည်း ဗိုလ်ကျချင်သူတို့အတွက် အနိုင်ကျင့်စရာအကြောင်းခြင်းရာ၊ ကွဲပြားခြားနားမှုတွေ တွေ့ရှိနေဦးမှာပဲရယ်။ ကွဲပြားမှုထဲက ထင်ရှားမှုတစ်ခုက ဟဇာရာလူမျိုးတွေဟာ အာရပ်မျိုးနွယ်တွေမဟုတ်ဘဲ သုတသေနသရှင်များက မွန်ဂိုလူမျိုးက ဆင်းသက်လာတယ်လို အဆိုပြုသလို ရုပ်ရည်သွင်ပြင်သာမက ဘာသာစကားအပြင် မျိုးရိုးပါနွယ်နေတာ ဖြစ်ပါတယ်။ 

ဒီလိုကွဲပြားမှုတွေရှိနေလည်း လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ အခုအခါမှာတော့ လူမျိုးစုအားလုံးကို သာတူညီမျှအခွင့်အရေးတွေ ပေးနိုင်ခဲ့ပါပြီ။ အမေရိကန်ဦးအောင်တဲ့နိုင်ငံတကာတပ်မှ တာလီဘန်များကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်းမှာတော့ ဟဇာရာလူမျိုးတွေဟာ လုံခြုံငြိမ်းချမ်းမှုရလာသလို အတန်အသင့် နေရာရဝင်ဆံ့လာခဲ့ပါပြီ။ ဒါပေမယ့်လည်း တာလီဘန်များလွှမ်းမိုးနေဆဲ တောနယ်များမှာတော့ ပစ်မှတ်ထားညှင်းပန်းမှုကို ကြောက်လန့်စိုးရိမ်နေရဆဲတဲ့လေ။

စွန်ပြေးသူစာအုပ်ဇာတ်သိမ်းကတော့ ပျော်ရွှင်စရာအတိရယ်။ ဇာတ်ကောင် အာမာဟာ Soharb ကို ကယ်တင်လို့ သားအဖြစ်မွေးစားလိုက်ပြီး စွန်လွှတ်ခန်းနဲ့ ပျော်ရွှင်စွာ နိဂုံးသတ်ထားပါတယ်။ကျွန်မကလည်း စွန်မလွှတ်တော့ဘဲ ပျော်ရွှင်စွာစွန်လွှတ်နေတဲ့ ကလေးငယ်များကို ဓာတ်ပုံရိုက်နေမိပါတယ်။ 


တစ်ချို့ကလေးငယ်လေးများက စွန်မလွှတ်ဘဲ စွန်နဲ့ချီလွှတ်ရသော မိုးပျံပူစီဖောင်းလေးများကို ကိုင်ပြီး ထွက်ပြေးနေတာကိုလည်း ငေးမောဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ဒီအခိုက်မြင်လိုက်ရတဲ့ ပူစီဖောင်းလေးတွေမှာ ရေးထားသောစာဟာ  ကျွန်မကို ငြိမ်သက်သွားစေခဲ့။ ဘယ်လို။ 'တူညီတဲ့ အခွင့်အရေးဟာ ကလေးတိုင်းအတွက်' တဲ့ ။ဟုတ်လား။



ကြေကွဲစရာကောင်းလှချည့်။မြန်မာပြည်အစွန်နယ်ဖျား စစ်ဖြစ်ရာရပ်ဝန်းက ကလေးသူငယ်တွေဟာ အမေရိကန်၊စင်္ကာပူက ကလေးငယ်များအခွင့်အရေးမျိုး မရနိုင်ဘူးဆိုတောင် TTC  မှာကျောင်းတက်နေတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးမျိုးအထိ တူညီတဲ့အဆင့်အတန်းမျိုး ရစေချင်လိုက်တာ။ စစ်ဗုံးလက်နက်တွေကြားမှာ အသက်ဆုံးရှုံးသွားသော၊  အသက်လုပြေးနေရသော ဒီကလေးငယ်တွေဟာ ဗမာလူမျိုး ကျွန်မရဲ့ အတွေးကို လိမ်ညာမှုလို့ ထင်နေမလား။  ကချင်ကလေးငယ်လေးများ၊ ကယားကလေးငယ်များ၊ ရခိုင်ကလေးငယ်လေးများ၊ ချင်းကလေးငယ်လေးများ ထိုရိုးသားသောကလေးများရဲ့ အတွေးမှာ ဗမာလူမျိုးဆိုတာ ဘယ်လိုမြင်နေမှာလဲဆိုတာ ကျွန်မ မစဉ်းစားဝံ့ဘူး။ မြန်မာပြန်အနှံ့က တိုင်ရင်းသားလူမျိုးကလေးငယ်များရဲ့စိတ်ထဲမှာ ဗမာဆိုတဲ့အမည်ကို ဘယ်လိုပုံဖော်နေမှာလဲဆိုတာ ဆက်မတွေးဝံ့တော့ပါဘူး။



