02 October 2012

စင်္ကာပူက မြန်မာလူ

စားသောက်ဆိုင်တန်းမှာ ညစာအတူစားမယ့်မိတ်ဆွေက ရွေးလိုက်တဲ့နေရာရဲ့ မျက်နှာချင်းဆိုင်ကို ကျွန်မနေရာယူဖို့ ပြင်နေတုန်းမှာ ယောက်ျားတစ်ယောက် ရောက်လာပြီး ‘အိတ်ချထားတာ မတွေ့ဘူးလား’ လို့ မျက်နှာထားမာကျောကျောနဲ့ မေးလေတာ။ ကျွန်မယူမယ့်နေရာရဲ့ ဘေးမှာ အိတ်တစ်လုံးချထားတာကို အခုမှတွေ့ကာ ‘မတွေ့ခဲ့ဘူး’ လို့ ဖြေပြီး တခြားခုံတွေဖက် လှည့်ထွက်လာခဲ့ပါတယ်။ 

တကယ်ဆို ‘နင်ချထားတဲ့ အိတ်ကဘေးမှာလေ။ နင်ဦးထားတာ အဲဒီတစ်ခုပဲ မဟုတ်လား။ ခု ငါက လွတ်နေတဲ့ နေရာကို ယူမှာ’ လို့ ပြန်ပြောလိုက်ဖို့ကောင်းလေသလား။ ကျွန်မ ခုထိတိုင် မဝေခွဲနိုင်သေးပါ။ တနည်းအားဖြင့် နှုတ်သီးကောင်းလျှာပါးမဟုတ်သူ လို့ ပဏာယူနိုင်ပြောသော်လည်း တကယ်တော့  ခံစားတုန့်ပြန်ရာတွင် နှေးကွေးသူသာ ဖြစ်ပါတယ်။ ပြဿနာတွေအားလုံးပြီးမှ သူက ငါ့ကို ဘာလို့ ဒီလိုပြောတာလဲ။ ငါက ဒီလိုပြန်ပြောလိုက်ရမှာဆိုကာ တနုံ့နုံ့ဒေါသမပြေနိုင်အောင်သူလည်း ဖြစ်ရဲ့။

မိတ်ဆွေက ‘စလုံးမကောင်းကြောင်းပြောရင် မကြိုက်ချင်ဘူး။ အခုတွေ့ပြီ မဟုတ်လား။ စလုံးတွေ ဘယ်လောက်ရိုင်းတယ်ဆိုတာ’  လို့ ပြောကာ မကျေမချမ်းနိုင်ဖြစ်နေပါတယ်။  သူမ ပြောသလိုပင် စလုံးတွေ မကောင်းဘူးလို့ ဆိုလာလျှင် ငြင်းချင်တဲ့သူမှာ ကျွန်မဖြစ်ပါတယ်။ လူမျိုးတိုင်း ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိတာပဲ မဟုတ်လားလို့ ပြန်ပြောတတ်သူဖြစ်ပေမယ့် ဒီနေ့တော့ တစိမ့်စိမ့်စိတ်မကောင်းဖြစ်နေဆဲ။ 

ငါ့ကို အဲလိုရိုင်းပြရအောင် ငါက လေးစားစရာမကောင်းလောက်အောင် ဘာများမှားနေလဲလို့ တွေးမိ။ ငါ့ဝတ်စုံက မမော်ကြွားလို့များ အထင်သေးတာလားလို့ စဉ်းစားမိ။ မျက်နှာက အခြယ်အသကင်းလို့ ကြည့်မကောင်းလို့ မလေးစားတာလားလို့ အားငယ်မိ။ ရုပ်က ပျော့ညံ့ညံ့ပုံပေါက်လို့ စော်ကားချင်တာလားလို့ မျိုးစုံတွေးကြံမိတော့တာ။ ဒါပေမယ့် ဒီလိုပုံစံနဲ့ပဲ ဒီကျွန်းလေးမှာ အေးဆေးသက်သာ နေလာသည်မှာ ငါးနှစ်ကျော်ခဲ့ပြီပဲလေ။ သဘောကောင်းကြင်နာသော စင်္ကာပူလူမျိုးပေါင်းများစွာနဲ့လည်း ကြုံခဲ့ဖူးတာရယ်။