စွန်ပြေးသူရဲ့ စာရေးသူ Khaled Hosseini ဟာ ဟဇာရာလူမျိုးမဟုတ်ပါဘူး။ ပတ်စ်ရှတို လူမျိုးဖြစ်ပါတယ်။စွန်ပြေးသူစာအုပ်မှာ ကျွန်မ ဘယ်တော့မှမမေ့တော့မဲ့ ဇာတ်ဝင်ခန်းရှိပါတယ်။ မတရားမှုပြုလုပ်သူအဆပ်ဖ်က ငါ့တို့က အမွှာတွေလို့ မတရားမှုကို မျက်ကွယ်ပြုလျစ်လျူရှုသူ၊ လူမျိုးတူသူ အာမာ့ကို အိပ်မက်ထဲမှာ ပြောခဲ့တာရယ်။အဲဒီစကားသံကို နားနဲ့ဆတ်ဆတ်ထပ်ကြားလိုက်ရသလို သွေးကြောတွေဟာ တုန်ခါလာ။  ခွင့်လွှတ်ပါ။နှလုံးအိမ်ကို ဖောက်ထွင်းမတတ် ရဲရဲဝံ့ဝံ့ကြည့်နေမယ့် မျက်ဝန်းလေးတွေကို  နူးနူးညွတ်ညွတ် တောင်းပန်လိုက်ပါတယ်။ 

ဒါပေမယ့် ဒီလျှောက်လဲချက်မှုန်စစနဲ့ အပြစ်ဖြစ်နေတဲ့စိတ်ဟာ သေးငယ်ပပျောက်ကာ သက်သာရာရလာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ရဲပါ။ ဆုမတောင်းဝံ့ပါ။ ညဘုရားရှစ်ခိုးအိပ်တဲ့အခါ မကောင်းဆိုးရွားအဆပ်ဖ်ရဲ့ စွပ်စွဲသံကို အိပ်မက်ထဲမှာ မကြားရအောင် စွမ်းဆောင်နိုင်ပေမယ့် ရောင်ခြည်လင်းတဲ့အခါ ကလေးငယ်တွေရဲ့ မျက်ဝန်းအကြည့်အောက်မှာ ကျွန်မ ပိတ်မိနေပြီရယ်။ ။

 မယ့်ကိုး

စာကြွင်း။ အင်္ဂလိပ်အမည်များကို အသံဖလှယ်ရာတွင် မှားယွင်းပါက သည်းခံပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

ကိုးကား။ http://en.wikipedia.org/wiki/Hazara_people

8 comments:

မောင်မျိုး said...

အကြောင်းရာတစ်ခုကိုပျင်းမသွားစေပဲ..အစ်မရဲ့အတွေးမြင်ခံစားချက်လေးတွေထည့်ရေးတတ်တာကိုက....အစ်မရဲ့လက်ရာကလေးကိုကနှစ်သက်စရာ။

အလွမ်းမြို့ said...

အားပေးသွားတယ် မယ်ကိုးရေ...

အေးချမ်း (သံလွင်) said...

အလည်လာရင်း စာကြွေးလေးတွေ ဖတ်သွားပါတယ်။ Cbox မတွေ့မိလို့ ဒီမှာပဲ ရေးထားခဲ့ပါတယ်။ အားပေးလျက်ပါ...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

လွန်ခဲ့တဲ့ ၂ရက်ကဖတ်ဖြစ်တယ်မယ်ကိုးရေ
မန့်မလို့ ကွန်အခြေအနေစောင့်ရင်း ဟုမ္မလင်းမှာမီးလင်းလို့ ထပြေးရသေးတယ်ကွယ်
တဆိုင်တည်းသော နက်ဆိုင်ကလည်း မီးတွေပိတ်စက်တွေပိတ်လေ
လေးငါးအိမ်ကျော်က မုန့်ဖုတ်တဲ့ သလ္လာဦးစတိုးက ဂစ်အိုးပေါက်တာ ပြေးလွှားရသေးတယ်


အခုမှမန့်ဖြစ်တာ ဖတ်ဖြစ်ကြောင်းပါ မယ်ကိုးပို့စ်တွေက မြင့်တယ်

Anonymous said...

ထိခိုက်နာကျင်ကြေကွဲစေတဲ့ စာတပုဒ်ပါပဲ။ တန်းတူ အခွင့်အရေးဆိုတဲ့ စကားကို နယ်မှာ နေတဲ့လူတယောက်အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ဘဝနဲ့ရင်းပြီးသိခဲ့ပြီးပါပြီ။ ခလေးတိုင်းပျော်ရွှင်ပြီး ခလေးတွေရဲ့ အနာဂါတ်တွေလှပဖို့ ပုံဖော်ပေးနိုင်တဲ့သူတွေ များသည်ထက် များပြားလာပြီး ကြယ်ငါးလေးတွေ အရောင်လက်တောက်ပလာဖို့ ဆန္ဒပြုမိပါတယ်

Anonymous said...

မြန်မာပြည်သားကောင်းဖြစ်ရန် -


http://is.gd/WWoLTp

maungpeace said...

kite runner would sound better with Sun lite thu စွန်လိုက်သူ

မယ့်ကိုး said...

Dear Maung Peace,

Thanks so much for your kind comment. I really forget this word. U r the best in Myanmar and English languages :D