 ကျွန်မအစ်မနဲ့ ကျွန်မ တစ်ခါက လမ်းမေးတဲ့အခါ စလုံးအဘိုး၊အဘွာကြီးစုံတွဲက ကားနဲ့လိုက်ပို့မယ်လို့ အတင်းကူညီဖူးရဲ့။ တစ်ခါ မလေးရှားကပြန်ရောက်ရောက်ချင်း အလှုကိုသွားရမယ်ဖြစ်ရာ ဖုန်းကလည်း ဓာတ်ခဲကုန်နေ၊ စားရမယ်သာမှတ်ထားပြီး အိမ်ပြောင်းသွားတာကို သတိမရတဲ့အခါ လမ်းပျောက်နေခိုက် ပိုက်ဆံအကြွေစေ့ထည့်ကာ ဆက်ရသော ဖုန်းကလည်း ရှာမရဖြစ်နေဆဲ လူကြီးတစ်ယောက်က သူ့ဖုန်းကို ငှားခဲ့သလို ခရီးဆောင်အိတ်ကြီးနှင့် ကျွန်မကို အလှုအိမ်ထိ လိုက်ပို့ပေးခဲ့ဖူးရဲ့။ 

စလုံးအမျိုးသမီးတွေက ရထားပေါ်မှာ မိန်းမအချင်းချင်း သူ့တို့အသားကို ထိမိရင်တောင် မကျေနပ်ငြူစူတတ်ရှိကြပေမယ့် ကျွန်မရဲ့ ဒေါက်မြင့်ဖိနပ်ဖြင့် မတော်တဆတက်နင်းခံရသော အမျိုးသမီးတစ်ဦးကမူ အဆမတန်နာသွားက မျက်ရည်ပင် ထွက်ကျလာပေမယ့် ကျွန်မကို မြည်တွန်ပြစ်တင်ခြင်းမပြုခဲ့။ တစ်ခါက မြောင်းထဲခြေချော်ကျသွားရာ စလုံးအမျိုးသမီးနှစ်ဦးက ပြာပြာသလဲရောက်လာပြီး တွဲခေါ်ကူညီပေးခဲ့ဖူးရဲ့။ 

 ရုံးမှာလည်း ကလေးလိုပင် သက်သာသလိုနေလေရာ ဘယ်သူရဲ့ ရန်ပြုခြင်းမှ ထူးထူးခြားခြား မခံခဲ့ဖူးပါ။ အထက်အရာရှိစလုံးအမျိုးသမီးဆိုလည်း သူတစ်ခါအော် ကိုယ်တစ်ခါအော်လိုက်နဲ့ ပြီးသွားတာပင်။ သူကလည်း အမှတ်မထား။ တစ်ခါက သူ့ဆီဖုန်းဆက်နေပုံကို အစ်မတစ်ယောက်က ပြောပုံမှာ ‘ မသိတဲ့သူဆို အထက်လူကျနေတာပဲ ခါးထောက်ပြီးကို အော်နေတာ’ လို့ နောက်သလိုပြောမှ ကိုယ့်အချိုးကိုယ်ပြင်ခဲ့ရတဲ့ အထိရယ်။

လုပ်ဖော်ကိုင်ဖက်များကိုလည်း နည်းနည်းဆရာကျတယ်ထင်ရုံနဲ့ ‘don’t bully me’ လို့ ပြောတတ်ရာ နောက်တော့ သူတို့က ဘယ်သူက အနိုင်ကျင့်နေတာလဲလို့ ကျွန်မကို ပြန်ပြောရတဲ့အထိ။ ခင်မင်ကူညီတတ်သော စင်္ကာပူလူမျိုးအများကြီးနှင့်လည်း ခင်မင်ခဲ့ဖူးတာပါပဲ။ အထင်ရှားဆုံး အမှတ်တရကတော့ အလုပ်က စလုံးအဘိုးကြီးတစ်ဦးမှာ ကျွန်မခြေထောက်တင်ဖို့ ခုံလေးတစ်ခုလုပ်ပေးခဲ့မှုရယ်။ 


ခုလို  မိုက်ရိုင်းစော်ကားခံရရုံမျှနဲ့ လူမျိုးနှင့်ချီကာ မခါးသီးချင်လည်း ' ငါက  ဒီနိုင်ငံမှာ ဒုတိယတန်းစားလူမျိုး ။  ဒါကြောင့် အစော်ကားခံရတာ ။ ဘယ်လောက်ဆင်းရဲ ဆင်းရဲ မြန်မာပြည်မှာပဲ ပြန်နေမယ်' လို့ ဝမ်းနည်းပက်လက်ဆိုချင်ပြန်တာ။ သူတပါးနိုင်ငံမှာ လာရောက်နေထိုင်ရတာမို့ တစ်ခွန်းမျှဆိုရုံနဲ့ မဆုံးနိုင်အောင် နာချင်ပြန်တာ။ တခြားသူများ ကောင်းခဲ့သမျှမှာ တစ်ခါထိခိုက်ရုံဖြင့် မြေနိမ့်ရာ လှံစိုက်ချင်တာဟု ပြောပြီး သည်းသည်းမည်းမည်းကြေကွဲချင်ပြန်တာ။ ကျွန်မ တော်တော်ဆိုးလေသလား။ မမျှမတတွေးခေါ်တတ်လေသလား။ တကယ်တော့ ထိုမျှနာကျင်စရာများကို အမှုထားစရာလို့ပင် မခံယူသင့်တော့ဘူးလေ။

 မြန်မာနိုင်ငံမှာလည်း စပယ်ယာရဲ့ အငေါက်အငမ်းကို ဒီထက်မက ခံခဲ့ရဖူးတယ် မဟုတ်လား။ အဝတ်အစားနှင့်ပက်သက်လျှင် တစ်ခါက ဝတ်စုံတစ်ထည် တစ်သိန်းဆိုကာ ရောင်းသူက မဝယ်နိုင်တဲ့ပုံစံဖြင့် ယူပြဖို့အသာထား မဖြေချင့်ဖြေချင့်ဖြင့် မေးငေါ့တာလည်း ကြုံခဲ့ရဖူးတာ။ တစ်ခါကလည်း အမျိုးသမီးကြီးတစ်ဦးရဲ့ ဖိနပ်ကို နှစ်ခါတက်နင်းမိသဖြင့် လမ်းလယ်ခေါင်မှာ အော်ကြီးဟစ်ကျယ်အဆဲခံရဖူးတာ။ စက်ဘီးစီးတတ်ခါစတုန်းက လမ်းဘေးမြောင်းထဲကျသွားရာ ဘယ်သူမှ လာမထူတဲ့အပြင် အနားကလူများမှာ မသိသလိုနေကြတာမို့ ပျက်စီးသွားတဲ့စက်ဘီးရဲ့ ဂိုက်ကိုတည့်ပေးဖို့ အကူအညီမတောင်းရဲဘဲ လမ်းလျှောက်ပြန်ခဲ့ရဖူးတာ။ 

 ဒါပေမယ့်ထိခိုက်ဖြစ်ပျက်သမျှအလုံးစုံကို ထူးခြားဖွဲ့နွဲ့စရာ မည်းမှောင်အကျည်းတန်သောအရာများလို့ပင် မထင်ခဲ့။ထိခိုက်ဖြစ်ပျက်သမျှအလုံးစုံကို နာစရာကို လွမ်းစရာနဲ့ ဖြေခဲ့။  'အိမ်ပြေးသူများ' အက်ဆေးမှာ ရေးခဲ့ဖူးတဲ့စာလိုပင် ကြိုဆိုသူမဲ့ ရက်စက်တဲ့ မြေပေါ်မှာ တည်ထားပေမဲ့ ကျွန်မ အိမ်ပြန်ချင်ပါတယ် … လို့ ထပ်မံပြောချင်သေးရဲ့။

 ‘၀ဋ်ကြီးသူရယ်လေ။ ဘယ်လိုပင် မိုးကြိုးခြွေလည်း မသေသေးဘူးကွယ့်။ ထပ်မံလို့ အတောင်ပံ ခတ်နေဦးမယ်။ အောင်မြေက ဘယ်အရပ်မှာ တည်သလဲဆိုတာ မမြင်နိုင်။ မကြားနိုင်။ မသိနိုင်ပေမယ့် ဥတုရာသီ နှိပ်စက်ကာ အမြင်တွေ ဝေသီနေပေမယ့် ကျွန်မ ခရီးဆက်ပါဦးမယ်။ ဘယ်လို ခြေလှမ်းပြင်ရမလဲ။ ။ ဇာတ်ကွက်က ခြေတစ်လှမ်းတိုးရင် ဖုန်းဆိုးမြေ။ နောက်ဆုတ်ရင် မီးလောင်ပြင်။ ဒါပေမယ့် လေပြင်းထန်လွန်းတယ် ဆိုကာ နောက်ဆုတ်ပြေးဖို့လည်း မဖြစ်နိုင်ဘူးဘဲ။

 ဒီလိုနဲ့ ခရောင်းထက်ကြမ်းတဲ့ လမ်းမှာ တမျှော်တခေါ်က အိမ်အရိပ်လေးဆီ မျှော်လင့်လို့ ကျွန်မရှေ့ဆက်လျှောက်ပါဦးမယ်။ လမ်းရဲ့တံခါးဝှက်ကိုပင် မတွေ့မြင်နိုင်သူဟာ “အိမ်ပြန်ချင်တယ်။ အိမ်မှာ ဘယ်သူရှိမှာလဲ။ ဘယ်သူမှ အိမ်မှာမရှိဘူး။” ဆိုတဲ့ ရိုးရာမပျက် ရင်ကွဲတေးလေးကို ညဉ်းရင်းနဲ့လေ…။’  

တကယ်ပါ။ ကြိုဆိုသူမဲ့ ရက်စက်တဲ့ မြေပေါ်မှာ တည်ထားပေမဲ့ ကျွန်မ အိမ်ပြန်ချင်ပါတယ်။… ။ 

 မယ်ကိုး

22 comments:

HLAINGGYI said...

ဆရာမက စာရေးကောင်းလိုက်တာ။
ဆရာမ ဘလော့လေးကိုတွေ့ တာတော့ကြာပြီတခါမှဝင်မဖတ်ဖူးဘူး။ ခုမှဖတ်ဖူးတား)

mstint said...

လူအမျိုးမျိုးစိတ်အထွေထွေမို့ လောကလူသား တစ်ယောက်အနေနဲ့ အဆင်မပြေမှုလေးတွေကို မသိကျိုးကျွံပြုခဲ့ရပေါင်းလည်း များခဲ့ပါပြီ မယ်ကိုးရေ။
ရှေ့ဆက်ပြီးမှတော့ လွမ်းတာကိုမြိုသိပ်ပြီး ပြန်မလှည့်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ထင်မိတယ်။
အဆုံးသတ်စာပိုဒ်လေးသဘောကျလို့ ကူးယူထားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကိုယ်လည်းပြန်ချင်တာတပိုင်းကိုသေလို့ဒါပေမဲ့ပျော်ရာမှာမနေရတော်ရာမှာနေရဆိုတဲ့အတိုင်းဘဲကွယ်

လရိပ်အိမ် said...

မမရေ စိတ်အားငယ်မနေပါနဲ့။
ဘယ်နိုင်ငံရောက်ရောက် ဒီလိုရိုင်းရိုင်းစိုင်းစိုင်းမြန်မာလူမျိုးတွေအများကြီး။

sosegado said...

လူ အမျိုးမျိုးရှိကြတာပေါ့၊
ဟိုတစ်နေ့က ခရစ်ယန်ဂိုဏ်းတစ်ခုက တရားလာဟောတယ် ကိုယ်ကမြန်မာပြီပြီ အားနာလို့ မိနစ်၂၀လောက် နားထောင်လိုက်တယ်၊ ဒါပေမဲ့ ဘေးအိမ်က တရုတ်ကတော့ ရဲလှမ်းခေါ်လိုက်တယ်၊
အိမ်ပြန်ချင်တဲ့ ဖီလင်ကတော့…… တစ်ခါတစ်လေ အရမ်းခံစားရတဲ့။

phyu said...

Do we all lost our way home????

If not, CHEERS

Rgds/Nang Myint

မိုးခါး said...

ဟုတ်တယ် မမယ် .. ဆိုးတဲ့လူက ဘာလူမျိုးဖြစ်ဖြစ် ဆိုးမှာပါပဲ .. မိုးခါးပတ်ဝန်းကျင်မှာလည်း သိပ်ဆိုးသွမ်းသူတွေ မမြင်ဘူးသလောက်ပါပဲ .. တချို့ပြောလို့ စလုံးတွေက ဆိုးတယ် ဘ၀င်ကိုင်တယ်ပေါ့ .. ဒါပမယ့် ကိုယ်နဲ့ သိနေတဲ့ စလုံးတွေ အများအားဖြင့် စိတ်ကောင်းရှိကြပါတယ် .. စိတ်ညစ်စရာ တွေ့လာလည်း စိတ်ထဲ မထားပါနဲ့လေ .. ကိုယ်က အကောင်းဆုံးဖြစ်အောင် နေနေလို့ မကောင်းသူဆိုလည်း ကိုယ့်ကုသိုလ်ကံက ဖယ်သွားလိမ့်မယ်ပဲ ညီမတော့ နှလုံးသွင်းထားတယ် :D

အလွမ်းမြို့ said...

မယ်ကိုးရေ...
စာလေးဖတ်လို့ကောင်းတယ်။တွဲရေးပြတာလေးက
ချစ်စရာကောင်းတယ်။အိမ်ပြန်ချင်တဲ့စိတ်လည်းတူတယ်။
အားပေးနေမယ်နော်.

ခင်တဲ့
အလွမ်း

Vista said...

အဆင်ပြေတဲ့ နေရာမှာ ပျော်နိုင်အောင်ကြိုးစားပါလေ .. ပြန်တော့ပြန်ချင်ကြတာပေါ့ မမယ်ရယ်

NSA said...

စာရေးကောင်းသူအဖြစ် အမှတ်ထားမိပါသည်။

pifpif

ငြိမ်းစိုးဦး said...

မိသားစု စိတ်ကို အထင်းသားချပြထားတာပါပဲ ။ ပညာအားနည်း ( မြန်မာ နိုင်ငံလိုဖြစ်နေ ) တဲ့ အရပ်တွေမှာတော့ တောကြီးမျက်မည်းဝါဒတွေကို ထင်ထင်ရှားရှားကြုံရလိမ့်မယ် ထင်ပါတယ် ။ သိသူက ခွင့်လွှတ်ပေးရတတ်တာ များပါလိမ့်မယ် ။

dawlay maykhin said...

မယ်ကိုးလေး
ပျော်ရာမှာမနေတော်ရာမှာနေရမယ်တဲ.
သည်းခံစိတ်လေးရှိသူကခွင်လွှတ်ပေးရတာ
များပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

~ဏီလင်းညို~ said...

ကျွန်တော်လည်း မလေးမှာနေခဲ့တုန်းက အရမ်းခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ဆုံခဲ့ရဖူးပါတယ်။ အများက အကျင့်အကောင်း၊ ပျင်းတယ်လို့ သတ်မှတ်ကြတဲ့ မလေးလူမျိုးစစ်စစ်တွေနဲ့ပါပဲ။ အဲ့ဒီသူငယ်ချင်းတွေဆို ကျွန်တော်သွားချင်ရာ နေရာမှန်သမျှ ဆိုင်ကယ်နဲ့ လိုက်လိုက်ပို့ပေးတတ်တာ။
ဒီလိုပါပဲ။ လက်တောင်မှ အတိုအရှည်မညီညာသေးတော့ အဆိုးနဲ့ အကောင်းတွေဆိုတာ နေရာတိုင်းမှာ ရောပြွန်းနေတတ်ကြမှာပါပဲလေ။
အိမ်ပြန်ချင်တဲ့စိတ်ကတော့ ကိုယ်တိုင်လည်း ခံစားဖူးခဲ့လို့ ကိုယ်ချင်းစာပါတယ်။ ပြန်ရမယ့်နေ့တွေ မြန်မြန်နီးစပ်နိုင်ပါစေရယ်လို့ ဆုတောင်းပေးလိုက်ပါတယ်....

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

စံပယ်ပန်း said...

သူတို့ကအနောက်တိုင်းဓလေ့ကို ပိုကျင့်သုံးကြတယ်လေ..။ ဖေးမစရာရှိတာကို မျက်ကွယ်ပြုသွားတာ မယဉ်ကျေးရာကျတယ်ဆိုတာမျိုး လက်ခံထားကြတော့ ဖေးမကြပါတယ်..။ ရိုင်းတဲ့တစ်ချို့နှစ်ချို့တော့ ကျန်မျာပဲလေ..။

Anonymous said...

အိမ်ကို သတိရလိုက်တာ..
ခံစာမိပါတယ် အဲလို့ ပါပဲ

တောက်ပကြယ်စင် said...

စင်္ကာပူလို နိုင်ငံမျိုးမှာ အဲဒီလောက် ကူညီရိုင်းပင်းကြလိမ့်မယ် ဘုန်းဘုန်းတောင် မထင်ထားမိဘူး။ ခုလိုမျိုးကြတော့လည်း ဘယ်ဆိုးလို့တုန်း။ ဘုန်းဘုန်းလည်း အဲဒီလိုပဲ ခံစားတုန့်ပြန်တဲ့နေရာမှာ အရမ်းနှေးကွေးတယ်။ ပြဿနာပြီးသွားမှ တမြေ့မြေ့နဲ့ ခံစားရတယ်။ အတွေ့အကြုံလေး မျှဝေပေးတဲ့အတွက် ကျေးဇူးပါ မယ်ကိုးရေ။

Moe Hein Thu said...

အောက်ဆုံးက ရင်ကွဲတေး ကို ကြိုက်တယ်

စံပယ်ဖြူ (Jasmine White) said...

အိမ်ပြန်ချင်တဲ့ စိတ်ကလေးကို မပြောင်းလဲစေချင်ဘူး။ အခြေအနေပေးတဲ့ တနေ့ တို့တတွေ အိမ်ပြန်ရမယ်လေ။

ရိုးမြေကျ said...

မယ့်စာကို ခုမှ ဖတ်ဖူးပေမယ့် မယ့် အရေးအသားတွေက တစိမ့်စိမ့်နဲ့ ရင်ကို လှုပ်ခတ်တယ်။ ခြေတစ်လှမ်းတိုးရင် ဖုန်းဆိုမြေ ၊ နောက်ဆုတ်ရင် မီးလောင်ပြင်တဲ့ မယ့်အဆို။
ကျနော်ဟာ အိမ်နဲ့ အကြာကြီး တစ်ခါမှမခွဲဘူးလို့ အိမ်ပြန်ချင်တဲ့ ခံစားချက်ကို မယ်မယ်ရရ ထိရှမပေးနိုင်ပေမယ့် မယ့်ရဲ့ အိမ်ပြန်ချင်တဲ့ စိတ်ကလေးကိုတော့ စာနာမိတယ်။

ရင်လှိုင်း said...

ရောင်စုံခြယ်သ
ဘဝတွေ ကြား
အနေကြာတော့
အိမ်လွမ်းတာပေါ့....။

Aki said...

မယ် ရေ ညီမလည်း ကြုံဖူးတယ်တော့ အဲ့ဒီလို။ မယ် နဲ့တော့ ပြောင်းပြန်ပေါ့ ညီမက ခုံဦးထားလို့ ပြောခံရတာ။ တိုပါးယိုး က shopping mall မှာ မုန့်စားကြတုန်း သူငယ်ချင်း အမ က မုန့်သွားယူတော့ ကိုယ်က အိတ်လေးချပြီး ထိုင်နေတာ။ အဖွားကြီးတယောက်က လာယူတော့ ငါယူထားပါတယ် ပြောမိတာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒါက public ပိုင်တာ မင်းတယောက်တည်း ပိုင်တာမဟုတ်ဘူး။ နင်တို့တွေ ဘာညာနဲ့ ပြောလိုက်တာ မယ် ရယ် အကြာကြီးပဲ။ ညီမလေ ရှက်ကလည်းရှက် ဒေါသလည်းထွက်။ ပြီးတော့ ညီမ MRT လည်းရောက်ရော ငိုချမိရော..။ အဲ့ဒီ မြေ ကို မုန်းကိုမုန်းတယ်။

Anonymous said...

nice